Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဝါးလုံးခေါင်းထဲမှာ သာတဲ့လ”(EPISODE 17)

nicolus agralNovember 27, 20121min2261

တရုတ်ဘာသာနဲ့ လော်ကျား လို့ပြောတာကို ဘာသာပြန်ဖို့တော်တော် ခက်ပါတယ်။ အိမ်အိုဟောင်းလို့ တိုက်ရိုက်ပြန်လို့ရပေမယ့် ဆိုလိုချင်တာ အဲဒါ မဟုတ်သေးဘူး။ လူလားမမြောက်ခင် ကလေးဘဝက နေထိုင်ကြီးပြင်းရာ အရပ်။ အိမ်လည်းဖြစ်ချင်ဖြစ်မယ်။ ဇာတိရပ်ရွာ၊ နိုင်ငံ ပြည်နယ် လို့လည်း ဖြစ်ချင်ဖြစ်မယ်။ ကောင်းကောင်းဆိုးဆိုး၊ ပျော်သည်ဖြစ်စေ၊ စိတ်ဆင်းရဲသည်ဖြစ်စေ၊ ကိုယ့်ခံစားချက် နဲ့ သဘောထား ဘယ်လိုရှိရှိ၊ လူတစ်ယောက်ရဲ့ဘဝကို တခြားဘာနဲ့မှမတူအောင် သက်ရောက်မှုအရှိဆုံး နေရာထိုင်ခင်းတစ်ခု၊ ဘယ်နေရာသွားသွား အတွင်းစိတ်ထဲကနေ အရိပ်လိုလိုက်ပါလာမယ့် အတိတ်က နေရာဟောင်းတစ်ခု လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘယ်အချိန်မှာပဲ ပြန်ရောက်သွားသွား ဆွတ်ပျံ့လွမ်းမောပြီး စိတ်အစဉ်က အတိတ်ကို ပြန်ရောက်သွားစေတာဟာ တခြားဘယ်နေရာတွေနဲ့မှ မတူတဲ့ ထူးခြားချက်ပါ။

ယင်းမာအတွက်တော့ ရှန်ဟိုင်းဟာ အဲလိုနေရာဟောင်းကလေးပါ။ မိုင်ထောင်ကျော်ဝေးတဲ့ ချန်ကျင်းမှာ မွေးခဲ့ပေမယ့် ငါးနှစ်သမီးကတည်းက ရှန်ဟိုင်းမှာ နေခဲ့တာကိုပဲ တအောင့်မေ့မေ့ ရှိတယ်။ သူများတွေက မင်းဘယ်ကတုန်း ဆိုရင် ဘယ်လိုဖြေရမှန်းတောင် မသိဘူး။ ဟောင်ကောင်မှာ နေဖူးတယ်။ လန်ဒန်မှာလည်း နေဖူးတယ်။ အမေရိကားမှာလည်းနေနေတယ်။ ဒါပေမယ့် ဘယ်တော့ဖြစ်ဖြစ် ရှန်ဟိုင်းကလေ လို့သာ ဖြေချင်တယ်။ ကိုယ့်ရှိတဲ့ မနောကံတွေ ဝဇီကံတွေအားလုံး ရှန်ဟိုင်းမှာပဲ တဝဲလည်လည်ရှိတယ်။ ၁ဝ နှစ်သမီးမှာ ရှန်ဟိုင်းနဲ့ အန်တီလေးကို ခွဲပြီး ကျောင်းအိပ်ကျောင်းစားနေကတည်းက ပြန်မရောက်ပဲ ဟောင်ကောင်၊ အောက်စ်ဖို့ဒ်၊ လန်ဒန် မှာ ကျင်လည်ခဲ့ပေမယ့် မကြာခဏ အိမ်ကိုပြန်ပြေးသွားတယ် လို့ အိပ်မက်မက်တာ ဆေးကျောင်းတက်တဲ့အထိပဲ။ ဆေးကျောင်းမှာ တရုတ်ကျောင်းသားများသမဂ္ဂဖွဲ့ဖြစ်တော့ ကိုယ်လိုအိမ်လွမ်းသူတွေစုပြီး စနေနေ့တိုင်း ခေါက်ဆွဲပြုတ် လုပ်စားကြတယ်။ ရေနွေးကြမ်းမွှေးမွှေးလေးတွေ သောက်တယ်။ နှင်းလျှောစီးတယ်။ အိမ်အကြောင်းတွေ တစ်ယောက်တစ်ပေါက် ထိုင်ပြောဖြစ်ကြတယ်။ ငါ ဒီတစ်သက် အိမ်ကို ဘယ်တော့မှ ပြန်ရောက်ပါ့မလဲ မသိဘူးဆိုတဲ့ စိတ်ဟာ အသက်တော်တော်ကြီးကြီးထိ တွေးမိတိုင်း နာကျင်စေတယ်။ မရောက်နိုင်တော့ပါဘူး။ ရောက်လည်း အရင်တုန်းကလို မဟုတ်နိုင်တော့ဘူး။ ဖိုးဖိုး ခဏခဏပြောဖူးခဲ့တဲ့ ပြောင်းလဲခြင်းတရားသာလျှင် အမြဲတမ်းမပြောင်းမလဲ ရှိနေမယ့်တရားဆိုတာ သိပ်မှန်တာပဲ။ လူတော်တော်များများ အဲဒါကို သဘောမပေါက်ကြပါဘူး။ သူတို့တစ်ဘဝလုံး အိမ်လွမ်းစိတ်နဲ့ ဖြတ်သန်းကြတယ်။ အထူးသဖြင့် အောင်မြင်ကြီးပွားခိုက်မှာ အိမ်ကိုအရောက်ပြန်နိုင်မှ ဘဝဟာ အဓိပ္ပါယ်ရှိလိမ့်မယ် လို့ ထင်ကြတယ်။ အဲလိုလူတွေထဲမှာ စစ်သူကြီး ရှန်းယုလည်းပါတယ်။ တရုတ်ပြည်တစ်ဝှမ်းလုံးမှာ ထိပ်ထိပ်ကြဲ စစ်အာဏာရှင်ကြီး ဖြစ်လာတဲ့အခါ ရှန်းယန်မှာ အခြေချပြီး သူ့အာဏာခိုင်မြဲအောင် လုပ်မယ့်အစား ဇာတိမြေပြန်ပြီး သူရထားတဲ့ အောင်မြင်မှုတွေကို မျက်ဝါးထင်ထင် ပြချင်ပါသတဲ့။ နို့မို့ဆို အဖိုးတန် ဘရိုကိတ်ခြုံလွှာကြီးဆင်ပြီး လမိုက်ညမှာ လမ်းလျှောက်ပြနေသလို နေမှာပေါ့တဲ့။ “yi jin ye xin” (dressing in the finest brocades to parade in the dark of night) ကိုယ်ငယ်ငယ်ကတော့ အိမ်မှာနေရင်း ဘယ်မှမသွားပဲ အဝတ်သစ်အစားသစ်တွေ ဝတ်ထားလို့ရှိရင် အဖွားက “ဝါးလုံးခေါင်းထဲ လသာနေတယ်။” လို့ ကောင်းချီးပေးလေ့ရှိတယ်။

