ရောင်းချသူနှင့် ဝယ်သူတွေအကြား ဆက်ဆံရေး အပိုင်း ၂

manawphyulaySeptember 27, 20121min1835

အရောင်းဝန်ထမ်းတွေမှာ ဘာတွေလိုအပ်နေသလဲ။ ဘာတွေ ကွာခြားနေသလဲဆိုတာကို ဆိုင်က ပြန်ထွက်လာပြီး ဝယ်သူများကို ဘာကြောင့် ဆက်ထိန်းထားနိုင်ပြီး တစ်ချို့က လက်လွတ်ဆုံးရှုံးခံသနည်း သုံးသပ်မိတော့ ညံ့ဖျင်းသော လူမှုဆက်ဆံရေးက ၄၉ % နှင့် အာရုံစူးစိုက်မှု လွန်စွာအားနည်းခြင်းက ၂ဝ ရာခိုင်နှုန်းဆိုတဲ့ ၇ဝ % နီးပါးသည် ဆက်ဆံရေး၏ ရလဒ်ဖြစ်ပြီး ပြိုင်ဘက်ထက် ဈေးလျော့ရောင်းခြင်း ၁၅%နှင့် ပြိုင်ဘက်၏ ကုန်ပစ္စည်းထက် အရည်အသွေးသာခြင်း ၁၅ % ဆိုတဲ့ ၃၀%သည်သာ ယှဉ်ပြိုင်ခြင်း၏ ရလဒ်ဖြစ်တာကို တွေ့ရှိရပါတယ်။ ရောင်းချခြင်းဆိုသည်မှာ ကုန်ပစ္စည်းကို ဝယ်သူများက ၎င်း၏အလိုကို ဆန့်ကျင်၍ ဝယ်လိုက်ရသည်ဆိုသည့် ခံစားမှုမျိုး မဖြစ်ပေါ်စေဘဲ ထိုကုန်ပစ္စည်းကို ဝယ်ယူရန် လိမ္မာပါးနပ်စွာ ညွှန်းဆိုခြင်းပင် ဖြစ်ပါတယ်။ တကယ်လို့ ရောင်းချခြင်းသည် ကျွန်မတို့ရဲ့ပင်မလုပ်ငန်းဖြစ်နေခဲ့ရင် ကျွန်မတို့ လုပ်ငန်းမှ ထုတ်လုပ်ဝန်ဆောင်ပေးတဲ့အရာ ဖြစ်ရင် ကျွန်မတို့အရောင်းသမားများအနေဖြင့် အဓိက လုပ်ဆောင် ရမယ့် တာဝန်ကတော့ ဝယ်ယူသူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်သာ ဖြစ်ပါတယ်။ ဝယ်သူ ဆုံးဖြတ်ချက်ချနိုင်အောင် ပြောပြကူညီရာတွင် မိမိကိုယ်တိုင်၌ ကုန်ပစ္စည်းနှင့်ပတ်သက်တဲ့ ဗဟုသုတများ အကြောင်းအရာများ လေ့လာသင့်တဲ့အပြင် ပစ္စည်းအပေါ်ယုံကြည်ချက်များ ရှိထားရပါမယ်။ ရောင်းချရာ၌ အောင်မြင်မှုကို ပေးမည့် နည်းလမ်း ၄ သွယ်ရှိပါတယ်။ ဒါတွေကတော့ စိတ်နေသဘောထား၊ စိတ်ပညာ၊ နည်းနာဗျူဟာနှင့် ဗဟုသုတို့ပဲ ဖြစ်ပါတယ်။ စိတ်နေသဘောထားဆိုသည်ကတော့ ဝယ်သူကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်း၊ စိတ်ဆုံးဖြတ်ချက်၊ စေ့စပ်ဆွေးနွေးမှု၊ သင်ယူလိုသောဆန္ဒ ဖြစ်ပြီး စိတ်ပညာပိုင်းကတော့ လူအများရဲ့ လုပ်ဆောင်ချက်ကို သဘောပေါက် နားလည်ထားရမှာ ဖြစ်ပါတယ်။ နည်းနာဗျူဟာက ရောင်းချခြင်း နည်းနာများ ဖြစ်တဲ့အပြင် ဗဟုသုတဆိုတဲ့အပိုင်းကတော့ ကုန်ပစ္စည်းအကြောင်း၊ ဈေးကွက် အကြောင်းနှင့် ပြိုင်ဆိုင်မှုများအကြောင်းကို လေ့လာသိရှိထားရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မည်သူက အဆိုးမြင်တတ်သူ၊ ငြီးတွားတတ်သူနှင့် ဆုံတွေ့လိုသနည်း။ မည်သူက အကောင်းမြင်တတ်ပြီး စိတ်အား ထက်သန်သူနှင့် ဆုံတွေ့လိုသနည်း ဆိုတဲ့အချက်ကို ထည့်စဉ်းစားဖို့ လိုအပ်လှပါတယ်။
အရောင်းဝန်ထမ်းတစ်ဦးရဲ့ အရည်အချင်းကောင်းများကိုလည်း သိမှတ်သလောက် ပြောပြပါဦးမယ်။ ဒါတွေကတော့…
၁။ အကောင်းမြင်တတ်ခြင်း
၂။ စိတ်သဘောထားကောင်းမွန်ခြင်း
၃။ စိတ်အားထက်သန်ခြင်း
၄။ မိမိကိုယ် မိမိ ယုံကြည်စိတ်ချမှု အပြည့်အဝရှိခြင်း
၅။ စိတ်နှလုံးနိမ့်ချခြင်း
၆။ လိုက်လျောညီထွေနေတတ်ခြင်း
၇။ သဘောပေါက်သိမြင်လွယ်ခြင်း
၈။ မိမိကိုယ် မိမိ ထိန်းချုပ်နိုင်ခြင်း
၉။ ဆုံးဖြတ်ချက် ချနိုင်ခြင်း
၁၀။ အပေါင်းအသင်း ဝင်ဆန့်ခြင်း
၁၁။ ပြဿနာကို အဖြေရှာလိုခြင်း
၁၂။ ရဲရင့်ပြတ်သားခြင်း
၁၃။ အဆိုးမြင်တတ်သူများနှင့် စိတ်သဘောထားဆိုးသူများနှင့်လည်း ရင်ဆိုင်ဖြေရှင်းတတ်ခြင်း
၁၄။ စိတ်သဘောထားကောင်းမွန်ပြီး စိတ်အားထက်သန်သူများနှင့်ပါ တွေ့ဆုံလိုခြင်းတို့ပဲ ဖြစ်ပါတယ်။
ရောင်းချသော အခါသမယ၌ အကောင်းဆုံးကို မျှော်လင့်တတ်ရန် အလွန်မှ အရေးကြီးပါတယ်။ ရောင်းချခြင်း အခွင့်အလမ်းကို အကောင်းမြင်ပြီး စားသုံးသူများကို တန်ဖိုးထားလေးစားခြင်းနှင့် သင် ချမှတ် ထားသော အရောင်းပန်တိုင်များသို့ရောက်ရှိရန် လျှောက်လှမ်းရေးတို့သည် သင့်အပြုအမူနှင့် ဝယ်ယူသူများရဲ့ တုံ့ပြန်မှုတို့အပေါ် ထင်ဟပ်စေပါတယ်။ နေ့စဉ်နှင့်အမျှ သင်သည် အရှုံးသမားကဲ့သို့ စဉ်းစာကာ ပြုမူမည်လား။ အောင်နိုင်သူကဲ့သို့ စဉ်းစားကာ ပြုမူပါမည်လားဆိုသည်ကို ဆုံးဖြတ်ပါ။ ကောင်းမွန်သော စိတ်နေသဘောထား ထားရှိနိုင်ရန်မှာ ကျွန်မတို့သည် ကျွန်မတို့ကို ဆွဲချတတ်သော အရှုံးသမားအတွေးများကို ဖယ်ရှင်းပြီး အောင်နိုင် သူများရဲ့ စိတ်သဘောထားများကို ထားတတ်ရပါမယ်။ သင့် ကုန်ပစ္စည်းသည် ကမ္ဘာပေါ်တွင် အရည်အသွေး အကောင်းဆုံး ပစ္စည်းနေရာ မည်မျှပင်ရှိနေစေကာမူ သင်က သင့် ဝယ်သူတွေအပေါ် အသိအမှတ်ပြုပေးခြင်း၊ လေးစားမှုပြုပေးခြင်း အလျဉ်းမရှိလျှင် ထိုသူများက သင့်ကို ယုံကြည်မည် မဟုတ်သဖြင့် သင့်ထံမှ ထိုကုန်ပစ္စည်းကို စိုးစဉ်းမျှ ဝယ်ယူမည်မဟုတ်ဘူးဆိုတာ ကျွန်မ ကိုယ်တွေ့ကြုံရခြင်းနဲ့ သာဓကပြလိုက်ပါတယ်။
အရောင်းကျွမ်းကျင်သူဆိုသည်မှာ စေ့စပ်ဆွေးနွေးတတ်သူ၊ အတွေ့အကြုံ ရင့်သန်သူ၊ မေးခွန်းများကို လည်း ဖြေဆိုတတ်သူ ဖြစ်သောကြောင့် ဝယ်ယူသူထံမှ စိတ်ဝင်စားမှုရရှိကာ ဝယ်ယူသူအားလည်း မှန်ကန် သော ကုန်ပစ္စည်းများ ရွေးချယ်ရန် ကူညီပေးသည့်အပြင် ဝယ်ယူသည့် ကောင်တာသို့ပါ ပို့ဆောင်ပေးနိုင်သူ ဖြစ်ပါကြောင်း ပြောကြားရင်းဖြင့် သင်လည်း မှန်ကန် ကျွမ်းကျင်ပြီး အရောင်းဝန်ထမ်းတစ်ဦးရဲ့ အရည်အချင်း ကောင်းများ ရရှိပိုင်ဆိုင်နိုင်စေဖို့ ရည်ရွယ်လိုက်ရခြင်းပင် ဖြစ်ပါတော့တယ်။

မနောဖြူလေး
၉.၉.၂၀၁၂

5 comments

  • ဒဿ ဖွတ်ကျား

    September 27, 2012 at 12:41 pm

    ပြောရရင် မစိတ်ဖွေးပိစိရေ …
    ဂလို
    မရှိလို့ သူများဝန်ထမ်းလုပ်တယ်။
    ထင်ရှားထူးချွန်တဲ့ အသက်မွေးဝမ်းကျောင်း ပညာ မတတ်လို့ Floor Staff လုပ်တယ်
    သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။
    ဒီကေ့စ်က ချစ်တောမောင် ရေးတဲ့ ပို့စ် ထဲမှာပါတဲ့ ဝန်ကြီးကတော့ ပြောင်းပြီ ပြောပြီ
    အောက်ခြေက ထူးမခြားနား ဆိုတာနဲ့ ကိစ္စနဲ့ နည်းနည်းတော့ ဆင်တယ်…။

    အောက်ခြေကို ဖြုတ်ထုတ်သတ်လုပ်ရမယ် လို့ ယူဆရင် မှားမယ် လို့ ထင်ပါတယ်။
    ဆိုင်ပိုင်ရှင် သူဌေးရော ဝန်ကြီးပါ ကိုယ့် အောက်ခြေဝန်ထမ်းက ကောင်းမွန်တဲ့ Service ပေးတာ
    မြင်ချင် တွေ့ချင်တယ် ဆိုတာ အမှန် ပါပဲလို့ Assume လုပ်ပြီး ဆက်ဆွဲပါမယ်။

