“ဝလုံးရေးဖို့ ညီလေးထိုင်”

nicolus agralMay 24, 20131min3708

ဝမရှိပဲ ဝိလုပ်လို့ မရဘူးဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဝတွေချည့်သက်သက် ဝိ လုပ်ကြမလို့ ဝိဝါဒ မကွဲပြားရအောင် ဝပြည်နယ်ထောင်ပေးပါဆိုတာကတော့ ဝီလိုဝီလိုတွေ ဖြစ်ကုန်မှာစိုးလို့ ဝင်ပါရဦးတော့မှာပဲ။ တကယ်တော့ ဒီအကွက်ကြီးက ဆင်ဖဲကြီးလို့ ထင်ပါတယ်။ ဒီအသံတွေထွက်လာစေချင်လို့ ဟ ထားပေးတာ မဟုတ်ဘူးလား။ ပအို့ဝ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးတယ်။ ကိုးကန့်တွေကိုလည်း အထူးဒေသနဲ့ အုပ်ချုပ်ခွင့်ပေးတယ်။ ဒီလိုသာ တစ်စစီဖဲ့ချွေပေးရရင် ဓနု၊ ပလောင်၊ အင်းသား၊ အခါ၊ ဘယ်ဟာမှ ချန်ထားလို့ ရမှာ မဟုတ်ဘူး။ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက စာရင်းအရကို ၁၃၅ မျိုး ရှိသတဲ့။ ၁၃၅ စိတ် စိတ်လို့မရတာ လူတိုင်းသိပါတယ်။ ဘယ်တုန်းကမှ အမည်ပေါက် စာရင်းဝင် မဟုတ်ခဲ့တဲ့ ဘင်္ဂါလီတွေကမှ ရိုဟင်ဂျာနံမယ်တပ်ပြီး တိုင်းရင်းသား အခွင့်အရေးတောင်းနေကြသေးရင် လွတ်လပ်ရေးမရခင်ကတည်းက ဝပြည်နယ်ဆိုတာကြီး ရှိတာ ဗိုလ်ချုပ်အောင်ဆန်းအသိပါ လို့ သက်သေထူရင်း သီးခြားအုပ်ချုပ်ခွင့်ပေးပါ တောင်းဆိုတယ် ဆိုတာ အလွန်တော့ မရှိပါဘူး။ ပြောသားပဲ အစကတည်းက သည်ယုန်ကြီးက မြင်ပြီးသားကြီးပါလို့။

အမှန်တော့ ဝတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးက တောင်းစရာမှ မလိုပဲ။ အခုလည်း သူတို့နယ်မှာ သူတို့စစ်တပ်နဲ့ အုပ်ချုပ်နေတာ မဟုတ်လို့လား။ ဘယ်သူအသိအမှတ်ပြုပြု မပြုပြု ဟိုဘက်အိမ်က အသိအမှတ်ပြုလို့ လေယာဉ်ပျံတွေ၊ တင့်ကားတွေတောင် ဝယ်ထားပြီးပြီတဲ့။ လက်နက်ဆိုတာကတော့ “သေးသေးလေးပဲလား။ ကြီးကြီးလား။ သေးသေးကြီးကြီးလား။” သာမေးကြည့်။ နေပူတော်က မီးထိန်ထိန် လွှတ်တော်ကြီးထဲမှာ လာအိပ်ငိုက်ဖို့တော့ သူတို့လည်း သခွပ်ပင်က မီးတကျီကျီ တောင်းနေမယ် မထင်ပေါင်။ နိုင်ငံတကာက အသိအမှတ်ပြုမှ ကိုယ့်ပြည်မှာ ကိုယ်အုပ်ချုပ်လို့ ရမယ်ဆိုရင် ကျုပ်တို့တိုင်းပြည် ဘယ်တုန်းက ငုတ်တုတ်ထွက်ထိုင်နေခဲ့ရဖူးလို့လဲ ပြောစမ်းပါ။ သူများနိုင်ငံတွေနဲ့ သံခင်းတမန်ခင်း ထရံချင်းအမိုးချင်း လဲလှယ် နှီးနှောနေစရာလည်း သူတို့အတွက်က လိုမှမလိုပဲဗျာ။ အဲသည်လူတွေ လာရှုပ်မှာတောင် ကြောက်နေရတာ။ စဉ်းစားကြည့်လေ။ ရွှေမထွက် ကျောက်မထွက်။ လက်ဘက်စိုက် တောင်ယာခုတ်ပြီး ရပ်တည်နေတယ်များ မှတ်နေသလား။ မသိသေးရင် လေ့လာလိုက်ဦး။

အခုလက်ရှိအခြေအနေသာ သူတို့အတွက် အဆင်ပြေဆုံး။ ငြိမ်းချမ်းရေးဆိုတာ ကိုယ်တွေဘက်ကမှ လိုချင်တာ မဟုတ်ဘူး။ သူတို့လည်း ငြိမ်းငြိမ်းချမ်းချမ်း ကိုယ်လုပ်ချင်တာကိုယ်လုပ်ပြီး နေချင်ကြတယ်။ ဒါကြောင့် ရှုပ်ရှုပ်ရှက်ရှက် ဝပြည်နယ်ဘက်မှာ ဘယ်အစိုးရဝန်ထမ်းမှ ခန့်ထားပေးပါ မပူဆာဘူး။ အန်ဂျီအိုတောင် လက်မခံ။ ဘယ်သူမှလည်း အဝင်မခံဘူး။ သူတို့ဘာသူတို့ပဲ အုပ်ချုပ်နေနှင့်ပြီးသား။ သူတို့ဘက်က သမိုင်းပြောတဲ့သူကြီးက မြန်မာစာအုပ် ဘိုစာအုပ်၊ အကိုးအကားတွေနဲ့ လာပြောနေလို့ သည်ကလည်း သူမှီးတဲ့ ဘိုစာအုပ်ကြီးကိုပဲ ပြန်ကိုးကားလိုက်ပါ့မယ်။ ဝလူမျိုးတွေမှာ အယဉ်အရိုင်းနှစ်မျိုး ကွဲပြားပါတယ် လို့ ရေးပြီးတဲ့နောက်ကို ဆက်ဖတ်ရင် ဝရွာကလေးတစ်ရွာ အကြောင်းပါတယ်။ အိမ်ခြံစည်းရိုးမှာ လူအရိုးခေါင်းကလေးတွေ စွပ်ထားတဲ့ ဓလေ့ရှိတယ်ဆိုတာလေ။ ကမ္ဗောဒီးယားက လူသတ်ကွင်းမှာလို အရိုးစုကလေးတွေ ပြပြပြီး ငိုချင်းသည်ဧည့်ခေါ်စားဖို့ တပ်ထားတာ မဟုတ်ဘူး။ ရွာထဲ သူစိမ်း (ရန်သူ) လာရင် သတ်ပြီး ခေါင်း အဲသမှာ ချိတ်ထားတာတဲ့။ ဟုတ်တာ မဟုတ်တာတော့ အဲဒီစာရေးတဲ့သူနဲ့ပဲ ငြင်းချေ။ သူလည်း သူ့စာအုပ်သူ ဖတ်ကောင်းအောင် ဖွတာနေမှာပါ။ အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့ အချိန်တုန်းကဆိုတော့ ရှိချင်လည်း ရှိမှာပေါ့။ ကိုယ်တွေငယ်ငယ် သူငယ်တန်းဖတ်စာအုပ်ထဲက နာဂလူမျိုးတွေတောင် မောင်းကလေးတစ်လုံးပဲ အုပ်သေးတာ မဟုတ်လား။ တို့ဗမာတွေလည်း မင်းတုန်းမင်းကြီးဆီခစားတုန်းက ရွှေရင်ဖုံးတုံ့ မဖုံးတုံ့နဲ့ပါ။ သူ့ခေတ်နဲ့သူ တိုးတက်လာရမှာပေါ့။ ဒါကြောင့် သူတို့လည်း သီးခြားကမာ္ဘမှာ ဆက်နေလို့ မရတော့ဘူး။ တို့တွေနဲ့ စိတ်ဝမ်းမကွဲ လက်တွဲအတူနေကြရတော့မယ်။ အရင်ဆုံးကတော့ အပစ်အခတ်ကလေးတွေ ရပ်လိုက်ကြဖို့ပေါ့နော့။ “ဒါများ ရပ်ထားတယ်လေ။ နင်တို့ပဲ လာလာစ နေပြီးတော့” လို့ အပြောခံရတော့မှာပဲ။

ပြဿနာကတော့ ကိုယ့်ဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ခေါင်းဆောင်တွေက ပြောင်းသွားကြရော။ ထို့အတူပဲ ကိုယ့်ဘက်က နိုင်ငံရေးအခင်းအကျင်းကြီးကလည်း ပြောင်းလဲလာပြန်ရော။ ဒီအခါမှာ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးယူ၊ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးသဘောထားတွေ ပြန်လည် ညှိနှိုင်းစရာ လိုလာတယ်။ လိုရင်းပြောရရင် “တို့ဘက်မှာ အစိုးရသစ် ပြောင်းသွားပြီ။ မင်းတို့တွေက အခုအစိုးရနဲ့ကော သူပုန်ပဲ ဆက်လုပ်ဦးမှာလား။ ငြိမ်းချမ်းရေးလေး ဘာလေး မလိုချင်ဘူးလား။” ပေါ့။ ဟုတ်တာ မဟုတ်တာ နောက်ထား။ ဒီဘူတာကတော့ စထွက်ရမှာလေ။ လက်တွဲမယ်ဆိုရင်တော့ သည်အတိုင်း မရတော့ဘူး။ တို့ပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာ ရှိတယ်။ အဲသည်အတိုင်း မင်းတို့လည်း လိုက်နာကြရမှာ။ အဲဒီလိုဆိုရင် နိုင်ငံတစ်နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ဗျောက်သောက်ရှိနေလို့ မရဘူး။ မင်းတို့လက်ထဲက လက်နက်တွေ ငါတို့ဆီ အပ်လိုက်ပါလား လို့ သွားတောင်းလို့ရော ရမလား။ ဝတွေကိုများ မအဘူးမှတ်နေ။ (ဝ နဲ့ အ နဲ့ ကြားမှာ သုံးလုံးပဲ ကွာတာ။ နီးစပ်တယ်။) ဦးအောင်ဇေယျခေတ်တုန်းကလို သစ္စာရေတိုက်ပြီး ပြန်လာလို့ရတာလည်း မဟုတ်။ သူရောကိုယ်ပါ ရပ်တည်လို့ရတဲ့အခြေအနေတစ်ခုကို ဖန်တီးပေးမှ ရမယ်။ ညှိနှိုင်းတယ် ဆိုကတည်းက တစ်ဘက်သတ်တောင်းဆိုလို့ လည်း မရနိုင်ဘူးလေ။ ဒါကြောင့် ကိုယ့်ဘက်က လိုက်လျောမှုဆိုတာတွေလည်း အတိုင်းအတာတစ်ခုအထိ ရှိကို ရှိရတယ်။

ဒီအခါမှာ သူပုန်မဟုတ်တဲ့ တိုင်းရင်းသားတွေအတွက် အသည်းနာစရာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ “ခင်ဗျားတို့က တောထဲကကချင်မှ ကချင်ထင်တာလား။ ဒါဆို ကျုပ်တို့ရော တောခိုလိုက်ရမလား။” လို့ စကားနာထိုးတဲ့သူတွေလည်း ရှိလာတယ်။ တကယ်တမ်း ပြောကြကြေးဆိုရင် အဲသည်လက်နက်ကိုင် အဖွဲ့အစည်းကရော သူ့တိုင်းရင်းသား လူများစုကို ကိုယ်စားပြုပါ့မလားဆိုတာလည်း ပြဿနာ ဖြစ်လာတယ်။ အဲသည်ချည်ခင်ကြီးကတော့ ဘယ်လိုမှ ရှင်းမရနိုင်တာ အသေအချာပဲ။ စကတည်းက အစိုးရကို ပုန်ကန်ချင်ရင် မြို့ပေါ်တက်နေလို့မရပဲ နယ်စပ်မျဉ်းကြား လှည့်လည်ကျက်စားရတာမို့ရော၊ လက်နက်ငွေကြေး အထောက်အပံ့ကို တစ်ဘက်နိုင်ငံက ရယူရတာကြောင့်ရော သူတို့ရဲ့ဘဝဟာ သည်ဘက်ကို ကန်ချင် ဟိုဘက်ကိုမှီထားရတယ်။ သူများဆီက အကူအညီကို ယူထားပြီးမှ သူများအိမ်ကဟာတွေကို “မလာပါနဲ့ အချစ်ရေ မလာခဲ့နဲ့။” လို့ အော်ပြီး လက်မခံလို့ကလည်း မရပြန်ဘူး။ အဲဒါနဲ့ပဲ သူတို့မြို့ရွာတွေဟာ ပီကင်းစံတော်ချိန်ကိုက် ဖြစ်ကုန်တယ်။ နောက်ဆုံးတော့ နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့အရေးဟာ ကိုယ့်မောင်နှမသားချင်းချင်းဖြစ်တဲ့ အိမ်တွင်းရေးသက်သက်တင်မကတော့ပဲ နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုတဲ့ National Security အထိ အရေးပါလာတဲ့အခါမှာ ပေါ့ပေါ့လေး သဘောထားလို့ မရတော့ဘူး။ ခက်တာက ဘယ်သူကမှလည်း လေးကြီးကြီး သဘောထားရမယ် လို့ ဉာဏ်မမီဘူး။ ကျောက်ခဲရေညှစ် ဆီမဖြစ်တဲ့ ကိစ္စတွေမှာ အုန်းစားရင် ညလေးတို့ဘဘ ဆိုးထားတဲ့ခေါင်းလေး ဖြူသွားမှာပေါ့။

ပြောတော့သာ ကပ္ပိလဝတ်၊ ရာဇဂြိုလ်လို တိုင်းခြားပြည်ထောင် တစ်နေရာစီမှတ်နေရတာ။ သူတို့ချင်းချင်းက သားပေး သမီးယူ မကင်းရာမကင်းကြောင်းတွေ။ ကိုးကန့်မှာ ရန်အိမ်နဲ့ ဖုန်အိမ်နဲ့ အိမ်ကြက်ချင်းခွပ်ကြတော့ ယာလည်းညက် ကြက်လည်းပန်းအောင်စောင့်ပြီး ငြိမ်းချမ်းရေးဝင်ယူ အပစ်အခတ် ရပ်စဲပြီး ဘိန်းပပျောက်ရေးနဲ့ အမှတ်တွေ သိမ်းကြုံးယူသွားတဲ့ဘဘကြီးဟာ “ရန်” ကို အတွင်းထဲမှာ စောင့်ရှောက်ပေးပြီး “ဖုန်” ကို သူ့ရပ်သူ့ရွာတင် စည်းစိမ်မပျက် စံစားစေတယ်။ Win Win အဖြေကို သူ့အတွက်ပါ Win အောင် ထုတ်သွားနိုင်တဲ့အတွက် တို့များဆရာဝန်တွေ နယ်စပ်မှာ ထမ်းဆောင်စရာ အထူးဒေသဆေးရုံကြီးတွေ အလျှိုအလျှို ပေါ်ပေါက်ခဲ့တာပေါ့။ (ကျေးဇူးပါ ဘဘရယ်။ နို့မို့ဆို ဘယ်ရောက်ဖူးလိမ့်မလဲ။) ဒါပေမယ့် အဲသည်အချိန်မှာကတည်းက ဝဒေသကတော့ ဆိဇ်ဖိုင်းယားလောက်ဆို တော်ရောပေါ့။ အနားတော့ ကပ်မလာနဲ့ဆို ခပ်ခွာခွာနေတယ်။ ကိုးကန့်မှာနေတုန်းက တရုတ်ပြည်သာ ဝင်လည်လို့ရခဲ့တယ်။ ဝပြည်ထဲကိုတော့ မျှော်ရုံပဲ မျှော်ကြည့်လို့ရတယ်။ သူလျှိုထင်ရင် ခြံစည်းရိုးပေါ် ရောက်သွားမှာ သားသားကြောက်ကြောက်။ ဒါပေသိ ဘဘကြီး မရှိတော့တဲ့နောက်မှာ ဖုန်တွေ ရန်တွေလည်း အမ်းတမ်းတမ်း ဖြစ်ကုန်တယ်။ ကိုယ်တို့အထဲကလူတွေတောင် မင်္ဂလာဆောင် မဖိတ်ဝံ့။ လမ်းမှာတွေ့ နှုတ်မဆက်ဝံ့ ဖြစ်ကုန်ကြတဲ့အမျိုးဆိုတော့ အရင်ဘဘ နဲ့ နောက်ဘဘအကြားမှာ မင်းက သူ့တပည့်လား စပါးမွှေးအစူးမခံရအောင် အတိတ်ကို မသိမသာရော သိသိသာသာပါ ပြည်ဖုံးကားချရတယ်။ ဒါကြောင့် ကိုယ်တွေနဲ့ စိမ်းတိမ်းတိမ်းဖြစ်နေရာကနေ သူတို့ဘက်မှာ တစ်ခါ နိုင်ငံရေး ပြောင်းလဲပြန်တယ်။ ဖုန်အိမ်က နန်းဆင်းပေးရပြီး ပယ်ခေါင်းဆောင် တက်လာတယ်။ ဒီဇာတ်လမ်းတွေက အာသံ မဏိပူရမှာကတည်းက တို့ဗမာတွေ ဖန်တစ်ရာတေအောင် က လာပြီးသားပါ။ နောက်ဆုံးတော့ မြန်မာနိုင်ပြီ။ တို့မြန်မာနိုင်ပြီ။ သီချင်းပဲ ဆက်ဖွင့်ကြတာပေါ့။

ဒီဇာတ်လမ်းဟာ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက်တော့ တော်တော် သင်ခန်းစာယူစရာ လို့ အောင့်မေ့သွားကြတယ်။ ဖုန်ကျားရှင်ကြီးကို “နင်က မြန်မာတွေကို ယုံတာကိုး။ အခုတော့ ပြေးရပြီ မဟုတ်လား။” လို့ မပြောပဲနေမလား။ ကိုးကန့်နဲ့ ဝနဲ့က ဆက်နေသလို မြောက်ဘက်ကိုတက်လိုက်ရင် မူဆယ် နမ့်ခမ်းကနေ ကေအိုင်အေ ကေအိုင်အိုတို့နဲ့ကလည်း ဆက်နေပြန်ရော။ ဟိုဘက်သွားရင် လိုင်ဆာရှိတယ်လေ။ ကိုယ်တွေဘက်ကကြည့်ရင်သာ ပြည်နယ်တစ်ခုစီပေမယ့် ဟိုဘက်ခြမ်းမှာက တသားတည်းရှိလေရဲ့။ ကိုးကန့်မှာပြီးတာနဲ့ ငါတို့ဘက်လှည့်လာမှာပဲ ဆို အကုန်လုံး အသင့်အနေအထား ဖြစ်ကုန်ကြပါတယ်။ သူတို့အားလုံးက လက်နက်တွေ အပ်ပြီး နယ်ခြားစောင့်တပ်လုပ်ဖို့ဆိုတာ ဘယ်သူ့အာမခံစကားကို ယုံလို့ရမှာလဲ။ တစ်ယောက်က အဆိုတင်သွင်း နောက်တစ်ယောက်က ကန့်ကွက်၊ မဲလည်းခွဲလိုက်ရော ပျက်သွားရောမို့ တို့လခလေးတွေတောင် မတိုးဖြစ်ဘူးလေ။ တွေ့ဘူးလား။ ကြိုးတော့ ကြိုးစားနေကြပါတယ်။ ဘယ်နှစ်ခါရှိပတုန်း။ သွားသွားစေ့စပ်နေရတာ။ သူ့ခမျာ “ခြောက်နာရီဆို အဖေရယ် ပြန်လာပေးပါ၊” ဆိုတာတောင် မပြန်နိုင်ရှာဘူး။ အဲသည်လူကြီး ငြိမ်းချမ်းရေးညှိတာ ဘယ်မှာသွားသွား ညှိရသလဲဆိုတာ သိရင် ဟိုဘက်က ဘယ်သူ့ကျောထောက်နောက်ခံလဲ သဘောပေါက်လိုက်တော့နော်။

တခါတုန်းက ရွာတစ်ရွာမှာ ဘုန်းကြီးပျံ အရပ်ဇာတ်ကကြတော့ ထွန့်ထွန့်လူး ကချင်နေတဲ့ သမီးဖြစ်သူကို သူ့အဖေက “မကပါနဲ့ မကပါနဲ့” အတန်တန်တားသတဲ့။ သမီးကလည်း ပိုးထတော့ တားမရဘူး။ ဇာတ်ကတဲ့ညကျတော့ ဖအေခမျာ မနေနိုင်ပါဘူး။ သူ့သမီးသူ ပွဲခင်းထဲက အားပေးရတာပေါ့။ ကတာက မပဋာ ကိုဒါသဇာတ်။ စင်ပေါ်မှာ လင်ကိုမြွေကိုက်လိုက် ငိုလိုက်၊ သားကိုစွန်ချီလိုက် ငိုလိုက်၊ အငယ်ကောင်ရေနစ်လိုက် ငိုလိုက် လုပ်နေတဲ့သမီးကိုကြည့်ပြီး ဖအေခမျာလည်း စင်အောက်မှာ မျက်ရည်နဲ့ မျက်ခွက်ပဲတဲ့။ နောက်ဆုံးတော့ မတ်တတ်ထရပ်၊ ပုဆိုးခါးပုံစကြီးနဲ့ မျက်ရည်တွေသုတ်ရင်း “ကမြင်းမလေး။ ငါက သည်အရေတွေ ကြိုမြင်လို့ မကပါနဲ့ မကပါနဲ့ အတန်တန်တားနေတာ မရဘူး။ ငါက နင့်အရင် ကလာတာ ဟဲ့။ မြွေကိုက်လို့သေရ၊ စွန်ချီလို့သေရ၊ ရေနစ်လို့သေရနဲ့ သေချင်းဆိုးတွေချည့်လာမှာ သိပြီးသား။ ခုတော့ နင့်ကြောင့် ငါ့မှာ ကြီးတောင့်ကြီးမား တိုက်ပြိုပြီး သေရပြန်ဦးမယ်။ အဲလောက်တောင် ငိုချင်နေရင် ငိုလိုက်စမ်းဟဲ့။ ငါလည်း သေလိုက်စမ်းမယ်။” ဆို စင်ပေါ်တက် ပက်လက်ကြီး အိပ်သတဲ့။

တိုင်းရင်းသားတွေက ဖက်ဒရယ် ဖက်ဒရယ် နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဖို့ပဲ မြင်နေကြတာဗျ။ တကယ်တော့ အဲသည်ဇာတ်လမ်းလည်း ကျုပ်တို့က ကပြီးသားကြီး။ ပေးလိုက်လို့ သူတို့ထင်နေသလို ဈေးနီးကျောင်းနီး မှတ်တိုင်နီး ရေမီးအစုံ လေထီးခုန် ပြည့်စုံမသွားဘူး။ အုပ်ချုပ်သူ လက်တစ်ဆုပ်စာလောက်က အခွင့်အရေးတွေ ဆက်ပြီး လက်ဝါးကြီးအုပ်လာကြဦးမှာ။ တိုင်းသိပြည်သိ နိုင်ငံတကာ မျက်စိအောက်မှာတောင် နှစ်ပေါက်တစ်ပေါက် ရိုက်နေတာများ၊ ကိုယ့်ပြည်နယ်နဲ့ကိုယ်ဆိုရင် တွေးသာကြည့်တော့။ ရပ်ကျေးအဆင့် ရွေးဖို့ တစ်ညလုံး ဓါးနဲ့လိုက်သတ်နေတာ ရခိုင်မှာ ကြားဖူးခဲ့တယ်။ တရုတ်ငွေတွေ ဆာလာအိပ်ကြီးနဲ့ လူလေးငါးယောက်ထမ်းပြီး သိမ်ဆင်းလောင်းတဲ့ ကိုးကန့်ခေါင်းဆောင်ကြီးရဲ့ တောင်ပေါ်ရွာမှာ ကျုပ်တို့ ငှက်ဖျားသွားကုရင်း ပိန်းဥဟင်းနဲ့ စားခဲ့ဖူးပါတယ်။ သူ့ရှိသူစား၊ ကိုယ့်ရှိကိုယ်စားပါ။ မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့။ ဟိုကောင်လေးဆီက ပိုက်ဆံတွေလိုချင် မီးပွိုင့်နီခိုင်းပြီး ပါးရိုက်ခံမှ ရမယ်။ ရှေ့ဆက်သွားရင် မြွေကိုက်မှာ၊ ရေနစ်မှာ၊ စွန်ချီမှာ၊ တိုက်ပြိုမှာတွေ ကြိုသိနေလို့ အဲဒီဇာတ် မကနဲ့လို့ ပြောတာ နော်။ တားမရရင် ဆက်သာက။ သည်ကလည်း မျက်ရည်စက်လက်နဲ့ ဘိုင်းကနဲ လဲသေပေးရရုံအပြင် မရှိပါဘူး။

ဖြစ်သင့်တာကတော့ လွတ်လပ်ရေးယူတုန်းကလိုပဲ မြန်မာတွေနဲ့ တသားတည်း လက်တွဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီကိုဖော်ဆောင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုယ်နဲ့ကိုက်ညီအောင် ပြင်ဆင်ပြီး (အသစ်တော့ မရေးခိုင်းနဲ့နော်။ နောက် ၁၅ နှစ်ကြာနေမှာစိုးလို့) ပြည်သူကို အမှန်တကယ် ကိုယ်စားပြုတဲ့ အုပ်ချုပ်သူလူတန်းစားတရပ် ပေါ်လာအောင် အရင် ကြိုးစားသင့်တယ် ထင်တာပဲ။ ဗမာအစိုးရလည်း မဟုတ်ဘူး။ ကချင်အစိုးရလည်း မဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံပါပြီး တိုင်းရင်းသားတိုင်းရဲ့ အရေးကို အလေးထားမယ့် အစိုးရလေ။ ခက်ပါဘူး။ ကိုယ့်ပြည်နယ်ကတင်တဲ့အစိုးရဟာ အမှန်တကယ် ကိုယ့်ပြည်နယ်က ဆန္ဒမဲနဲ့တက်သွားတာကလေးပဲ ဖြစ်အောင် လုပ်ကြရုံပေါ့။ မဲချပ်ကလေးတစ်ချပ်ချင်းဟာ ဆန္ဒအမှန်ဖြစ်နေမှ ဆန္ဒခံယူတယ်ဆိုတာ အဓိပ္ပါယ်ရှိလိမ့်မယ်။ စကတည်းက အတုနဲ့တက်ရင် နောက်ထပ် ဘယ်ဟာအစစ်ကို ဆက်မျှော်လင့်နေရဦးမှာလဲ။ တော်လောက်ပြီနော်။ ညအတွေးကောင်းကောင်း လကလေး မစောင်းတစောင်းမှာ ဝ အရေးကောင်းလို့ ဘိုးဘိုးအောင် ထောင်နန်းစံနေရမှဖြင့်။

credit to Dr Soe Min

8 comments

  • nicolus agral

    May 24, 2013 at 1:05 pm

    ဘာသာရေးပြီးတော့
    အစာပိတ်လေး
    အချိုတည်းဖို့

    • အရီးခင်လတ်

      May 24, 2013 at 2:51 pm

      ရွာ အခြေအနေတွေ ကို မျက်ချေမပြတ်ဘူးလို့ ဆိုလိုသပေါ့။ 😉

  • nicolus agral

    May 24, 2013 at 6:11 pm

    ဟုတ်ကဲ့ အရီး
    မန့်သာ မမန့်တာ
    အားတဲ့အချိန်လေးဝင်ဖတ်ပါတယ်

  • padonmar

    May 24, 2013 at 8:06 pm

    ဆရာစိုးစာကိုတော့ ကောင်းပါတယ်ချီးမွမ်းစရာမလို။
    ကျေးကျေးပါ nicolas agral
    ကြုံကြိုက်ရင်တော့ အဲဒီနာမည်ရဲ့ အဓိပ္ပါယ်လေး ပြောပေးပါအုံး။

  • uncle gyi

    May 24, 2013 at 11:33 pm

    မှန်လိုက်လေနီကိုးရယ်
    အခုမြင်ရကြားရသိရသမျှ
    ကိုယ်ဉာဏ်မှိီသမျှတွေးလို့ရသမျှက
    အခုဘာအရေးညာအရေးပြောပြီးလုပ်နေတဲ့
    ဘာပြည် ဘာတိုင်း
    ကလူကြီးတွေအကုန်သူတို့အလူမျိုးကိုချစ်တာလား
    သူတို့အမျိုးကိုချစ်တာလားလုပ်ရပ်တွေကြည့်ရင်အသိသာကြီးပါဗျာ
    အတူတူနဲ့အနူနူကြီးပါပဲ

  • nicolus agral

    May 25, 2013 at 7:22 pm

    Hero of Might and Magic
    nicolus = nicolas = human king သေပြီးနောက်သွေးစုပ်ဖုတ်ကောင်အဖြစ်ဖုတ်သွင်းခံရ။Isabelလက်မထပ်လိုက်ရခင်သေဆုံးသွားသော ခင်ပွန်းလောင်း ။
    agral = agrael = demon Lord , Isabelကလေးဘဝကတဲက စောင့်ကြည့်ရန်တာဝန်ပေးခံရသူ။နောက်ပိုင်းတွင် Isabelကိုသံယောဇဉ်တွယ်သွားပြီး Isabel ကို နောက်ကွယ်ကguardianအဖြစ်ကာကွယ်ပေးသူ
    အဟီး….ဟီး
    လူကောင်းကိုတယောက်မှမပါဘူး
    အဲလေ တယောက်မှ လူမဟုတ်ပါဘူး

  • kyeemite

    May 27, 2013 at 12:00 pm

    “ဝလုံးရေးဖို့ ညီလေးထိုင်”
    ခေါင်းစဉ်လေးသဘောကျသဗျာ…အကြောင်းအရာနဲ့ရောလိုက်ဖက်တယ်…
    အခုလည်း“ငေးမှိုင်”နေရပါပေါ့လား…

Leave a Reply