ရင်နွေနွမ်း (အဖျားကောက်ပိုဒ်စုံရတု)
ရင်နွေနွမ်း
(အဖျားကောက်ပိုဒ်စုံရတု)
ရင်နွေနွမ်း …
ဖွေတမ်းပိုဆွေး၊ဆိုတေးအော်ဟစ်၊
ဖော်လှစ်မောပြေ၊တောနွေပြင်းပူ၊
ဝင်းဖြူစိတ်ပန်း၊ ထိတ်နွမ်းရင်ဖို၊
မြင်လိုပန်းမွှေး၊ လွမ်းတွေးကြုံခက်၊
စုံဖက်ရည်စူး၊ သည်ရူးငေးမှိုင်၊
ဆွေးငိုင်လရက်၊ တလျှက်ပုန်းရှောင်၊
ဖုန်းမောင်ဖယ်ခွာ၊ တွယ်ရာပြေးထွက်၊
ထွေးဖက်ပိုဇော၊ ငိုမောပျက်သုဉ်း၊
ရှက်ပြုံးကွယ်ပျောက်၊ နွယ်ဖျောက်ပိတ်ပိတ်၊
ဆိတ်ဆိတ်ပျံ့ဟုန်၊ နံ့ထုံဝေသင်း၊
ငွေနှင်းဖြူဖွေး၊ ကြူမွှေးတမ်းတ၊
နွမ်းလျတုဖက်၊ နုရွက်သစ်ဖူး၊
ယစ်မူးလျှံဝေ၊ ကန်ရေတင့်ကြာ၊
ဆင့်မှာနွေသို့၊မြေမို့ဝါဆိုင်း၊
ပြာမှိုင်းမှုန်ရီ၊ တုန်ဟီညို့ခင်း၊
ချို့ယွင်းဖန်သွေ၊ ကံစေမြင်မှန်း၊
ရင်နွမ်းနွေ…။
နွေနွမ်းရင် …
မှန်းမြင်စေကံ၊ သွေဖန်ယွင်းချို့၊
ခင်းညို့ဟီတုန်၊ရီမှုန်မှိုင်းပြာ၊
ဆိုင်းဝါမို့မြေ၊ သို့နွေမှာဆင့်၊
ကြာတင့်ရေကန်၊ ဝေလျှံမူးယစ်၊
ဖူးသစ်ရွက်နု၊ ဖက်တုလျနွမ်း၊
တတမ်းမွှေးကြူ၊ ဖွေးဖြူနှင်းငွေ၊
သင်းဝေထုံနံ့၊ ဟုန်ပျံ့ဆိတ်ဆိတ်၊
ပိတ်ပိတ်ဖျောက်နွယ်၊ ပျောက်ကွယ်ပြုံးရှက်၊
သုဉ်းပျက်မောငို၊ ဇောပိုဖက်ထွေး၊
ထွက်ပြေးရာတွယ်၊ခွာဖယ်မောင်ဖုန်း၊
ရှောင်ပုန်းလျှက် တ၊ ရက်လငိုင်ဆွေး၊
မှိုင်ငေးရူးသည်၊စူးရည်ဖက်စုံ၊
ခက်ကြုံတွေးလွမ်း၊ မွေးပန်းလိုမြင်၊
ဖိုရင်နွမ်းထိတ်၊ ပန်းစိတ်ဖြူဝင်း၊
ပူပြင်းနွေတော၊ ပြေမောလှစ်ဖော်၊
ဟစ်အော်တေးဆို၊ ဆွေးပိုတမ်းဖွေ၊
နွမ်းနွေရင်…။
နွမ်းနွေရင်…
မြင်မှန်းစေကံ၊ ဖန်သွေယွင်းချို့၊
ညို့ခင်းဟီတုန်၊မှုန်ရီမှိုင်းပြာ၊
ဝါဆိုင်းမို့မြေ၊ နွေသို့မှာဆင့်၊
တင့်ကြာရေကန်၊ လျှံဝေမူးယစ်၊
သစ်ဖူးရွက်နု၊ တုဖက်လျနွမ်း၊
တမ်းတမွှေးကြူ၊ ဖြူဖွေးနှင်းငွေ၊
ဝေသင်းထုံနံ့၊ ပျံ့ဟုန်ဆိတ်ဆိတ်၊
ပိတ်ပိတ်ဖျောက်နွယ်၊ ကွယ်ပျောက်ပြုံးရှက်၊
ပျက်သုဉ်းမောငို၊ ပိုဇောဖက်ထွေး၊
ပြေးထွက်ရာတွယ်၊ဖယ်ခွာမောင်ဖုန်း၊
ပုန်းရှောင်လျှက် တ၊ လရက်ငိုင်ဆွေး၊
ငေးမှိုင်ရူးသည်၊ရည်စူးဖက်စုံ၊
ကြုံခက်တွေးလွမ်း၊ ပန်းမွှေးလိုမြင်၊
ရင်ဖိုနွမ်းထိတ်၊ စိတ်ပန်းဖြူဝင်း၊
ပြင်းပူနွေတော၊ မောပြေလှစ်ဖော်၊
အော်ဟစ်တေးဆို၊ ပိုဆွေးတမ်းဖွေ၊
နွေနွမ်းရင်…။
တောက ကိုရင်
(၀၉.၀၁.၂၀၁၂)