    တကယ်လိုနေတာ အလယ်လူပါ။ အလယ်လူကို ၂မျိုး သရုပ်ခွဲကြည့်ပါ့မယ်။
    ပထမတမျိုးက Strategy သမားပါ။ သူဌေးသော်လည်းကောင်း ဝန်ကြီးသော်လည်းကောင်းက
    ဖြစ်ချင်တဲ့ လုပ်ချင်တဲ့ လမ်းကြောင်း Policy ပဲချပေးနိုင်မှာပါ။ လုပ်ငန်းရှင် အတွက် HR Pro:, Mkt Pro:
    ကနေ Strategy ဆွဲပေးရပါမယ်။ ဝန်ကြီးဆိုရင်တော့ သက်ဆိုင်ရာ တတ်သိနားလည် အကြံပေး
    ပညာရှင်တွေပေါ့။ Policy ဟာ Goal ကိုပဲ သတ်မှတ်တာပါ။ Strategy ကသာ အဆိုပါ Goal ကိုရောက်အောင်
    ဘယ်လို သွားရမယ် ဆိုတဲ့ How ကို ပြောပါတယ်။

    နောက်ထပ် အလယ်လူ ဒုတိယတမျိုးကတော့ Line Management ပါ။ Strategy ကချမှတ်ပေးထားတဲ့
    လမ်းကြောင်းအတိုင်း တကယ်သွားသလား ဆိုတာကို ကြပ်မတ် စီမံရမှာပါ။
    Tactical Level/ Day-to-Day Managementပါ။
    လုပ်ငန်းတွေမှာ ဆိုရင်တော့ လိုင်းမန်နေဂျာ တွေနဲ့ ဝန်ကြီးဌာန ဆိုရင်တော့ ညွှန်ချုပ်-ညွှန်မှူး အဆင့်
    မျိုးတွေကို ညွှန်းရပါမယ်။

    အချုပ်ပြောရရင်
    Policy Maker > Strategist > Line Management > Staff
    ဆိုတာမျိုး အဆင့်ဆင့် Catch-Ball လုပ်ရင်း သွားရမှာ ဖြစ်ပေမယ့် အဆင့် ၂-၃ ဟာ မကွဲပြားဘဲ
    ၁ယောက်ထဲ က ၂ခု လုပ်တာမျိုး ဖြစ်နေသေးတော့ ..အောင်မြင်သင့်သလောက် မအောင်မြင်တာ
    နှဖူးနဲ့ ခြေမကြား အဆက်အသွယ်ပြတ်တာ Policy ကို Reflect မလုပ်နိုင်တဲ့ ခပ်ညံ့ညံ့ Service
    ပဲထွက်ကျတာပါ။

    ၂-၃ ကို ၁ယောက်ထဲ လုပ်ရင် ဘာဖြစ်လာမလဲ ဆိုတော့ Psuedo Power ရလာပါတယ်။
    Policy ကို Override လုပ်တဲ့ပါဝါ ဖြစ်ပါတယ်။ စည်းကမ်းထုတ်လည်း ငါ။ Decision Making လည်း ငါ။
    လုပ်ပိုင်ခွင့်နဲ့ အောက်လူ ရာထူး နေရာ ဘာမဆို ကိုင်ထားတာက ငါ။ အဲ့မှာ အဲ့သည့် ငါဆိုတဲ့ သတ္တဝါ
    ကြီးဟာ မာန်တို့ မာနတို့ လောဘတို့ ငယ်ထိပ် တက်ဆောင့်ပါတယ်။ အောက်ခြေကိုလည်း ငါ့ကိုဖားရင်
    ငါက မစ မယ် ဖြစ်လာပါတယ်။ ဂလိုနဲ့ လူကောင်းတွေ ထွက် ။ ဖားတွေ ဖွတ်တွေ ကျန် ..။

    ဒါမျိုးတွေက လုပ်ငန်းတွေမှာ ဆိုရင် HR, Mkt မထားဘဲ အုပ်ချုပ်သူ မန်နေဂျာ ကိုသာ
    ပေါ်လစီပိုင်း ပတ်သတ်ခွင့် Decision ပိုင်း ပတ်သတ်ခွင့် ပေးထားတဲ့ ကေ့စ်မျိုးပါ။
    ဌာနတွေမှာတော့ ပညာရှင် ကို ဒု- လောက် သာအမြင့်ဆုံးပေးပြီး ဘောင်းဘီချွတ်က ပ-
    နေရာမှာ ပိတ်ထိုင်တာမျိုးမှာ တွေ့ရပါတယ်။