ဟုန်မင်ယန်ကပြန်ရောက်ရောက်ချင်း လျူဘန်လုပ်တဲ့အလုပ်ကတော့ ရန်သူကိုသတင်းပေးတဲ့ ကောလူကြီးမင်းကို ကွပ်မျက်ရတာပဲ ဖြစ်ပါတယ်။ ရက်အနည်းငယ်အကြာ စစ်သူကြီးရှန်းယု မြို့တော်ကို ဝင်လာတဲ့အခါ မြက်ကလေးတစ်ပင်တောင် အပြတ်အတောက်မရှိ ဝင်ခဲ့တယ်ဆိုတဲ့ လျူဘန်နဲ့ဆန့်ကျင်စွာ သတ်ဖြတ် လုယူ မီးတိုက် ဖျက်ဆီးပြီးမှ ဘီလူးဆိုင်းတီးလို့ ဝင်လာတယ်။ ချင်နိုင်ငံလက်အောက်ခံဘဝမှာ သူ့အဖိုးစစ်သူကြီး ကိုယ့်လည်ပင်းကိုယ်လှီးသွားရတုန်းက ရှန်းယု ၁ဝ နှစ်သားလေးပဲ ရှိပါဦးမယ်။ အဲဒီကတည်းက ပျိုးထားတဲ့ အမုန်းမီးတောက်တွေဟာ သူ့ဦးရီးတော်ကို ချင်ရဲမက်တွေ ကွပ်မျက်လိုက်တဲ့အခါ တဟုန်းဟုန်းတောက်နေခဲ့ပါပြီ။ အခုတော့ အဲဒီမီးတွေ လောင်ကျွမ်းသွားဖို့ရာ ဘာအတားအဆီးမှ မရှိတော့ဘူးလေ။ မိုးအောက်မြေပြင် အင်အားအကြီးဆုံး စစ်ဘုရင်တစ်ယောက်ဖြစ်ခဲ့ပြီ။ အသက်ကလေးမှ ၂၆ နှစ် ရှိသေးတာ။ စာနာရမလား။ သနားရမလား။ ညှာတာထောက်ထားရမလား။ တရားမျှတမှု၊ ဥပဒေစိုးမိုးမှု၊ အဲဒါတွေ ဘာမှလာမပြောနဲ့။ သူ့ခေါင်းထဲမှာ အမုန်းရယ် ကလဲ့စားရယ်ကလွဲရင် ဘာဆိုဘာမှ မရှိဘူး။ ချင်မှန်ရင် ရန်သူ၊ လူလို့တောင် သဘောမထားဘူး။ လက်နက်ချထားတဲ့ ချင်ဘုရင်မင်းမြတ် ဇီယင်းဟာ အခြားသူများလို ဂျောင်ကောနိုင်ငံရေးကစားတာ ခံရရှာသူသာဖြစ်တယ် လို့လည်း နားမလည်နိုင်ဘူး။ ဒီကောင် ချင်ဘုရင်။ ငါ့ဦးလေးကို သတ်တာ ဒင်းလက်ချက်။ တစ်ယောက်မှ အရှင်မထားနဲ့။ တစ်မျိုးလုံးဖြုတ်ပစ် လို့ အမိန့်ပေးပါတယ်။ သူ့မျက်စိအောက်မှာ လျူဘန်က အထိအခိုက် အပျက်အစီးမရှိ ထိန်းသိမ်းထားတဲ့ ရှန်းယန်နန်းတော်ကြီးနဲ့ ကျောင်း၊ ကန်၊ တံတား၊ ဥယျာဉ်၊ သင်္ချိုင်းတော် အဆောက်အဦးများဟာလည်း လုပ်သားသန်းပေါင်းများစွာ အသက်သွေးချွေး၊ မျက်ရည်တွေ ဘဝတွေရင်းလို့ တည်ဆောက်ထားတယ်လို့လည်း မမြင်နိုင်ပါဘူး။ စိစိညက်ညက် အမှုန့်ချေပစ်စရာ ရန်သူ့စခန်းလို့သာ သဘောထားတော့တယ်။ အဲဒီအရာတွေအားလုံးဟာ သူ့လက်အောက်ရောက်နေပြီး သူပိုင်ပစ္စည်းတွေ ဖြစ်နေပြီဆိုတာတောင် သတိမရနိုင်လောက်အောင် အာဃာတတွေ ကြီးနေပါတယ်။ လိုချင်သမျှယူငင်ပြီး တစ်နန်းတော်လုံး မီးလောင်တိုက်သွင်းလိုက်တာ သစ်နဲ့ဆောက်ထားတဲ့ နန်းတော်မို့ တမဟုတ်ချင်း လောင်ကျွမ်းကုန်တာတောင် ပြာကျသွားတဲ့အထိ သုံးလလောက် ကြာပါသတဲ့။ ပထမမြောက်ဧကရာဇ်မင်းရဲ့ သင်္ချိုင်းတော်ကိုလည်း ဖောက်ထွင်းပြီး လိုချင်သမျှ လက်နက်ကိရိယာ ရတနာတွေ ယူငင်ပြီး မီးတိုက်ခဲ့ပြန်သတဲ့။

