“သုညကြားခံနယ်” ကဗျာရွတ်ဆိုခြင်း Video ဖိုင်

သူရႆဝါAugust 28, 20103min840

<!–

“သုညကြားခံနယ်” ကဗျာရွတ်ဆိုခြင်း Video ဖိုင်
မနေ့က “လင်းပွင့်လက်များ” အဖွဲ့ရဲ့ ကဗျာရွတ်ပွဲမှာ ရွတ်ဖြစ်ခဲ့တဲ့ “သုညကြားခံနယ်” ဆိုတဲ့ ကဗျာလေး ဗီဒီယိုဖိုင် တင်ပေးလိုက်ပါတယ်။ မနက် ကိုးနာရီ ကတည်းက Upload လုပ်နေတာ Photobucket မှာရော၊ Youtube မှာရော အဆင်မပြေဘဲ နောက်ဆုံး Metacafe မှာတင်မှပဲ အဆင်ပြေ သွားတော့တယ်။ မနေ့က ကဗျာရွတ်ပွဲမှာ ပထမတုန်းက ကဗျာရွတ်ရင် ကဗျာရေးရာဝိဝါဒတွေအကြောင်း ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်မလို့ပါပဲ။ ဒါပေမယ့် ကဗျာရွတ်သူတွေကို နောက်ခံတယော ပံ့ပိုးပေးတဲ့ တယောဆရာလေး ကိုဖိုးပြည့်ရဲ့ တယောလက်သံကို ကြားပြီးတော့ အလွမ်းကဗျာလေး တစ်ပုဒ်လောက်ပဲ ရွတ်ချင်စိတ် ပေါ်လာလို့ “သုညကြားခံနယ်” ဆိုတဲ့ ကဗျာကိုပဲ ရွတ်ဖြစ်ခဲ့ပါတယ်။ ကဗျာရွတ်ခံနီး သူ့တယောသံကို နားထောင်ပြီးတော့ Mood ဝင်လာတာ၊ Expression နည်းနည်းလေး အဆင်ပြေသွားတာ၊ နောက်ပြီး ရွတ်နေရင်း တကယ်ပဲ ဝမ်းနည်းပြီး ခံစားလိုက်ရတာတွေက တကယ့် အမှတ်တရပါ။ ဒီ ဗီဒီယိုဖိုင်လေးကို မရအရ ရိုက်ကူးထားပေးခဲ့တဲ့ သူငယ်ချင်း နန်းလေပြေနု ကိုလည်း ကျေးဇူးအထူး တင်ပါတယ်။ သူ ဗီဒီယိုရိုက်ပြီး ပြန် Share ပေးခဲ့လို့ အခုလို တင်လို့ရတာ။ ဗီဒီယိုနဲ့အတူ ကဗျာစာသားကိုပါ ဖတ်လို့ရအောင် စာသားပါ ပြန်ပြီး တင်ပေးလိုက်ပါတယ်။
သုညကြားခံနယ်
ဘာပြောလိုက်ရမလဲဆိုတာကိုသိတယ်
ဖမ်းလို့မမိဘူး .. … အဲဒီ စကားလုံးတွေ
လွတ်ထွက်သွားမှာ .. … လွတ်ထွက်သွားတာ
သေ ချာ တယ်
နင့်အသွေးအသားထဲမှာ ငါနေလို့မရတော့ဘူး
နင့်အငွေ့အသက်ကို ဖွာရှိုက်ခဲ့ပြီးနောက်
နင့်စိတ္တဇတွေကို ငါ .. .. ကြောက်တယ်
မချစ်တော့ဘူးဆိုတာထက် ဆင်ခြေမပေးရက်
နင့်အတွက် ခက်မယ်ဆိုတာကိုလည်းသိတယ်
အမြဲစီးဆင်းနေမယ့်ရေတံခွန်ကို နင်ရှာမတွေ့ခဲ့တာ
နေရပ်လိပ်စာမှားရောက်လာတာ .. … .. … နင် မှားတယ်ဆိုတာထက်
ငါမှားတယ် ငါမှန်တယ် ငါဇဝေဇဝါဖြစ်ရတယ်
အဲဒါတွေထက် .. ….
နင့်ဖြူစင်မှုအောက်မှာ ငါလိပ်ပြာမလုံနိုင်တာ
ငါ့ကိုဆယ်ဖို့ကြိုးစားရင်း တံတွေးခွက်ထဲ နင်ပက်လက်မျောခဲ့ရတာ
ငါ့ကိုအရိပ်တကြည့်ကြည့်နေရင်း နင်ညှိုးငယ်နေရတာ
ငါ့ပျော်ရွှင်မှုကို နင့်မျက်ရည်တွေနဲ့ လဲထားခဲ့ရတာ
နင်တစ်ယောက်တည်းအပေါ်ကိုမှ မိုးလေဝသညံ့ဖျင်းတာ .. …
.. …. .. … … ….. .. ….. ငါ .. … သိပ်ကို မိုက်ကန်းခဲ့
ငါသိပ်ကို မိုက်ရိုင်းခဲ့ .. … ငါသိပ်ကို ကြောင်ကန်းခဲ့ .. … .. ငါ .. …
သိပ် .. … ကို .. …
.. …. … ….. … ….. ရက်ရက်စက်စက် နင့်ကိုလွှတ်ချပစ်လိုက်ဖို့
ငါတစ်ထစ်ပြီး တစ်ထစ် နင်းတက်လာတာ
သိတယ် ၊ မသိချင်ယောင်ဆောင်တယ်
နင့်ကို အနားမှာထားပြီး
ကမ္ဘာဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ ပုံပြင်တွေပြောတယ်
ငါက နူးနူးညံ့ညံ့ကဗျာတွေရေးရင်း
မေတ္တာတရားကို အတင်းကြိုးကွင်းစွပ်နေတဲ့ကောင်
အဲဒီလိုကောင်ရဲ့ အကြည့်ရိုင်းတွေအောက်မှာ
နင်မှန်တာတောင် မှားချင်ယောင်ဆောင်ရင်း
.. … … …. … … ငါ ဘာပြောမလဲဆိုတာကိုလည်း သိတယ်
လွတ်ထွက်သွားတော့မှာကိုလည်း သိတယ် .. … …
သေချာတယ် .. … နင်ရော ငါရော .. … အခု .. ..
တစ်ခုခုကို .. … ..
လက်လွတ်စပယ် လိုက် ဖမ်း နေ ကြ တယ် ။ ။
သူရဿဝါ
ဇူလိုင် ၁၂ ရက်၊ ၂၀၁ဝ ခုနှစ်