ဘယ်ကိုများ ပြန်ရပါ့
ရေးမယ့်သာရေးရသည်။ ယခင် မန့်သလေးဂွဇွတ်ကြီးတွင် တစ်ခါတည်းရေးပြီး တစ်ခါတည်းတင်ရသလောက် ခံစားချက်မရှိဖြစ်နေသည်။ တစ်ခါသားကများ ရင်မှဖြစ်တည်သော စကားလုံးစုများကို ဖြစ်ညှစ်ပြီး ရှည်လမျောကြီး နှစ်နာရီခန့်မျှ ရေးသားပြီးနောက် ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး နောက်ဆုံးခလုပ်တစ်ချက်ကိုနှိပ်လိုက်ရာမှ ရေးထားသမျှလေးများ ဘယ်လိုခေါ်ခေါ် ပြန်မရတော့ပဲ ပလုံသွားသည်မှ အစပြုပြီး ကိုယ့်ဖန်တီးမှုလေးကို တန်ဖိုးထားသောအားဖြင့် ရည်းစားဦးကိုပြစ်ပြီး အပျော်ရည်းစားသာဖြစ်သည့် Microsoft Word ပေါ်တွင်သာ ဦးစွာရေးဖြစ်တော့သည်။ သို့ပါသော်လည်း ငယ်ငယ်ကအကျင့်ကို မပြင်နိုင်သည့်အတွက် ရေးပြီးသည့်နောက် ပြန်လည်ဆန်းစစ်ခြင်းမပြုပဲ Copy ယူ၊ Paste လုပ်ပြီး လွှတ်လိုက်မြဲဖြစ်သည်။ နောင်တွင် ကွန်မန့်များတက်လာသည်မှ ကိုယ်ရေးထားသည်များကို သေချာပြန်ဖတ်ကြည့်မိရာ ရှက်ဖွယ်လိလိပင်ဖြစ်တော့သည်။ အချိန်ပေးဖတ်သူများ ခဏတာသော်မျှ အပျင်းပြေဖတ်ရှုရန်ပင် မသင့်တော်သည့် စာပေများဖြစ်နေသဖြင့် တစ်ခါတစ်ရံများတွင် လုံးဝမရေးတော့ဟု စိတ်ခံစားခြင်း ဖြစ်မိသော်လည်း ပြောပြချင်သည်များ ရှိနေသည်နှင့် ရေးဖြစ်နေဆဲဖြစ်သည်။ ဆန်းသစ်တီထွင်သည့် စကားလုံးများဖြင့်သော်လည်းကောင်း၊ ပြေပြစ်ညက်ညောသည့် စာအဖွဲ့ အနွဲ့များဖြင့်သော်လည်းကောင်း မရေးနိုင်ကြောင်းသိနေပါလျက်နှင့်ပင် ဝင်ဖတ်မိသူများ တစ်ခုခုတော့ ရနိုင်ပါကောင်းရဲ့ဟူသော ရည်ရွယ်ချက်ဖြင့်သာ ရေးသားနေခြင်းဖြစ်ပါကြောင်း ဦးစွာ စကားပလ္လင် ခံလိုက်ရပေသည်။
**************************************************************************************************
“အိမ်”