မြင်မြင်သမျှ မျက်စိအောက်ကအရာတွေကို ဘယ်ဟာမှ အကောင်းမကျန်အောင် ပျက်စီးစေတဲ့ ရှန်းယုကို ပြာပုံကြားမှာ တုတ်ကလေးတွေနဲ့ ဆွကာဆွကာ ကိုယ်ပစ္စည်းအကျွမ်းအလောင်ကလေးတွေ လိုက်ကောက်ရတဲ့ ရှန်းယန်မြို့သားတွေက ရွံကြောက်ကြီး ကြောက်သွားပါတော့တယ်။ အားမတန်လို့သာ မာန်လျှော့ရတယ်။ အလှည့်ဆိုတာ ရောက်လို့ကတော့ ဘယ်သူကမှ လက်နှေးမယ့်ပုံ မရှိဘူး။ ရသမျှထုတ်ပိုးယူငင်ပြီး ရှန်းယန်ရဲ့ အလှဆုံးအပျိုစင်ကလေးတွေကို ခေါ်ဆောင်လို့ ထွက်တော်မူတော့မယ့် ရှန်းယုကို သူ့လက်အောက်က စာပေပညာရှင်တစ်ယောက်က နားချပါတယ်။ ချူ ပြန်မယ့်အစား ရှန်းယန်ကပဲ တပြည်လုံးကို လှမ်းအုပ်ချုပ်လို့ရသားပဲတဲ့။ ရှန်းယုက သူကိုယ်တိုင် တိုက်ထားတဲ့ မီးလောင်ပြင်ကြီးကို တစ်ချက်ကြည့်ပြီး “မိုးအောက်မြေပြင် တခွင်လုံး သိမ်းယူအုပ်ချုပ်နိုင်တဲ့ မင်းပဲဖြစ်ပစေ ကိုယ့်မြေကိုယ်ပြန်မရောက်လို့ကတော့ ဘရိုကိတ်တပြောင်ပြောင်နဲ့ ညဉ့်ခေါင်ခေါင် လမ်းသလားရသလို နေမှာပေါ့။” တဲ့။ သဘောထားကျဉ်းမြောင်းလိုက်တာ လို့ စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ စာပေဆရာလေးဟာ “ဒီလူကတော့ ချူနိုင်ငံကလူတွေကို မတန်မရာ အဝတ်တွေဆင်ဖို့ပြင်နေပြီ။ အဲသည်ကောင်တွေက မျောက်အဝတ်ပတ်ပေးသလို ကလန်ကလား ဖို့ယို့ဖားယား နဲ့။” လို့ မြည်တွန်တောက်တီးမိတာကို မရောက်ရောက်အောင် ပြန်ပို့ပေးလိုက်လို့ ဟိုခမျာ အရှင်လတ်လတ် ဆီပူအိုးထဲနှစ်လို့ အကျော်ခံ အလှော်ခံရပါသတဲ့။

သူတို့ခေတ်တုန်းက တရုတ်ပြည်မှာ သေဒဏ်စီရင်တဲ့နည်း ခုနှစ်နည်းတောင် ရှိသတဲ့။ ပေါင်ချိန်ကားထဲကလို ဓါးစက်ကြီးနဲ့ ခေါင်းဖြတ်တာရယ်၊ ခါးကနေ နှစ်ပိုင်းပိုင်းပလိုက်တာရယ် (အထက်နဲ့အောက် အဝေမညီတဲ့သူတွေကို အဲလိုစီရင်မလား မသိဘူး)၊ ခေါင်းကိုဆောက်နဲ့ထွင်းတာရယ်၊ ခြေတွေလက်တွေကို ရထားလေးစီးနဲ့ဆွဲဖြဲတာရယ်၊ ခေါင်းတစ်ခေါင်းလုံး မင်ကြောင်ထိုး၊ နားရွက်၊ နှာခေါင်း၊ ခြေချောင်းလက်ချောင်းတွေ ဖြတ်ပြီးမှ ဈေးလယ်ခေါင် ကြိမ်ဒဏ်ပေးပြီးသတ်တာရယ်၊ ဆီပူအိုး ရေနွေးအိုးထဲမှာ ပြုတ်ကျော်လုပ်တာရယ် တဲ့။ ပထမဧကရာဇ်ကြီးဆို သူ့ညီလာခံနန်းမဆောင်မှာ ဒယ်အိုးကြီးတောင် အဆင်သင့်ပြင်ထားပြီး ရုတ်ရုတ်ရုတ်ရုတ်လုပ်တာနဲ့ ဂုတ်ဂုတ်ဂုတ်ဂုတ် ပြုတ်သောက်ပလိုက်တာဆိုပဲ။ ရှန်းယုကတော့ အဲလောက်နဲ့ အားမရသေးဘူး။ ထပ်ကိုထွင်လိုက်သေးတာ။ အရှင်လတ်လတ် မြေမြုတ်မယ်။ နုတ်နုတ်စင်းမယ်။ တဆွေလုံး တမျိုးလုံး စီရင်မယ်။ တစ်ရွာလုံး တစ်မျိုးနွယ်လုံး စီရင်မယ် တို့ ပါလာတယ်။

တရုတ်တွေဟာ အဲဒီအချိန်က ဗုဒ္ဓဘာသာမဟုတ်ပေမယ့် လူ့ဘဝဆိုတာ တခဏသာ ဆိုတဲ့သဘောကိုတော့ နားလည်လက်ခံထားကြပါတယ်။ ဘယ်လောက်ပဲ အကုသိုလ်ကြီးကြီး သေပြီးသွားတဲ့သူတစ်ယောက်ကိုတော့ ဆက်အပုပ်မချတော့ပဲ သင်ပုန်းချေပလိုက်တတ်သတဲ့။ အဲဒီထဲမှာ အာဏာရှင်ဧကရာဇ်တွေတော့ ပါပုံမရဘူး။ ပထမဧကရာဇ်ကြီး နတ်ရွာစံတော့ အင်မတန်ခေတ်စားခဲ့တဲ့ ကဗျာတစ်ပုဒ်ရှိတယ်။

“ဧကရာဇ်ကြီးလည်း သေတာပဲ။

တို့အိမ်ထဲဝင်လာငေး

ကြမ်းတပြေးတည်းထိုင်

ယာဂုခွက်ကိုင်ခေါက်လို့

နည်းနည်းလောက်ပေးစမ်းပါ။

ယမကာလေးသောက်ချင်တယ်ဆိုရင်

ဒင်းကို နံရံထဲနှစ် လေးနဲ့ပစ်လို့

သဲတောင်ပေါ်ပို့ပစ်မယ်။

ဝဋ်ကြွေးတွေ ဆပ်ရစ်ရော့လဟယ်။” တဲ့။

သဘောကတော့ ကမာ္ဘမကြေဘူး နဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ ရှန်းယုက သူဘုရင်၊ သူသတ်ချင်တဲ့နည်းနဲ့သတ်မယ် ဆိုပြီး ချင်စစ်တပ်ကြီးတစ်ခုလုံးကို ဘုရင်မင်းမြတ်ကစလို့ စိတ်တိုင်းကျ စီရင်လိုက်တာ ပြုတ်ပြုတ်ကို ပြုန်းရော။ အဲသည်နောက်တော့ ချူဘုရင်မင်းမြတ်ဆီ ဆက်သားလွှတ်ပြီး သူသာလျှင် အနိုင်ရတဲ့ စစ်ဘုရင်အဖြစ် လုပ်ချင်တိုင်းလုပ်နိုင်အောင် အရင်က ကတိတွေကို ပြန်ပြင်စေလိုတဲ့သဘော စာရေးပို့လိုက်တယ်။ ဒါပေမယ့် ဟိုက ပြန်စာလာတာကတော့ မင်းမှာသစ္စာ လူမှာကတိမို့ ပြောပြီးစကား မပြင်နိုင်ဘူးတဲ့။ နဂိုကတည်းက ဘက်လိုက်ပြီး သူ့ကို ခက်ခဲကြမ်းတမ်းတဲ့ စစ်မျက်နှာကိုပို့ပြီး လျူဘန်ကိုတော့ ရတနာစုဝေးရာ မြို့တော်ကို သိမ်းခိုင်းတာဟာ မျက်နှာလိုက်တာပဲ ဆိုတဲ့ သူ့အထင်ဟာ ပိုခိုင်မြဲသွားပြီး “ဒီချူဘုရင်ဆိုတဲ့အကောင်ဟာ ငါနဲ့ ဦးရီးတော် နန်းတင်ပေးထားတဲ့ သိုးကျောင်းသားတစ်ကောင်သာဖြစ်တယ်။ စစ်လည်းတိုက်တတ်တာမဟုတ်။ ကိုယ်ခံပညာလည်း မတတ်၊ သူ့စကားနားထောင်နေလို့တော့ အပိုပေါ့။ ကိုယ့်ဘာသာကိုယ်ပဲ သင့်တော်သလို ဆုံးဖြတ်ကြမယ်။” လို့ ပြောပြီး ချူဘုရင်ဆီကို ယီဘုရင်မင်းမြတ်ဘွဲ့တော်နဲ့ ပဏ္ဍာပစ္စည်းဟန်ပြလောက် ပို့ပေးလိုက်သတဲ့။ ကျန်တာအကုန်လုံးကတော့ သူ့တပ်ထဲမှာ သူ့ဩဇာနဲ့ တပ်သားက ဗိုလ်ချုပ်အထိ ထင်သလို ခန့်အပ်အုပ်ချုပ်တော့တယ်။ အမိန့်စာတွေမှာ ချူနိုင်ငံတော်တံဆိပ်ကလေးတောင်မှ ဟန်ဆောင်ပန်ဆောင် ခပ်နှိပ်မထားနိုင်တဲ့ထိ ပြောင်ကျကျ အာဏာသိမ်းတဲ့ ရှန်းယုဟာ လျူဘန်ကို အစိမ်းလိုက် ဝါးစားချင်သော်ငြား ဟိုက တိုင်းသိပြည်သိ ပြည်သူချစ်တဲ့သူရဲကောင်းမို့ လက်ဖျားနဲ့တောင် တို့လို့လည်းမရ၊ အရေးယူစရာ အပြစ်လည်း ရှာမရတာကြောင့် မသေရင်လည်းနေ မရှင်နိုင်အောင် ချည်ပြီးတုပ်ပြီး မလှုပ်နိုင်တဲ့ နေရာတစ်နေရာ ပေးထားမှဖြစ်မယ်ဆိုပြီး ဖန်ဘိုးဘိုးနဲ့ တိုင်ပင်ပါတယ်။ အနောက်တောင်ဘက်မှာရှိတဲ့ အခုဖီချွမ်နယ်ရှိတဲ့အရပ်ဟာ လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲ၊ အန္တရာယ်လည်းများ၊ ပြည်မကြီးနဲ့ တောင်တန်းတံတိုင်းတွေလည်း ပိုင်းခြားထားတာမို့ အဲဒီကိုပဲ ဟန်နိုင်ငံဘုရင်မင်းမြတ်အဖြစ် ပို့လိုက်တာပေါ့ လို့ ဆုံးဖြတ်တယ်။ စစ်သည်အင်အားကိုလည်း ၃ဝ ဝ၀ဝ အထိ လျှော့ချလိုက်သတဲ့။

ပထမဧကရာဇ်ကြီး နန်းတက်တုန်းက ခုနှစ်ပြည်ထောင်ကို တပေါင်းတစည်းတည်း စုရုံးအုပ်ချုပ်သွားပေမယ့် ရှန်းယုကတော့ အဲဒီပြည်ထောင်စုကြီးကို ဖရဲသီးစိပ်သလို အစိတ် ၂ဝ စိပ်ပလိုက်ပြီး ဘုရင်တစ်ပါးကျစီနဲ့ ကိုယ့်ဘာသာ အုပ်ချုပ်စေခဲ့တယ်။ ကတိစကားအရ လျူဘန်ကို ချူဘုရင်မင်းမြတ်က ချီးမြှင့်မယ်ဆိုတဲ့ တံတိုင်းအတွင်းကနယ်ကိုတောင် သူ့ထံ လက်နက်ချ အညံ့ခံတဲ့ ချင်စစ်သူကြီးသုံးယောက်ကို သုံးပိုင်းခွဲပြီး ပေးလိုက်တယ်။ သူ့စိတ်နေစိတ်ထားနဲ့ဆိုရင် သူ့လက်ထက်မှာ ဘယ်လိုလူတွေ အာဏာရမလဲဆိုတာ တွေးကြည့်စရာတောင် မလိုပါဘူး။ ကပ်ဖားရပ်ဖား၊ အရည်အချင်းမရှိ၊ ခိုင်းသမျှလက်မရွံ့တဲ့ Yes Men တွေသာ နေရာရမှာ မလွဲဘူး။ ရှန်းယုတစ်ယောက် အရာရာကို စိတ်ခံစားချက်နဲ့ ဆုံးဖြတ်လာလိုက်တာ တနေ့ကျရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာတောင် ဆင်ခြင်နိုင်တဲ့ အသိဉာဏ်မရှိတော့အောင်ပါပဲတဲ့။ တိုင်းပြည်ကိုခွဲဝေပေးတာလည်း နယ်နိမိတ်တွေ သတ်မှတ်မပေးလိုက်တဲ့အတွက် သူ့ကို ဘယ်သူကမှ ကျေးဇူးမတင်တဲ့အပြင် နောင်ကို စစ်ပွဲတွေဖြစ်တိုင်း သူ့ကြောင့်လို့ လက်ညှိုးထိုးစရာဖြစ်လာတယ်။ သို့သော်လည်း သူ့အတွေးနဲ့သူတော့ မှားတယ် မဆိုနိုင်ပါဘူး။ ကာလရှည်ကြာ စစ်မက်တွေ သတ်ဖြတ်မှုတွေနဲ့ စစ်ပန်းနေတဲ့ ပြည်သူတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မက်တွေ ရပ်စဲသွားပြီ လို့ ကြေငြာချက်ထုတ်လိုက်ပြီး အသစ်ခန့်လိုက်တဲ့ နယ်စားပယ်စားတွေကို ကိုယ့်နယ်ကိုယ် ပြန်အုပ်စီး အေးအေးချမ်းချမ်းနေကြလို့ နှင်ထုတ်လိုက်တယ်။

ရှန်းယုကတိမတည်တာ သိပေမယ့် လျူဘန်ဟာ အမျှော်အမြင်ရှိသူ နောက်လိုက်နောက်ပါများ အကြံပေးတဲ့အတိုင်း ဘရှူး နဲ့ ဟန်ကျောင်းနယ် (ယခုဖီချွမ်နယ်) ကို စစ်သည်သုံးသောင်းနဲ့ ထွက်ခွာတယ်။ လိုက်ပါရစေ ရွှေနွယ်ရိုးရယ်ဆိုပြီး သေချင်သေပစေ လိုက်လာတဲ့သူကတင် တစ်သောင်းကျော်ရှိသတဲ့။ အင်မတန်မတ်စောက်ပြိး အန္တရာယ်များလှတဲ့ တောင်တန်းတွေပေါ်ကနေ သက်စွန့်ဆံဖျား ခရီးဆက်ခဲ့တာ နောက်ဆုံးတော့ တိမ်တွေပေါ်ကတံတားဆိုတဲ့ အသည်းယားစရာ ကြိုးတံတားကလေးကိုလည်းဖြတ်ပြီးရော ဆန်းလျန်ကအကြံပေးတဲ့အတိုင်း တံတားကိုဖျက်ဆီးပစ်လိုက်ဖို့ အမိန့်ပေးပါတယ်။ တကယ်တော့ လွယ်လွယ်ကူကူ ပြန်ပြင်လို့ရတဲ့အပိုင်းကလေးတွေကိုသာ ဟန်ပြဖျက်ဆီးပြီး အဓိကရည်ရွယ်ချက်က သူတို့ဒီဘက်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး။ သေခန်းပြတ်ပဲ သူငယ်ချင်းဆိုတာကို ဖောင်ဖျက်စစ်ထွက်သူကြီး ရှန်းယုမကြားကြားအောင် ပြန်သတင်းပေါက်စေဖို့ အတွက်ပါတဲ့။ အဲသလိုတံတားဖျက်လိုက်တာဟာ လျူဘန့်တပ်က အကင်းမပါးတဲ့ စစ်သည်အများစုကတော့ တော်တော် ကြေကွဲကြပါတယ်တဲ့။ အိမ်ပြန်လို့မရတော့ဘူးဆိုတဲ့အသိက တော်တော် နှိပ်စက်တာကိုး။ တနေ့တနေ့ ငိုကာယိုကာနဲ့ အိမ်လွမ်းကြသတဲ့။

မနေနိုင်တဲ့သူတွေကတော့ ဖြစ်ချင်ရာဖြစ် အိမ်ပဲပြန်မယ်ဆို တပ်ပြေးလုပ်ကြတဲ့အထဲမှာ လျူဘန်အားကိုးရတဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်တောင်ပါလို့ တော်တော် စိတ်မကောင်းဖြစ်နေခိုက် မောင်မင်းကြီးသားက နှစ်ရက်လောက်နေမှ ပေါ်တော်မူလာတာ ဝမ်းသာရမလို စိတ်ဆိုးရမလိုဖြစ်နေတုန်း သူကထွက်ပြေးတာမဟုတ်တဲ့အကြောင်း ထွက်ပြေးတဲ့မိတ်ဆွေတစ်ယောက်ကိုသာ လိုက်ခေါ်တဲ့အကြောင်း ရှင်းပြပါတယ်။ ဘယ်လိုကောင်မျိုးမို့ ဒီလောက် အရေးတယူ လိုက်ခေါ်နေရတာတုန်း လို့ မာန်တဲ့အခါ ဟန်ကျင်း လို့ခေါ်တဲ့ ကျီတော်ဝန်တစ်ယောက်ပါလို့ဖြေပါတယ်။ ပြီးမှ အဲဒီဟန်ကျင်းဟာ ဘယ်သူနဲ့မှ မတူတဲ့ မင်းမှုထမ်းတစ်ယောက်ဖြစ်ကြောင်းကို လျူဘန် မယုံယုံအောင် ရွှေနားတော်သွင်းပါတယ်။ ချူနိုင်ငံမှာမွေးပြီး ဆင်းရဲသားမိသားစုကပေါက်ဖွားလာတဲ့ ဟန်ကျင်းဟာ စားဝတ်နေရေးခက်ခဲလွန်းလို့ သူများအိမ်မှာ ကပ်ရပ်စားသောက်ခဲ့ရာက စစ်တပ်ထဲကို သာမာန်စစ်သားကလေးဘဝနဲ့ ဝင်ရောက်ခဲ့ပါသတဲ့။ သူ့တပ်မှူးသေပြီး ရှန်းယုရဲ့ ကိုယ်ရံတော်ဖြစ်လာတဲ့အခါ အလကားနေရင်း အကြံတွေ လိုက်လိုက်ပေးနေလို့ ဘယ်သူကမှ အရေးမစိုက်တာကြောင့် လျူဘန့်ဘက် ခိုဝင်လာပါသတဲ့။ ခုတော့ လျူဘန်ကလည်း သူ့ကို အရေးမလုပ်ဘူးဆိုပြီး ထွက်ပြေးသွားတဲ့အတွက် သူ့လို လူ့အဖိုးတန်တစ်ယောက် မဆုံးရှုံးရလေအောင် လိုက်ခေါ်ရပါတယ်တဲ့။ လှော်တဲ့သူကလှော်လို့ လျှော်တဲ့သူကလျှော်ပါ့မယ်။ ဘယ်လိုရာထူးမျိုးတိုးပေးခန့်ထားမှ နေမှာပါလိမ့်ဆိုတော့ စစ်ဗိုလ်ချုပ်ကြီးခန့်မှဖြစ်မယ် ဆိုပဲ။ ကမာ္ဘပေါ်မှာ စစ်ပြေးကို ပြန်ခေါ်ပြီး ဗိုလ်ချုပ်ကြီးခန့်လိုက်ရတဲ့အဖြစ်ဟာ တရုတ်ပြည်မှာ အဲသည်တစ်ခါပဲ ရှိလိမ့်မယ် ထင်ပါရဲ့။ ယုံချင်ယုံ မယုံချင်နေ။ လျူဘန်ကတော့ ခန့်ဖြစ်အောင်ကို ခန့်ပလိုက်တာဗျ။ မယုံနိုင်တဲ့သူတွေကတော့ ကိုယ်တင်မဟုတ်ဘူး။ သူ့တပ်တစ်တပ်လုံးပဲ။ နိုင်ငံတော်အခမ်းအနားနဲ့ စစ်သူကြီးချုပ်ရာထူးကို ကျီတော်ဝန်တစ်ယောက်လက်ထဲ ပေးလိုက်တယ်ဆိုတော့ မျက်လုံးကြီးတွေ စကောလောက်ပြူးကုန်ကြမယ် ထင်ပါရဲ့။

ကလေးကစားစရာ မဟုတ်တဲ့အတွက် ရာထူးဆိုတာ ယူပြီးရင် တာဝန်တွေလည်း ထမ်းဖို့ရှိရမယ် မဟုတ်လား။ ဟန်ကျင်းစိတ်တိုင်းကျ အလိုပြည့်ပြီဆိုရင် လျူဘန့်စိတ်တိုင်းကျ ရှန်းယုတပ်ကို အနိုင်ယူနိုင်မယ့်ဗျူဟာကလေးလည်း ကစားပြရပါတော့မယ်။ ဟန်ကျင်းက လျူဘန့်ကို မေးပါသတဲ့။

“စစ်သူကြီးမင်းရဲ့ ရည်ရွယ်ချက်ဟာ အရှေ့ဘက်ကို စစ်ဆင်ပြီး စစ်သူကြီးရှန်းယုကို ထိုးစစ်ဆင်ဖို့ ဟုတ်ပါသလား။”

“သိပ်ဟုတ်တာပေါ့ဗျာ။”

“စစ်ဦးချင်းဆိုင်လိုက်ရင် ကိုယ်တော်က ရှန်းယုကို နိုင်အောင် တိုက်နိုင်ပါ့မလား။”

“မနိုင်လောက်ပါဘူး။”

“မှန်ပါပေတယ်။ ပကတိအခြေအနေကို အမှန်အတိုင်း ရှုမြင်နိုင်တာဟာ ကိုယ်တော့်ဆီမှာရှိတဲ့ အားသာချက်ပါပဲ။ သူတပါးပြောစကားကို လက်ခံနားထောင်လေ့ရှိတာ၊ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်တာဟာလည်း အလားတူ ရှန်းယုလိုက်မမီနိုင်တဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ ဒါမျိုးဆိုတာ အမြင်ကျယ်ပြီး စိတ်သဘောထားမြင့်မြတ်သူတွေမှာသာ ရှိပါတယ်။

ကျွန်တော်မျိုးကြီးဟာ ရှန်းယုနဲ့အတူတူ အလုပ်လုပ်ခဲ့ဖူးပြီး သက်တော်စောင့်အဖြစ် အနီးကပ်နေခဲ့ဖူးလို့ သူူ့အကြောင်း ကောင်းကောင်းသိပါတယ်။ စစ်မြေပြင်မှာ ရင်ခေါင်းသံကြီးနဲ့ ကြုံးဝါးလိုက်ရင် ရန်သူတွေ ဖိန့်ဖိန့်တုန်သွားတတ်တာလည်း အမှန်ပါပဲ။ ရဲဘော်တွေ လက်အောက်ငယ်သားတွေ တိုက်ပွဲမှာ ဒဏ်ရာရလာရင် အရေးနိမ့်လာရင် မိခင်က ကလေးငယ်ကို ဂရုစိုက်သလို ကြင်နာသနားစွာ စောင့်ရှောက်ကုသပေးတတ်ပါတယ်။ ဒါပေမယ့် အောင်ပွဲရလာတာ။ စစ်နိုင်လာတာဆိုရင်တော့ မသိချင်ယောင်ဆောင်ပြီး တချိန်ကျ သူ့ကို ယှဉ်လာမှာစိုးလို့ ချောင်ထိုးဖို့ စဉ်းစားပါတယ်။ တကယ်တော့ သူ့စိတ်ဟာ မိန်းမဆန်တယ် လို့ ပြောလို့ရတယ်။ (ဒါကတော့ စာရေးသူ မယင်းမာက မိန်းမတွေကို ချိုးဖဲ့နှိပ်ကွပ်တာမို့ မခံမရပ်နိုင်ဖြစ်ပါတယ်) အမျှော်အမြင်နဲ့ ဆင်ခြင်နိုင်စွမ်းလည်း ချို့တဲ့တာမို့ တံတိုင်းအတွင်းကနယ်မြေတွေရဲ့ အရေးပါပုံကို သဘောမပေါက်ပါဘူး။ ဒါကြောင့်လည်း သူ့ဆီ အညံ့ခံတဲ့ ချင်စစ်သူကြီးသုံးယောက်ကို ခွဲဝေပေးခဲ့တယ်။ ဒါပေမယ့် အဲဒီစစ်သူကြီးသုံးယောက်မှာ ခိုင်မာတဲ့ စစ်အင်အားမရှိပါဘူး။ သူတို့လက်အောက်က စစ်သည်နှစ်သိန်းကျော်လောက် ပြုတ်ပြုတ်ပြုန်း အသတ်ခံရတာ တစ်နှစ်တောင် မကြာသေးပဲနဲ့။ ငယ်သားတွေကို အသေခံခိုင်းပြီး ကိုယ်က ရန်သူဆီလက်နက်ချ ရာထူးယူတဲ့ စစ်ခေါင်းဆောင်ကိုလည်း ဘယ်တပ်သားကမှ မလေးစားဘူး။