(ကိုဟယ်ရီ၏ မိုးကြယ်စင် အဖျားကောက်ပိုဒ်စုံရတုကို နည်းယူ၍ အတတ်နိုင်ဆုံးကြိုးစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
အပြစ်တစ်စုံတရာ သင့်ခဲ့ပါက တောကကိုရင်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း။
ဤကဲ့သို့သော ကဗျာမျိုးရေးဖြစ်စေတဲ့ ကိုဟယ်ရီနှင့် မိုးကြယ်စင် ကိုအထူးကျေူးဇူးတင်ပါသည်။)
ကျနော် မြန်မာပြည် ခဏပြန်နေလို့ မရောက်ဖြစ်တာပါ …
ဦးနှောက်စားလို့ ဝ,သွားပြီဆိုတော့ ပြောပြပါတော့မယ်… 😀
ဘာတွေကများထူးခြားသလဲ ဆိုရင် … အဓိက ကတော့ သုံးပိုဒ်လုံးမှာ စကားလုံးတွေအတူတူ ရှေ့နောက်ပြောင်း (ပတ်လည်ရိုက်) ထားတာပါ။ (အဖျားကောက်ရတုတိုင်းကတော့ ဒီလိုရေးစရာမလိုပါဘူး။)
ပထမအပိုဒ်ကတော့ ထိပ်ချင်းချွတ် (၄-၂)ကာရန်နဲ့ ရေးလိုက်ပါတယ်။ ပါဒတခုရဲ့အဆုံး(၂)လုံးနဲ့ နောက်ကပ်လျက်ပါဒရဲ့ အစ (၂)လုံး ကို နဘေထပ်ယူလိုက်ပါတယ်။ ကြယ်စင်-သွယ်လွင် မြမွှေး-လှသွေး ကြွယ်ညီ-ရွယ်သီ … အစရှိသဖြင့် ယူလိုက်တာပါ …
ပြီးတော့ ဒုတိယအပိုဒ်ကိုေသချာဖတ်ကြည့်လိုက်ပါ။ ပထမ အပိုဒ်ကို အဆုံးကနေ တလုံးချင်း ပြောင်းပြန် ပြန်ရေးလိုက်တာပါပဲ။ ကာရန်ရော၊ နဘေရော မပြောင်းပါဘူး။ ၄-၂ ကာရန်ပါပဲ …. နဘေလည်း ဒီလိုပါပဲ … ကြယ်စင်မိုး – သွင်ဖြိုး မောတင့် = မျောလွင့် ပြောင်းနွမ်း = ဆောင်းချမ်း … အစရှိသဖြင့် ဖြစ်သွားပါတယ် …
တတိယအပိုဒ်က ဒုတိယအပိုဒ်မှာရှိတဲ့ ပါဒတခုချင်းရဲ့ ရှေ့ဆုံးစာလုံး၂-လုံးကို ပြောင်းပြန်ပြန်ရေးလိုက်တာပါပဲ။အဲဒီတော့ တပိုဒ်လုံးက ပါဒအားလုံးဟာ ဦးတိုက် (၄-၁) ကာရန်တွေချည်းပဲဖြစ်သွားပါတယ်။ နဘေ မပါတော့ပါဘူး။
အဓိက စဉ်းစားရတာက ကာရန်အပြင် ရှေ့နောက် ပြောင်းပြန်ရေးလိုက်ပေမဲ့ အဓိပ္ပာယ်ရှိနေတဲ့ စကားလုံးမျိုးကို စဉ်းစားရတာပါ … ဥပမာ ဆောင်းချမ်း = ချမ်းဆောင်း၊ မျောလွင့် = လွင့်မျော … အစရှိသဖြင့်ပေါ့နော် …
(ကောင်းတာတခုက တပိုဒ်ပဲရေးပြီးနောက်နှစ်ပိုဒ်အတွက် စကားလုံးတွေ စဉ်းစားစရာမလိုတော့ဘူးပေါ့နော် … ရှေ့နောက် ပတ်လည်ရိုက်လိုက်ရုံပါပဲ … ဟဲဟဲ)
အခုဆိုရင်တော့ မြင်သာပြီ ထင်ပါရဲ့ … 😀
အရမ်းကောင်းပါတယ် … ဘာမှ မမှားပါဘူး … ဒီလိုရေးရတာ တကယ့်ကို မလွယ်ပါဘူး … ဒါကိုရအောင် ကြိုးစားပြီး ရေးနိုင်တာ ချီးကျူးပါတယ် ကိုရင် …
ဒါမျိုးကို သုံးလွန်းတင် လို့လည်း ခေါ်ပါတယ် … တပိုဒ်ပဲရေးပြီးသုံးပိုဒ် ရလို့ပါ … အဲဒါကို ပတ်လည်ထပ်ရိုက်နိုင်ရင် ရိုက်နိုင်သလို အများဆုံး ၁၈-လွန်းတင်အထိ ရနိုင်တယ်လို့ ဆိုပါတယ် …
အဲဒါမျိုးဆိုရင်တော့ မန်လည်ဆရာတော်ကြီး ရေးခဲ့တဲ့ မင်္ဂလာရတုတွေလို သဘောမျိုး ဖြစ်သွားပါလိမ့်မယ် … ဘာလို့လဲဆိုတော့ပုံမှန်အားဖြင့်ရတုက သုံးပိုဒ်ထက်ပိုရေးလေ့ မရှိလို့ပါ …(မင်္ဂလာရတု တွေကတော့ ဒီနည်းနဲ့ရေးထားတာတော့ မဟုတ်ပါဘူး … ဒါပေမဲ့ အပိုဒ်အများကြီးရေးထားတာမို့ပါ … ပျို့လို့ ပိုပြီးခေါ်သင့်ပေမဲ့ ဆရာတော်ကြီးက မင်္ဂလာရတု လို့ပဲ အမည်တပ်ခဲ့ပါတယ်၊ သျှိုးလိုက်ရတု လို့လည်း ခေါ်ပါတယ်)
ဟယ်ရီ
6 comments
မောင် ပေ
March 26, 2013 at 7:07 pm
ရင်နွေနွမ်း
ဆင်မြွေဖမ်း
ကြင်မေသမ်း
တင်ဖေငမ်း
ဖင်ရွေ ့စမ်း
koyin
March 29, 2013 at 10:27 pm
ဗုဒ္ဓေါ
ဖင်တော့မရွေ့ပါရစေနဲ့
ဟီးးးး
သေချာမနည်းဖြစ်ညှစ်ပြီးတော့ ထုတ်ထားရတာဗျို့
တော်တော်ကြီးကိုမှ တော်တော်တော်တော် ခက်ပါတယ်
kai
March 30, 2013 at 4:32 am
အိမ်သာထဲ.. မဃဒေဝကြီးထားပြီး… ဖတ်ဖတ်နေတော့.. စာလုံးလှတွေ..သိပ်မဆန်းမိဘူး..
ဒါပေမယ့်..
စာလုံးလှတွေ.. စည်းကမ်းအတိုင်းရေးတဲ့.. တောသားကိုရင့်ကို ချီးကျူးပါကြောင်း.. :harr:
MaMa
March 30, 2013 at 6:13 am
တန်ဖိုးရှိပေမယ့် တန်ဖိုးသိသူအတွက်သာ တန်ဖိုးရှိတယ်ဆိုသလိုပါပဲ…..
စာရေးသူပြောမှပဲ ထူးခြားခက်ခဲမှန်းသိတော့တယ်။
ပြာမှိုင်းမှုန်ရီ၊
ရီမှိုင်းမှုန်ပြာ၊
မှုန်ရီမှိုင်းပြာ၊
စာလုံးလေးတွေ သဘောကျသွားတယ်။။။။။
မှိုင်းမှုန်ပြာရီ လို့ ရသေးတယ်နော်။ :hee:
koyin
March 31, 2013 at 8:13 am
ကြိုက်သလိုလှည့်ပတ်ယူလို့ရသေးတယ်
ုပြာမှုန်
ပြာရီ
ပြာမှိုင်း
လေးလုံးစလုံး လှည့်ယူလို့ရတယ်လေ
အတွဲတိုင်းတော့ဟုတ်ဘူးပေါ့
KZ
March 31, 2013 at 8:55 am
ကျနော် ၁ဝ တန်းတုန်းက မြန်မာစာ ဆရာမ က ကဗျာ ဆရာမဗျ။
သူ ဆို ဘယ်စာလုံးက နောက်တစ်ပုဒ်က ဘယ်စာလုံးလေးနဲ့ ချိတ်သွားတာ။
ဘယ်ဟာနဲ့ ဘာက ကာရန်ချိတ်တယ် ဆိုတာ အသေးစိတ်သင်တာ။
ပါရမီ မပါ/ ဉာဏ်မမှီချက်ကတော့ ကျနော် ငိုက်နေခဲ့တာ။ 🙁
ခု ပြန်တွေးကြည့်မှ နှမြောစရာ။ နည်းနည်းလေးမှမရလိုက်တဲ့ တန်ဖိုးရှိ အရာလေး ပါဗျာ။
ဘာပဲပြောပြော လေးစားပါတယ် ကိုရင်။ စကားလုံးလေးတွေ သိပ်လှတယ်။
:hee: