ရင်မောမိပါသည်
ဒီနေ့ကြုံတွေ့ခဲ့ရသည့် ရင်မောစရာ အဖြစ်အပျက်လေးတစ်ခုကို စိတ်ထဲကနေ ထုတ်မရဖြစ်နေတာမို့ ရွာထဲကလူတွေကို မျှဝေရင်း အကြံကောင်း ဉာဏ်ကောင်းများနဲ့ မတူညီသောအတွေးတွေကို သိချင်လာတာမို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ဒီလိုပါ …
ဒီနေ့နေ့လည် ထမင်းစားချိန်မှာ ကိစ္စတစ်ခုရှိတာမို့ ရုံးအပြင်ကို ခဏထွက်လာခဲ့ပါတယ်။ ရုံးအပေါက်ကနေ ကားလမ်းမပေါ်ကို ခဏလောက်လမ်းလျှောက်ရမှာမို့ ခပ်သုတ်သုတ်လျှောက်လာတုန်း အနောက်ကနေ ကလေးအသံတစ်သံကို ကြားလိုက်ပါတယ်။
” အန်တီ … အန်တီ ”
နဲနဲတော့ အံ့ဩသွားတယ်။ ဒီပတ်ဝန်းကျင်မှာ ကလေးအသိတစ်ယောက်မှ မရှိဘူးဆိုတော့ ဘာဖြစ်လို့များပါလိမ့်ပေါ့။ လှည့်ကြည့်လိုက်တော့ ကလေးမလေးတစ်ယောက်ဖြစ်နေတယ်။ အသက် ၈ နှစ်လောက်အရွယ် ကျောင်းဝတ်စုံ ဖရုံဖရဲနဲ့ လွယ်အိပ်အဟောင်းတစ်လုံးကို လွယ်ထားတယ်။ ခြေထောက်မှာ ဖိနပ်မပါဘူး။
ဒီကလေးမလေးကို ကျွန်မမသိပေမယ့် သူတို့အကြောင်းကို အနဲအကျဉ်းသိပါတယ်။ ကျွန်မအလုပ်လုပ်တဲ့ ရုံးနဲ့ကပ်လျက်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ဒီကလေးတွေနဲ့ ညနေဆုံးဆင်းချိန်မှာ အမြဲတွေ့နေရလို့ သူတို့တွေကို မျက်မှန်းတန်းမိနေပါတယ်။ အစိုးရကျောင်းမထားနိုင်တဲ့ ဆင်းရဲတဲ့ ကလေးလေးတွေကို ဆရာတော်က သနားဂရုဏာစိတ်နဲ့ အခမဲ့ကျောင်းတက်နိုင်အောင် စီစဉ်ပေးထားပါတယ်။ သူတို့တွေကို မြင်လိုက်တိုင်း စိတ်ဆင်းရဲမိသည့်အကြောင်းတစ်ခုရှိတယ်။ အဲဒါကတော့ သူတို့တွေ ဖိနပ်မပါကြဘူး။ ကလေးအားလုံးမဟုတ်ပေမယ့် တစ်ဝက်လောက်က ဖိနပ်မပါပဲ ဒီအတိုင်းကျောင်းလာကြပါတယ်။ မိုးတွင်းအချိန်တုန်းက ထီးလဲမပါ၊ ဖိနပ်လဲမပါ ဒီအတိုင်းပဲ အန္တရာယ်ကြီးလှတဲ့ ကားလမ်းမမှာ ဖြတ်ကူးနေကြတာ စိတ်ပျက်စရာပါ။
ကလေးမလေးနဲ့ ပတ်သက်နိုင်တဲ့အကြောင်းအရာတွေကို ခေါင်းထဲမှာ အစီအရီအမြန်ပေါ်လာပေမယ့် သူဘာကြောင့် ကျွန်မကို လှမ်းခေါ်လိုက်လဲဆိုတာကိုတော့ စဉ်းစားလို့မရဖြစ်နေသေးတယ်။ အံ့ဩစိတ်နဲ့ ကလေးမလေးကို ကြည့်နေတုန်း သူပြောလိုက်တဲ့ စကားက ကျွန်မကို ပိုလို့ အံ့ဩသွားစေပါတယ်။ ခဏနေတော့ ဒေါသစိတ်ပါ ဖြစ်သွားပါတယ်။
ကလေးမလေး ဘာပြောလိုက်တယ်လို့ ထင်ပါသလဲ ??????
.
.
.
.
.
.
.
.
.
.