မနှစ်က စစ်သူကြီးမင်း ရှန်းယန်ကို သိမ်းယူစဉ်အခါ ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းဆို အပ်တိုတစ်ချောင်းတောင် မယူငင်တာ လူတိုင်းအသိဖြစ်ပါတယ်။ တင်းကျပ်တဲ့ ချင်ဥပဒေဟောင်းတွေကို ပယ်ဖျက်ပြီး ရိုးရိုးရှင်းရှင်း ဥပဒေသုံးရပ် နဲ့ အုပ်ချုပ်တာလည်းပဲ ရှန်းယန်လူကြီးသူမများက မမေ့နိုင်ကြသေးပါ။ အကယ်၍များ ယခုအချိန်မှာ လျူဘန်စစ်သူကြီးက ရှန်းယန်ကို ပြန်လည်သိမ်းပိုက်မည်ဆိုလျှင် ပြည်သူအများဘက်မှ ငြင်းဆန်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပါ။ အလွန်လွယ်ကူစွာ ရရှိနိုင်ပါလိမ့်မည်။

ထို့ထက်ပိုသည့်အင်အားမှာ စစ်သူကြီးမင်းလက်အောက်မှ တပ်မှူးတပ်သား အများစုသည် ယခုအချိန်တွင် အိမ်ကို အထူးတလည် လွမ်းဆွတ်နေကြပါသည်။ မည်သည့်နည်းနှင့် အိမ်ပြန်ရသည်ဖြစ်စေ၊ အခက်အခဲတို့ိကို မကြောက်မရွံ့ နောက်မတွန့်သည့် စိတ်ဓါတ်ရှိနေကြပါ၏။ “ji feng er shi” ဓါးကို ထက်နေစဉ် မဆိုင်းမတွ အသုံးချရဘိသကဲ့သို့ လက်အောက်ငယ်သားများ၏ အိမ်ပြန်ချင်စိတ်ကို လက်နက်သဖွယ် အသုံးချလျက် ယခုမဆိုင်း စစ်ထွက်လျှင် အရေးအောင်ရမည် မုချဖြစ်ပါသည်။ အကယ်၍ အချိန်ဆိုင်းထားပါက နေရာသစ်တွင် အသားကျသွားပြီး အိမ်ပြန်ရန် ဖင့်နွဲလေးကွေး အားသွန်ခွန်စိုက် မရှိတော့မည်ကို စိုးရိမ်ရပါသည်။” တဲ့။

စစ်တောင်မတိုက်ရသေး။ ဟန်ကျင်းရဲ့ တော်ကီကလေးနဲ့တင် လျူဘန်ခမျာ ငါတော့ လူအရွေးတော်သွားပဟဲ့ လို့ လက်ခမောင်းထခတ်ပါတော့တယ်။ မကြာခင်မှာပဲ စစ်သူကြီးသုံးယောက်လက်က တံတိုင်းအတွင်းနယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အရေးပေါ်စစ်ဗျူဟာများ ခင်းကျင်းပြင်ဆင်ပါလေသတဲ့။