    P-D-C-A ဖြစ်မလာပဲ။ ပျော်သလိုသာနေ ငါ့လူရေ ဖြစ်နေတော့ အောက်ခြေမကောင်းတာ
    အောက်ခြေကို အပြစ်မတင်ရက်ဘူး လို့ ပြောခဲ့တာပါဗျာ။

    ဟုတ်ကဲ့ ပြဿနာက အလယ်မှာပါ။
    တခုတော့ ရှိတယ်။ P-D-C-A လုပ်လာပြီဟေ့ဆိုရင်တော့ ပေပီး မပြောင်းဘဲ တင်းခံနေသေးရင်တော့
    အလယ်ရော အောက်ကိုပါ အဲ့အချိန်မှာ ဖြုတ်-ထုတ်-သတ် လုပ်ရမှာပါပဲ။
    ထပ်ပြောပါရစေ လက်ရှိအနေအထားကတော့ ပြဿနာက အလယ်မှာပါ။

    အိုဘယ့် Middle Management

    👿

  • manawphyulay

    September 27, 2012 at 3:05 pm

    How ကို သိတဲ့လူဟာ အလုပ်သမားကောင်းဖြစ်မယ်။ Why ကို သိတဲ့လူဟာ အလုပ်ရှင်ကောင်းဖြစ်မယ်။ လူ့အသက်ဟာ ၂၅ နှစ်မတိုင်ခင်ပဲ ကြာနေတာ ကျော်လွန်သွားတာနဲ့ ကုန်တာ အရမ်းမြန်တယ်။ ခံယူချက်နဲ့ ရည်မှန်းချက်ကို ၂၅ နှစ်မတိုင်ခင် တိတိကျကျ ဆုံးဖြတ်မှ အောင်မြင်မှု ခိုင်မာမယ်။
    သေသေချာချာ ကြီးပွားချင်ရင် သေသေချာချာ လုပ်ပါ။ လူတစ်ယောက်မှာ အရည်အချင်းရှိ မရှိဆိုတာ သူ ရရှိထားတဲ့နေရာကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
    အခက်အခဲ၊ ဒုက္ခတစ်ခုခုနဲ့ ရင်ဆိုင်ရရင် ငါ့ရဲ့စိတ်ကို ကြီးမြင့်အောင်။ ငါ့ကို ခံနိုင်ရည် ဘယ်လောက်ရှိလဲ စမ်းနေပြီး ဆိုပြီး အံကြိတ်ပြီးတော့သာ ခံပေတော့။ အဲဒါအခါမှာ စိတ်ဓာတ်စွမ်းအား ပြည့်လာလိမ့်မယ်။

  • uncle gyi

    September 28, 2012 at 9:08 am

    ကိုဒဿပြောတာကော
    မနောပြောတာကောအဓိကကလူသာအဓိကလို့မြင်ပါတယ်

  • ကိုခင်ခ

    September 28, 2012 at 7:22 pm

    ဟုတ်တယ် uncle gyi လူသာအဓိက ပါဘဲဗျာ။

  • we R one

    September 29, 2012 at 11:20 am

    တချိုု့ဝန်ထမ်းတွေ ဆို အရောင်းဝန်ထမ်း လုပ်ရတာ ကို သူဌေးသမီး ကျနေတာပဲ..။ စကားက မပြောချင် ပြောချင်..။ မျက်နှာ ကလည်း ချီလို့..။ မရောင်းရလည်း ပြသနာမရှိဘူး ငါ့ဆိုင်မှ မဟုတ်တာ..။ အချိန်တန် လစာရရင် ပြီးရော ဆိုတဲ့ သူတွေများတယ်..။

Leave a Reply