မက်လုံးများနဲ့ စီးပွားရေးလောက

manawphyulayMarch 8, 20131min2265

လူပုဂ္ဂိုလ် တစ်ဦးချင်း၊ အခြေအနေတစ်ခုချင်းနှင့် တိုင်းနိုင်ငံတစ်ခုချင်းစီပေါ် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး၏ အခြေခံလိုအပ်ချက်၊ ဖြည့်ဆည်းရရှိထားသင့်သည့်အရာများ ကွဲပြားသွားနိုင်ပါသည်။ ကျွန်မတို့ ပိုင်ဆိုင်ခွင့် ရှိသော လောကအရာများသည် ကျွန်မတို့အတွက် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုကို ပေးနိုင်သည်ဟု ဆိုသော်ငြား လည်း တဒင်္ဂသာဖြစ်ပါသည်။ ပြီးလျှင် ရရှိပိုင်ဆိုင်ထားသော အတိုင်းအဆပေါ် မူတည်၍ ကျွန်မတို့ရဲ့ ပျော်ရွှင်မှု အတိုင်းအတာကို ပုံသေတွက်ချက်၍ မရနိုင်ပါ။ ကျွန်မတို့၏ အခြေခံလိုအပ်ချက်များ ပြည့်မှီပါက ကျွန်မတို့သည် ကျေနပ် ပျော်ရွှင်ရပါမည်။ တိုင်းတာသတ်မှတ်ချက်များကို ပြည့်မှီကျော်လွန်ခြင်းသည် ပိုလျှံခြင်း ဖြစ်ပါသည်။ အစားအသောက်နှင့် အဝတ်အစားများသည် ကျွန်မတို့၏ အခြေခံလိုအပ်ချက်များကို ကိုယ်စားပြုသည်။ ယနေ့ခေတ်ရေစီးကြောင်းအရ အစားအသောက်၊ အဝတ်အစား ဖူလုံရုံဖြင့် လူပုဂ္ဂိုလ် တစ်ဦးအတွက် အခြေခံ လိုအပ်ချက်များ ပြည့်မှီသည်ဟု မဆိုနိုင်ပါ။ ထိုသူ့တွင် အောက်ပါ အခြေခံ လိုအပ်ချက်များလည်း ရှိသေးသည်။ ဘာတွေလဲဆိုတော့ နေအိမ်တိုက်တာ အဆောက်အဦများ၊ နောက် သားသမီးများအတွက် ပညာရေးစရိတ်စက တွေနဲ့ အခွန်အခ အသုံးစရိတ်များအပြင် လွယ်ကူသက်သာစွာ သွားလာနိုင်ရေး စရိတ်များ စသည်ဖြင့် မသုံးမဖြစ် သုံးရသော အသုံးစရိတ်များသည် လိုအပ်ချက်များတွင် တစ်နည်း ပါဝင်ပေသည်။
အများအားဖြင့် စားရန်၊ ဝတ်ရန်၊ သုံးစွဲရန် ရှိသမျှနှင့် ရောင့်ရဲနေတတ်ကြဖို့ အလွန်မှ ခက်လှပါသည်။ ငွေအတွက်ပဲ ကြည့်သူများသည် လမ်းမှားကို တပ်မက်ခြင်း နွံထဲသို့ ခဏအတွင်း သက်ဆင်းသွားကြလေသည်။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်းတို့၌ နစ်မွန်းတတ်ကြပါသည်။ ငွေကို တပ်မက်ခြင်းဖြင့် ငွေနောက်လိုက်ကြသူများသည် အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြတော့ပဲ မကောင်းမှုနောက်သို့ ကောက်ကောက်ပါအောင် ရောက်ရှိသွားသည်။ လူအချို့တို့သည်လည်း ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုယ်ကို သောကများကို ငွေဖြင့် ဝယ်ယူနေကြသည်မှာ ဒုနဲ့ဒေးပင် ဖြစ်ပါသည်။

လူသားများ၏ လိုအပ်ချက်များနှင့် လိုချင်တောင့်တမှုများသည် ခြားနားမှုရှိနေသည်ကို ကျွန်မတို့ နားလည်ထားရမည်။ လိုအပ်ချက်များဆိုသည်မှာ အသက်တာခန္ဓာ ယန္တရားကြီးလည်ပတ်နိုင်ရန်အတွက် ဖြည့်ဆည်းရမည့်အရာများ ဖြစ်သည်။ သို့သော် လိုချင်တောင့်တမှုများကိုတော့ မည်သည့်အခါမျှ အသော မသတ်နိုင်ပါ။ အချို့တို့၏ လိုဘများသည် မည်သည့်အခါမျှ အသောမသတ်နိုင်ဘဲ ရလေလိုလေဖြစ်နေကြသည် များလည်း ရှိသေးသည်။ ငွေကို အတိုင်းအတာတစ်ခုထက်ပို၍ လိုချင်လာမှု သို့မဟုတ် မလောက်မငှဖြစ်မှာကို အစိုးရိမ်လွန်ကဲမှုက ကျွန်မတို့ရဲ့ ဝန်းကျင်အပေါင်းအသင်းများကြားမှ ဆက်ဆံရေးကို တဖြည်းဖြည်းချင်း ကွဲပြားစေသည်။
စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင် သာမန်သမာအာဇီဝနဲ့ ရှာပြီး ကိုယ့်ပိုင်အရည်အချင်းနဲ့ ရှာရတဲ့ ဝင်ငွေလောက် ဘယ်အရာမှ တန်ဖိုးရှိတာ မရှိပါဘူး။ ကိုယ်စွမ်းကိုယ်စနဲ့ ရှာဖွေထားသော အရာများသည် လွယ်လင့်တကူ ပျောက်ပျက်မသွားနိုင်ပါဘူး။ ဒီအတွက် အလွယ်လမ်းကို မလိုက်ပဲ ရေရှည်အတွက် စဉ်းစား လုပ်ဆောင်မှသာလျှင် အောင်မြင်မှုပန်းတိုင်ကို ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါသည်။ ယခုတော့ တချို့စီးပွားရေးသမား များသည် ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို အသိတရားဖြင့် မစဉ်းစားနိုင်လောက်အောင် မက်လုံးများဖြင့် လုပ်ဆောင်နေကြသည်ကို မြင်တွေ့ရမှာပဲ ဖြစ်ပါသည်။ အရင်နှစ်များထဲက နာမည်ကြီး ရေပန်းစားနေသော လင်ဇီးလုပ်ငန်းများပဲ ဖြစ်ပါသည်။ လူအများအား မန်ဘာများ ဝင်စေပြီး မန်ဘာဝင်ထားသူများက ထပ်မံ ဆွယ်တရားဟောကာ ဝင်ရောက်သူများ ရှိလာလျှင် ပွိုင့်များ တိုးပေးပြီး ကားပဲ ချက်ချင်းစီးနိုင်မည့် အနေ အထားသို့ မက်လုံးများ ပေးနေသည်မှာ ခေတ်အတော်ကြာကြာကပင် ခေတ်စားနေပေသည်။ နောက် တစ်ဆင့်က သူများ စိတ်ဝင်စားလား မဝင်စားလား၊ မန်ဘာဝင်ချင်မှန်းမသိ ဘာမသိ စွတ်ရွတ်ပြောသော သူများလည်း ဖြစ်လို့လာတာကို တွေ့ရှိနေရပါသည်။ ဟိုအရင်ခေတ်တုန်းကတည်းက ဒီလုပ်ငန်းမှာ မန်ဘာဝင်ပြီး လုပ်နေသူများသည် ၁ဝ နှစ်အကြာလည်း ဒီတိုင်းပဲ လိုင်းကားတိုးစီးနေသည်များကို မြင်တွေ့နေ ရသဖြင့် ဒီလုပ်ငန်းသည် အမှန်တကယ် လုပ်ဆောင်ခြင်းလော ဆိုတဲ့ သံသယဖြစ်မိနေပါသည်။ ကျွန်မ သူငယ်ချင်းတစ်ယောက် ၂၀၀၆၊ ၂၀၀ရ ထဲက ဒီလုပ်ငန်းမှာ ဝင်ရောက်နေသည်မှာ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါသည်။ အဲဒီအချိန်ထဲက ကျွန်မကိုလည်း ဆွယ်တရား ဟောဖူးပါသည်။ ကျွန်မအနေနဲ့ ကိုယ်ပိုင်လုပ်အားနဲ့ အရည်အချင်းသာ အသုံးပြုနေသူဖြစ်သည့်အတွက် သူ ဘယ်လောက်ပဲ ပြောပြော နားမယောင်ခဲ့ဖူးပါ။ နောက်နှစ်ကာလအကြာမှာ ဂါနိုဆိုတာ ထပ်မံပေါ်ပေါက်လာပြီး ဒီလိုပဲ မန်ဘာဝင်ပြီး ပစ္စည်းဝယ်ရင် ဈေးလျှော့ပေးပြီး ထပ်မံ ကိုယ်ဟောနိုင် ပြောနိုင်လို့ မန်ဘာဝင်လျှင် ပွိုင့်များ တက်ပြီး ရွှေအဆင့်တို့ ငွေအဆင့်တို့အပြင် ပလယ်တီနမ်အဆင့်တို့ သတ်မှတ်ထားကြောင်း ဘယ်အဆင့်ဆို ကားစီးနိုင်ပြီဆိုပြီး ဖြစ်ပေါ်လာပြန်ပါသည်။ ကျွန်မကို လာပြောသူများလည်း မောသွားလို့ သူတို့အပတ်စဉ် စည်းဝေးပွဲလည်း လိုက်တက်ဖို့ ဖိတ်ခေါ်ပြန်ပါသည်။ ကျွန်မလို လူမျိုးက မသေချာလျှင် ဘာမှမလုပ်သော ထီတောင် ပေါက်မှ ထိုးချင်သူတစ်ဦးပင် ဖြစ်လို့နေပါသည်။ ဒါကြောင့် ကျွန်မအနေနဲ့ အချိန်ကုန်ပြီး မသွားရောက်ခဲ့ခြင်းပင် ဖြစ်ပါသည်။ တစ်ခါတလေတော့လည်း သိချင်မိပြန်ပါသည်။ သူတို့ တကယ် ပေးတာလား တကယ်ကော စားသုံးသူတွေ၊ မန်ဘာဝင်ထားသူတွေအတွက် အကျိုးရှိတဲ့ ရလဒ်လားဆိုတာ မျက်မြင် မြင်ဖူးချင်မိပါသည်။ နောက် သုံးလေးနှစ်လောက်ကြာတော့ အရင်မန်ဘာဝင်ပြီး ဒီလုပ်ငန်းတွေ လုပ်နေပါတယ်ဆိုတဲ့ သူငယ်ချင်းနဲ့ပြန်တွေ့တော့ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို မေးကြည့်မိပါသည်။ သူကတော့ စကားလှအောင် ကျွန်မကို ပြောရှာပါသည်။ ငါ အလုပ်မအားလို့ အဲဒီဘက်ကို မလှည့်နိုင်ဘူး ဖြစ်နေတယ် ဆိုတာပဲ ကြားခဲ့ရပါသည်။ နောက် အလုပ်သွားရင်း ကားပေါ်ခင်မင်နေသော အစ်မတစ်ယောက်က နိုင်ငံတကာ ၉ နိုင်ငံဆိုလားပဲ ဒီလုပ်ငန်းတစ်ခုရှိတယ်ဆိုတာရယ် မန်ဘာဝင်လျှင် ကိုယ့်အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာကို အာဝဇွန်းရွှင်ရွှင်ဖြင့် ပြောတာကို နားထောင်ခဲ့ရပြန်ပါသည်။ ဟုတ်ပြီ အစ်မလုပ်နေတယ်ဆိုရင် ကျွန်မ မန်ဘာဝင်လျှင် အစ်မ ပိုက်ဆံအမြောက်အမြားရမယ်ဆိုတာ တကယ်ဆိုရင် ကျွန်မ နာမည်နဲ့ အစ်မ ခုရထားတဲ့ ပွိုင့်တွေထဲက မန်ဘာကြေးသွင်းပေးပါလားဆိုတော့ အီးအဲ လုပ်တော့တာပါပဲ။ နောက်ကိုယ့်ကိုယ် ဆွယ်လို့ မရမှန်းသိတော့ ညီမက ခင်မင်သူပေါများတော့ နိုင်ငံတကာမှာကော ကျွန်မလေး အသိရှိလား မေးလို့ ရှိတာပေါ့ အစ်မရဲ့။ နိုင်ငံတကာမှာ ခင်မင်သူတွေ ပေါမှပေါလို့ ပြောလိုက်တော့ အစ်မနဲ့ မိတ်ဆက်ပေးပါလားလို့ ပြောပါသေးသည်။ ဒီလို စီးပွားရေးတစ်ခုလုပ်တယ်ဆိုတာ အလွယ်ရမယ် လို့များ လူအတော်များများက သတ်မှတ်ထားသလားဆိုတာ စဉ်းစားမရဖြစ်နေမိသည်။ ဒီလိုသာ ရကြေးဆိုရင်တော့ ဘယ်အလုပ်မှ အပင်ပန်းမခံပဲ ဒီလုပ်ငန်းတစ်ခုပဲ တိုးတက်အောင်မြင်အောင် လူတိုင်းက တစ်စိုက်မတ်မတ် လုပ်ကြမယ် လို့လည်း မြင်မိပါသည်။
ဒီလို လူမျိုးတွေ ဘယ်လောက်များ ရှိနေသလဲဆိုတာ စဉ်းစားနေမိတုန်း အလုပ်စဝင်ဝင်ခြင်း ၁၉၉၈ ခုနှစ်ထဲက အလုပ်မှာ တူတူလုပ်ခဲ့တဲ့ ခင်မင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဖေဘွတ်မှာ အမှတ်မထင် စကားပြောဖြစ်သွားတော့ သူကတော့ စင်ကာပူမှာ ကျောင်းတက်ရင်း အလုပ်သွားလုပ်တယ်လို့ သိထားတော့ အဆင်ပြေမပြေ မေးကြည့်ဖြစ်ခဲ့သည်။ ဒီတော့ သူက သူငယ်ချင်း မိုက်ခရိုဖုန်းရှိလား ဂျီတော့ကနေ နင်နဲ့ စကားပြောမယ်ဆိုပြီး အဲမှာ စတွေ့ပြန်ပါသည်။ သူအခု အလုပ်တစ်ခုလုပ်နေသည်။ ဒီအလုပ်က ဘာမှမပင်ပန်းပဲ အိမ်မှာနေရင်း ဝင်ငွေရသည်လို့ ပြောပါသည်။ ဒီတော့ ကျွန်မကလည်း ဒီလိုအလွယ်တကူ ဝင်ငွေတိုးမယ်ဆိုတော့ စိတ်ဝင်စားပြီး မေးကြည့်မိတော့ ဘာမှအပန်းမကြီးဘူး မန်ဘာဝင်ထားရုံပဲလို့ ပြောပါသည်။ မြန်မာပြည်မှာ ခေတ်စားနေတဲ့ လင်ဇီးလိုမျိုးနဲ့ ဆင်တူနေပါသည်။ ဒါနဲ့ မန်ဘာဝင်ပြီးရင် ဘာလုပ်ရမှာလဲဆိုတော့ ထပ်မံပြီး မန်ဘာတွေဝင်အောင် လုပ်ရင်လည်းရတယ်။ ဒါမှမဟုတ် သူတို့ဆီက ပစ္စည်းလေးတွေ ဝယ်ပြီး ပြန်ရောင်းလည်း ပွိုင့်တက်တယ် နောက်ဆို တစ်သက်စားမကုန်ဘူးဟဲ့ဆိုတော့ ဟုတ်လားပေါ့။ မန်ဘာကြေးက ဘယ်လောက်လဲမေးကြည့်မိတော့ သိပ်မများပါဘူး သူငယ်ချင်းရဲ့ မန်ဘာတစ်ခါဝင်ရင် ဒေါ်လာ သုံးထောင်လို့ ပြောပါတော့သည်။ အောင်မလေးလို့သာ အော်မိပါတော့သည်။ ဟဲ့ ငါတို့မြန်မာပြည်မှာတောင် လင်ဇီးလုပ်ငန်းတို့ ဂါနိုလုပ်ငန်းတို့လည်း မန်ဘာဝင်တာ တစ်ခါဝင် ငါးထောင်တောင် ငါ ပိုက်ဆံအပိုကုန်စရာ အသုံးစရိတ်မရှိလို့ မဝင်ဘူးဟဲ့ နင့်လုပ်ငန်းကို ဝင်မယ့် မန်ဘာကြေးဆိုရင်တော့ ငါမှာ အဲလောက်ရှိရင်တောင် မြန်မာပြည်မှာ ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခုလုပ်ချင်မိတယ်သူငယ်ချင်းရယ် လို့ ပြန်ပြောမိပါသည်။ ဒီတော့ သူငယ်ချင်းက လေသံလျှော့သွားပြီး နင်မဝင်လည်း နင့်သူငယ်ချင်းတွေကို ပြောပေးလေ ပြောပြန်ပါသည်။ မြန်မာပြည်က လူတွေက အဲလောက်တော့ ဘယ်သူက ဝင်နိုင်မှာလဲဟာ နင်ပဲ စဉ်းစားကြည့်တော့ အများအားဖြင့်က မိသားစုအတွက် ထမင်းနပ်မှန်အောင် စားနေကြသူတွေကြီးပဲဆိုတာ နင်လည်း သိနေတာပဲ။ အေးပါဟာ နင်ချမ်းသာလာရင်ပဲ ငါ ဝမ်းသာလှပါပြီပြောပြီး ငါပြန်တော့မယ် အတော်မိုးချုပ်နေပြီဟ ဆိုပြီး စကားစဖြတ် အင်တာနက်ဆိုင်ကနေ ထပြန်လာမိပါသည်။
ဟော သိပ်မကြာဘူး။ အလုပ်တူတူလုပ်တဲ့ ညီမတစ်ယောက်က အဲဒီမန်ဘာဝင်တဲ့အကျိုးကျေးဇူးက ဘယ်လိုဆိုတာ မန်ဘာဝင်ထားပြီး ပစ္စည်းတွေ ဝယ်သုံးရင်လည်း ပုံမှန်ဝယ်တဲ့သူတွေထက် ဈေးနှုန်း သက်သာတယ် ဆိုတဲ့အကြောင်း ပြောလာပြန်ပါသည်။ အင်း အတော်အလုပ်ဖြစ်တဲ့ လုပ်ငန်းပဲလို့လည်း တွေးမိပါသည်။ ဒီလုပ်ငန်း မန်ဘာဝင်ပြီးသူများသည် အတော် အပြောအဟော ကောင်းလှပြီး တစ်ဖက်သားကို ကျလောက်အောင် ပြောနိုင်စွမ်းရှိကြသူများဖြစ်တဲ့အတွက် ကိုယ်သာ လုပ်ငန်းခွင်တွေမှာ ဒီလို အပြော အဆိုများနဲ့ အသုံးချကြမည်ဆိုရင်ဖြင့် မားကက်တင်းမန်နေဂျာရာထူးအဆင့်မှ လျှော့ကျမည် မဟုတ်ကြောင်း ပြောရင်းဖြင့် မက်လုံးများနဲ့ စီးပွားရေးလောကမှာ ဘယ်သူတွေ မက်လုံးများနှင့် ကားထည်လဲ စီးနေနိုင်ပြီလဲ ဆိုတာ သိချင်မိသဖြင့် မေးမြန်းစပ်စုမိသမျှ ရေးသားတင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

မနောဖြူလေး

5 comments

  • mobile

    March 9, 2013 at 1:10 am

    လေ့လာသွားပါတယ် မနောဖြူလေးရေ…….
    ကျုပ်ကတော့ ဟိုစပ်စပ် ဒီစပ်စပ်ဆိုဒေါ့ဂါ…. လင်းဇီးမှာလည်း မန်ဘာဝင်
    ဂံနို မှာလည်း မန်းဘာဝင် လပ်ကီးတိုင်း မှာလည်းမန်ဘာဝင် ဇူလီယန် မှာလည်းမန်ဘာဝင်
    အခုလောလောဆယ်တော့ ဝင်းနား မှာမန်ဘာဝင်ထားပြန်ပါတယ်………
    ဟိုပစ္စည်းလေးဝယ်ပီး စမ်းသုံးကြည့် ဒီပစ္စည်လေးဝယ်ပီး စမ်းသုံကြည့်တော့ လုပ်ဖြစ်ပါတယ်
    သူဒို့ပေးမယ်ဆိုတဲ့ ဘောနပ်တော့ တစ်ပြားမှ ရအောင်မလုပ်ရသေး / မရဖူးသေးပါ။
    ++++++++++++++
    အဲ့ဒီလို မန်ဘာဝင်ရတာတွေထဲမှာ မန်ဘာဝင်ခလည်း ပေးစရာမလိုတဲ့
    အကျိုးအမြတ် ဘောနပ်လည်း လက်တွေ့ကျကျပေးတဲ့ မန်းဂေဇတ်မှာ မန်ဘာဝင်ရတာက
    နည်းနည်းတော့စီးပွားဖြစ်သလိုပဲ……………

  • Foreign Resident

    March 9, 2013 at 3:47 am

    Multi-level marketing လို့ ခေါ်ကြတာပဲ ။
    တချို့ကတော့ လူလည်ကျတာ လိမ်တာ လို့ ထင်နေကြတယ် ။
    လိမ်တာ တော့ မဟုတ်လောက်ပါဘူး ။
    အဲဒီ အဖွဲ့တွေက နှစ်ပေါင်း ဆယ်ချီပြီး ဆက်လုပ်နေတာပဲဟာ ။

  • kai

    March 9, 2013 at 4:41 am

    တကယ်တော့.. အဲဒီအလုပ်အကြောင်း.. ဂီဂီရေးထားဖူးပါတယ်..
    ကျွန်ုပ်သိသမျှ MLM (Multi-Level Marketing)
    – Posted by ဦးဖွတ်ကျား on Dec 6, 2011 in Business & Economics, Know-How, DIY, Mandalay Gazette | 24 comments

    http://myanmargazette.net/83787/

  • ခိုင်ဇာ

    March 9, 2013 at 10:39 am

    မက်လုံးဆိုလို့ ……
    ကျနော် ဈေးဝယ်တိုင်း၊ …….
    (အရေးတကြီး မလိုအပ် ပစ္စည်းမျိုးပေါ့ဗျာ၊ စိတ်ကစားရုံ သက်သက်လိုချင်တာမျိုး တွေ ဝယ်တိုင်း)
    ကြားရလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါ့။
    ဒီလို ပစ္စည်းတွေကတဲ့ “မိန်းကလေး” နဲ့ “ကလေး” တွေရဲ့ မက်လုံး/တပ်မက်မှု ပေါ် မူတည်ပြီး စီး…ပွါး….နေကြတာတဲ့။
    ဟုတ်သလားတော့မသိ။ 🙄
    ဝယ်မပေးချင်လို့ ပြောသလားလည်းမသိ။ :mrgreen:
    ဘယ် စီးပွါးမဆိုတော့ ဈေးဝယ်သူ လိုအပ်ချက်တို့ မက်လုံးတို့သိနိုင်လေ ကောင်းလေပဲမှတ်တယ်။ 🙄

  • ဦးဖွတ်ကျား

    March 11, 2013 at 8:42 am

    MLM လား …
    တဆင့်ကို ၆ယောက် ထားတဲ့ စနစ်နဲ့ ပွားရင်တောင်
    အဆင့် ၁၂မှာ ကမာ္ဘ့လူဦးရေ ၃ပုံတပုံ ဖြစ်လာပြီး
    အဆင့် ၁၃မှာ ကမာ္ဘ့လူဦးရေ ရဲ့ ၂ဆလောက် မန်ဘာတွေလိုလာပါတယ်။
    ဆက်မထွားနိုင်တော့တာရဲ့ အကြောင်းပြချက်က အဲ့ဒါပါပဲ။

    http://myanmargazette.net/83787/business-economy/attachment/350px-pyramid_scheme-svg

    သည်တော့ ဆိုလိုချင်တာက
    နိုင်ငံအဆင့်လောက် MLM ဆို ထောင်ဂဏန်း ဖြစ်တဲ့ အဆင့်၅လောက် ဒေသတွင်း(ဥပမာ အာစီယံ) အဆင့်လောက် MLM ဆို
    သောင်းဂဏန်း သိန်းဂဏန်း လောက်ဖြစ်တဲ့ အဆင့် ၆၊ ရ လောက် သာ ရှိမယ့် Framework ဖြစ်ပါတယ်။ အဆင့် ၃ လောက်ထိ
    ကတော့ စားသာပါလိမ့်မယ်.. ။ (အောက်ကလူတွေ ရှာဖွေပေးသမျှ အမြတ်အစွန်း ကို ..။)
    တခုတွေးရမှာက ကိုယ် ဝင်ရင် အောက်ဆုံးကနေစ ဝင်ရမှာဖြစ်ပြီး..ထိပ်ရောက်ဖို့ အတွက် ကတော့ …
    အင်းးးးး .. သိတဲ့အတိုင်း.. ကာလာမသုတ်လေး ရွတ်ပေါ့ဗျာ…

    :kwi:

Leave a Reply