အိမ်ပြန်ချင်တဲ့စိတ်ကို စစ်တိုက်ဖို့ လက်နက်သဖွယ် အသုံးပြုဖို့စိတ်ကူးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက တရုတ်လူမျိုးတွေရထားတဲ့အကြံဉာဏ် ဖြစ်ပေမယ့်လည်း ဒီကနေ့ခေတ်အထိ သစ္စာတရားတစ်ခုလို မှန်ကန်ထက်မြက်နေပါသေးတယ်။ ယင်းမာရဲ့ လော်ကျားကတော့ ရှန်ဟိုင်းက ပြင်သစ်ဈေးဆိုင်တန်းတွေရှိရာ အရပ်မှာပါ။ လမ်းသွယ်ကလေးထဲဝင်သွားရင် အိမ်ဆင်တူကလေးတွေကို အုတ်တံတိုင်းခတ်ထားတဲ့ ဝင်းကြီးတစ်ခုထဲရောက်သွားပြီး ဘေးတဘက်တချက်မှာ ဂျော်ဖာလမ်းမကြီးကို ရောက်မယ့်ဖြတ်လမ်းလေးတွေရှိတယ်။ အခုတော့ ဟွေဟိုင်းလမ်းမကြီးလို့ ခေါ်နေပြီပေါ့။ နေရာတိုင်းမှာ ငယ်ဘဝအမှတ်တရတွေ ရှိတယ်။ တစ်အိမ်လုံးအနှံ တစ်လက်မ မကျန်အောင် ဘယ်နေရာမှာ ဘယ်သူနဲ့ အကုန်ပြန် အစဖော်လို့ရတယ်။ အဲဒီအိမ်ကို ကိုယ့်ထက် တွယ်တွယ်တာတာရှိမယ့်သူကတော့ အန်တီလေးပဲ ဖြစ်လိမ့်မယ်။ သူက အဲသည်အိမ်ကလေးမှာပဲ ခေါင်းချသွားတာပဲဟာ။ အသက် ၈၉ နှစ်မှာ တင်ပါးဆုံရိုးကျိုးပြီး အိပ်ယာထဲလဲတဲ့အခါ ဟိုတုန်းက ခွဲစိတ်ကုသထားတဲ့ အူမကြီးကင်ဆာကလည်း အတော်ပြန့်နှံ့နေပြီလို့ ဓါတ်မှန်တွေအရ သိလိုက်ရတယ်။ ဝေဒနာရက်တွေကို ဆေးသက်နဲ့ မဆန့်ချင်တော့ဘူးတဲ့။ မသေခင်ရက်ကလေးက ဘီရိုထဲမှာ မျက်နှာသုတ်ပုဝါကလေးနဲ့ ထုပ်ထားတဲ့ သူ့ပိုက်ဆံအိတ်ကလေး ယူပေးပါတဲ့။ အထဲမှာ သူ့မွေးနေ့တုန်းက ယင်းမာပေးထားတဲ့ ကျောက်စိမ်းနားကပ်ကလေးနဲ့ စာအိပ်ရှည်ကလေးတစ်လုံးကို ယင်းမာအတွက်ဆို ပေးတယ်။ စာအိပ်ထဲမှာ ယင်းမာသူ့ဆီကို ပို့ပို့ထားသမျှ အမေရိကန်ဒေါ်လာတွေကို တစ်ရွက်မှ မသုံးပဲ သူစုထားတယ်။ ကိုယ့်အဒေါ်ရဲ့ နောက်ဆုံးအချိန်တွေမှာ အတူရှိခဲ့တဲ့ အိမ်မို့လည်း ပိုအမှတ်တရ ဖြစ်ရပါတယ်။ သူ့ခမျာ မျက်စိကလည်းမွဲလို့ ကောင်းကောင်း မမြင်နိုင်ရှာတော့ဘူး။ ဒါပေမယ့် နောက်ဆုံးရက်အထိ အမေရိကဆိုတာ ဘယ်လိုနေသလဲ လို့ မေးတုန်း။ အဲဒီကအကြောင်းရေးထားတဲ့ စာအုပ်တွေကို ဖတ်ပြခိုင်းတုန်းပဲ။ သူ့ဘဝရဲ့ နောက်ဆုံးရက် တစ်ရက်ချင်းစီကို စာအုပ်ထဲမှာ နောက်တနေ့ ဘာဆက်ဖြစ်ဦးမှာလဲ သိချင်စိတ်နဲ့ ဖြတ်သန်းနေတယ်။

အန်တီလေးဆုံးပြီး ရှစ်နှစ်လောက်ကြာတဲ့အထိ အိမ်ကို ဟိုကသည်က ဝယ်ချင်ပါတယ်လို့ လာစပ်တဲ့သူတွေ အများကြီးပေမယ့် ဘယ်လိုမှ မရောင်းရက်ဘူး။ တကယ်တော့ မိသားစုထဲမှာ အိမ်နဲ့အဝေးဆုံးနေရာမှာရှိတဲ့ ယင်းမာက ဒီအိမ်ကြီးကို သံယောဇဉ်တွယ်နေရတာ ဟုတ်တော့ မဟုတ်သေးပါဘူး။ ခကြာသေးခင်ကတော့ လူငယ်ကလေး သုံးယောက်ကို ငှားလိုက်မိတယ်။ သူတို့ထဲက တစ်ယောက်က ယင်းမာရဲ့ “ရွက်ကြွေတော” ကို ဖတ်ဖူးလို့ အဲသည်အိမ်မှာ နေချင်တာလို့ဆိုတယ်။ ငှားပြီးပြီးချင်း အိမ်ကလေးကို အရင်ပုံအတိုင်း ပြန်ပြင်ဆင်ကြသတဲ့။ အသစ်ပုံမဟုတ်ဘူး။ အဟောင်းအတိုင်း ပြန်သစ်လာအောင် လုပ်တာ။ ပြင်ပြီးမှ အိမ်အလည်ခေါ်ပြတဲ့အခါ မျက်ရည်တောင် မဆည်နိုင်တော့ဘူး။ ငယ်ငယ်ကအိမ်ထဲကို တကယ်ပြန်ရောက်သွားရသလိုပါပဲလား။ သူတို့ထဲကတစ်ယောက်က အမေရိကန်လူမျိုးတဲ့။ ယင်းမာရဲ့အိမ်အိုဟောင်းကလေးဟာ အတိတ်နဲ့ ပစ္စုပ္ပန်ကိုလည်း ဆက်စပ်ပေးထားသလို အရှေ့တိုင်းနဲ့ အနောက်တိုင်းကိုလည်း ပေါင်းစည်းပေးထားတယ်။ ယင်းမာရဲ့ဘေးဘိုးဆွေမျိုး အားလုံးရှိရာ လော်ကျားကို ပြန်ရောက်ပြီလေ။ အိမ်ထဲကို တစ်လှမ်းချင်း ဝင်သွားတဲ့ယင်းမာဟာ ဘရိုကိတ်တပြောင်ပြောင်နဲ့ ညဉ့်ခေါင်ခေါင် လမ်းသလားနေရသူတစ်ယောက် ဘယ်ဟုတ်တော့မလဲ။ ရွှေနဂါးခြုံစရာ ဖဲကတ္တီပါ၊ ကတ္တီပါ ဆာပါအုံး မိုးတောင်ကချုန်းဆိုသလို အောင်စည်အောင်မောင်း ခြိမ့်ခြိမ့်ညောင်းလို့ ပြည်တော်ဝင်လာသူတစ်ယောက်ပေါ့။ ဝါးလုံးခေါင်းထဲမှာ သာတဲ့လကို သူများတွေ မမြင်ရဘူးလို့ ဘယ်သူကပြောတုန်း။

credit to Dr Soe Min & Dr Yin Mar

One comment

  • Mobile

    November 28, 2012 at 3:35 am

    ဖတ်ရမှာ မျက်မှန်ပျောက်နေလို့ ကူးယူထားလိုက်တယ်ကွယ်။
    မျက်မှန်ပြန်တွေ့မှပဲ အေးအေးဆေးဆေး ဖတ်တော့မယ်။

Leave a Reply