“အန်တီ … သမီးကို မုန့်ဖိုး ၅ဝ လောက်ပေးခဲ့ပါတဲ့”
ထင်မထားမိတဲ့ စကားကြောင့် ခဏတော့ မှင်သက်သွားမိတယ်။ ဒေါသလဲထွက်သွားတယ်။ ဘာပြောရမှန်း မသိအောင်ဖြစ်သွားပြီး သူ့ရှေ့ကနေ ချာကနဲလှည့်ပြီး ကျွန်မသွားမယ့်နေရာကို ဆက်သွားလိုက်ပါတယ်။
ကားပေါ်ရောက်တော့မှ ကလေးမလေးမျက်နှာမြင်ယောင်ပြီး သနားစိတ်ပေါ်မိတယ်။ မုန့်ဖိုးပေးလိုက်လို့ရပေမယ့် ကျွန်မ မပေးခဲ့ပါဘူး။ အလွယ်တကူရမှန်းသိပြီး တောင်းတတ်တာ အကျင့်ပါသွားရင် ဘယ်လိုလုပ်မလဲ …
တကယ်တော့ ကျွန်မအနေနဲ့ ကလေးမလေးရှေ့ရေးအတွက် ရင်မောမိရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ ဒါပေမယ့် နောက်နေ့ကျရင် ဆရာတော့်ဆီသွားပြီး ကလေးတွေကို ဆုံးမဖို့အကြောင်းတော့ ပြောလိုက်ပါအုန်းမည်ဟု စဉ်းစားရင်း ….
23 comments
ဦးဦးပါလေရာ
October 11, 2012 at 6:17 pm
မဝေဝေရဲ့ လုပ်ရပ် (ပိုက်ဆံမပေးတာ) ကို ထောက်ခံချီးကျူးပါတယ်။
အခုကိုပဲ ကျုပ်တို့နိုင်ငံ ကျုပ်တို့လူမျိုးဟာ နိမ့်ကျလှပါပြီ။
ထပ်ပြီး ဆက်ပြီး နိမ့်ကျသွားမယ့်ကိစ္စမျိုးကို အားမပေးထိုက်တော့ပါဘူး..။
တကယ်တော့ သနားစရာကောင်းသူတဦးကို
ပိုက်ဆံပေးလိုက်ဖို့ထက်၊ မပေးဘူးလို့ငြင်းလိုက်ဖို့က
အင်မတန်ခက်ခဲပါတယ်။ ကိုယ့်ကရုဏာစိတ်ကို ချိုးနှိမ်ပြီးလုပ်ရတာဖြစ်ပါတယ်။
ကလေးဘဝမှာ တောင်းလို့လွယ်ရင် တောင်းဘို့ဝန်မလေးတော့ဘူး..။
အဲဒါအကျင့်ပါသွားရင် ဘဝတလျှောက်လုံး ပျက်စီးနိမ့်ကျသွားမှာ…
အဲဒီကျမှ ဘယ်သူမှ ဘာမှလုပ်ပေးလို့မရတော့ဘူး….။
ကျုပ်သူငယ်ချင်းတယောက်ဟာ သူတောင်းစားကလေးတဦးကို ရေချိုးခိုင်း၊ ထမင်းကျွေး အဝတ်အစားပေးပြီး
သူ့အလုပ်မှာ အလုပ်ပေးဘူးပါတယ်။
အဲဒီသူတောင်းစားကလေးက တစ်နာရီမပြည့်ခင်မှာပဲ ထွက်ပြေးသွားပြီး
တခြားနေရာမှာ သွားတောင်းစားနေတာ လက်တွေ့မြင်ဘူးပါတယ်။
သူတောင်းစားမဖြစ်အောင်က သူတောင်းစားမဖြစ်ခင်မှာပဲ တားလို့ရတယ်။
အကျင့်စာရိတ္တကောင်းသူဖြစ်အောင်က အကျင့်စာရိတ္တမပျက်ခင်မှာပဲ ပျိုးထောင်လို့ရတယ်။
surmi
October 11, 2012 at 6:34 pm
မဝေရေ
လူအမျိုးမျိုး ကွဲလွဲချက်တွေ အများကြီးရှိလိမ် ့မယ်။ လောလောဆယ်တော ့
အထက်ကဦးပါလေယာကြီးကိုထောက်ခံပါတယ်။ ပြီးမှ အေးအေးဆေးဆေးပြန်လာ
ပါဦးမယ် ။ ကလေးတင်မကဘူး လူကြီးတွေပါ ဒိုင်ဗင်ပစ်ကုန်ပြီမို ့
ပို ့စ်တစ်ခုစာလောက်ကိုမန် ့ရမှာ ။
မောင်ပေ
October 11, 2012 at 6:52 pm
ဦးဦးပါ ပြောတဲ့အတိုင်း သဘောထားမည် ဖြစ်ပါကြောင်း
kyeemite
October 11, 2012 at 6:57 pm
သူတို့တွေကို မြင်လိုက်တိုင်း စိတ်ဆင်းရဲမိသည့်အကြောင်းတစ်ခုရှိတယ်။ အဲဒါကတော့ သူတို့တွေ ဖိနပ်မပါကြဘူး။
အဲဒီဖိနပ်ကိစ္စကတော့တစ်မျိုးမဝေရဲ့…
ကျနော်တို့နားမှာလည်း ဘုန်းကြီးကျောင်းသင်ပညာရေးကျောင်းလေးရှိတယ်
အဲဒီမှာတက်နေကြတာ တိုင်းရင်းသားလူမျိုးစုံပါ
ကျောင်းဝန်းထဲက အကြောင်းကြောင်း ကြောင့်ထွက်လာကြရင်ဖိနပ်မပါကြပါဘူး…
ကျောင်းထဲဝင်လိုက် ချွတ်လိုက်ရ…ပြန်ထွက်တော့ ဖိနပ်ထားရာကသွားယူပီးဝတ်ရနဲ့
အလုပ်ရှုပ်တော့မစီးကြပါဘူး..
ကျောင်းပီးလို့ပြန်ကြရင်တော့ ဖိနပ်လေးတွေစီးတာတွေ့ပါရဲ့…
ဘာပြောပြောပါ…မဝေ မုံ့ဖိုးမပေးလိုက်တာကိုထောက်ခံပါတယ်..
ဖြစ်နိုင်ရင်ဆရာတော်ကိုလျှောက်ဖြစ်အောင်သွားလျှောက်လိုက်ပါ..
ကလေးတွေစိတ်ဓါတ်ပြုပြင်ရေးအတွက်အရေးကြီးတယ်ထင်ပါတယ်..
ခင်မင်လေးစားလျှက်..
weiwei
October 11, 2012 at 7:37 pm
သူတို့ဖိနပ်မပါတာက အိမ်ကထွက်လာကထဲကပါ … ကျောင်းလွှတ်အပြန် ကားလမ်းမပေါ်မှာ ဒီအတိုင်း လမ်းလျှောက်ပြန်တာကို မြင်နေရလို့ စိတ်ဆင်းရဲမိတာ …
ကလေးတွေအတွက် စာအုပ်သွားလှူစရာရှိလို့ ဆရာတော်နဲ့ တွေ့ဖြစ်အုန်းမှာပါ …
uncle gyi
October 11, 2012 at 8:42 pm
လွယ်မလိုနဲ့အတော်ခက်တဲ့ကိစ္စပါ
မန်းလေးကဘုန်းကြီးကျောင်းတွေမှာခေါ်ထားတဲ့
ကလေးတွေတော့အကုန်ဖိလုံးဖိနပ်လွယ်အိတ်ကျောင်းဝတ်စုံပြည့်စုံအောင်
လှူထားကြလို့သာဓုခေါ်မိပါတယ်
အကောင်းဆုံးကတဦးချင်းကိုသနားနေလို့မဆုံးပါဖူး
အုပ်ချုပ်သူထံစုပေါင်းလှူဖြစ်ကြရင်အကောင်းဆုံးပါမဝေ
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
October 11, 2012 at 9:23 pm
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးတော်တော်ဟို့ပြီ
စာအုပ်တစ်ပုဒ်ဖတ်ဘူးတယ်
ဘယ်သူရေးလဲတော့သိဘူးဗျ အကြောင်းရာနာမည်က
စေတနာသို့မဟုတ်ဝေဒနာ လားဘာလားဝါးတားတားဖြစ်နေပြီ
အကြောင်းအရာက စာရေးသူက မီးရထားနဲ့ခရီးသွားပါသတဲ့ လမ်းမှာ ရထားလာပြီဆိုရင်
ကလေးတွေ လက်ပြနေကြတယ်ပေါ့ ရထားလမ်းဘေးရွာအချို့လားဘာလားပေါ့
ရထားပေါ်ကခရီးသည်တွေက ခလေးတွေကို ဘာညာကွိကွတွေ ပြစ်ချပေး
ကလေးတွေက လုယက်တိုးဝှေ့ကောက်နေကြတယ်
ခရီးသည်တွေကတော့ ကြည်နူးကြတာပေါ့နော စာရေးသူကတော့ ပညာရှိတွေးတွေးတယ်
ကလေးတွေရဲ့ အလကားလိုခြင်မှု့စာရိတ္တတွေ ပညာရေးတွက်အချိန်ဖြုံးတီးမှု့ တွေ ဘာညာပေါ့ဗျာ
ဒီကိစ္စမှာလည်း ဒီလိုဘဲသွားတယ်ဗျ
ပြဿနာက
( ကလေးရဲ့ နုငယ်တဲ့အသိတရားနဲ့ ချို့တဲ့ငတ်မွတ်တဲ့အကြောင်းဘဲဗျ )
ဆိုခြင်တာက သဲကန္တာရထဲမှာ သူလည်းငတ် ငါလည်းငတ် ပတ်ပတ်လည်က ငတ်နေကြတာကတစ်မျိုးဗျ
သူမလေးရဲ့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ အမျိုးမျိုးသောအရာတွေ
ဥပမာဗျာ အနည်းဆုံး မုန့်ပဲသွားရည်စာတွေပေါ့
အဲ့သည်အရာတွေကို မြင်နေတွေ့နေရပါလျှက် သုံးစွဲခွင့်မရတဲ့အခြေနေမှာပေါ့
ဆိုခဲ့ပြီးသလို
မြင်နေတွေ့နေရပေမယ့် ဆင်းရဲငတ်မွတ်လို့ မရနိုင်တဲ့ကလေးတွေစီမှာ စိတ်ဝေဒနာအနုစားလေးတစ်မျိုးတောင်
ဖြစ်နေမလားမပြောတတ် ( ဒါကတော့ ကျုပ်ရန်းပြောတာ )
မတူတဲ့အတွေးလေးနည်းနည်းပါးပါးလွှတ်ထည့်လိုက်ရရင်တော့
အနှီးချာတိတ်မလေးမှာ လိုခြင်ခြင်း ငတ်မွတ်ခြင်းအကြောင်းမှာ
ရလိုတာကို ရဘို့ကြိုးစားတတ်တဲ့သဘောလေး ( သတ္တိလေး ) တော့
ရှိတယ်ပြောရမှာဘဲ
တစ်နည်းပြောရရင်တော့ စွန့်စားတတ်တဲ့ ကြိုးစားတတ်တဲ့စိတ်ကလေးလို့ပြောရမလားဘဲ
ဒါပေမယ့်လည်း ဆင်းရဲငတ်မွတ်ခြင်းကြောင့် အဲ့သည်စိတ်ကလေးက
ဘယ်ကိုဦးတည်သွားမလဲမပြောတတ်တော့
ဒီလိုဆိုတော့လည်း ခပ်တည်တည်နဲ့ သူတော်ကောင်းနှလုံးထုံးသုတ်ပြီး
ကံပေါ့ကွယ်
ကိုခင်ခ
October 12, 2012 at 12:25 am
“အန်တီ … သမီးကို မုန့်ဖိုး ၅ဝ လောက်ပေးခဲ့ပါတဲ့” ဆိုပြီးတောင်းတာကို
စာရေးသူကလည်း မပေးခဲဘူး၊ မန့်တဲ့သူများကလည်း မပေးသင့်ဘူးဆိုတော့
မဝေဝေ ရေ ဘာဆက်ရေးရမလဲတွေးရင်း ရင်မောမိနေလို့ ။
etone
October 12, 2012 at 9:19 am
မင်္ဂလာပါ မဝေရေ ….. မတွေ့တာတောင် ကြာပေါ့ ။
ညီမတော့ … လျှပ်တပြတ်သာ ကြုံလာခဲ့လျှင် ၊ မစဉ်းစားပဲ ပေးမိလိုက်မယ်ထင်ပါတယ် …… ။ ငါးဆယ်မယူနဲ့ .. ငါးရာယူလို့တောင် ပြောမိသွားမလားပဲ … ။ အမြင်အရ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့နေတာတွေ့ရတဲ့ လျှပ်တပြတ်အခြေနေမှာ ၊ တောင်းတဲ့ ငွေပမာဏကလည်း အလွန်နည်းပါးလွန်းတာကြောင့် ….လိုတာရပြီး ခဏတာ ပျော်ပါစေဆိုတဲ့စိတ်နဲ ့ … အများကြီးမတွေးမိလိုက်ခင်ပဲ .. အလိုလို ပေးဖြစ်သွားမယ်ထင်ပါတယ် ။
အဲ့ဒီလိုပုံမျိုးနဲ့တွေ့ရလျှင် စိတ်ကသိပ်မကောင်းပဲ အသည်းမမာနိုင်တော့သလိုဖြစ်နေပြန်ရော ။ ပေးမိတဲ့ နောက်ဆက်တွဲတွေတော့ ရှိနိုင်ပေမယ့် ၊ လျှပ်တပြတ်ဖြစ်လာတဲ့ ပြသနာက သနားတဲ့ စိတ်ဖြစ်နေတယ် ။ :byae:
kyeemite
October 12, 2012 at 9:49 am
အနှီးချာတိတ်မလေးမှာ လိုခြင်ခြင်း ငတ်မွတ်ခြင်းအကြောင်းမှာ
ရလိုတာကို ရဘို့ကြိုးစားတတ်တဲ့သဘောလေး ( သတ္တိလေး ) တော့
ရှိတယ်ပြောရမှာဘဲ(ကိုအောင်ပုပြောတာ)……
ကျနော့အထင်တော့ အဲဒီ“သတ္တိလေး” လွဲနေတယ်မှတ်တယ်..
သူ့လိုတောင်းတာထက်စာရင် အမှိုက်ပုံလိုက်ဖွပြီး
ငွေရှာတာမှ လက်ခံလို့ရသေးတယ်..
အိမ်လွမ်းသူ
October 12, 2012 at 9:55 am
မဝေ ရေ ကျွန်တော်ကတော့ အဲဒိလို တောင်းတဲသူ ဘယ်သူမဆို ကြုံရင်ကြုံသလို ကိုတတ်နှိုင်သလောက် ပေးလိုက်တာပဲ။ ကျွန်တော်ခံယူ ထားတာက သူတို့ဘာသာ လိမ်ပဲတောင်းတောင်း ဘာပဲတောင်းတောင်း သူတို့တောင်းတာ တိုက်ဆောက်ကားစီးဖို့တော့ မဟုတ်တာသေချာပါတယ်။ သူတို့ရဲ့ ဘဝပေး အခြေအနေ နဲ့ စားဝတ်နေရေး အရ မရှက်မကြောက် တောင်းနေကြတယ်လို့ပဲ ထင်ပါတယ်။ ယှဉ်ပြောရရင် ဌာနကြီး တခုမှာ ရာထူးအကြီးကြီးယူပြီး မတရားတောင်းနေ ခိုးနေတဲ့ သူတွေထက်တော့ သူတို့ရဲ့ စာရိတ္တဟာပို သာတယ်လို့ ထင်ပါတယ်။ ကျွန်တော့မိန်းမက လဲအမြဲပြောတယ် ရှင်အဲဒီလို ရှောက်ပေးနေရင် သူတို့ အလုပ်လုပ်ချင်စိတ်မ ရှိပဲ ပိုဆိုးကုန် မှာပေါ့တဲ့။ ဒါကတော့ ကျွန်တော်တို့ သူတို့ဘဝ ကိုအပေါ်ယံကကြည့် ပြီး ပြောလိုက်တယ်လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အရမ်း အလုပ်လုပ်ချင်စိတ်ရှိနေတာ တောင်မှ ဒီခတ်ကြီးမှာ အဲဒိလိုမိသားစု ဘဝတွေ အတွက် အနိမ့်ဆုံး အောက်ခြေသိမ်း အလုပ်တွေဖြစ်တဲ့ ပလတ်စတစ်ကောက် ရေခဲရေရောင်း ကူလီထမ်းတဲ့ အလုပ်တွေတောင် ထမင်းနှစ်နပ် စားရဖို့ မလွယ်ပါဘူး။ ပြီးတော့ အဲဒိအလုပ်တွေ ကကော် အဲဒီလို မိသားစုတွေ အကုန်လုံးအတွက် အလုံအလောက် ရှိရဲလား။ အဲဒီ တော့ နောက်ဆုံး ဘာအရင်းအနှီးမှ မလိုတဲ့ သူတောင်းစား ဘဝတွေ ရောက်ကုန် ကြတာပါ ပဲ။ ဒါပေမယ့် ကျွန်တော်ထင်တယ် အရမ်းဆင်းရဲတဲ့ သူတယောက် နောက်ဆုံး ဘယ်လိုမှ မိသားစု စားဝတ်နေရေး ပြေလယ်အောင် မစွမ်းဆောင် နှိုင်တော့လို့ တခုခု ကိုလုပ်ရတော့မယ် ဆိုရင် ခိုးစား လုစား ဓားမြတိုက်စား တာ ထက်စာရင် တောင်းစားတာ က သူအတွက် ကော လူမှူ့ပတ်ဝန်းကျင် အတွက်ပါ ပိုကောင်းတယ်လို့ ထင်ပါတယ်။ တချိန်ချိန်မှာ တော့ အဲဒိလို လူတန်းစား တွေအတွက် သင့်တော်တဲ့ အလုပ်အကိုင် တွေပေါ်ပေါက်လာပါစေ လို့ပဲ။ မတူတဲ့ အမြင်နဲ့ ရေးကြည့်တာပါ။ မည်သူ မဆို လွတ်လပ်စွာ ကွဲလွဲ နှိုင်ပါသည်။
ကြောင်ကြီး
October 12, 2012 at 10:11 am
အန်တီဝေလည်း ဘာထူးလည်း ရုံးချိန်မှာ လစ်ထွက်တာပဲ မဟုတ်လား။
( ထမင်းစားချိ်န်လို့ ပြောတာ………..ယိုး……….နေ……….ဗျီ) ထားပါတော့။ ဘယ်သူမပြု အန်တီဝေမှု…. တခုအကျန်ပေးချင်တာ လိုလိုမယ်မယ် အိတ်ထဲမှာ ချောကလက်တောင့်လိုမျိုး အလွယ်စားစရာ ထည့်ထားပါလား။ နောက်ကြုံတဲ့အခါ လာတောင်းတဲ့ခလေးကို အေးအေးဆေးဆေး စကားပြော နာမည် နေရပ် အတန်း စတာတွေ ကြင်ကြာင်နာနာ ရင်းရင်းနှီးနှီးနဲ့ မေးပြီးဆုံးမပါ၊ အသင့်ဆောင်ထားတဲ့ စားစရာပေးလိုက်ပါ။ ဘဂျီးပုပြောတဲ့ ခလေးမှာ နာကျင်မှုစိတ်ဒဏ် ဖြစ်သွားမှာစိုးတယ်၊ နဂိုထဲက အားငယ်နေမှာလေ သို့သော်လည်း ဒါဖြေရှင်းနည်း အမှန်မဟုတ်ဆိုတာလည်း နားလည်ပါတယ်၊ သို့သော် ကြယ်ငါးလေးတကောင် ကယ်လိုက်သလို မတူတဲ့ အတွေးနဲ့ စာနာကြည့်တာပါ။ ပြီးတော့ ဘပုပြောတဲ့ “အနှီချာတိတ်မလေးမှာ လိုခြင်ခြင်း ငတ်မွတ်ခြင်းအကြောင်းမှာ
ရလိုတာကို ရဘို့ကြိုးစားတတ်တဲ့သဘောလေး ( သတ္တိလေး ) တော့
ရှိတယ်ပြောရမှာဘဲ” ဆိုတာကိုလည်း မတူတဲ့ ရှုဒေါင့်တခုကနေ ထောက်ခံသွားပါတယ်။ လောကမှာ မှန်မှန်မှားမှား ဟုတ်ဟုတ်မဟုတ်ဟုတ် အရွေ့တခုခု လုပ်နိုင်စွမ်းဆိုတာ မလွယ်ဘူးဗျ၊ အထူးသဖြင့် အရွယ်နဲ့မမျှအောင် ဝန်ထမ်းပြီး ရွေ့သွားနေတဲ့ (ဘယ်ပုံနဲ့သွားသွား) ခလေးအတွက် ဂုဏ်…ယူ……..ပါ……….ဒယ်။
Fall Guy
October 12, 2012 at 10:44 am
ဦးဦးပါလေရာ ပြောသွားတာသဘောတူပါတယ် ….။ ကျနော်ကတော့ကရုဏာစိတ်ကို သက်ကြီးရွယ်အိုတွေအပေါ်ပဲပြောင်းပေးလိုက်တယ်…။ ကလေးတွေရဲ့စိတ်ဓာတ်ကိုဖျက်
ဆီးမယ့်အစား နေဝင်ချိန်ရောက်နေသူတွေကိုအေးချမ်းစေချင်တယ်……။
ဆူး
October 12, 2012 at 1:23 pm
ကလေးတွေ ဟိုတောင်း ဒီတောင်း လုပ်နေတာတော့ သဘောမကျလှဘူး။ အရင်ကတော့ အိတ်ထဲမှာ ချိုချဉ်တွေ မုန့်တွေ တခါတရံ ထည့်ထားတတ်တယ်။ ကိုယ်ထည့်ထားတာ ကိုယ့်အတွက်ချည်းပဲ ဖြစ်ဖြစ်သွားတတ်လို့ အဲလို မထည့်ဖြစ်တော့တာ နည်းနည်းကြာနေပြီ။ ဟိဟိ.. ကလေးတွေ တောင်းရင် မုန့်ပေးလိုက်တာ များတယ်။ မုန့်ပေးလိုက်ရင် ချက်ချင်းကို ဖောက်စားတော့တာပဲ.. မြင်ရတာ သဘောကျလှတယ်။ အန်တီဝေ လည်း ကလေးတွေ ပေးဖို့ မုန့်သေးသေးလေးတွေ အိတ်ထဲ ဆောင်ထားပါလား..
jullies cezer
October 12, 2012 at 1:49 pm
တချို့ကလေးတွေဆို မပေးချင်မှန်းသိရင် သူတို့လက်ညစ်ပတ်နဲ့ လူကို လက်ကုတ်ပြီးတောင်းတာရှိသေးတယ် ဘာပဲဖြစ်ဖြစ်ပိုက်ဆံမပေးပဲ မုန့်ပေးတာ ပိုကောင်းမယ်ထင်ပါတယ်
နောက်ဆုံးကိုယ့်ကရုဏာစိတ်ကိုမချိုးနှိမ်နိုင်ခဲ့ရင် ………
kai
October 12, 2012 at 1:54 pm
ငွေမပေးရတဲ့အပြင်..”ဟောက်”ခဲ့ဖို့ပါကောင်းတယ်..။
အဲဒီကလေးမ.. အရွယ်ရောက်လာရင်.. အဲ..အဲ..
အရွယ်မရောက်ခင်တင်.. ဘာဖြစ်မလည်း.. ဘယ်လိုတွေးခေါ်မလည်း.. မှန်းကြည့်ကြပါလား..။
လောလောဆယ်တော့.. ကလေးတွေကို… ညောင်းလို့ခေါ်ခေါ်နင်းနှိပ်ခိုင်းတဲ့.. သူတွေအကြောင်း.. ကြားနေရတယ်.. ကြားနေရတယ်..။
အသံတွေ..အသံတွေ.. :harr:
Novy
October 12, 2012 at 2:42 pm
မဝေရေ..
သက်ပြင်းတွေတော့ချမိတယ်
မဝေပိုက်ဆံမပေးလိုက်တာကို ထောက်ခံပါတယ်
တောင်းစားတဲ့ ကလေးတွေကို ပိုက်ဆံပေးလိုက်တာဟာ
သူတို့ရဲ့ဘဝကို ဖျက်စီးလိုက်တာလို့ထင်ပါတယ်
အလုပ်မလုပ်ဘဲတောင်းစားလဲရတာပဲလို့ သူတို့ရဲ့စိတ်ထဲမှာမှတ်သွားမှာဆိုးမိပါတယ်
သက်ပြင်းချမိတာကတော့ သူတို့တွေဗိုက်များစာနေလို့လား မိဘတွေပဲနေမကောင်းလို့လား
တစ်စုံတစ်ယောက်ကများအတင်းအကျပ်တောင်းခိုင်းနေတာလား…..
လားပေါင်းများစွာနဲ့ သူတို့ပိုက်ဆံလာတောင်းလို့ မပေးဘူးလို့
မျက်နှာလွဲမိတဲ့ အခါတိုင်း ကိုယ့်ဘက်ကခံစားရတာလေးတွေပါ
weiwei
October 12, 2012 at 2:58 pm
တခြားလမ်းပေါ်က ကလေးဆိုရင် အခုလောက် စိတ်မောမိမှာ မဟုတ်ပါဘူး .. အခုဟာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တက်နေတဲ့ ကလေး (ကျောင်းသူ) ဖြစ်နေလို့ ….
မုန့်ပေးဖို့ဆိုတာကလဲ မုန့်အမြဲဆောင်ထားဖို့ မဖြစ်နိုင်ဘူး …
ရန်ကုန်မြို့ပေါ်မှာတောင် ဒီလိုအခြေအနေရှိနေတာလေးတွေ သိရအောင် တင်ပြပေးခြင်းဖြစ်ပါတယ်…
ဒီလိုပြသနာမျိုးက ဖြေရှင်းရတကယ့်ကိုခက်ပါလိမ့်မယ် …
ဒီပို့စ်နဲ့မဆိုင်တဲ့ အဖြစ်အပျက်လေးတစ်ခု ဒီမှာပဲ ရေးလိုက်ချင်သေးတယ် …
ကျွန်မမိဘအိမ်မှာ(နယ်မှာပေါ့) အဝတ်လျှော်ပေးတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် … ဆင်းရဲတယ် … ဒုက္ခရောက်နေတယ်ပေါ့ … အဲဒါ မိုးများပြီး သူတို့နေတဲ့အိမ်လေးပြိုသွားလို့ ကလေးတွေ မိုးရေထဲမှာ ဒီအတိုင်းနေနေရတယ်လို့ ပြောတာနဲ့ ကျွန်မ အမေက သနားပြီး အိမ်ပြင်ဖို့ ငွေ ငါးသောင်း အလှူအနေနဲ့ ပြန်ဆပ်စရာမလိုတဲ့အနေနဲ့ ပေးလိုက်ပါတယ် … တခြားနယ်ကဒုက္ခသည်တွေကိုတောင် ကူညီရသေးတာ .. အခုဟာက ကိုယ့်မျက်စိရှေ့ကလူဆိုပြီး ပိုသနားပြီးတော့ပေါ့ ..
ဒါပေမယ့် အဲဒီနေ့ကစပြီး အဲဒီအမျိုးသမီး ကျွန်မတို့အိမ်ဘက်ကို ခြေဦးတောင် မလှည့်တော့ပါဘူး … လုံးဝကိုပေါ်မလာတော့တာ …
ဘယ်လိုလုပ်မလဲ ???
ဆူး
October 12, 2012 at 3:09 pm
ပြန်ပေါ်မလာဘူး ဆိုတော့.. အိမ်ပြန်ဆောက်ဖို့ပေးလိုက်တဲ့ ပိုက်ဆံ တခြားမှာ သုံးလိုက်လို့ နောက်တခါတွေ့တဲ့အခါ အိမ်ဆောက်ဖြစ်လား မေးတဲ့အခါ ဘာဖြေရမှန်း မသိဖြစ်မှာ စိုးလို့ ရှောင်သွားတာလည်း ဖြစ်နိုင်တာပဲ
weiwei
October 12, 2012 at 3:15 pm
အဲဒါကြောင့်ပြောတာပေါ့ … ကူညီလိုက်ပေမယ့် အရာမရောက်တာတွေကို မြင်တွေ့ရတော့ စေတနာကနေ ဝေဒနာဖြစ်ကုန်တာပေါ့ …
အရီးခင်လတ်
October 12, 2012 at 6:31 pm
ဝေဝေ ရေ
ဒါမျိုး ကို ကြိုးစဆွဲ သလို ဆွဲပြီး ရှာရင် လောလောဆယ် မှာတော့ အသုံးမကျ (သေးတဲ့) အစိုးရ ကို ဘဲ လက်ညိုးထိုး ပါဦးမယ်။
နောက်မှ တဖြေးဖြေး သူ့တို့မိဘ၊ နောက် ကျောင်း၊ နောက် သူတို့ ကိုယ်တိုင် ကိုပေါ့။
အခုတော့ ကိုယ့်အိတ်ထဲ ဘဲ ထည့်မဲ့ ဘဏ္ဍာဖန် နေတဲ့ အစိုးရ ရဲ့ စီမံခန့်ခွဲမှု လဲ မတတ်ဘဲ တစ်ကိုယ်ကောင်းဆန် ပြီး နေတဲ့ အာဏာရူး တွေ ကို တွေ့နေသေး လို့ ပါဘဲ။
ဒါထက် ဂျီဟောသူ မှာ အသည်းကွဲဇာတ်လမ်း လေး ရှိတာ အခုမှ သိတယ်။
ရေးဖို့ အကြွေးကျန် သေး၏။
ချစ်တဲ့
အရီး
padonmar
October 12, 2012 at 8:31 pm
ဝေဝေရေ
ကိုယ်သာဆိုလည်း ကလေးတွေကို ငွေမပေးရ ဆောင်ပုဒ်ကိုင်ထားတော့ ပေးမိမှာမဟူတ်ဘူး။
အချိန်ရရင်တော့ counselling ကလေးနဲ့ ဆွေးနွေးကြည့်ချင်ပါတယ်။
ဒါပေမယ့် တစ်ချို့ကလေးတွေက အမေးတောင်မခံ၊ စိတ်မဝင်စားကြဘူး။
လွယ်လွယ်ရဖို့ပဲ အာရုံရှိကြတယ်။
BG က လမ်းဘေးကလေးတွေ စာသင်ပေးတဲ့ အစီအစဉ်မျိုးတွေ များများရှိလာရင် ၊
ရှေးကလို UNICEF က ရပ်ကွက်ထဲက ကလေးတိုင်း နို့မှုန့်ဝေတာမျိုး၊
ကျောင်းတွေမှာ အာဟာရ ကျွေးပေးတာမျိုး လုပ်ပေးလာရင်၊
ကလေးမိဘတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်လာရင် ( ငွေ ချေးပေးမယ့်အစား)၊
ဒါမျိုးတွေ လျော့နည်းလာပါမယ်။
သူတောင်းစားပျောက်ဖို့ကတော့ သူကြီးတို့ရဲ့ အင်မတန် ချမ်းသာတဲ့ အမေရိကားမှာ Homeless တွေ တောင်းစားနေတာကို အစိုးရက နေစရာ စားစရာပေးထားတာတောင် မပျောက်ပါဘူး။
pooch
October 14, 2012 at 2:45 pm
မဝေရေ ကျမသာဆိုလည်း မပေးဖြစ်အောင် စိတ်တင်းထားမှာပါ။
စိတ်ဓာတ်လေးတွေ ပျက်စီးအောင် ဖျက်ဆီးမိတဲ့ အထဲ ကျမလည်း မပါချင်ဘူး။
အမယ်ဘုတ်ရယ်တဲ့ သူ့ချည်ခင် ဖြစ်နေပါပြီ မဝေရယ်..