ဟုတ်ပါသည်။ အိမ်ဆိုသည်မှာ နွေရာသီအပူဒဏ်ခံနိုင်ရန်၊ မိုးရာသီ မိုးဒဏ်မှ ကာကွယ်ရန်၊ ဆောင်းရာသီ အအေးဒဏ်မှ ကာကွယ်ရန်၊ တစ်နေ့တာ ပင်ပန်းလာသမျှများ အနားယူအိပ်စက်ရန်၊ မိသားစုများ စုစုစည်းစည်းနေထိုင်ရန် အစရှိသည့် အကြောင်းပြချက်များ များစွာဖြင့် လူသားတိုင်းအတွက် အိမ်ဆိုသည်မှာ ရှိစမြဲပင်။ တစ်ခါက ကျော်ကြားခဲ့သည့် ကိုငှက်ကြီးသည်ပင် “အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး” ဆိုသည့်သီချင်းလေးကိုပင် ဆိုခဲ့ဖူးသည်။ ယနေ့ခေတ်တွင်မတော့ ရဲလေး၏ “အိမ်” သီချင်းသည်လည်းကောင်း၊ အငဲ၏ ကိုယ်ပိုင်အိမ်လေးတစ်လုံးပိုင်ဆိုင်ချင်သည့် မချင့်မရဲသီချင်းလေးတစ်ပုဒ်သည်လည်းကောင်း (တစ်ကယ်တော့ သူ့မှာ မေမြို့ ယူဂိုဆလပ်ရပ်ကွက်တွင် သူ့မိန်းမ မစန္ဒာအတွက် နန်းတော်ကြီးတမျှ အိမ်တစ်လုံးရှိပြီးဖြစ်သည်) ကျော်ကြားလာပြီးနောက် ထိုသို့သီချင်းသံများ ကြားရသည့်သူတိုင်း နေ့စဉ် ဘဝအမောကြီးများထဲမှ “အိမ်” ဆိုသည့် နားခိုရာ အရိပ်အမြုံလေးကို တမ်းတကြစမြဲဖြစ်သည်။
ခေတ်ကာလကြီး၏ အလိုအရ လူတိုင်းနီးပါး တစ်ရွာမပြောင်း၊ သူကောင်းမဖြစ်ဟူသော ခေါင်းစဉ်ဖြင့် တစ်မြေရပ်ခြားသို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော ခံယူချက်ဖြင့် အလုပ်အကိုင်ရှာဖွေထွက်ကြရလေသည်။ အများစုမှာ မိဘအိမ်ကို စွန့်ခွာပြီး တစ်မြေရပ်ခြားတွင် အိမ်ငှားဘဝဖြင့် နေထိုင်ရသူသာ များလေသည်။ ဒီနေရာတွင် ပြောစရာရှိလာသည်။ တစ်ချို့က အခြေချရန် မရည်ရွယ်သဖြင့်လည်းကောင်း၊ တစ်ချို့မှာ အိမ်တစ်လုံး ပိုင်ဆိုင်ရန် မတတ်နိုင်သဖြင့်လည်းကောင်း၊ တစ်ချို့မှာ အရင်းအနှီးနည်းနည်းဖြင့် နေရာပေါင်းစုံ၊ အိမ်ပေါင်းစုံနေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း အိမ်ငှားဘဝဖြင့်သာ နေကြလေသည်။ ကိုရင်စိုင်းတို့ပင် မွေးကတည်းက ဝန်ထမ်းဘဝဖြင့် ကြီးပြင်းလာရသောကြောင့် နှစ်ထပ်လိုင်းခန်းတွင်နေထိုင်ခဲ့ရသည်များ၊ ပျဉ်ထောင်လုံးချင်းအိမ်တွင်နေထိုင်ခဲ့ရသည်များ၊ ၆ ခန်းတွဲတွင် နေထိုင်ခဲ့ရသည်များ၊ ကိုလိုနီခေတ် တိုက်အိမ်ဟောင်းကြီးများတွင် နေထိုင်ခဲ့ရသည်များရှိသည်။ ဝန်ထမ်းသားသမီးဘဝကတော့ အိမ်ဆိုသည်ကို မက်မောစရာကောင်းမှန်း မသိခဲ့ပေ။ ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီး အပြင်လောကသို့ရောက်သောအခါမှ အိမ်ရှင်၊ အိမ်ငှားပြဿနာတို့ကို ကောင်းကောင်းကြီးခံစားခဲ့ရလေသည်။
ဦးစွာပထမ ကိုရင်စိုင်းတို့တောင်ပေါ်မှ ဆင်းလာပြီး ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ အစွန်အဖျားမြို့နယ်လေးတွင် မထင်မရှားရပ်ကွက်လေးတစ်ခုအတွင်း ပျဉ်ထောင်လုံးချင်းအိမ်လေးကို ငှားနေဖြစ်ကြလေသည်။ မိုးတွင်းဆိုလျင် အိမ်ပေါ်မှ ငါးမျှားတံတစ်ချောင်းနှင့် ငါးမျှားလို့ရသည့်နေရာဖြစ်သည်။ လျှပ်စစ်မီးရှိသည်ဆိုသော်ငြား ရပ်ကွက်အတွင်းမှ ပလပ်စတစ်ဗူးခွံဆွဲသည့်သူများကြောင့် မီးအားမှာ ဆောင့်တက်၊ ဆောင့်ကျနှင့် ညဘက်ဆိုလျင် အတော်လေး အကုသိုလ်များလေသည်။ သို့နှင့်ပင် နောက်တစ်နေရာပြောင်းပြန်လေသည်။ အတော်လေးကောင်းပါ၏။ မိုးတွင်းဆိုလျင်တော့ အိမ်အရောက် သိုင်းကွက်နင်းပြန်ရလေသည်။ သို့နှင့် နောက်တစ်အိမ်ပြောင်းပြန်သည်။ အတော်လေး အဆင်ပြေသည်ဟုပြောရမည်ပင်။ သို့သော်ကိုရင်စိုင်းစိတ်မှာ နည်းနည်းမျှ ဘဝင်မကျပါ။ အိမ်ရှင်ကို ထိုက်သင့်သည့် အိမ်ငှားခပေးထားသော်လည်း ကိုရင်စိုင်းမိဘများမှာ လက်ရှိနေသည့် အိမ်လေးကို ကိုယ်ပိုင်အိမ်အလား တပ်မက်စွဲလမ်းကြသဖြင့် ထိုအိမ်မှ မပြောင်းရစေရေးအလို့ငှာ မျက်နှာချိုသွေးနေကြရသည်ကို နာလိုခံခက်ဖြစ်တော့သည်။ စတုတ္တမြောက်အိမ်သို့ ပြောင်းရွှေ့သောအခါတွင်မတော့မူ ကိုရင်ရှူံးမှာ ထိုမိသားစုနှင့် ကင်းကွာလာခဲ့လေပြီဖြစ်သည်။ တစ်ဝမ်းတစ်ခါးအတွက် ကိုယ်ပိုင်ရပ်တည်ရင်း ကျောချစရာ တစ်နေရာလေးနှင့် ကျေနပ်နေခဲ့ပြီဖြစ်လေသည်။
တစ်ကိုယ်ရေ တစ်ကာယသမားဖြစ်သည့်အားလျော်စွာ ကျောချအိပ်စရာတစ်နေရာသည် ကိုရင်စိုင်းပျော်မွေ့ရာအဖြစ် ကာလအတော်အတန်ကြာအောင် ရှိနေခဲ့သော်ငြား အတန်ငယ်ကြာလာသောအခါ ကိုယ်ပိုင်အိမ်တစ်လုံးရှိကြသူများ၏ အဖြစ်ကို အားကျခြင်းဖြစ်လာသည့်အလျောက် မနေနိုင်မထိုင်နိုင် ကိုယ်ပိုင်အိမ်လေး ရှိချင်လာပြန်၏။ ကိုရင်စိုင်းမှာ အတော်လေးဂွကျကြောင်း ရှေးမဆွကပင် ဆိုခဲ့ပြီးဖြစ်လေသည်။ ကိုယ်ပိုင်အိမ်ပိုင်ချင်သော်လည်း သူများဆောက်ထားသည့်အိမ်ကို မပိုင်ချင်ပဲ ကိုယ်တိုင်စိတ်ကူးဖြင့် ဆောက်သည့်အိမ်သာ ပိုင်ချင်ခဲ့လေ၏။ ငယ်ငယ်ကမူ ကြီးလာလျင် အွန်ချင်နယာကြီးဖြစ်ခဲ့ရင်ဆိုသည့်အတွေးဖြင့် ကိုယ်ပိုင်အိမ်ပုံလေးများ ဆွဲခဲ့ဖူးသည်။ တစ်ကယ်တန်းတွင်မတော့ ဘာမဟုတ်ညာမဟုတ်ကောင်သာဖြစ်နေသဖြင့် ကိုယ်တတ်နိုင်မည့် အိမ်ပုံစံသာ စိတ်ထဲမှမှန်းပြီး ဆွဲဖြစ်တော့သည်။ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ကြမ်းခင်းလေးသာဖြစ်သည်။ လက်ဖြင့်အရင်ဆွဲသည်။ ထို့နောက် ကွန်ပျူတာဖြင့် တတ်သလောက် မှတ်သလောက်ဆွဲသည်။ ထို့နောက်ပုံကြမ်းထုတ်ပြီး ဖိုင်တွဲထားသည်။ ကိုရင်စိုင်း စိတ်ကူးယဉ်ပုံမှာ မြင်လွယ်အောင်အကြမ်းဖျင်းပြောရလျင် မော်လမြိုင်ခေါင်ဟု အများခေါ်ကြသည့် ခေါင်ကန့်လန့်အိမ်မျိုးဖြစ်သည်။ အုတ်ဖိနပ်မှ ကြမ်းပြင်တိုင်အောင် တစ်ပေအမြင့်ခန့်သာထားလေသည်။ ဝပ်ဝပ်ကလေးနှင့် ငြိမ်သက်အောင်ဖြစ်သည်။ အိမ်ရှေ့တွင်မတော့ ဝရန်တာ ကိုးပေခန့်မျှ ထုတ်ထားသည်။ လေးပင် သုံးခန်း အိမ်လေးဖြစ်သည်။ နောက်ဖေးတွင် မီးဖိုချောင်သီးသန့်နှင့်၊ အိမ်နှင့် အိမ်သာကို ခေါင်မိုးတစ်ဆက်တည်း မိုးထားသည့်ပုံလေးဖြစ်သည်။ ထိုစဉ်က ကိုရင်စိုင်းလက်ထဲတွင် တစ်သောင်းတိတိသာ ရှိကြောင်း အမှတ်ရမိပြန်သေးသည်။
သို့နှင့်ပင် အိမ်ကလေးကို စိတ်ကူးယဉ်ရင်း ငွေစုလာရာ တစ်ခါတွင်မတော့ ရပ်ကွက်သန့်သန့်တစ်ခုအတွင်း မြေကွက်တစ်ခုကို ဈေးသက်သက်သာသာနှင့် ရနိုင်ကြောင်း၊ ဂရန်မလျှောက်ရသေးသဖြင့် ကိုယ်ပိုင်အမည်ပေါက်ရနိုင်ကြောင်း ပြောသံကြားသဖြင့် ပိုင်ရှင်နှင့်တွေ့ပြီး တိုက်ရိုက်အရောင်းအဝယ်လုပ်ရာ ပေ ၂၀× ပေ ၆ဝ မြေကွက်ကို ၆ သိန်းခန့်မျှဖြင့် ရခဲ့လေသည်။ ထို့နောက် မြေကား ၄ စီးခန့်ဖို့ရာ ၁ သိန်းခွဲခန့်ကုန်သဖြင့် စုစုပေါင်း ၈ သိန်းခန့်ကုန်ပြီးသောအခါ ကိုရင်စိုင်းလည်းမြေပိုင်ရှင်ကြီးဖြစ်လေပြီဖြစ်သည်။ ထိုသောအခါမှ အိမ် ရောဂါထပါတော့သည်။ ဆွဲထားဖူးသော အိမ်ပုံစံလေးကိုပြ၊ လက်သမားဆရာများနှင့် အကြိမ်ကြိမ်ညှိနှိုင်း၊ အိမ်အကြောင်းလေ့လာရင်းမှ သိရှိလာသည်များဖြင့် ခေါင်ထုပ်တန်းကို ၂ လက်မပါတ်လည်ဖြင့် ဘယ်နှစ်ချောင်းထိုးမည့်အကြောင်း၊ သွပ်ဘယ်နှစ်ချပ် ကုန်မည်ဆိုသည့်အကြောင်း၊ ဆင့်၊ ကြံတိုင် ဘယ်နှစ်ချောင်းကုန်မည်ဆိုသည့်အကြောင်း၊ အုတ်ဖိနပ်ကဘယ်လောက်၊ စုစုပေါင်း သစ်ဘယ်နှစ်တန်ခန့်ကုန်မည်ဆိုသည့်အကြောင်း၊ ကြမ်းခင်းကို ငါးမူးသားခင်းမည်လော၊ တစ်လက်မခင်းမည်လော၊ တံခါးပေါက်များ သံဇကာတပ်မည်၊ မတပ်မည်၊ မီးကြိုး ဘယ်လိုပြေးမည် အစရှိသည်တို့ကို မျိုးစုံတွက်ချက်တော့သည်။ ကိုယ့်ဖာသာကိုယ် လေ့လာတွက်ချက်ပြီးနောက် လက်သမားဆရာနှင့် ညှိရတော့သည်။ နောက်ဆုံးစိတ်ကြိုက်လက်သမားတွေ့ပြီး လိုတိုး ပိုလျှော့လုပ်တော့သည်။ ထို့နောက် ပျမ်းမျှ ကုန်ကျစရိတ်ကိုတွက်၊ သစ်စက်ပေါင်းစုံသို့လိုက်ရှာရင်းဈေးမေးနှင့် အိမ်တစ်လုံးကို စတင်ခဲ့ဖြစ်တော့သည်။ လက်သမားဆရာများမှ အိမ်မဆောက်ခင် နေ့သင့်နံသင့်ရွေးသင့်သည်ဟုဆိုသဖြင့် ၎င်းတို့စိတ်ကြိုက်ဗေဒင်ဆရာထံမှ အခါတော်ပေးဖြင့် အိမ်တစ်လုံးစတက်ခဲ့လေသည်။ ထိုစဉ်က နေ့နံသားများရှာမရသဖြင့် အိမ်ပန္နက်ရိုက်စဉ်က လက်သမားမှ ဒါကတော့ ဘယ်နေ့သားလေးပါဖျာ့၊ ဒါကတော့ ဘယ်နေ့သားလေးပါဖျာ့ဟုဆိုကာ အရှေ့တောင်မှ အနောက်မြောက်၊ ထိုမှတစ်ဖန် အရှေ့ထောင့်၊ ထိုမှ မြောက်ထောင့် အစရှိသည်ဖြင့် ပန္နက်ရိုက်နေသည်များကို ရယ်မောရင်း ကြည့်နေခဲ့ဖူးလေသည်။
ကိုရင်စိုင်းလဲ လက်ထဲတွင် ငွေလေးများစုလိုက်၊ လိုတာလေးဝယ်ပေးလိုက်နှင့် အလုပ်နှင့် ဆောက်လက်စအိမ်၊ သစ်စက်တို့ကို ပြေးလွှားရင်း နှစ်လခန့်ကြာသောအခါ အိ်မ်ရုပ်လုံးပေါ်လာလေပြီဖြစ်သည်။ နောက်ဆုံးတံခါးပေါက်များ တပ်တော့မည်ဆိုမှ ဂွကျတော့သည်။ လက်ထဲတွင်လဲ ငွေအင်အားမှာ ပါးပါးလေးကျန်တော့သည်။ ယခင်က လျှာထိုးတံခါးများတပ်မည် ကြံထားသော်လည်း မတတ်နိုင်တော့သဖြင့် ရိုးရိုးသစ်သားဘောင်သာခွေပြီး လက်သမားအကြံပေးချက်ဖြင့် သွပ်ပြားကာ တံခါးများသာတပ်နိုင်တော့သည်။ တံခါးများကို ဆေးသုတ်၊ အိမ်ကို ရေနံချေးသုတ်ပြီးသောအခါတွင်မတော့ အိမ်နှင့်မတူပဲ ချာ့ချ်တစ်ခုနှင့်တူသော အိမ်တစ်လုံးကို ကိုရင်စိုင်းပိုင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့နောက်တွင်မတော့ အိမ်တွင်းမီးသွယ်တန်းခြင်း၊ မြေဂရံ အမည်ပေါက်လျှောက်ခြင်းတို့ပြီးသောအခါ မီတာများချပေးသည်နှင့် အလိုက်သင့်ကြုံသဖြင့် ကိုရင်စိုင်းမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်ဖြင့် နေနိုင်ပြီဖြစ်လေသည်။ အိမ်လေးစဆောက်စဉ်ကပင် ငါ့အိမ်လေး၊ ငါ့အိမ်လေးဟု တပ်မက်စိတ်ဖြင့် ကြည်နူးခြင်းရှိလာခဲ့သည်မှာ အိမ်ပြီးစီးပြီးနောက် အိမ်ထဲသို့ ခြေစလှမ်းလိုက်ချိန်မှစပြီး ကြည်နူးနွေးထွေးခြင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရလေသည်။ ငယ်ငယ်ကတည်းက သူများအိမ်များတွင် နေထိုင်ခဲ့သည်မှ ကိုယ်ပိုင်အိမ်လေးတစ်လုံး ပိုင်ဆိုင်ရလေခြင်းဟု၊ အတော်လေး မာန်တက်ခဲ့ဖူးပါသည်။
သို့နှင့်ပင် နေထိုင်ရင်းနှင့် ကိုရင်စိုင်းတစ်ယောက် အလုပ်အကိုင်အဆင်မပြေသဖြင့် လူပြောများသည့် နိုင်ဂံဂျားသို့ သွားရောက်ရန်တာဆူသောအခါ ဘိုင်ပြတ်နေပြီဖြစ်သည်။ သွားချင်သည်မှာလည်း ရွပိုးထိုးနေသည်ကတစ်ကြောင်း၊ ငွေလုံးငွေရင်းလဲ မရှိသည်ကတစ်ကြောင်း၊ ကိုရင်စိုင်းသွားလျင် နေမည့်သူမရှိသည်ကတစ်ကြောင်းကြောင့် ဒီလိုအိမ်မျိုး ဟိုမှာအဆင်ပြေရင် အများကြီးဝယ်လို့ရပါတယ်လေဟု တစ်ချို့သူများ အကြံပေးကြသည်ကတစ်ကြောင်းကြောင့် ရောင်းချပြီး ထွက်လာခဲ့တော့သည်။ အဆင်မပြေပါ၊ နောင်တရသလိုလိုတော့ရှိပါ၏။ သို့သော်လက်မလျှော့ပဲ ထပ်မံကြိုးစားပြန်ပါ၏။ အဆင်ပြေသည်များလဲရှိသလို အဆင်မပြေသည်များလဲရှိပါ၏။
သို့နှင့်ပင် ဝမ်းနည်းစရာတစ်ခုကို မြင်မိပါ၏။ ကိုရင်ရှူံးရောက်ရှိရာ နိုင်ငံများတွင်မတော့ အစိုးရများမှ သူ့နိုင်ငံသားများ အိမ်ပိုင် မရှိ မဖြစ်ရလေအောင် စီမံချက်များဖြင့် ပေးနေသည်ကို တွေ့မိသည့်တစ်ခဏ မြန်မာပြည်တွင်းမှ ကိုယ်ပိုင်အိမ်လေးတစ်လုံးကို နေ့စဉ်စိတ်ကူးယဉ်နေကြသူများ၊ ကိုယ်ပိုင်အိမ်လေးတစ်လုံးဖြစ်လာအောင် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ လုပ်နေရသူများ၊ ကိုယ်ပိုင်အိမ် မရှိကြသူများ၏အဖြစ်ကို ပြန်ပြောင်းတွေးရင်း… တွေးရင်းနှင့်ပင်…
Google Earth မှတစ်ဆင့် တစ်ချိန်က ကိုရင်စိုင်းပိုင်ဆိုင်ခဲ့ဖူးသော၊ အိမ်မက်တွေ မြှုပ်နှံခဲ့ဖူးသော၊ နွေးထွေးမှုရှိစေခဲ့သော အိမ်လေးကို ပြန်ကြည့်ရင်းနှင့် မြန်မာပြည်ပြန်လျင် ဘယ်မှာများနေရပါ့ဟူသော အတွေးများစွာဖြင့် “အိမ်ပြန်ချင်တဲ့ စိတ်လေး တားမရဘူး” ဟူသော ကိုငှက်ကြီးသီချင်းက လာလှောင်နေသလိုလိုပင်။
တစ်ကယ်တော့ မြန်မာပြည်မှာ ပြန်စရာအိမ် ကိုရင်စိုင်းမှာမရှိပါကြောင်း……..။
စိုင်း ကွမ်းခေး
(မန့်သလေး ဂွဇွတ်)
10 comments
kyeemite
November 27, 2012 at 8:32 am
ဘဝတူပဲ ကိုရင်စိုင်းရေ…ကျနော်လည်း ဝန်ထမ်းအိမ်ရာများမှာ
လှည့်လယ်နေထိုင်ရင်းကြီးပြင်းခဲ့ရတာပါပဲ…..
အဖေပင်စင်ယူမှ တပ်နဲ့ မနီးမဝေးရပ်ကွက်လေးတစ်ခုမှာ
မြေကွက်လေးဝယ်ပီး တစ်စ တစ်စ ဆောက်ခဲ့ရတာ…
အဲဒီတုံးက မြေဈေးတွေတော့ သိပ်မကြီးသေးဘူး..
အခုနေ ကိုရင်စိုင်းပြန်လာလို့ မြေဝယ် အိမ်ဆောက်မယ်ဆို
အင်း…ထောင်ဂဏန်းလောက်မှ လှလှပပလေးရမယ်ထင်တယ်….
ဈေးတွေက ခေါင်ခိုက်ကုန်ပြီဗျ…. :hee:
ခင်တဲ့…
pooch
November 27, 2012 at 8:52 am
နှမြောစရာပဲ ခုချိန်ဆိုအတော်တန်နေပြီ ခုများနောက်ထပ်မပြောနဲ့ ရှိထားပြီးသားတောင် မပျောက်ပျက်အောင် မနည်းကြိုးစားနေရတယ် ဈေးတွေများမကြားဝံ့မနာသာတွေချည်းပဲ
သိပ်တော့လည်းစိတ်မပူပါနဲ့လေ ဖြစ်လာမှာပါ ကိုယ်ကလည်းကြိုးစားနေတာပဲကို
jullies cezer
November 27, 2012 at 9:49 am
အခြေမကျရုန်းကန်ရတဲ့ဘဝကို ထပ်တူထပ်မျှခံစားရပါတယ် ကိုစိုင်းရေ
cezer တို့လည်းအခုထိအခြေကျဖို့ရာကို ရုန်းကန်နေရတုန်းပါပဲ……..
မိုချို
November 27, 2012 at 12:14 pm
မြေ လေး တစ် ကွက် ဈေး တွေ မတတ် ခင် က ခြစ်ကုက် ဝယ် ထား ပြီး အိမ် မဆောက်နိုင်သေး ပဲ စိတ် ကူး ယဉ် နေ ဆဲ ကာ လ မို့ ကိုရင် စိုင်း ရဲ့ အိမ် လေး ကို မျက်စိထဲ ပုံဖေါ် ရင်း ထပ်တူ ဝမ်း သာနေတာ။ ရောင်း လိုက် တယ် ဆိုလို့ ကိုယ် ပါ ရောရောင် စိတ် မကောင်း ဖြစ် သွား တယ်။
အခုလောက် ဆို ရင်တော့ ကြိုး စားတဲ့ ကို ရင် စိုင်း တစ်ယောက် ဒီထက်ကောင်း တဲ့ အိမ် ဝယ် နိုင်လောက် ပြီ ထင် ပါရဲ့။
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 27, 2012 at 12:32 pm
ဒီမှာရှိတဲ့အိမ်ပေါင်ပြီး အလုပ်လုပ်မလို့စဉ်းစားနေတဲ့အချိန်…
သူတို့က အိမ်ဝယ်ဖို့ ပြောနေကြတယ်…ဟိဟိ…
အဖေအိပ်တုန်း ဂရံလေးခိုးပြီးရောင်းစားရင်ကောင်းမယ်…
အိုဘယ့် “အိမ်”
ခင်မင်လျက်-
ကြောင်ဝတုတ်
Inz@ghi
November 27, 2012 at 12:41 pm
အိမ်ဝယ်ဖို့ အိမ်ဆောက်ဖို့များ မစဉ်းစားပါနဲ့အေ …
အင်မတန်ဒုက္ခများပါတယ် …. အိမ်အပိုင်ရှိတဲ့ မိန်းမတယောက်သာ
ရှာယူလိုက် …အေးရော …
:harr:
kyeemite
November 27, 2012 at 1:38 pm
ဂီဂီက တကယ်ကြံမှာလား???? :kwi:
Shwe Ei
November 27, 2012 at 2:19 pm
ကိုရှုံးရေ စိတ်ဓါတ်မကျပါနဲ့။ နောက်ထပ် အိမ်တလုံးဆောက်ဖို့
အခွင့်အရေးတေရလာအုံးမှာပါ။
PFP (Pwinoolwin Fried Pork) လုပ်ငန်းကြီးကလဲ အောင်မြင်ဖို့
အလားအလာ ကောင်းတွေ ရှိနေသားဘဲ။ :hee:
အလင်းဆက်
November 28, 2012 at 8:43 pm
ကိုရှုံးကြီးနဲ ့အတူ….
စိတ်မောလူမော… ဖြစ်သွားသလိုပဲ. ။
အိမ်..ဆိုတဲ ့.. ခံစားချက်က..
ကျွန်တော့်မှာလည်း……………..
kai
November 29, 2012 at 6:09 am
အိမ်-မြေဈေးတွေလိုက်ကြည့်နေတာ..
မြန်မာပြည်ဒီမြေဈေးအိမ်ဈေးနဲ့..အသက်ကြိးရင်.. မြန်မာပြည်မပြန်ပဲ.. ဥရောပသွားနေတာက.. ဈေးပိုသက်သာတဲ့ပုံ… :kwi:
ဆိုတော့..
ကိုရင်စိုင်းရေ..
ကမ္ဘာက.. ရွာကြိးပါပဲ..
ကမ္ဘာ့ကြိုက်တဲ့နေရာ.. အိမ်ဝယ်နေဖို့သာ.. တွေးပေတော့…
http://money.usnews.com/money/blogs/On-Retirement/2012/03/19/the-18-best-places-to-retire-overseas
http://www.huffingtonpost.com/2012/07/17/best-places-to-retire_n_1676820.html
=
နောက်တာပါ..
မြန်မာပြည်မြေဈေးတွေ.. နောက်နှစ်ထဲ.. ထိုးကျအောင်ချပါလိမ့်မယ်..
စောင့်ကြည့်.. :kwi: