ခုမှ ရေသည် ချိုလေသည်

          ကောင်လေးမျက်နှာကိုကြည့်ရင်း သူတစ်စုံတစ်ခုကိုပြောချင်နေသည်။ ဟင့်အင်း မေးချင်နေသည်။ သူ့ရင်ထဲတွင် သိချင်နေသော အကြောင်းတွေ ကောင်လေးနှင့်ပတ်သက်၍ တစ်စုံတစ်ခုမက များစွာရှိနေသည်။ အမှန်တော့ သူသိပြီးသားဖြစ်သော အကြောင်းတွေဖြစ်ပါလျှက် ဤအကြောင်းတွေ မှန်ပါသည်ဟု ကောင်လေးနှုတ်မှ ဝန်ခံခြင်းကို လိုလားနေခြင်းဖြစ်သည်။

နားထဲတွင် လာရောက်ရိုက်ခတ်သော ကောင်လေး၏ အကြောင်းတွေကို သူသိပါလျှက်နှင့် မသိကျိုးကျွန်ပြုကာ တစ်နေ့ပြောလာနိုးနှင့် သူမျှော်နေခဲ့သည်။ ရက်တွေတစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ ကောင်လေးဘက်မှ နှုတ်ဆိတ်နေမြဲ ။ မည်သို့သော စကားမျိုးနှင့် ဘယ်လို စမေးရမည်ကို သူမသိ။ သူ့ဘက်ကစပြီး မေးရခြင်းထက် ကောင်လေးဘက်က “ဒီလိုရှိပါတယ်“ဟု ပွင့်ပွင့်လင်းလင်း ပြောလာလျှင် ပိုကောင်းမည်ဟု တွေးမိသည်။

တစ်နေ့တစ်နေ့ သိချင်စိတ်ပြင်းပျခြင်းသည် တိုး၍လာလျှက် အမည်မသိသော ဝေဒနာတစ်မျိုးသည် သူ့ဦးခေါင်းကိုရော ၊ သူ့ရင်ဘတ်ကိုရော မွှေနှောက် ခလောက်ဆန်လျှက်ရှိနေသည်ကိုသာ ခံစားရလျှက် တစ်စုံတစ်ခုသော အဖြေကို သူ ငံ့လင့်နေမိပါသည်။

တစ်။    ။

အချိန်အားဖြင့် ည ဆယ့်နှစ်နှစ်နာရီ တိတိဖြစ်သည်။ တိတ်ဆိတ်နေသော ညသန်းခေါင်ယံတွင် အိမ်ကလေး တိတ်ဆိတ်နေခြင်းသည် မည်သို့မျှ ထူးဆန်းဖွယ်မဟုတ်ချေ။ အေးစက်သော ဒီဇင်ဘာည တစ်ညသည် သူ့ရင်ကို အနည်းငယ်တော့ ပူလောင်စေသည်။ သူ့မျက်နှာသည် ညိုမှောင်နေမလား မသိသော်လည်း မဆိုစလောက်လေးတော့ နီရဲနေလိမ့်မည်။ သူ့ရှေ့တည့်တည့်တွင် ကောင်လေးထိုင်နေသည်။ ပြီးတော့ မျက်နှာကို လက်ဝါးနှင့်အုပ်ကာ တရှုံ့ရှုံ့ ငိုနေသည်။ တစ်ချက်တစ်ချက် ရှိုက်သံသည် အစ်ခနဲ အစ်ခနဲ ထွက်လာသည်။ နှစ်သိမ့်မှုတစ်စုံတစ်ရာ မပေးပဲ သူ သည်အတိုင်းလွှတ်ထားသည်။ ငိုပါစေလေ။

ငိုသင့်တာပေါ့ဟု သူ့လက်ပိုက်ကြည့်နေလိုက်သည်။ ကောင်လေးမျက်နှာ ပြန်မမော့လာသေး။ စောစောတုန်းက သူမေးခဲ့သည် ဘာကြောင့်လဲ ဆိုသည့်မေးခွန်းကို ကောင်လေး မဖြေသေး။ ခါတိုင်းလိုပင် သူ စိတ်ရှည်ရှည်နှင့် စီးကရက်တစ်လိပ်ကို ရှိုက်ဖွာရင်း ထိုင်စောင့်နေလိုက်သည်။ဆယ်ကြိမ်ထက်မနည်းသော သူ့မေးခွန်းကို ကောင်လေး ဖြေတော့မည်ဟု သူထင်သည်။ ဖြေချင်မှလည်း ဖြေပါလိမ့်မည်။ ကိစ္စမရှိ။

အဖြေသည် ဖြေးဖြေးချင်း ထွက်လာတော့မည်ဆိုတာကို ကောင်လေး၏ မျက်ရည်များကိုကြည့်ရင်း သိနေသည်။ အချိန်သည် နောက်ထပ်တစ်နာရီတိတိကိုရွေ့ပြောင်းလာခဲ့သည်။ ရှိုက်သံတို့ တိတ်ဆိတ်သွားသော်လည်း နှုတ်ဆိတ်မြဲ နှုတ်ဆိတ်နေသော ကောင်လေးကြောင့် သူ မျက်မှောင်ကြီး ကုတ်လာမိသည်။ ဘာကြောင့် မဖြေတာလဲ။ သူ၏ လက်ကျန် စိတ်ရှည်ခြင်းသည်ပင် အနည်းငယ်တိုတောင်းလာကာ သူ့နှုတ်က လွှတ်ခနဲ စကားတစ်လုံး ထွက်ကျသွားသည်။

“ဘာဖြစ်လို့လဲလို့ အစ်ကိုမေးနေတာ မင်းမဖြေသေးဘူး“

“ဘာမှမဖြစ်ပါဘူး“

တိုးလျသော အသံတိမ်တိမ်ကလေးဖြင့် ကောင်လေးဖြေသည်။ သူလိုချင်သည်မှာ သည်အဖြေမဟုတ်။

ကောင်လေး သူ့ကိုမော့ကြည့်လာသည်။

“ကျွန်တော့်ကို ပြန်ခွင့်ပေးပါ။ ကျွန်တော် ပြန်ပါရစေ။“

“အေးလေ..။ ဘာကြောင့်ပြန်ချင်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို အစ်ကိုသိမှ ခွင့်ပြုသင့် မပြုသင့်ကို အစ်ကို စဉ်းစားလို့ရမှာပေါ့“

နုတ်ဆိတ်နေပြန်သည်. ပြီးတော့မှ

“ကျွန်တော် စိတ်အရမ်းညစ်တယ် အစ်ကို။ ဒါကြောင့် ကျွန်တော့်ကို ပြန်ခွင့်ပေးပါတော့“

ညသည် သည်ကနေ့ညတွင် ခါတိုင်းညများလို့ ထူးခြားမှုမရှိပဲ မှောင်မြဲမှောင်နေကာ၊ တိတ်ဆိတ်မြဲတိတ်ဆိတ်နေပါသည်။

နှစ်။     ။

တစ်ရက်နှစ်ရက်ခန့်ရှိပြီ။ နေ့ခင်းနေ့လည်တွင် တိုက်ခတ်နေသောလေသည် နွေလေရူးမဟုတ်ပါပဲ ပြင်းခြောက်ခြောက်နိုင်စွာ ဝေ့ဝဲတိုက်ခတ်နေသည်။ အိမ်အတွင်း၌အေးစက်နေသောကြောင့် နေပူထဲသို့ သူထွက်လိုက်သော်လည်း အပြင်တွင်လည်း ပူလွန်းလှပြန်သည်။ အအေးနှင့်အပူကို နှစ်ဖက်ခွပြီး  အရိပ်တစ်ခြမ်း နေပူတစ်ခြမ်းဖြစ်နေသော အိမ်တံစက်မြိတ်အောက်တွင် သူနေကြည့်သည်။ ထိုအရာသာသည်ပင် သူ့အတွက် အကြိုက်မတွေ့ဖြစ်မိရသည်။

မနေ့ညက နယူရီးယား ည။ ကုန်ဆုံးခဲ့ပြီ။ မကုန်ဆုံးသေးသည်က သူ့အတွေးတွေဖြစ်သည်။ မနက်မိုးလင်းလျှင် လင်းချင်း အိမ်ထမင်းဝိုင်းတွင် မေမေနှင့် ညီမတို့ပြောနေကြသော စကားသည် သူ့အတွကက် စိတ်ဝင်းစားဖွယ်ဖြစ်နေသည်။

“မနေ့ညက မင်းညီမအိမ်ကို လူတက်တယ်“

“ဗျာ“

“ဟုတ်တယ် အစ်ကို ည တစ်နာရီ ခွဲလောက်မှာ“

သူပြန်စဉ်းစားကြည့်တော့ သူပင် မအိပ်သေး။ နှစ်သစ်ကူးညတစ်ညဖြစ်သည်မို့ ဝင်လာသမျှ ဖုန်းတွေ လက်ခံစကားပြောလိုက် သူက စပြီး ဖုန်းဆက်လိုက်နှင့် အချိန်သည် မနက် နှစ်နာရီခွဲသို့ပင်ရောက်ခဲ့သည်ပဲ။ ရီဝေစွာဖြင့် ညကို ဖြတ်သန်းနေစဉ် ဘာကုမှ မသိခဲ့ခြင်းလား။

“ဟာ ငါ မအိပ်သေးပါဘူး။ နင့်အိမ်လူတက်ရအောင် ငါ့အိမ်ကိုကျော်ပြီးမှ ရောက်မယ့်ဟာ။ “

“ဒါတော့ မသိဘူး အစ်ကို လူတက်တာကတော့ သေချာတယ် ။ မယုံရင် အမေ့ကိုမေးကြည့်“

မေမေ့ကိုကြည့်တော့

“ဟုတ်တယ် သား။ တံခါး ဂျက်ကို လက်ညိုးကလေးနဲ့ ထိုးပြီး ကလော်နေတာ။ အမေက ဘုရားခန်းမှာ အိပ်နေတာလေ။ အစကတော့ အိပ်မက် ထင်လို့။ နောက်တော့မှ လူဖြစ်နေတာ။ ကမန်းကတမ်းထပြီး တံခါးဖွင့်မယ်လုပ်တော့ ဆင်းပြေးသွားတယ်။ တံခါးဖွင့်ပြီးတော့ အမေ အနံ့တစ်ခုပဲရတယ်။ အဲဒါ အရက်နံ့ပဲ“

သူတစ်ချက်တွေသွားသည်။ သူတို့ သူငယ်ချင်းတွေ နှစ်သစ်ကိုကြိုဆိုသော အားဖြင့် ပျော်ပွဲလုပ်သည်။ ဘီယာ သောက်ကြသည်။ ထိုအထဲတွင် အရက်သောက်သူမှာ နှစ်ယောက်တည်းရှိ၏ ။ ကောင်လေးနှင့် သူငယ်ချင်းတစ်ယောက်။

သူသည် လေးလံသွားသော စိတ်နှင့် အတွေးထဲဝယ် လှုပ်ခတ်နေသော သံသယစိတ်တွေသည် တဖွားဖွား။

သုံး။     ။

ထိုရက်သတ္တပတ်သည် သူ စိတ်ရှုပ်နေရလေသည်။ ညီမအိမ်ကိုတက်ခဲ့သော သူသည် မည်သူဖြစ်မည်နည်းဟုသော သံသယနှင့်။ အရက်နံ့။ သူခွင့်မပြုခဲ့သော အရက်ဖြူနံ့။ ကောင်လေး စိတ်ညစ်၍ အရက်ဖြူသောက်ခဲ့သည်ည။ အခြား သူငယ်ချင်းတစ်ဦး။ ဘာကြောင့်ကောင်လေး စိတ်ညစ်နေရသည်လဲ ဆိုသည့်အဖြေကို သူ အခုထိ ကောင်လေးဆီကမရ။

“အစ်ကို….“

ညီမဖြစ်သူက သူ့မျက်နှာကို သေချာစိုက်ကြည့်ရင်း တစ်စုံတစ်ခုပြောချင်နေသည့်ပုံ။ လှမ်းလက်စ ခြေလှမ်းတွေကို တုန့်ခနဲရပ်ပြီး

“ဘာလဲ ဘာပြောချင်လို့လဲ“

“ဟိုလေ..မနေ့ညက ဒီဝရံတာကနေ ဘာကိုမြင်ရတယ်လို့ထင်လဲ။“

နဝေတိမ်တောင်နိုင်စွာဖြင့် သူက

“ဘယ်သိမလဲ နင်မြင်တာကို ငါ့လာမေးနေရတယ်လို့“

“အစ်ကို့တပည့်ကောင်လေးနဲ့ မိပုံကို ခုမြင်နေရတဲ့ ကျွဲကောသီးပင်နားမှာ စကားတွေရပ်ပြောနေတာကိုမြင်တာ“

“ဘာရယ်..။ ဟုတ်လို့လားဟာ။ ဒီကောင်လေး ဘာမဆို ပွင့်ပွင့်လင်းလင်း ငါ့ကိုပြောနေကျပါ။ “

“ဒါတော့မသိဘူး။ ခုသလော မိပုံ အနေအထိုင် ပုံမှန်မဟုတ်ဘူး။ ဟိုနေညက အိမ်ပေါ်တက်လာတဲ့ သူဟာ ….“

“ဟာ တော်တော်…။ သေချာ မသေချာမသိပဲနဲ့ စွတ်စွဲလို့မကောင်းဘူး။ နေဦး။ ငါမေးစမ်းကြည့်ဦးမယ်“

စကားဖြတ်ပြီး ပြန်လာသည့်တိုင်အောင် အတွေးထဲဝယ် ထိုအကြောင်းအရာသည် ထပ်လျှက်မကွာလိုက်လာခဲ့သည်။ စိတ်ညစ်၍ အိမ်ပြန်ခွင့်တောင်းသော ကောင်လေး၏ စိတ်ညစ်ရသည့်အကြောင်းအရင်း…။ ညတစ်ညက လက်ညိုးကလေးတစ်ချောင်း။ နောက် အရက်နံ့။

မိပုံ၏ ကလက်တက်တက် အမူအယာများ။ သူသည့် ကိုယ့်ပေါင်ကိုယ် လှန်ထောင်း၍ နောက်ပိုင်း ဇာတ်ထုပ်ကိုတော့ ဖြည်မချချင်။ အမြင်သည် အတွေ့ကိုတော့ မကျော်လွှားနိုင်မှန်း သူ ဖြည့်တွေးကြည့်ပါသည်။

လေး။   ။

“ခုရက်ပိုင်းအတွင်း ကောင်လေး မင်းကို ဘာတွေ ထူးထူးဆန်းဆန်း တိုင်ပင်ထားသေးလဲ“

စူးစိုက်စွာကြည့်နေသော သူ့မျက်လုံးအောက်တွင် သူငယ်ချင်းသည် ပြုံးတုံ့တုံ့အမူအယာသည် သူ့ကို ကလိကလိဖြစ်စေသည်။ သေချာနေနှင့်ပြီးသော၊ သိထားပြီးသော အကြောင်းအရာတစ်ခုကို  မသိသလိုပုံမျိုးဖြင့် မေးရခြင်းသည် အနေရခက်သည်ကတော့ သေချာသည်။

“မင်းသိပြီးပြီမဟုတ်လား“

“ဘယ်လောက်တောင်ကြာပြီလဲ။“

“နှစ်လ“

“ဒါနဲ့များတောင် ငါ့ကိုပွင့်ပွင့်လင်းလင်း ကောင်လေး ဘာကြောင့်မပြောသလဲ“

“မင်းကို သူကြောက်နေတာ။ ပြီးတော့  သူ့ကိုမင်းကခေါ်လာတာ။ ပြီးတော့ မင်းညီမ ဝမ်းကွဲနဲ့“

“ကြောက်သင့်တာကိုကြောက်ပြီး မကြောက်သင့်တာကို မကြောက်ရမှာကွ…။ ဒါနဲ့များ တလောက  ဦးဦးနဲ့ဒေါ်ဒေါ်ဆူတုန်းက စိတ်ညစ်လို့ဆိုပြီး ကောင်လေးက ငိုပြောနေသေးတယ်“

ကိစ္စသည် ရေးရေးလေးသာ အတွေးစဉ်ဝယ် ထင်ပေါ်လာသည်။ ပြန်ခွင့်ပြုဖိုးချည်းတောင်းပန်နေသော ကောင်လေး။

“အဲဒါက သူ့အတွက်ကြောင့် မင်း စိတ်ညစ်မှာစိုးလို့မပြောပြတာကွ။“

“ဒါဆိုရင် နယူးရီးယား ညက အဖြစ်ကရော.. “

သူငယ်ချင်းကိုပြောပြထားသဖြင့်…သူငယ်ချင်းက သိနေနှင့်သည်။

“ငါမေးကြည့်တော့ သူ့ကိုထင်နေမှာတောင် ကြောက်တယ်တဲ့။ အဲဒီညက သူတော့ လုံးဝမဟုတ်ပါဘူးတဲ့…။ “

ထိုမျှလောက်နှင့် သူ့ထံက သံသယသည်…အကင်းမသေခဲ့။

ငါး။      ။

“ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် စိတ်ညစ်တယ်ဆိုတာ တိတိကျကျပြောပြရမယ်။ အစ်ကို့ညီမတွေကြောင့်လား။ “

“မဟုတ်ပါဘူး“

“အားလုံးဟာ မောင်နှမတွေပဲ။ ကဲ ခိုင်လေးတို့၊ မြင့်လေးတို့ဆိုတာကလဲ မင်းအစ်မတွေ၊ မိပုံတို့၊ ချိုဦးတို့ဆိုတာလည်း မင်းညီမတွေပဲလေ။“

သူ့စကားပြောရင်း ကောင်လေး မျက်နှာရိပ်ကို ကြည့်ရသည်။ တစ်ချက်ကလေးမှ ပျက်မသွား။ ပိရိသေသပ်သော သရုပ်ဆောင်မှုအတွက် ချီးကျူးမိလိုက်သေးသည်။

“မောင်လိုနှမလို ဆက်ဆံရမယ်ဟုတ်လား။ မင်းလည်းမြင်တာပဲလေ မိပုံတို့၊ချိုဦးတို့ ဘယ်လိုနေတယ်ဆိုတာ။ အကြောင်းစုံကိုတော့ အစ်ကိုမပြောချင်ဘူး။ “

ကောင်လေး မည်သည့်စကားမျှ မပြောတော့။ သူလည်း ဆိတ်ဆိတ်နေရင်း ကောင်လေး၏ မျက်နှာကို အကဲခတ်လျှက်နေသည်။ ရုတ်တရက် ဖွင့်ပြောလာမည်လားဟု စောင့်နေလိုက်သေးသည်။ သို့သော် ကောင်လေး၏ ပါးစပ်သည် ဟမလာ။

ဇာတ်ထုပ်တစ်ထုပ်ကိုဖြည်ချဖို့ သူပြင်ဆင်ရတော့မည်။ မိန်းကလေးရှင်ဟူသော အသိက သူ့ရင်တွင် ကိုယ်စားဝင်ရောက်လာသည်။ စိုးရိမ်ခြင်းထက် မလျော့သော မိန်းကလေးရှင်များ၏ ရင်တွင်းက ဝေဒနာ သူသဘောပေါက်သည်။ တစ်အိမ်ထဲနေ၊ တစ်ရေထဲသောက်နေသော ရင်ခုန်ဖော်ရင်ခုန်ဘက် အဖိုအမနှစ်ဦး။

ကောင်လေး ခု ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ စောင့်ကြည့်ရသဖြင့် နေမရထိုင်မရ။ သူငယ်ချင်းတွေကပြောလာကြသည်။ “ယောက်ဖတော်ဖို့ သူ့မှာ တနယ်တကျေးက တကူးတကကိုဖုန်းဆက်လှမ်းခေါ်တာ။ မိုက်တယ်ကွာ“တဲ့။ ရှိစေတော့။

ခြံအကျယ်ကြီးထဲတွင် မည်သည့်အရိပ်ခိုခို လူလုံးပျောက်နေတတ်သဖြင့် မျက်လုံး ဒေါင့်ထောက်ကြည့် နေရသည်ကလည်း အမော။

ကင်းလှည့်ရသည်ကို နဖူးတွေ့ကိုယ်တွေ့ တွေ့ကြုံရသောအခါ သူသည် သီးခံခြင်းလက်ကျန် ကုန်သွားခဲ့လေသည်။

ခြောက်။                   ။

ကောင်လေး၏ မျက်နှာ အိုးတို့အမ်းတမ်းဖြင့် သူ့ကို မရဲတရဲကြည့်နေသည်။ မျက်လုံးက တောင်မြောက်အထက်အောက် ကစားနေသည်။ လိမ်လှည်ခြင်း၏ တရားခံသည် မျက်လုံးဟု သူသိထားသည်။ ထို့ကြောင့်မျက်လုံးကို အမိအရဖမ်းလျှက် အကဲဖြတ်နေရသည်။

“ဟုတ်လားလို့ အစ်ကိုမေးနေတယ်“

“ဟုတ်ပါတယ်…..အစ်ကို“

ဒါပဲပေါ့..။ သူလိုချင်ခဲ့တာ သည်အဖြေ။

“ဘာလို့ပွင့်ပွင့်လင်းလင်းမပြောတာလဲ။ အစ်ကိုက ဘာဖြစ်နေလို့လဲ။နောက် မင်းက ဘယ်အထိ ရည်ရွယ်ထားတာလဲ“

မျက်နှာပူစွာနှင့်ပင် မေးရတော့၏။ ကောင်လေးက

“ကျွန်တော် သူ့ကိုလက်ထပ်ယူမှာပါ။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာပါ။ “

“မင်းက မိပုံအကြောင်းဘယ်လောက်ထိ သိလို့လဲ“

“အဲ“

“မင်းတို့တွေ့တာ ဘယ်လောက်ကြာသေးလို့လဲ“

“အဲ“

“မင်းသူ့ကို တကယ်ချစ်တာသေချာရဲ့လား“

“အဲဒါ“

“ပြောရရင်ကွာ ကိုယ့်ပေါင်ကိုလှန်ထောင်းရတော့မယ်။ မိပုံဘယ်လောက်အထိ အနေအထိုင် ကလက်သလဲဆိုတာ၊ ပြီးတော့ ရည်းစားများသလဲဆိုတာ“

“ကျွန်တော် စောင့်ကြည့်နေပါတယ်“

“မင်းက ကင်းသမားမို့လား“

“အဲ“

“ဆိုတော့ကာ မင်းတို့က တစ်အိမ်ထဲမှာ။ လူမမြင် သူမမြင် တိတ်တိတ်ပုန်း မတွေ့ကြနဲ့၊ စကားမပြောကြနဲ့။ ပြောချင် ပွင့်ပွင့်လင်းလင်း လူမြင်သူမြင်ပြော။ နောက်တစ်ခု မင်းမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိတယ်။ အဲဒါ အစ်ကိုမပြောတော့ဘူး။ မင်းသိရမယ် ကောင်လေး။ မိန်းကလေးရှင်တို့ စိုးရိမ်သောကရောက်ရမယ်အဖြစ်မျိုး မင်းမဖန်တီးရဘူး။“

“ကျွန်တော် သိပါတယ် ကျွန်တော် ဘာမှမလုပ်ပါဘူး။ကျွန်တော် သူ့လက်ကလေးကိုတောင် မကိုင်“

“တော် ငါသိတယ်။ ယောကျာ်းဆိုတာ ဥပုပ်မစောင့်တဲ့ကျား။ ကိုယ့်ဘက်က မစရင်တော့ မိန်းကလေးရဲ့အတွေ့ဆိုတာ ထိမိရင် ယားတတ်တယ်။ သိလား။ မင်းရည်းစား ဘယ်နှစ်ယောက်ထားဖူးသလဲ။“

“သူတစ်ယောက်ပဲ အစ်ကို“

“အေး အဲဒါကြောင့်မင်းခံရတာ“

“ဗျာ“

“မဗျာနဲ့..။ “

ပြောနေရင်း သူ စိတ်ဆတ်လာသလား။ ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ရသေး၏။ မတော် သူ့ညီမချိုင်လို့ မကြိုက်ဘူးဟု အထင်ရောက်နိုင်သည်။ ခုပင်လျှင် ထိုအဖြစ်သို့ရောက်မှန်းမသိ ရောက်နေပြီဆိုတာ သူသိသည်။

“ဒီတော့ နောက်ဆုံးပြောလိုတာ..။ မိန်းကလေးရှင်ဆိုတာ စိတ်ပူတတ်တဲ့အမျိုးဆိုတာပဲ မင်းမှတ်ထား။ အရှက်တရားဆိုတာ မိန်းကလေးရှင်တွေအတွက် HIVရောဂါကုသဆေးထက် ပိုဈေးကြီးတယ်။    ဝယ်ယူလို့မရဘူး။ မင်းက ငါခေါ်လာတဲ့လူ ငါ့ညီလို့ချစ်ရတဲ့သူ။ ဒါကြောင့်မင်းနဲ့ဆို သဘောတူတယ်။ အေး မျက်နှာသာပေးတယ်ဆိုပြီးတော့ မင်းဘက်က မပိုလာနဲ့ပေါ့ကွာ..။စဉ်းစား ညီ၊စဉ်းစား။ တစ်ခါတစ်ရံမှာ ယေ.ာကျာ်းတွေ မျက်စိလည် လမ်းမှားတတ်တယ်။

မျက်စိလည်တာ ဘယ်လောက်ဆိုးသလဲဆိုတာ မင်းလည်ဖူးရင် သိလိမ့်မယ်။ မင်းဘက် အရင်ချစ်သလားဆိုတာကိုပေါ့“

သူပြောပြီး ထရပ်သည်။ ကောင်လေး ထိုင်နေဆဲ။

ခုနှစ်။             ။

သူရေတစ်ခွက်သောက်သည်။ နယူရီးယားည၏ တရားခံကို သူတွေးပြီး ဖမ်းစရာမလိုတော့။ ကောင်လေးကို ညတစ်နာရီမှာ သူပြန်အိပ်ရန်ပြောလိုက်သည်။ သူငယ်ချင်းပြောသည့်

“ည ဆယ့်နှစ်နာရီမှာ ချိန်းထားတယ်လို့ပြောအဲဒီညကပြောတယ်။ မူးမူးနဲ့ ဆိုတော့ သူရောက်မသွားလို့ အိမ်ပေါ် မသိစိတ်နဲ့တက်ခဲ့မိတယ်ထင်ပါတယ်။ မင်းမေးမနေနဲ့။ အဖြေက နိုးပဲလာမှာ။ အမူးပြေတော့ ကောင်လေး ရှက်နေတာဖြစ်မှာ။“ ဆိုသော စကား။ ပြီးတော့…

“သူကအရင်ချစ်တယ်လို့ပြောလာတာ အစ်ကို….။ အဲဒါ ရှက်ရှက်နဲ့အဖြေ ကျွန်တော်ပြန်ပေးခဲ့တာ။  အဲဒါ…..“

ကောင်လေး သူ့ကိုရုတ်တရက် လှမ်းပြောလိုက်သော စကားကြောင့်…..အတွေးသည် ရှင်းသွားသည်။ နောက်ထပ်ရေတစ်ခွက်ကို ခပ်သောက်လိုက်သည်။ သည်တော့မှ ရေသည် ချိုသည်ဟု ထင်မိတော့၏။

 

သော်ဇင်(လွိုင်ကော်)

Date-12th-Jan-2013

Time-08:02PM

3 comments

  • ခိုင်ဇာ

    January 17, 2013 at 11:34 am

    ဪ။ ကောင်လေးပဲကိုး။
    ဖတ်ရင်းနဲ့ ဟိုသူငယ်ချင်းကိုလည်း သို့လော သို့လော ဖြစ်နေတာ။
    ဟီး။ စုံထောက်ဇာတ်တွေနဲ့ ရောနေလို့။
    ဖတ်လို့ကောင်းတယ်။
    :hee:

  • ဗုံဗုံ

    January 17, 2013 at 1:18 pm

    ရင်တထိတ်ထိတ်နဲ့ ဖတ်လို့ကောင်းတယ် ဦးလေးတော်ဂျင် (တော်ပါသေးရဲ့ မိဗုံမဟုတ်ဘဲ မိပုံ ဖြစ်နေလို့ :mrgreen: )

Leave a Reply