ကမ္ဘာကျော်အတွေးအမြင်တွေထဲက ခပ်ညံ့ညံ့အသည်းကွဲအတွေးအခေါ်တွေ

သူရႆဝါJuly 23, 20101min1130

“အိုမင်းချိန်ဆိုတာ အနာဂတ်က နောက်မှာကျန်ခဲ့ပြီး အတိတ်က ရှေ့ပြန်ရောက်လာတဲ့ကာလပါပဲ”

အဲဒီစကားအတိုင်းသာဆို ကျနော့်ရဲ့လက်ရှိကာလတွေဟာ ကျနော့်အတွက် အိုမင်းချိန်တွေပါပဲ။ ညီမလေးနဲ့ကျနော့်ရဲ့အနာဂတ်ဆိုတဲ့ ခေါင်းစဉ်အထပ်ထပ်ဟာ သမာရိုးကျဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက် ကျနော့်ရဲ့အာရုံထဲမှာ စီစီရီရီပေါ်လာနေကြတာကတော့ ညီမလေးနဲ့ပတ်သက်ခဲ့ဖူးတဲ့ အတိတ်က ပုံရိပ်တွေချည်းပါပဲ။ ညီမလေးရဲ့အသံ… ညီမလေးရဲ့အမူအယာ…. အိုး… ဘာကိုမှ ကျနော် ဖျောက်ဖျက်မပစ်နိုင်ခဲ့ပါဘူး။ အဲဒီကျနော့်ရှေ့မှာဝဲလည်နေခဲ့တဲ့ အတိတ်တွေအတွက် ညီမလေးအပေါ်ထားခဲ့တဲ့ အနာဂတ်စိတ်ကူး တွေက အလိုအလျောက် နေရာဖယ်ပေးခဲ့ရတာပါ။ ညီမလေးနဲ့ကျနော် နားလည်မှုချင်း ထပ်တူကျနေဖို့……. ကျနော့်အပေါ် ညီမလေးရဲ့စိတ်တွေ အမြဲတမ်းအရိပ်လိုထိုးကျနေစေဖို့……. အဆုံးစွန်ပြောရရင် ညီမလေးနဲ့ ဘဝတစ်လျောက်လက်တွဲသွားဖို့……. အဲဒီအနာဂတ်စိတ်ကူးတွေဟာ ဝေးကွာခြင်းနဲ့အတူပဲ ဝေးကွာသွားခဲ့တယ်။ အခုတော့ အနာဂတ်တွေက နောက်မှာပဲကျန်နေရစ်ခဲ့ပြီး အတိတ်တွေက ရှေ့ကိုရောက်လာကြတယ်။

ဒါဟာ…. ကျနော့်အတွက် အိုမင်းချိန်တွေဆိုရင်…….. ဟုတ်ပါတယ်……. ကျနော် အိုမင်းနေခဲ့ပါပြီ။

“အချစ်နဲ့ပတ်သက်ပြီး ဆုံးရှုံးစရာမကျန်တော့တဲ့သူဟာ ကြောက်စရာကောင်းလာတတ်တယ်”

ညီမလေးကိုဆုံးရှုံးခဲ့ပြီးနောက်ပိုင်းမှာ ကျနော်ဟာ ကြောက်စရာကောင်းသူတစ်ယောက် ဖြစ်လာခဲ့ပါပြီ လား။

ကိုယ့်ကိုယ်ကို မဝေခွဲနိုင်ပါဘူး။

ညီမလေးပြောခဲ့ဖူးတာတွေဆုံးရှုံး………..

ညီမလေးရဲ့ရင်ခုန်သံတွေဆုံးရှုံး………….

ညီမလေးရဲ့ မျက်နှာပေးလေးကိုဆုံးရှုံး………..

ဆုံးရှုံးခဲ့…….. ဆုံးခဲ့ရှုံးခဲ့………..

ထပ်ပြီးဆုံးရှုံးစရာ ဘာများရှိနေပါသေးလဲ။

အဲဒီနောက်ပိုင်းမှာရော……. ကျနော် ကြောက်စရာကောင်းလာခဲ့သလိုရှိပါရဲ့။

ပထမဆုံး ကျနော့်ဖြစ်တည်မှုကို ကြောက်စရာကောင်းလောက်အောင် လျှော့ချပစ်မိတယ်။ ကျနော့် စိတ်ဓါတ်တွေကို ကြောက်စရာကောင်းလောက်အောင် လျော့ရဲအုံ့မှိုင်းပစ်မိတယ်။

တခြားသူတွေအတွက်တော့မသိပါဘူး။ ကျနော်ကတော့ ကိုယ့်ကိုယ်ကို ခြောက်လှန့်နေမိတဲ့ ကြောက်စရာကောင်းခြင်းတွေကြားထဲမှာပဲ ကျနော့်ခံတပ်ဟာ ပြိုပျက်နေခဲ့ပါတယ်။

ခြိမ်းခြောက်စကားမဟုတ်လောက်ပေမယ့် နောင်နှလုံးသားရေးရာကိစ္စနဲ့ကြုံလာရင်တော့ ကျနော်ဟာ ကြောက်တတ်သူတစ်ယောက်…. ဒါမှမဟုတ် ကြောက်စရာကောင်းသူတစ်ယောက်ဆိုတဲ့ အဖြစ်နှစ်ခုထဲက တစ်ခုခုပေါ်မှာတော့ ခြေစုံမတ်မတ်ရပ်တတ်နေသူတစ်ယောက် ဖြစ်နေလိမ့်မယ်ထင်ပါတယ်။

အဲဒီအတွေးကိုက ကြောက်စရာကောင်းတဲ့ ဆုံးဖြတ်မှုတစ်ခုဖြစ်နေတာတော့ ကျနော်ကိုယ်တိုင် မသိချင်လည်း သိနေခဲ့ပါတယ်။

“အတိတ်ကိုပြန်ပေးပါ။ အဲဒီမှာတုန်းက အင်မတန်တောက်ပြောင်တဲ့ အနာဂတ်တွေရှိခဲ့တယ်”

အက်ကွဲတိုးတိမ်နေတဲ့ လည်ချောင်းထဲကအသံနဲ့ ဒီတောင်းဆိုမှုကိုဖော်ပြဖို့ မလုံလောက်ခဲ့ပါဘူး။

အဲဒီတောင်းဆိုခြင်းအတွက် ဝံ့စားရဲကိုးတဲ့စိတ်မျိုးရှိနေခဲ့ရင်တောင် ကျနော့်အတွက် အခွင့်အရေးဆိုတာ ရှိပါသေးရဲ့လား။

ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ခုစာမကတဲ့ မျှော်လင့်ခြင်းတွေနဲ့အတိတ်ကို ပြန်လည်ပျိုးပွားပေါင်းသင်ဖို့တော့ ညီမလေး တတ်နိုင်မယ်မထင်ပါဘူး။

အတိတ်ကိုပြန်ပေးပါ….. အတိတ်ကိုပြန်ပေးပါ……..

တောက်ပြောင်ခဲ့ပါတယ်ဆိုတဲ့ အနာဂတ်တွေကအစ့ အဲဒီထပ်ဖန်တလဲလဲတောင်းဆိုမှုကို မသိကျိုးကျွံ ပြုနေခဲ့ကြပါတယ်။

အတိတ်မှာကျန်နေခဲ့တဲ့ အနာဂတ်တွေဟာ ဘယ်လောက်ပဲလင်းချင်းနေခဲ့ပါစေ…….. ကိုယ်ပိုင်အလင်း မရှိတဲ့ လမင်းလို အားငယ်မှုမျိုးနဲ့ပဲ လင်းရမှာပါပဲ။

ကျနော်ပြန်ပြောင်းပြီး တောင်းဆိုပါ့မယ်။

အတိတ်ကို ခဏလေးပဲပြန်ပေးပါ…….. ကိုယ့်ကိုယ်ကို ဘယ်လိုကောင်မျိုးလဲဆိုတာ ပြန်ကြည့်ချင်တာ တစ်ခုကလွဲရင် …………..။ ။

သူရဿဝါ