ရွှေလီသို့ အလည်တစ်ခေါက် (၅)
မနက် ၆ နာရီလောက် အိပ်ယာထပြီး လိုအပ်တာတွေ ပြင်ဆင်ပါတယ်။ ရွှေလီမှာ ၂ ည အိပ်မယ်လို့ စိတ်ကူးထားလို့ အကျီ (၂) စုံစီပဲ ထည့်ပြီး ကျန်တာအားလုံး ကားထဲမှာ ထားခဲ့လိုက်တယ်။ ကျွန်မတို့တည်းတဲ့ ဟိုတယ်ရဲ့ ဘေးနားမှာတင် ကျယ်ဂေါင်ကို ဝင်တဲ့ ဂိတ်တစ်ခုရှိပါတယ်။ လူအများစုက ပင်မဂိတ်ကြီးကနေ ဝင်ကြပါတယ်။ ကျွန်မတို့ကတော့ ပင်မဂိတ်ကြီးမှာ လူတွေအများကြီး တန်းစီစောင့်ရမှာစိုးလို့ အလုပ်သမားတွေဝင်တဲ့ဂိတ်ဘက်ကနေ ဝင်ခဲ့ကြတယ်။ အဲဒီဂိတ် ၂ ခုက သိပ်မဝေးပါဘူး။ ရန်ကုန်အနေနဲ့တိုင်းတာရင် မှတ်တိုင်တစ်ခုစာလောက်ပဲ ဝေးပြီး လမ်းမကြီးတစ်ခုထဲပေါ်မှာပဲ ရှိပါတယ်။
ဂိတ်ပေါက်ဝမှာ အထဲဝင်ဖို့ တန်းစီစောင့်နေတဲ့လူတွေတွေ့ရတယ်။ ဈေးသွားရောင်းမယ့် လှည်းလေးတွေလဲတွေ့ခဲ့ရတယ်။ တစ်ဘက်မှာတော့ လဝက ရုံးရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ချက်ချင်းလုပ်ပေးနေပါတယ်။ အဲဒီမှာလဲ တန်းစီရပေမယ့် ကျွန်မတို့က စောနေလို့လားမသိဘူး တစ်ယောက်မှ မစောင့်လိုက်ရပါဘူး။ တစ်ယောက်ချင်းတန်းစီပြီး မှတ်ပုံတင်ပြရပါတယ်။ မှတ်ပုံတင်ထဲက အချက်အလက်ကို ကွန်ပျူတာတစ်လုံးနဲ့စာရင်းသွင်းပြီး ဓါတ်ပုံတစ်ခါထဲရိုက်ပေးပြီး ချက်ခြင်း ပရင့်ထုတ်ပေးလိုက်တယ်။ လူတစ်ယောက်အတွက် ၁၀၀ဝ ကျပ်ပေးရပါတယ်။ မှတ်ပုံတင်မဟုတ်ပဲ ကျောင်းသားကဒ်၊ ကားလိုင်စင်၊ ဝန်ထမ်းကဒ် စတာတွေပဲပါရင် ၂၀၀ဝ ကျပ်ပေးရပါတယ်။ အရမ်းမြန်ဆန်တဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့နေရာပေါ့။ ရန်ကုန်မှာ အဲဒီလိုသာမြန်ရင် လူတိုင်း ပက်စ်ပို့စ် ရှိနေမှာပဲလို့ တွေးမိလိုက်သေးတယ်။
ပက်စ်ပို့စ်ရပြီဆိုတော့ ဂိတ်ပေါက်ကနေ တန်းစီပြီး အထဲဝင်ကြတယ်။ ကျွန်မတို့ဝင်တဲ့အပေါက်က ကုန်ကားတွေဘက်နေရာဖြစ်နေလို့ တက်စီတောင်မရှိဘူး။ လူလဲမရှိဘူး။ တိတ်ဆိတ်ပြီးရှင်းနေတယ်။ ဒါပေမယ့် လမ်းသိပြီးသားဆိုတော့ ဟိုငေးဒီငေးနဲ့ပဲ လမ်းလျှောက်ခဲ့လိုက်တယ်။ မြန်မာနံမည်နဲ့ဆိုင်ခန်းတွေ အများကြီးပါပဲ။ မန္တလေးကလာဖွင့်တဲ့ ကောင်းကင်ပြာဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ နံနက်စာစားလိုက်ကြတယ်။ ဗမာလိုပဲပြော ဗမာငွေနဲ့ပဲရှင်းရတဲ့ လက်ဖက်ရည်ဆိုင်ပါ။
ဪ … ကြုံတုန်းတစ်ခုပြောရအုန်းမယ်။ ကြယ်ဂေါင် ရွှေလီဘက်မှာ အများစုက မြန်မာအလုပ်သမားတွေပါ။ တစ်ချို့တွေက တရုတ်ဘက်မှာနေကြသလို တစ်ချို့တွေက မူဆယ် (မြန်မာ)ဘက်မှာ နေကြပါတယ်။ သူတို့နေ့တိုင်းဝင်ထွက်ဖို့ ပြသနာရှိပါတယ်။ တစ်ခါဝင်ရင် ၁၀၀ဝ ကျပ်ကို လက်လုပ်လက်စားတွေက ဘယ်ပေးနိုင်မလဲ။ အဲဒီတော့ သူတို့တွေ ခြံစည်းရိုးကျော်ကူးကြပါတယ်။ ဘယ်လိုများကူးပါလိမ့်လို့ စဉ်းစားမရဖြစ်ခဲ့ပေမယ့် တကယ်တွေ့လိုက်တော့မှ အော် .. ဒီလိုပါလားလို့ … ကျွန်မကတော့ တရုတ်ပြည်မထဲမှာ ပန်းခြံတစ်ခုကို ခြံစည်းရိုးကျော်ပြီးဝင်ခဲ့ဖူးလို့ အဲဒါကို သတိရပြီး ရယ်ချင်မိသေးတယ်။ ကျွန်မကျော်ခဲ့တုန်းကလိုပဲ လှေခါးထောင်ပြီး ကျော်နေတဲ့ဗမာတစ်ချို့ကို တွေ့ခဲ့ရတယ်။
ခြံစည်းရိုးဘေးကလမ်းအတိုင်းလမ်းလျှောက်သွားလိုက်တာ ဂိတ်ကြီးနေရာကို ရောက်သွားပါတယ်။ အဲဒီနေရာရောက်မှပဲ တက်စီတွေတွေ့ရတယ်။ တက်စီတွေက မီတာနဲ့မဟုတ်ပဲ ဈေးကို ပြောချင်သလို ပြောကြပါတယ်။ ရွှေလီကို တစ်ယောက် ၅ ယွမ်ဆိုတာ သိထားပြီးသားမို့ ဘယ်လောက်ပြောပြော ၅ ယွမ်လို့ပဲ ပြောပြီး ရွှေလီကို သွားကြတယ်။ သိပ်မဝေးပါဘူး။ ချောင်းကလေးတစ်ခုကို တံတားပေါ်က ဖြတ်သွားပြီးရင် ရွှေလီကိုရောက်ပါတယ်။ မြို့ထဲက တည်းခိုခန်းတစ်ခုနားမှာ ချပေးပါလို့ ကားသမားကိုပြောလိုက်တာ ကျွန်မတို့ကို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုရှေ့ချပေးလိုက်လို့ စိတ်ညစ်ရပါသေးတယ်။ အဲဒီလောက်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဈေးသက်သာတဲ့ တည်းခိုခန်းတစ်ခု ရှာဖို့အတွက် ကိုယ့်ခြေထောက်ကိုယ်အားကိုးပြီး ရွှေလီမြို့ကို ပတ်ခဲ့ကြတာပေါ့ ..
ပတ်ရပါများလာတော့ စိတ်တွေလဲ တိုလာတော့တာပေါ့။ ရွှေလီခရီးသွားစီစဉ်ပေးတဲ့လူတွေ မူဆယ်မှာအများကြီးရှိရဲ့သားနဲ့ မဆက်သွယ်ခဲ့ရကောင်းလားလို့ အဖေ့ကို အပြစ်တစ်မိတာပေါ့။ အဖေကလဲ ကျွန်မကို ဒီလောက်တောင် တရုတ်စကားကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာတောင်မှ ဒါလေးတောင် မလုပ်တတ်ဘူးလားလို့ ပြန်အပြစ်တင်တာပေါ့။ တော်တော်မောလောက်အောင်လျှောက်ပြီးချိန်မှာ မြန်မာနံမည်နဲ့ စားသောက်ဆိုင်တစ်ဆိုင်တွေ့ပါတယ်။ ကျော်ကျော်တဲ့ .. ဘာပဲဖြစ်ဖြစ် တော်တော်ပျော်သွားတယ်။ မေးလို့စမ်းလို့တော့ ရပြီပေါ့နော်။ အဲဒါနဲ့ အဲဒီမှာ စုံစမ်းရတယ်။ တည်းခိုခန်း အဆင်ပြေတာ ဘယ်မှာရှိသလဲပေါ့။ သူတို့ကလဲ သိပ်တော့ မသိဘူး။ သူတို့ဆိုင်နားမှာရှိတဲ့ တည်းခိုခန်းတစ်ခုကိုပဲ လိုက်မေးပေးပါတယ်။ သင်္ကြန်ပိတ်ရက်ဖြစ်နေလို့ အားလုံး ဈေး ၂ ဆ တက်ထားပါတယ်တဲ့။ ၂ ယောက်ခန်းတစ်ခန်းကို ခါတိုင်း ယွမ် ၉၀၊ အခု ယွမ် ၁၈ဝ တဲ့၊ အခန်းအနေအထား တော်တော်ကောင်းပါတယ်။ မဆိုးဘူးဆိုပြီး တစ်ရက်စာအရင်ယူလိုက်ကြတယ်။
ပစ္စည်းခဏထား ကားတစ်စီးငှားပြီး ရေတံခွန်ကို အရင်သွားကြပါတယ်။ ရွှေလီဆိုတာ ကျွန်မအတွက် ၃ ကြိမ်မြောက်ဖြစ်ပြီး အဖေနဲ့ အမေအတွက်က ၅ ကြိမ်မြောက်လောက်ဖြစ်နေပြီမို့လို့ သိပြီးသားနေရာတွေပါပဲ။ မရောက်ဖူးတဲ့နေရာဆိုလို့ ရေတံခွန်တစ်ခုပဲ ရှိတာမို့လို့ အဲဒီကိုပဲ သွားလိုက်ကြတယ်။ ငါးယောက်စီးနိုင်တဲ့ တရုတ်ကား (ပေါင်မုန့်ကား) လေးတစ်စီး ငှားလိုက်တာ အသွားအပြန် ယွမ် ၂၅ဝ ပေးရပါတယ်။ တကယ်သွားကြည့်တော့မတန်ပါဘူး။
မြို့ပြင်ဘက် မြစ်ကလေးတစ်ခုဘေးကနေ သွားရပါတယ်။ လမ်းတွေပြုပြင်နေဆဲမို့လို့ လမ်းသိပ်မကောင်းပါဘူး။ စိမ်းနေတဲ့မြစ်ကြောင်းကို မြင်ရတာကတော့ သာသာယာယာရှိပါတယ်။ နာရီဝက်တောင် မမောင်းရပါဘူး။ ရေတံခွန်ကိုရောက်လာတယ်။ ဝင်ဖို့အတွက် လက်မှတ်ဖြတ်ရပါတယ်။ တစ်ယောက်ကို ယွမ် ၅ဝ ပါ၊ မြန်မာတွေအနေနဲ့ဆိုရင်တော့ ဈေးကြီးတာပေါ့နော်။ ဝင်ကြေး ၇၀၀ဝ ကျပ်လောက်ပေးရတဲ့နေရာ မြန်မာပြည်ထဲမှာ ရှိမှမရှိတာပဲလေ။
လက်မှတ်ဝယ်ပြီး ကားနဲ့ဆက်ဝင်လို့ရသေးတယ်။ အထဲရောက်မှ ကားရပ်နားရာနေရာသီသန့်တွေ့ရပါတယ်။ အပေါ့အပါးသွားတဲ့နေရာတွေနဲ့ ကျယ်ကျယ်ဝန်းဝန်း သန့်သန့်ရှင်းရှင်းပါပဲ။ ယူနန်ပြည်နယ်ဘက်မှာ ဒေါင်းတွေပေါတယ်ထင်ပါတယ်။ ဒေါင်းလေးတွေကို ဟိုနား ဒီနားတွေမှာ တွေ့နေရတယ်။ ဒေါင်းဆိုတာ အရှေ့ကကြည့်ရင်လှသလောက် အနောက်ကကြည့်ရင် ဖင်ပေါ်နေတဲ့ကောင်းပါလားလို့ ….
ရေတံခွန်ဆီရောက်အောင် နာရီဝက်လောက် လမ်းလျှောက်ရအုန်းမှာတဲ့ …
ထူးခြားတဲ့ အပွင့်ပွင့်နေတဲ့ အပင်တွေကို တွေ့ခဲ့တယ်။ ကန္တာရ ရှားစောင်းပင်မှာ အပွင့်တွေ … အရမ်းလှပါတယ်။ အပင်တွေအကြီးကြီး အပင်တွေကလဲ အများကြီးပဲ … ကျွန်မတစ်သက်မှာ တစ်ခါမှ မမြင်ဖူးလို့ အားရပါးရ ဓါတ်ပုံရိုက်ခဲ့လိုက်တယ်။
ပန်းလေးတွေကို သေချာကြည့်ကြည့်ပါနော် … အံ့ဩစရာကောင်းလောက်အောင်ကို လှတာ …
လမ်းကပုံတွေနဲ့ ရေတံခွန်ကပုံတွေကို များများတင်ချင်သေးတာမို့လို့ ဒီမှာခဏရပ်ထားမယ်နော် …
လမ်းလျှောက်ဖို့အသင့်ပြင်ထားကြပါအုန်းလို့ …
29 comments
weiwei
April 25, 2013 at 11:58 am
မနက်စောစော ဆက်သွားမယ်ဆိုကာမှ မီးပျက်သွားလို့ အကြာကြီးစောင့်လိုက်ရသေးတယ် …
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မှာလဲ ဆိုတဲ့ စကားပုံအတိုင်း ဖြည်းဖြည်းချင်းပဲ သွားတော့မယ် …
လိုက်ခဲ့ကြအုန်းနော် ….
KZ
April 25, 2013 at 12:02 pm
ကျန်း:::::::::
မိုက်တယ်ကွာ။
ကျနော် ချစ်တဲ့ ရှားစောင်းပင် ကြမ်းကြမ်းဟာ ဒီလို ပန်းလှလှလေးတွေ ပွင့်တတ်ပါလား သိလိုက်ပါပြီ။
ကူးပါရစေ မဝေ။
အစိမ်းကြမ်းကြမ်းပေါ်က အဝါလှလှလေး။
:528:
weiwei
April 25, 2013 at 12:14 pm
ကူးလို့ရပါတယ် …
စကားလုံးနဲ့ ဘယ်လိုပြောရမှန်းမသိအောင် လှတယ် …
ပန်းဝတ်ဆံက ချိုတယ်နဲ့တူတယ် … ပိတုန်းတွေ ပျားတွေ လာနားနေကြတယ် …
Ma Ei
April 25, 2013 at 1:01 pm
ရေတံခွန်သွားတဲ့လမ်းမှာ ၂၄ ပစ္စည်းပန်းခြံ…
မှောက်ထားတဲ့ ကျောက်တုံးအောက်ကခြေတော်ရာ….
စမ်းချောင်းလေး ဘေးကနေသွားရင်း လှပတဲ့ ရေတံခွန်ကိုတွေ့ရတာ မှတ်မိနေသေးတယ်…
အပြန်မှာ နားနေခန်းနားက toilet ဝင်မှဘဲ တံခါးမရှိ ခါးလောက်အကာလေးတွေ တန်းစီထားတဲ့နေရာဖြစ်နေရော…
:hee:
weiwei
April 25, 2013 at 2:04 pm
အခု တံခါးရှိသွားပြီ .. ခေတ်မှီနေပါပြီ … အသွားအလာပိုများလာပေမယ့် မြန်မာတွေပိုများပါတယ် … မြန်မာတွေ ယွမ် ၅ဝ ပေးပြီး ရေတံခွန်ကို သွားကြည့်နေကြတာလေ ..
ကျွန်မကတော့ မေမြို့က ဓါတ်တော်ချိုင့်လောက်မလှတဲ့ရေတံခွန်ကို ယွမ် ၅ဝ ပေးရတာ မတန်လို့ အပြန်မှာ ဓါတ်တော်ချိုင့် ဝင်ခဲ့လိုက်သေးတယ် … အများကြီးပိုလှတယ် .. ဒါပေမယ့် အများကြီးလဲ ပင်ပန်းတယ် ..
ခင်ခ
April 25, 2013 at 1:04 pm
( ကျယ်ဂေါင်ကို ဝင်တဲ့ ဂိတ်တစ်ခုရှိပါတယ် …………….လူတစ်ယောက်အတွက် ၁၀၀ဝ ကျပ်ပေးရပါတယ်။ မှတ်ပုံတင်မဟုတ်ပဲ ကျောင်းသားကဒ်၊ ကားလိုင်စင်၊ ဝန်ထမ်းကဒ် စတာတွေပဲပါရင် ၂၀၀ဝ ကျပ်ပေး ရပါတယ်။ အရမ်းမြန်ဆန်တဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့နေရာပေါ့။ )
အဲဒီမှာ တစ်ခုသိချင်ပါတယ် မဝေ ရေ။ မော်တော်ကားရော နယ်စပ်ဖြတ်ကျော် ယူသွားလို့ရသလား၊ လူ ဘဲ ကူးခွင့်ရှိတာလား အဲဒါလေးပါ။
ဆက်ပြီးလိုက်ပါအုံးမယ်နော် … ဆက်ပါအုံး။
weiwei
April 25, 2013 at 1:57 pm
မော်တော်ကား မြန်မာနံပါတ်နဲ့ ကြယ်ဂေါင်ဘက်မှာ တွေ့ခဲ့တယ် … ဘယ်လိုဝင်သလဲတော့ မသိဘူး … တရုတ်နံပါတ်ကားတွေလဲ မူဆယ်ဘက်မှာ တွေ့နေရတယ် ..
kolumbus
April 25, 2013 at 2:26 pm
ကြယ်ဂေါင်အထိ လွယ်လွယ်ကူကူ ကားဝင်လို့ရပါတယ်… ကားဝင်ပေါက်က မဝေတို့ဝင်ခဲ့တဲ့ အပေါက်ပါ… ရွှေလီထဲ အထိဝင်သွားတဲ့ မြန်မာနံပါတ်နဲ့ ကားတွေလည်းတွေ့ဖူးတယ်… တရုတ်ကားတွေလည်း မူဆယ်မှာမောင်းလို့ရတယ်… ၁၀၅မိုင်တော့ ကျော်လို့မရပါ…
စနေ
April 25, 2013 at 3:37 pm
လေးခင်ခရေ ကားက ကျယ်ဂေါင်အထိပဲဝင်လို့ရပါတယ် … ရွှေလီအထိမရဘူး… အခု မဝေပြထားတဲ့ အပေါက်က နန်းတော်ပေါက် (အလယ်ပေါက်) လို့ခေါ်ပါတယ် … အဲဒီကနေတော့ ကားဝင်လို့မရပါဘူး … ဆင်ဖြူပေါက်ရယ်၊ မန့်ဝိန်းပေါက်ရယ်ဆိုပြီး ဝင်ပေါက် (၂)ခုရှိပါသေးတယ် …
အဲဒီ (၂)ပေါက်ကနေတော့ ကားဝင်လို့ရပါတယ် … ကားဝင်ချင်ရင် တရုတ်ဘက်က တံဆိပ်ထုတဲ့နေရာမှာ
စာရွက်လေးတွေ ထားပေးထားပါတယ်။ အဲဒီမှာ ကိုယ့်ကားနံပါတ်ရေးပြီး ကိုယ့်ပတ်(စ်)ပို့လေးနဲ့ တရုတ်ကို
တွဲပေးလိုက်ရင် ရပါတယ် …
ခင်ခ
April 25, 2013 at 4:06 pm
kolumbus နဲ့ စနေ ရေ အခုလို ပြန်ကြားရှင်းပြပေးတာအတွက် ကျေးဇူးအထူးတင်ပါတယ်နော်။
အရီးခင်လတ်
April 25, 2013 at 2:40 pm
မရောက်ဖူးတဲ့ နေရာကို ခေါ်သွားလို့ ကျေးဇူးပါ ချစ်နှမလေး ဝေဝေ ရေ။
ပန်းတွေက အတော်လှတာ။
အပြင်မှာလဲ အဲဒီလို အစိမ်းရောင်ဘဲလား။
ပန်းအစိမ်းရောင် ကို အရင်က မြင်ဖူးလား ဆိုတာ ပြန် ရီကော လုပ်နေမိတယ်။
Foreign Resident
April 25, 2013 at 2:54 pm
သစ်ခွပန်း အစိမ်းရောင် ကတော့ ရှိမှရှိ ။
လက်ရှိ ရန်ကုန် အိမ်မှာတောင် ရှိသေး ။
အပင်လိုက် ယိုးဒယား က ဝယ်လာတာ ။
ယိုးဒယား က မျိုးစပ် အရောင်စပ် ကျွမ်းတယ် ။
weiwei
April 25, 2013 at 4:35 pm
ပန်းလေးတွေက အဝါပါ အရီးလတ်ရဲ့ … အစိမ်းဘက်နဲနဲသမ်းတဲ့ အဝါရောင်လေးပေါ့ …
ဖယောင်းနဲ့လုပ်ထားသလို ချောမွေ့ပြီး စိုစွတ်လှပနေတာက စွဲဆောင်မှုရှိတယ်
ကိုပေါက်(မန္တလေး)
April 25, 2013 at 4:16 pm
ကျနော်ကတော့ ရေတံခွန်မရောက် ဘူးသေးဘူးဗျ။
သူတို့ထုတ်ပေးတဲ့ အစိမ်းရောက်ကဒ်ပြားလေးက တစ်ပါတ်နေလို့ရတယ်။
တကယ်လို့ ပြန်ထွက်ပြီး ပြန်ဝင်ရင် တစ်ခါ အသစ်ပြန်လုပ်ရပါသတဲ့။
အလုပ်သမားများအတွက်ကတော့ တစ်ရက်ခြင်းဝင်ရင် သုံးရာကျပ် လို့သိရပါတယ်။
weiwei
April 25, 2013 at 4:38 pm
၃၀ဝ ကျပ်ထဲနဲ့များ ဘာလို့ခြံစည်းရိုးကို ကျော်နေကြပါလိမ့်နော် … မတော်လို့ တစ်ခုခုဖြစ်ရင် မတန်လိုက်တာ ..
ကျွန်မတို့လဲ ၂ ည အိပ်မယ့် အစီအစဉ်ကနေ တစ်ညပဲ အိပ်ခဲ့တယ် … အဖေက ထပ်နေချင်ပေမယ့် အမေက တည်းခိုခန်းခ ဈေးကြီးတယ်ဆိုပြီး ပြန်လာကြတာ … ဘာမှ အထွေအထူး လည်စရာမရှိပေမယ့် လမ်းလျှောက်လို့ကောင်းတယ်။ ငေးလို့ကောင်းတယ်။ စားလို့ကောင်းတယ် ..
MaMa
April 25, 2013 at 4:41 pm
ကန္တာရရှားစောင်းက ဒီလို လှတပတ ပန်းပွင့်တယ်ဆိုတာ အံ့ဩမိတယ်။
ရှားစောင်းပင်ဆိုတာ ဆူးနဲ့ မလှမပအပင်လို့ သိထားတာ။
ရွှေလီက ဝင်ပေါက် ၃ပေါက်ရှိတယ်ဆိုတာလည်း ခုမှသိရတယ်။
ရွှေလီဘက်ကို မြန်မာကားတွေ ဝင်လို့ရတယ်ဆိုတာ သိရလို့ ဘယ်အထိသွားလို့ရလဲဆိုတာ သိချင်သား။
စနေ
April 25, 2013 at 4:56 pm
မြန်မာကားတွေက ရွှေလီအထိဝင်လို့မရဘူး အန်တီမမ …. 🙂
ကျယ်ဂေါင်အထိပဲရတာ ….. မူဆယ်ကနေဝင်ရင် ကျယ်ဂေါင်ရောက်ပါတယ် …
ကျယ်ဂေါင်ရောက်ရင် အသိရှိတဲ့နေရာမှာ ကားထားပြီး
အငှားကားနဲ့ ရွှေလီပြန်သွားရတာပါ …..
စနေ
April 25, 2013 at 4:57 pm
ဟိဟိ .. မမဝေ မဖြေခင် အရင်ဖြေပေးလိုက်ပြီနော် ……… 🙂
MaMa
April 26, 2013 at 7:06 am
ဦးအောင်ဖြေပေးတဲ့ မီးလေးကို ၁မှတ်ပေးလိုက်ပါတယ်။
အမှတ်တွေ စုထားနော်။
သဂျီးပွိုင့်တွေလို ၁၀၀၀၀ဝ ပြည့်ရင် ငွေသား ထုတ်ပေးမယ်။ 😉
ဂန္ဓာရီ ဆြာအုပ်
April 25, 2013 at 5:17 pm
တရုတ်လို ၅ ယွမ် ကိုဘယ်လိုပြောလဲဟင်
ဒေါင်းလေတွေက လှလိုက်တယ ဖမ်းချင်စရာလေး
weiwei
April 25, 2013 at 5:22 pm
wu kuai (ဝူ ခွိုက်) လို့ ပြောတယ် …
စနေကို ကျေးဇူးတင်ပါတယ် …
စနေရဲ့ အေဗာတာကို ကြည့်ရတာ အရင်တုန်းက မီးလေးဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အေဗာတာနဲ့ တူနေတယ် ..
စနေ
April 25, 2013 at 5:29 pm
စနေ = မီးလေး …… 😛
weiwei
April 25, 2013 at 5:31 pm
ဟုတ်လား … မိတ်ဟောင်းဆွေဟောင်းတွေပဲ …
ပြန်တွေ့ရတာ ဝမ်းသာတယ် …
ဦးကြောင်ကြီး
April 26, 2013 at 9:38 am
မီးလေးကို
နှီးထွေးလို
အီးမေးလ်ကို
ဖြီးဈေးဆို
သီးမွှေးပျို
ရီးလေးလို
ပြီးတွေးဟို
ဇီးဖွေးယို…
Mr. MarGa
April 25, 2013 at 7:16 pm
ကဲ……….
တစ်ခါမှ မရောက်သေးတဲ့ ရွှေလီတော့ ရောက်သွားပြီ
ရှုခင်းအလှအပတွေကို အားရပါးရကြည့်သွားသဗျို့
နောက်တစ်ပိုင်းမှ ရေတံခွန်ကို ရှုစားမယ် :hee:
အရှင် သခင် ဆရာ ကိုယ်တော် mobile
April 26, 2013 at 5:00 am
ကြည့်ရတာတော့ သွားချင်စရာလေးပဲဗျာ…..
ကျုပ်လည်း နောက်နောင် အချိန်ရမှသွားအုံးမယ်…..
လက်မှက်ခ ၇၀၀ဝ ပေးရတဲ့နေရာမျိုးကိုဝင်ရင်
၇၀၀ဝ နဲ့တန်အောင် ပစ္စည်းတစ်ခုခုကို မခဲ့ရတယ်ဗျ……
ကျုပ်သွားလို့ကတော့ ၁၀၀၀ဝ ဖိုးလောက်မလာမယ်……
ဦးကြောင်ကြီး
April 26, 2013 at 9:33 am
ကြယ်ဂေါင်
ရှယ်စောင်
ဝယ်လှောင်
ထည်ပြောင်
လွယ်အောင်
ဘယ်နောင်
ငယ်မောင်
အယ်ဖောင်..။
TNA
April 26, 2013 at 12:47 pm
ရှားစောင်းပန်းလေးတွေကတော့ ခုမှမြင်ဖူးတာမို့ ကျေးဇူးပါ။ လမ်းမလျှောက်နိုင်တော့လို့ မဝေနာမည်ပြော ပြီးကြယ်ငါးပွင့်ဟိုတယ်မှာပဲတည်းလိုက်ပါတယ်။
ဆူး
April 26, 2013 at 2:35 pm
ရာသီဥတု က အဆင်ပြေတော့ သွားရလာရတာ စိတ်ချမ်းသာတယ်…
ပူရင် လူက အလိုလို နုံးပြီး မပျော်တော့ဘူး..
ရွှေလီ ကို ဆူး ရောက်တဲ့ နှစ်တုန်းက.. အအေးလှိုင်းဖြတ်လို့.. အနွေးထည်တွေ အရမ်းရောင်းကောင်းကြသလို.. ကိုယ်တိုင်လည်း ပါသွားတဲ့ အနွေးထည် မလောက်လို့ ဝယ်ဝတ်ခဲ့ရတယ်။
လက်အိတ်ခြေအိတ်က ချွတ် ကို မချွတ်ခဲ့ရဘူး.. အမှတ်တရပေါ့