ဗုဒ္ဓဘာသာဝင်တို့တွက် ဗုဒ္ဓနေ့ လက်ဆောင်

padonmarMay 24, 20131min61640

စိုစိစိ၊ ညောင်နာနာ၊ အေးတိအေးစက်၊ ရီးတီးယားတား၊ ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်၊ ပေါ့တီးပေါ့ဆ၊ မတုန်မလှုပ် ပျောတိပျောညံ့၊ သိမ်ဖျင်းအားနည်းတဲ့ သူတွေလို့

ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ဆရာတော်ကြီးက သင်္ကြန်အတက်နေ့ တရားပွဲမှာ မြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေအကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အနေနဲ့ ဆုံးမဟောပြသွားပါတယ်။

ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အလုပ်တွေကိုလုပ်ရမယ် ဆိုတာဗုဒ္ဓဘာသာဝင်တိုင်း သိကြပေမယ့် ဘယ်လိုဒါန၊ သီလ၊ ဘာဝနာမျိုးတွေလုပ်နေကြပါသလဲ။

ဒါနဆိုတာ ခံယူရတဲ့သူတစ်ဖက်သားချမ်းသာအောင် ကိုယ့်ပစ္စည်းကိုပေးတာကိုခေါ်ပါတယ်။

ကိုယ်ပိုင်ပစ္စည်းကိုပေးတာ ဟာ လောဘကင်းမှပေးလို့ရပါတယ်။

အလှူခံပုဂ္ဂိုလ် ချမ်းသာပါစေလို့ မေတ္တာထားပေးရပါတယ်။

ဒီလိုမေတ္တာထားမှ ကြင်နာသနားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတာတွေနောက်က ကပ်ပါလာပါတယ်။

ဒါကြောင့်ပေးလှူသူဟာ ဒေါသကင်းလာပါတယ်။ ရက်စက်မှုကင်းပြီး ကြင်နာမှု ယှဉ်လာပါတယ်။

ကောင်းတာလုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကိုယ့်အကျိုးမမျှော်မှန်းတဲ့ အသိဉာဏ်ယှဉ်တဲ့ အလှူမျိုးမှ မြင့်မြတ်တဲ့ အထက်တန်းဒါနလို့ခေါ်ပါတယ်။

အသောကမင်းကြီးက ဒါနအခြေခံရှိသူဟာ ၅ ပါးသီလမချိုးဖောက်ဘူးလို့ပြောခဲ့ပါ တယ်။

မြန်မာပြည်ကလူတွေလှူနေကြတာဟာ နာမည်ကျော်ဖို့၊ ကိုယ်ကျိုးရှာတဲ့ အလှူတွေဖြစ်နေတော့ ဒါနပြုရင်း ကိုယ်ကျင့် တရားတွေ ဖောက်ဖျက်နေကြပါတယ်။

ဒါကြောင့်မြန်မာပြည်က လူတွေဟာ အညံ့စားဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာကြပါတယ်လို့ ဆရာတော်ကြီးက ပြင်းပြင်းထန်ထန်ကို ရှုံ့ချခဲ့ပါတယ်။

ဒါနကိုစနစ်တကျလုပ်တတ်တဲ့သူတွေမှာ စီးပွားရေးပြေလည်လို့ ဘယ်တော့မှ မျက်နှာမငယ်ရပါဘူး။

သီလဆိုတာဟာ လည်း သူတစ်ပါးမထိခိုက်အောင် ဆောင်ရွက်ရင်း ကိုယ့်ကိုကိုယ် မမှားအောင်ထိန်းတာကို သီလလို့ခေါ်ပါတယ်။

အဓိက ကတော့ ကိုယ်ချင်းစာတရားထားကြဖို့ပါဘဲ။ သီလလုံရင် ချမ်းသာမကွယ်ပါဘူး။

မြန်မာပြည်မှာ ခေါင်းဆောင်အုပ်ချုပ်သူပိုင်းက အကျင့်ပျက်တော့ ဝန်ထမ်းတွေကလည်း အကျင့်ပျက်လာပါတယ်။

နောက်ကပြည်သူပြည်သားတွေလည်း ပျက်လာပါတယ်။ အဲ့ဒီအခါ နေလနက္ခတ်တွေ အသွားအလာအမှန်တော့ပါဘူး၊

အပူ အအေးရာသီဥတုတွေ ဖောက်ပြန်လာပါတယ်။ မဖြစ်စဖူး လေမုန်တိုင်းကြီးတွေ တိုက်လာပါတယ်။

မကြားစဖူး ခရမ်းလွန်ရောင်ခြည်တွေ မြင့်တက်လာပါတယ်။

မိုးများတဲ့နေရာမှာ များလွန်းပြီး၊ မိုးခေါင်တဲ့နေရာမှာ ခေါင်လွန်းလာပါတယ်။

အဲ့ဒီအကျိုးဆက်က လယ်ယာသီးနှံတွေ ချို့တဲ့လာပါတယ်။ အထွက်ဆုတ်လာတယ်၊

မှည့်တဲ့အသီးကမှည့်ပြီး၊ မမှည့်တဲ့အသီးကမမှည့်ဖြစ်လာ ပါတယ်။

အဲ့ဒီလို သီးနှံတွေကို စားသုံးတဲ့အခါ ဩဇာဓာတ် ချို့တဲ့တာဖြစ်လို့ ရောဂါဘယတွေ ထူလာပါတယ်။

နည်းပါးတဲ့ စားရေ ရိက္ခာအတွက် ခိုက်ရန်ဖြစ်ပွားရတယ် ဆိုတဲ့ ကပ်ကြီးသုံးပါးဆိုက်ရောက်လာပါမယ်။

ဒီလိုမဖြစ်စေချင်ရင် ကိုယ်ကျင့်တရားကောင်းကြဖို့လိုပါတယ်။

ပြည်သူပြည်သား ကောင်းစေချင်ရင် အုပ်ချုပ်သူ ကောင်းရပါမယ်။

တပည့်ကောင်းစေချင်ရင် ဆရာကောင်းရပါမယ်။

သားသမီးကောင်းစေချင်ရင် မိဘ ကောင်းရပါမယ်။

ဒါယကာ တွေ ကောင်းစေချင်ရင် ရဟန်းသံဃာ ကောင်းရပါမယ်။

ရဟန်းငယ်တွေကောင်းစေချင်ရင် ရဟန်းအကြီးတွေကောင်းရပါမယ်။

သီလရှိခဲ့လို့ လူ့ဘဝရပါတယ်။

ဒါနရှိခဲ့လို့ စီးပွားရေးပြေလည်တဲ့ဘဝ ရလာပါတယ်။

ဒီလောက်မှာသာရပ်နေမယ်ဆိုရင် အရင်းသာရမယ်လို့ပြောရပါမယ်။

ဒီထက်အဆင့်မြင့်စေချင်ရင် ဘာဝနာအလုပ်ကိုလုပ်ရပါမယ်။

ဘာဝနာဆိုတာ ပွားများ ခြင်းပါ။

ဝီရိယ အခြေခံပြီး ထပ်ခါထပ်ခါ တွန်းအားပေးရတဲ့ အလုပ်ကို ဘာဝနာလို့ခေါ်ပါတယ်။

ဘယ်ဘာဝနာကို ဘယ်အဆင့်ထိ ဘာကြောင့်အားထုတ်သင့်ပါသလဲ။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး ကုသိနာရုံပြည် မလ္လာမင်းတို့ရဲ့အင်ကြင်းဥယျာဉ်ထဲမှာ လဲလျောင်းနေစဉ် သုဘဒ္ဒပရိဗိုဇ် ကြီးကသူ့ရင်ထဲမှာ မရှင်းတဲ့အချက်တွေ

မေးချင်လို့အရေးတကြီးရောက်လာပါတယ်။

ရှင်အာနန္ဒာကတားဆီးနေသံကိုကြား တော့ မြတ်စွာဘုရားကဝင်ခိုင်းပြီး သုဘဒ္ဒပရိဗိုဇ်ကြီး သိလိုတဲ့အချက်တွေထဲက အရေးကြီးတဲ့ ဘယ်လိုတရားမျိုးကျင့်သုံးမှ ကိလေသာငြိမ်းသူ(သမဏ)

ဖြစ်လာမလဲဆိုတာကိုပဲ တရားမှန်ရွေးချယ်နည်း မူချပေးသွားပါတယ်။

အဲဒီမူကတော့

“မဂ္ဂင်ရှစ်ဖြာ မရှိရာ
ကိလေသာငြိမ်းသူ မရှိပေ
မဂ္ဂင်ရှစ်ဖြာ ရှိလေရာ
ကိလေသာငြိမ်းသူ ရှိနိုင်ပေ”

မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ကျင့်သုံးမှ ကိလေသာဆိုတဲ့ စိတ်အစဉ်ကို ပူလောင်ညစ်နွမ်းစေမှုတွေ ငြိမ်းပါမယ်။

အဲဒီလိုငြိမ်းမှ ဘဝအဆင့်အတန်းမြင့်ပြီး လူ့ထက်လူ ဖြစ်လာပါမယ်။

အဲဒီ မဂ္ဂင်ရှစ်ပါးဆိုတာကို လူတိုင်းကြားဖူးကြပါတယ်။

ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေ ဘယ်လောက်များလိုက်နာကျင့်သုံးနေကြပါသလဲ။

သမ္မာဝါစာ – မှန်စွာပြောဆိုမှုအောက်မှာ

 လိမ်ညာမပြောရ – မုသားမပါလင်္ကာမချောဆိုပြီးညာပြောရင် ဘုရားစကားလိုက်နာတဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ် မဟုတ်ပါဘူး။

 ကြမ်းတမ်းသောဆဲရေးမှုမပြုရ – အဆဲလေးတွေမိုးမွန်နေရင် ဘုရားစကားလိုက်နာသူမဖြစ်ပါဘူး။

 ကုံးတိုက်စကားမပြောရ – သူတစ်ပါးတွေမုန်းတီးကုန်အောင် သွေးခွဲစကားပြောရင် ဘုရားစကားလိုက်နာသူ မဖြစ်ပါဘူး။

 သိမ်ဖျင်းတဲ့စကားမပြောရ – အကျိုးမရှိတဲ့ သူတစ်ပါးအတင်းအဖျင်းစကားပြောရင် ဘုရားစကားလိုက်နာသူ မဖြစ်ပါဘူး။

သမ္မာကမ္မန္တ – မှန်ကန်စွာလုပ်ကိုင်မှုအောက်မှာ

 သူတစ်ပါးအသက်မသတ်ရ – ကိုယ့်အသက်တော့ မသေစေချင်၊ ရှည်စေချင်တယ်။ သူတစ်ပါးအသက်တော့ သတ်ချင်တယ်ဆိုရင် ဘုရားစကားလိုက်နာသူမဖြစ်ပါဘူး။

သူတစ်ပါးဥစ္စာမခိုးရ – ကိုယ့်ပစ္စည်းတော့ တည်တန့်စေချင်တယ်။ သူတစ်ပါး ပစ္စည်းတော့ မတရားယူမှာပဲ၊မီးရှို့မှာပဲ ဆိုရင် ဘုရားစကားလိုက်နာသူမဖြစ်ပါဘူး။

သူတစ်ပါးသားမယား မကျူးလွန်ရ – ကိုယ့်လင် ကိုယ့်မယားထိ ဓါးကြည့်၊ သူတစ်ပါးလင် သူတစ်ပါးမယား သားပျို သမီးပျိုတော့ အလိုတူတူ မတူတူစော်ကားမယ်ဆိုရင် ဘုရားစကားလိုက်နာသူ မဟုတ်ပါဘူး။

သမ္မာအာဇီဝ – ကောင်းစွာအသက်မွေးမှုမှာ

အသက်မွေးဝမ်းကျောင်းနဲ့စပ်ရင်တောင် အထက်က (၇)ချက်ကိုလိုက်နာရပါမယ်။

ဒို့မြန်ပြည်က ဗုဒ္ဓဘာသာဝင်တွေက စီးပွားရေးအတွက် လိမ်ရင်၊ ညာရင်၊ အများပိုင်ပစ္စည်းယူရင် အပြစ်မရှိသယောင် ထင်ပြီး စိတ်ထင်တိုင်းကျူးလွန်နေကြတဲ့ အညံ့စား ဗုဒ္ဓဘာသာဝင်တွေ

ဖြစ်နေကြပါတယ်။

သမာဓိမဂ္ဂင် သုံးပါးဖြစ်တဲ့ သမ္မာဝါယာမ မှန်စွာအားထုတ်မှု၊ သမ္မာသတိ မှန်စွာအမှတ်ရမှု၊ သမ္မာသမာဓိ မှန်စွာ စိတ်တည်ကြည်မှုတွေရှိမှ စိတ်သန့်ရှင်းမှုကိုရပါမယ်။

ပညာမဂ္ဂင် ၂ ပါးဖြစ်တဲ့ သမ္မာဒိဋ္ဌိ မှန်ကန်သောအယူအမြင်ရှိမှု၊ သမ္မာသင်္ကပ္ပ မှန်သောအတွေးရှိမှုတွေရှိမှသာ လူ့သာမန်ထက်မြတ်တဲ့ လူ့ထက်လူတွေ ဖြစ်လာကြပါလိမ့်မယ်။

ဒီလိုမဂ္ဂင်ရှစ်ဖြာကို ဘုရားအလိုကျ ကျင့်သုံးလျှင် ဤလောကမှာ ရဟန္တာ မဆိတ်သုဉ်းပါလို့ မြတ်စွာဘုရားကဟောခဲ့ပါတယ်။

မြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ အိန္ဒိယမှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ပါပြီ။

မြန်မာပြည်မှာလည်း ဗုဒ္ဓသာသနာ ကွယ်လုလု ဖြစ်နေပါပြီလို့ ဆရာတော်ဘုရားကြီးက မိန့်ခဲ့ပါတယ်။

ငွေကြေးပစ္စည်းထောက်ပံ့ပေးကမ်းပြီး သာသနာပြုလာတဲ့ဘာသာ၊

လူဦးရေတိုးပွားအောင်လုပ်ပြီး သာသနာပြုလာတဲ့ဘာသာ၊

နတ်၊ ဗေဒင်၊ ဓါတ်ဆင်ဓါတ်ရိုက်တွေလုပ်ပြီး တစ်စိမ့်စိမ့် ဝါးမျိုလာ တဲ့ ဘာသာတွေရဲ့အောက်မှာ

စိုစိစိ၊ ညောင်နာနာ၊ အေးတိအေးစက်၊ ရီးတီးယားတား၊ ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်၊ ပေါ့တီးပေါ့ဆ၊ မတုန်မလှုပ် ပျောတိပျောညံ့၊ သိမ်ဖျင်းအားနည်းတဲ့

ဆရာဒကာတွေသာရှိတဲ့ဗုဒ္ဓဘာသာပျောက်ကွယ်လုလု ဖြစ်နေပါပြီ။

ဒါဟာ သူတစ်ပါး ဘာသာဝင်တွေကို အပြစ်တင်နေဖို့မဟုတ်၊

ကိုယ့်ရဲ့အားနည်းချက်ကိုသာ ပြုပြင်ရမှာဖြစ်ပါတယ်။

ဒါတွေကို လူငယ်တွေကို အရွတ်ဦးစားမပေးဘဲ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကိုသိအောင် သင်ကြားပေးဖို့ ရဟန်းတွေမှာရော၊ လူတွေမှာပါ တာဝန်ရှိပါတယ်။

ကိုယ့်စိတ်မှာ ဗုဒ္ဓဘာသာအခြေခိုင်တဲ့ အဆင့်ကိုရောက်ပြီလို့ ပြောနိုင်တဲ့ ပုဂ္ဂိုလ် ၁၂ ဦးရှိပါတယ်။

အာရဒ္ဓ ဝိပဿကယောဂီ ၄ ပါး – သောတာပန်ဖြစ်အောင် အားထုတ်ဆဲ(ဝိပဿနာဉာဏ်ဖြစ်ပေါ်နေတဲ့ ပုဂ္ဂိုလ်)
– သကဒါဂါမ် ဖြစ်အောင် အားထုတ်ဆဲ ပုဂ္ဂိုလ်
– အနာဂါမ် ဖြစ်အောင်အားထုတ်ဆဲ ပုဂ္ဂိုလ်
– ရဟန္တာဖြစ်အောင် အားထုတ်ဆဲပုဂ္ဂိုလ်

နှင့် မဂ်ပုဂ္ဂိုလ် ၄ ပါး၊

ဖိုလ် ပုဂ္ဂိုလ် ၄ပါး

ပေါင်း ၁၂ ပါးဖြစ်ပါတယ်။

ဝိပဿနာဉာဏ် ဖြစ်ပေါ်နေတဲ့ ပုဂ္ဂိုလ်ဆိုကတည်းက စူဠသောတာပန်ခေါ်တဲ့ နာမ်နှင့် ရုပ်ကို ပိုင်းခြားသိသော ဉာဏ်နှင့် နာမ်ရုပ်တို့၏ အကြောင်းအကျိုးကို သိသောဉာဏ် ၂ ပါး ပိုင်ဆိုင်ပြီးသူဖြစ်ပါတယ်။
မြန်မာပြည်မှာ မဟာစည်၊ လယ်တီ၊ မိုးကုတ်၊ ဖားအောက် စတဲ့ ဝိပဿနာ ရိပ်သာများစွာရှိပါတယ်။

နည်းစနစ်တိုင်း ကောင်းမွန်တာဖြစ်ပေမယ့် ကိုယ်နဲ့ ဘယ်နည်းစနစ်ဟာ အဆင်ပြေမယ်ဆိုတာ မသိနိုင်ပါဘူး။

မဟာစည်နည်းကို နှစ်သက်လို့ အားထုတ်ဘူးတဲ့ အကြားအမြင်အရ ဒီနည်းအတိုင်း စည်းကမ်းတကျ လိုက်နာပြီး အိပ်ချိန်မှအပ ကြိုးစားအားထုတ်သွားတဲ့ ယောဂီတွေဟာ တိဟိတ်ပုဂ္ဂိုလ်လည်းဖြစ်ပြီး

ပဉ္စာနန္တရိယကံ မကျူးလွန်ထားမိတာ မှန်ရင် ၇-၁ဝ ရက်အတွင်း အထက်ကဉာဏ် (၂) ပါးတော့ရရှိသွားကြတယ်လို့ ကြားဖူးပါတယ်။

(ဒီနည်းအတိုင်း တစ်နေ့ကို နာရီ (၂၀) သတိယှဉ်စေပြီး အားထုတ်သွားရင် ထောင်ထဲမှာတောင် ဝိပဿာနာဉာဏ်တွေ ဖြစ်နိုင်တယ်ဆိုတာကို မသီတာ (စမ်းချောင်း) ရဲ့ စမ်းချောင်း ၊ အင်းစိန် ၊ ဟားဗတ်

စာအုပ်မှာ အခိုင်အမာရေးထားပါတယ်။)

ကိုယ်တိုင်က အခြေခိုင်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်မှသာ အခြားတစ်ပါး ဘာသာတွေရဲ့ လွှမ်းမိုးမှုကြောင့် မယိမ်းမယိုင် တည်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။

ကိုယ့်ပတ်ဝန်းကျင်ကို ဗုဒ္ဓဘာသာရဲ့ အခြေခံအနှစ်သာရတွေ ပြန့်ပွားစေရေး အားပေးဖို့လိုသလို ကိုယ်တိုင်လည်း စိုစိစိ၊ ညောင်နာနာ ဗုဒ္ဓဘာသာဝင်အဖြစ်ကလွတ်ဖို့ အချိန်ယူ စနစ်တကျ

အားထုတ်ပြီး အနည်းဆုံး ကလျာဏပုထုဇဉ်အဖြစ် ရောက်အောင် ကြိုးစားလို့ တစ်ကိုယ်ရည် သာသနာပြုကြပါလို့ ပဏ္ဍိတာရာမ ဆရာတော်ကြီးက လေးလေးနက်နက် တိုက်တွန်းပါတယ်။

ဆရာတော်ကြီးရဲ့ တရားပွဲအပြီးမှာတော့ ယောဂီအားလုံး အနာဂတ်မြန်မာပြည်ရဲ့သာသနာရေးအတွက် ရတက်မအေးစွာနဲ့ တရားပွဲသိမ်းခဲ့ကြပါတယ်။

ယောဂီ (၇၀၀) ခန့်ရှိတဲ့အထဲ ဆရာတော်ကြီးရဲ့ အလေးအနက်တိုက်တွန်းချက်ကို လိုက်နာပြီး အချိန်ရှိခိုက် ဓမ္မာရုံမှာ တရားသွားအားထုတ်တဲ့ ယောဂီက လက်ချိုးရေလို့ရပါတယ်။

ကျန်ယောဂီများကတော့ အဆောင်ပြန် ဘယ်ဆရာတော်က ဘယ်လိုဟောခဲ့တာ ဘယ်လောက်ကောင်းပြီး ဗုဒ္ဓဘာသာကို ဘာသာခြားတွေ ရန်ကဘယ်လိုကာကွယ်ရမှာဆိုတာကို အဆောင်တွေ

ဆူညံသွားအောင် စည်းကမ်းဖောက်ပြီး ပြောကြဟောကြပါတော့ကြောင်း။

40 comments

  • မောင် ပေ

    May 24, 2013 at 1:26 pm

    တီတီမာရေ
    လောလောဆယ်တော့
    ဒါန နဲ ့ ၃ပါး သီလ လောက်ပဲ စုဆောင်း အားထုတ်နိုင်သေးသဗျ
    အဲဒါ … အဲဓါ
    ရီရဲလစ်ဇင် ပါပဲ

    • padonmar

      May 24, 2013 at 4:45 pm

      မောင်ပေရေ
      ပကာသနတွက်မဟုတ်ပဲ သူတပါးချမ်းသာစေတဲ့ ဒါနတွေ မောင်ပေလုပ်နေတာ အန်တီတို့ရွာသူားတွေ သိပါတယ်။
      ဆရာကြီး ဦးသုခက တစ်ပါးသီလတောင် အကျိုးပေးကြောင်း ရိုက်ပြသေးတာပဲ ၊
      ဒို့မောင်ပေ က ၃ပါးတောင်အားထုတ်နိုင်ပြီဆိုတော့ ရီးရဲ သာဓုပါကွယ်။

  • kai

    May 24, 2013 at 1:44 pm

    ဗုဒ္ဓနေ့မှာ..
    ဗုဒ္ဓတရားစစ်စစ်တွေချည်းလို့.. သမိုင်းနဲ့ညှိ.. ကမ္ဘာနဲ့ညှိ.. တရားဂုဏ်တော်နဲ့ညှိထားတဲ့.. သေချာအောင်ဆန်းစစ်ထားတဲ့.. စာအုပ်တအုပ်ထုတ်ချင်စိတ်ဖြစ်မိတယ်….

    အဲဒီစာအုပ်ဖတ်ပြီးတဲ့သူ…
    သောတာပန်လောက်မတည်ရင်တောင်… ဗုဒ္ဓအဆုံးအမကိုလက်ခံလိုက်နာသူ စစ်စစ်တယောက်ဖြစ်သွားစေရမှာပါ…

    တနေ့နေ့တော့.. လုပ်ဦးမှ… လို့.. :harr:

    • အရီးခင်လတ်

      May 24, 2013 at 2:03 pm

      ဆိုတော့
      သူကြီးက ဗုဒ္ဓအဆုံးအမကိုလက်ခံလိုက်နာသူ စစ်စစ်တယောက်ဖြစ်နေတဲ့ သဘောပေါ့လေ။
      အဟိ။ 😉
      ဒါက နောက်တာပါ။
      အတည်ကတော့ တစ်ခါတစ်ခါ လူတွေနဲ့ ပြောဆိုငြင်းခုန် နေတာ ဒေါသသံ မပါတဲ့ မှတ်ချက်တွေကို ကြည့်ပြီး (ဗာကျူရယ် ဝါးမှာ) သည်းခံတရား ရှိသူလို့ သေချာပေါက် ပြောနိုင်ပါတယ်။
      အပြင်လောက မှာတော့ မပြောတတ်။
      ခိုင် ညီမ သာ သိပေမည်။

    • Ma Ma

      May 24, 2013 at 4:25 pm

      သဂျီးရဲ့ ဒီကွန်မန့်တစ်ခုနဲ့တင် ပဒုမ္မာရေးရကျိုးနပ်တယ်။
      သေချာအောင်ဆန်းစစ်ထားတဲ့ တရားစာအုပ်ထုတ်ဖို့အတွက်……..
      တိုက်တွန်းပါတယ်။
      အားပေးပါတယ်။
      အားကျပါတယ်။
      တတ်နိုင်သလောက် ဝိုင်းကူချင်ပါတယ်။ :hee:

      • padonmar

        May 24, 2013 at 4:58 pm

        မမရေ
        သူကြီးကို ကျမတို့ ရွာသူားတွေ ဝိုင်းတွန်းကြတာပေါ့။(ချောက်ထဲမဟုတ်ပါဘူး၊နိဗ္ဗာန်ကိုပါ)

    • padonmar

      May 24, 2013 at 4:52 pm

      ကိုခိုင်ရေ
      မကြာသောတစ်နေ့ဖြစ်ပါစေနော်။
      ကိုခိုင်တို့လို အမြင်ကျယ်ပြီး သူတပါးနားလည်အောင် ရေးပြနိုင်တဲ့ အတတ်ပညာရှိသူတွေရဲ့ စာတွေက
      ပိုအကျိုးသက်ရောက်မှုရှိမယ်လို့ ယုံကြည်ပါတယ်။
      ……….
      ဒီပို့စ်ကလည်း ကျမ အာဘော်မဟုတ်၊
      ပဏ္ဍိတာရာမ ဆရာတော်ကြီးရဲ့တရားကို မီသလောက် လိုက်မှတ်ပြီး ပြန်မျှတာပါ။
      လိုတာပိုတာတွေရှိနေမှာ မလွဲပါဘူး။
      ရွာသူားတွေတွက် နှစ်ဦးလက်ဆောင် ပေးချင်တာ ၁လကြာမှ တင်နိုင်တော့တယ်။

  • အရီးခင်လတ်

    May 24, 2013 at 2:02 pm

    အစ်မပဒုမ္မာ ရေ
    အနှစ်သာရ နဲ့ ပြည့်ဝတဲ့ တရားစကား တွေ ပါဘဲ။
    လက်တွေ့ကျင့်ကြံဖို့ လဲ တကယ်တော့ မခက်ပါဘူး။
    ဒါပေမဲ့ တကယ်လေ့ကျင့်ချိန်မှာလဲ လွယ်လွယ် နဲ့တော့ အကျင့်ရမှာမဟုတ်ပါဘူး။
    ဒီလိုဘဲ အချိန်ယူပြီး ကြိုးစား ပြောင်းကြတာပေါ့။
    တန်ဖိုးရှိတဲ့ Post လေးအတွက် ကျေးဇူးပါ။

    • padonmar

      May 24, 2013 at 4:57 pm

      မလတ်ရေ
      နည်းနည်းသိ အဲဒီနည်းနည်းလေးကိုပဲကျင့်လို့ နတ်တွေ အမြဲသာဓုခေါ်ခံရတဲ့ ဧကူဒါနမထေရ်အကြောင်း ကြားဖူးတယ်မလား။
      နိုင်သလောက် ကြိုးစားကျင့်ကြပါစို့။

  • San Hla Gyi

    May 24, 2013 at 4:14 pm

    အင်း တကယ့်ကို ဝိပဿနာတရားကို ကျင့်ကြံနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ ဝိပဿနာ ဥဏ်ဖြစ်နိုင်ရင်တော့ အလွန့်ကို ခိုင်မာသွားတာပေါ့။ အမှန်တော့ ကျနော့်စိတ်ထင် မြန်မာပြည်က လူတွေကို အဲဒီလောက်အထိ လုပ်ခိုင်းတာကတော့ အဆင့်ကျော်သလိုများ ဖြစ်နေသလား မသိဘူး။ အများစုအတွက် ပြောတာပါ။ ပါရမီရှင်တွေ မပါပါဘူး။ အဓိကကတော့ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ အများစုက အခြေမခိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတာလည်း အမှန်တော့ အမှန်ပါပဲ။ အခြားတပါး ဘာသာတွေက လွှမ်းမိုးရင်လည်း အလွယ်တကူ ယိမ်းယိုင်တတ်တာလည်း ဟုတ်ပါတယ်။
    ကျနော်ထင်တာက အဲဒီလူတွေကို ဝိပဿနာတရား အားထုတ်ဖို့ မတိုက်တွန်းသေးပဲနဲ့ မြတ်စွာဘုရားကို ကြည်ညိုတတ်ဖို့နဲ့ ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ အခြေခံအချက်လေးတွေကို သိအောင်တောင် အတော်လုပ်ရမှာပါ။ ကျနော် မြင်ခဲ့ဖူးတာလေး ပြောပြမယ်။ လွန်ခဲ့တဲ့ နှစ်တော်တော် ကြာကြာတုန်းက ရုံးတရုံးမှာ အရာရှိငယ် စာမေးပွဲလုပ်တော့ နှုတ်ဖြေလည်း ရောက်ရော မေးတဲ့ လူကြီးက ဘာသာရေး ကိုင်းရှိုင်းသူဆိုတော့ စိတ်ကူးရပြီး ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ဖြေဆိုသူ အရာရှိလောင်းတွေကို ဗုဒ္ဓဘာသာနဲ့ ပက်သက်တဲ့ မေးခွန်းတွေ မေးပါလေရော။ လာဖြေသူတွေကလည်း ဗုဒ္ဓဘာသာ တွေချည်းပဲ။ အန်တီပဒုမ္မာပြောတဲ့ မဂ္ဂင်ရှစ်ပါးဆိုတာက အရမ်းမြင့်ပါသေးတယ်။ သူမေးတာက လွယ်လွယ်လေးတွေပါ။ ဥပမာ ကိုယ်ကိုးကွယ်နေတဲ့ ဘုရားရဲ့ ဘွဲ့တော်က ဘာလဲတို့ ရတနာသုံးပါးကို သိသလားတို့ ငါးပါးသီလကို ပြည့်အောင် ပြောပြပါတို့ ဘာတို့ပေါ့ဗျာ။
    ကျနော့်စိတ်ထင်တော့ ဒီလိုမေးခွန်းတွေက မမှန်းထားတဲ့ မေးခွန်းတွေ ဆိုရင်တောင် ဗုဒ္ဓဘာသာတယောက် အနေနဲ့ တရေးနိုး ဖြေရင်တောင် ရသင့်တဲ့ မေးခွန်းတွေလို့ ထင်တာပဲ။ အံ့အားသင့်စရာ ကြားရတာက အားလုံးလောက်နီးနီးဟာ မှန်အောင် မဖြေနိုင်ကြဘူးဆိုပဲ။ ပိုဆိုးတာက အဲဒီမြို့ကလေးက ရန်ကုန်မြို့တော်ရဲ့ ဆင်ဖြေဖုံး နယ်မြို့ကလေးဆိုတော့ တချို့လာဖြေသူတွေဆို ဘွဲ့ရဖြစ်တဲ့အပြင် ကျောင်းကန်ဘုရားတို့ ရဟန်းသံဃာတို့နဲ့ အတော့်ကို နီးစပ်တဲ့ အနေအထားတဲ့။ ကဲ မခက်ပေဘူးလား။
    ကဲ အဲဒီတော့ အပေါ်အဆင့် အသာထားပါ။ အောက်ခြေအဆင့်တောင်မှ ကိုယ့်လူတွေက သူများနဲ့ ယှဉ်ရင် ဗေထိဆိုတာနဲ့ သွားပြီပဲ။ လူတွေကို စာဖတ်တတ်အောင်တောင် တော်တော်ကို လုပ်ရအုံးမယ်။
    မြန်မာအများစု စာဖတ်တတ်အောင်ပဲ အရင်လုပ်ပါ။ ကျန်တာတွေ ဖြစ်သွားပါလိမ့်မယ်။

    • padonmar

      May 24, 2013 at 5:17 pm

      ကိုစံလှကြီးရေ
      စိတ်ရှည်လက်ရှည်ဆွေးနွေးပေးတာ ကျေးဇူးပါနော်။
      ကျမ အဓိကပြောချင်တာ ကိုစံလှကြီးဆွေးနွေးတဲ့ အချက်တွေထဲပါပါတယ်။
      မဂ္ဂင် ၈ပါးကို အလွတ်ကျက်ဖို့ဆိုရင် ကိုစံလှကြီးပြောသလို မြင့်ပါတယ်။
      လိုက်နာကျင့်ကြံဖို့ဆိုရင်တော့ ဒါ အခြေခံပါ။
      ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘုရားဘွဲ့တော် သိဖို့ထက် ဘုရားဘာကို နှစ်သက်ကျင့်ကြံစေချင်တယ် ဆိုတာက ပိုအရေးကြီးမယ်ထင်ပါတယ်။
      အရွတ်ထက် အသားက ပိုကောင်းတယ်ဆိုတာလိုပေါ့နော်။
      ဝိပဿနာတရားကို စာမတတ်သူတွေလည်း အားထုတ်နိုင်ပါတယ်။
      စွန်းလွန်းဆရာတော်ကြီးဆို စာမတတ်ဘူးလို့ မှတ်သားမိပါတယ်။
      ပါရမီဆိုတာ အလုပ်ပါ။
      ကျမ ပို့စ်ထဲမှာရေးသလို တကယ် တစ်နေ့ကို နာရီ (၂၀) သတိယှဉ်စေပြီး အားထုတ်သွားရင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ နိုင်ငံခြားသားတွေ၊ကလေးတွေတောင် အနည်းဆုံး ၂ ဉာဏ်ရသွားတာ ရိပ်သာတွေမှာ တွေ့နေရပါတယ်။
      ကြိုးစားကြည့်ကြစေချင်ပါတယ်။
      ကျမလည်း အချိန်ယူပြီး ကြိုးစားကြည့်မယ်လို့ စိတ်မှန်းထားပါတယ်။
      ဒီတရားတွေ မှန်ကြောင်းသိလာရတဲ့အခါ ဗုဒ္ဓအဆုံးအမ တရားတော်တွေကို လေ့လာချင် သိချင်စိတ် စာဖတ်ချင်စိတ်တွေ အလိုလိုဖြစ်လာပါတယ်။
      သောတာပန်တစ်ယောက်များဖြစ်လာပြီဆိုရင် သူ့ရဲ့ သဒ္ဓါအစွမ်းနဲ့ တိုက်တွန်းအားပေးမှုကြောင့် သူ့ပတ်ဝန်းကျင်ကလူတွေမှာ ဒါန သီလ ဘာဝနာမှုတွေ ပိုပြုနိုင်လာကြတာဖြစ်လို့ အလွန်အကျိုးများပါတယ်။
      ဗုဒ္ဓဘာသာဝင်ကောင်းဆိုတာ ဒီလိုလူပါလားလို့ သိမြင်အားကျလာကြတာဟာ ဒါးမိုးပြီး ကိုယ့်ဘာသာထဲ ဝင်ခိုင်းတာထက် ပိုခိုင်ပါတယ်။
      ကျေးဇူးပါ။

      • San Hla Gyi

        May 24, 2013 at 7:07 pm

        မဟုတ်သေးဘူး ဆရာမရေ။ ကျနော့် ဆိုလိုချက်နဲ့ နည်းနည်းလွဲနေပါတယ်။ ကျနော် ဆိုလိုတာက မဂ္ဂင်ရှစ်ပါးကို အလွတ်ကျက်ခိုင်းတာ မဟုတ်ပါဘူး။ ဆရာမရေ လိုက်နာ ကျင့်ကြံဖို့ဆိုတာ ဘယ်နေရာမှာ မဆို အင်မတန်ခက်တဲ့ ကိစ္စပါ။ လူတယောက်ရဲ့ လမ်းစဉ်ကို လိုက်နာ ကျင့်ကြံဖို့ဆိုတာ သူ့ကို ကြည်ညိုစိတ် ယုံကြည်စိတ်ရှိဖို့က အဓိက အခြေခံ ဖြစ်ပါတယ်။ အဲဒီ အခြေခံ မရှိရင် ဘယ်လိုမှ ဒီလို မကောင်းမှုမှာ ပျော်မွေ့တဲ့ စိတ်ကို ထိန်းချုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ အဲဒီ ပုဂ္ဂိုလ်ကို ကြည်ညိုဖို့ ယုံကြည်ဖို့ ဆိုတာကလဲ သူ့အကြောင်းကိုတောင် မသိသေးပဲနဲ့ ယုံကြည်ဖို့ မလွယ်ပါဘူး။ ပြီတော့ ဆရာမ ပြောသလို သောတာပန် ဖြစ်ပြီဆိုတာနဲ့ ရတနာသုံးပါးကို မမှိတ်မသုန် ယုံကြည်စိတ် ဆိုတာက လာတော့တာပါပဲ။ ဗုဒ္ဓဘာသာ မြန်မာတွေကို မဂ္ဂင်ရှစ်ပါးကို ရိပ်သာဝင်ပြီး အားထုတ်ခိုင်းဖို့ အတွက် အရင်ဆုံး သိလာအောင် ကြည်ညိုစိတ် ရှိလာအောင် အရင်လုပ်ရမှာပါ။ နိုင်ငံခြားသား ကလေးငယ်တွေ ရိပ်သာဝင်တာကျတော့ လမ်းကြောင်းတမျိုးပါ။ ကျနော့်ကို အိန္ဒိယသား တယောက်က သီတဂူဆရာတော်ကြီး မြန်မာပြည်မှာ ဟောတဲ့ တရားတွေနဲ့ နိုင်ငံခြားမှာ ဟောတာတွေ သိပ်မတူသလိုပဲလို့ လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက ပြောခဲ့ဖူးတယ်။ သူ့အဆိုအရ ဆရာတော်ကြီးက နိုင်ငံခြားမှာ ဆိုရင် Buddhism is not a religion တို့ဘာတို့ ဆိုတဲ့ အတွေးအခေါ်ပိုင်း တရားတွေ ပိုဟောလေ့ ရှိသတဲ့။ မြန်မာတွေကိုကျတော့ ကြည်ညိုစိတ် ကြည်နူးစိတ် ဖြစ်လာအောင် ဟောတာ တွေ့ဖူးတယ်လို့ ပြောတယ်ဗျ။ ဒီလိုပဲ ဖြစ်ရမှာပေါ့ ဆရာမရေ။ နိုင်ငံခြားသားကျတော့ သူ့မှာက သဒ္ဓါစိတ်မှ မရှိပဲကိုး။ ဒီတော့ ဝိပဿနာတရားကို ဘဝမှာ နေထိုင်နည်း သင်ပေးမယ်တို့ ဘာတို့ပြောပြီး ဟောရတာပေါ့။ မြန်မာတွေကိုကျတော့ ကြည်ညိုစိတ် ဖြစ်လာအောင် လုပ်ပြီး နိဗ္ဗာန်ရောက်ကြောင်းတရားလို့ ပြောရင် ရနေပြီလေ။
        စွန်းလွန်းဆရာတော်ကြီးက စာမတတ်တာတော့ ဟုတ်တယ် ဆရာမရေ။ ဒါပေမယ့် သူကလည်း ဟိုဘက်ဘဝ ကတည်းက ဒီအတွက် အထုံပါရမီ ပါလာခဲ့တာလို့ ရေးထားတာ ဖတ်ဖူးတယ်။ ဒါကတော့ ဆရာတော်ကြီးက သူ့အတိတ်ဘဝတွေကို ပြန်မြင်ရတာ သက်သေပြပါလို့ ဆိုရင်တော့ ကျနော်လဲ မတတ်နိုင်ဘူးပေါ့လေ။
        ဆိုလိုတာက တရား အားမထုတ်ခင် ယုံကြည်စိတ်လေး ကြည်ညိုစိတ်လေး ဖြစ်လာအောင် လုပ်နိုင်ဖို့ ဆိုလိုတာပါ။
        စကားမစပ် ကျနော့်စိတ်ထင် ဗုဒ္ဓကိုလည်း မကြည်ညို တရားတော်တွေကိုလည်း အမြဲတမ်း သံသယဖြစ်(ဥပမာ နောက်မှ ထည့်ထားတာတွေတို့ ဘာတို့) သံဃာဆိုရင်လည်း အမြဲတမ်း အပြစ်တင်ပြီး ပုတ်ခတ်ဖို့ပဲ စဉ်းစားနေတဲ့ တိတ္ထိတယောက် ဆိုရင်တော့ တရားအားထုတ်ခိုင်းလည်း သိပ်တော့ မလွယ်ဘူးလို့ ထင်တယ်။ ဒီလိုလူမျိုးကျတော့ အပါယ်လေးဘုံကိုပဲ သူ့အတွက် အမြဲတမ်း အိမ်ယာအဖြစ် နေထိုင်မယ့် လူမျိုးလေ။ အပါယ်လေးဘုံရဲ့ permanent resident တယောက်လေ။ ဘုရားလက်ထက်တော်တုန်းက တိတ္ထိဆရာကြီးတွေလို လူမျိုးကို ဥပမာအနေနဲ့ ပြောတာပါ။

        • ဦးကြောင်ကြီး

          May 27, 2013 at 11:34 am

          ဦးခိုမ်ကို စောင်းပြောတာလား ဦးစံလှဂျီးရဲ့ နောက်ဆုံးအပိုဒ်က…

      • San Hla Gyi

        May 28, 2013 at 9:22 pm

        ကိုကြောင်ကြီးရေ
        ကျနော်က ဦးခိုမ်ကို ရတနာသုံးပါးကို ပြစ်မှားတတ်တဲ့ မိစ္ဆာတိတ္ထိတယောက်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အပါယ်လေးဘုံကိုပဲ ကိုယ်ပိုင် အိမ်ယာအဖြစ် အမြဲလိုလို နေထိုင်မယ့် အပါယ်လေးဘုံရဲ့ permanent resident ဆိုတာ ဦးခိုင်မ်ပဲလို့ ပြောတာ မဟုတ်ပါဘူး။
        ကျနော် ပြောချင်တာက တကယ် ဖြစ်ခဲ့ဖူးတဲ့ အကြောင်းတဲ့ဗျ။ ကျနော်တို့ ထေရဝါဒရဲ့ ၃၁ဘုံဆိုတာ ယုံကြည်ရင်ပေါ့လေ။ တခါတုန်းက သီဟိုဠ်ကျွန်းမှာပဲ လူတယောက်ဟာ တရားလည်း ထိုင်တယ်။ တရားထိုင်ရင်းလည်း အမြဲတမ်း တရားအပေါ်မှာ သံသယ ဖြစ်တယ်တဲ့။ ဥပမာဗျာ တရားထိုင်ရင် ဘယ်လို နမိတ်မျိုး ရတတ်တယ်ဆိုတာ သူမရတာနဲ့ ဟာ မြတ်စွာဘုရားရဲ့ တရားတော်ဟာ သံသရာက လွတ်ရာလွတ်ကြောင်းမှ ဟုတ်ပါ့မလား။ တရားတော်ရော အစစ်ဟုတ်ရဲ့လား။ နောက်မှ ထည့်ထားတာတွေလို့ ထင်မိတယ်။ ဘုရားလက်ထက်တော်တုန်းကလည်း ငါကြားလိုက်ရတာ မဟုတ်ပါဘူး ဆိုပြီး အမြဲတမ်း စဉ်းစားနေတတ်တာ နောက်ဆုံးကျတော့ အနှစ်နှစ်ဆယ်လောက် တရားထိုင်တော့မှ မိစ္ဆာတိတ္ထိလုံးလုံး ဖြစ်ပြီး သေတော့ ဝါစာကာလဆိုတဲ့ မိကျောင်းကြီး သွားဖြစ်တယ်တဲ့။ အပါယ်လေးဘုံကို ရောက်သွားတာလေ။ အဲဒီလူ အကြောင်းကို ပြောချင်တာပါ။ ပထမကွန်မန့်တုန်းက အပြည့်အစုံ မပြောလိုက်မိလို့။
        ဦးခိုမ်ကို အပါယ်လေးဘုံကို ကျိန်းသေသွားရမယ့် မိစ္ဆာတိတ္ထိလို့ ပြောတာ မဟုတ်ပါဘူး။

  • တီတီ ပေးတဲ့ တရား လက်ဆောင်ကို …
    တရိုတသေ ယူသွားပါတယ် ခင်ဗျာ …
    ပြီးတော့ ကြားဖူးတာ …
    အခုခေတ် သံဝေဂ စိတ်ဆိုတာ
    ရေပေါ်ကို အရုပ်ကလေး ရေးလိုက်သလိုပဲ … တဲ့ …

  • padonmar

    May 24, 2013 at 5:22 pm

    မောင်အံရေ
    အမှန်ပဲ။
    ဆရာတော်ကြီး က တစ်ကိုယ်ရေသာသနာပြုကြဖို့ လေးလေးနက်နက်တိုက်တွန်းပါတယ်၊ လေးလေးနက်နက်တိုက်တွန်းပါတယ် လို့
    ၂ကြိမ်တိုင်တိုင် စိတ်မကောင်းစွာ မိန့်သွားတော့ တရားနာနေတဲ့ အန်တီ့မှာ သံဝေဂနဲ့ မျက်ရည်တောင်လည်မိပါတယ်။
    တရားပွဲပြီးတော့ တရားကို ကြိုးစားအားမထုတ်ပဲ အဆောင်ပြန် ဘာသာခြားရန် ဘယ်လိုကြီးကြောင်း လေတွေဖောင်တဲ့ထဲ ဒေါ်ပဒုမ္မာ ရှေ့ဆုံးကပါလို့ ရှက်ရှက်နဲ့ ဝန်ခံပါရစေ။

  • Foreign Resident

    May 24, 2013 at 6:08 pm

    ပဏ္ဍိတာရာမ ဆရာတော်ကြီး ဆိုတာ ၊
    တိပိဋက ယော ဆရာတော်ကြီးကို ပြောတာလားဟင် ။

  • padonmar

    May 24, 2013 at 7:09 pm

    ပဏ္ဍိတာရာမ ဆရာတော်ကြီးဆိုတာ ယောဆရာတော်ကြီးမဟုတ်ပါ။
    ရွှေတောင်ကုန်းဆရာတော်လို့လည်းခေါ်ပါတယ်။ဦးပဏ္ဍိတ ပါ။
    ရန်ကုန် ရွှေတောင်ကုန်းမှာ ရိပ်သာရှိပါတယ်။
    ကျမတို့က သင်္ကြန်မှာ ဆယ်မိုင်ကုန်းက တောစခန်းကျောင်းမှာ ရိပ်သာဝင်ပါတယ်။
    သိပ်သာယာအေးချမ်းပါတယ်။

  • kyaw hteik

    May 25, 2013 at 1:03 am

    ပြန်​လည်​​ဝေမျှ​ပေး​သော အန်​တီPadonmarကို​ကျေးဇူးတင်​ပါတယ်​။
    ဆရာ​တော်​​ဟော​ပြောချက်​​တွေအကုန်​လုံးက ယ​နေ့ဗုဒ္ဓဘာသာအများစုရဲ့
    အဖြစ်​မှန်​​တွေပါ။

  • kyaw hteik

    May 25, 2013 at 1:19 am

    သူကြီးဦးခိုင်​ရဲ့ ဗုဒ္ဓဝါဒစစ်​စစ်​စာအုပ်​ ဖတ်​ရှုရရန်​​မျှော်​လင်​့​နေမယ်​။
    ဆက်​ဆက်​ထုတ်​​ဝေဖြစ်​ပါ​စေ။ဘာသာတိုင်​းမှာ သဘာဝလွန်​ကိစ္စ​တွေ ကိုလူ​တွေဖြည်​့စွတ်ထားလို့ပါ။
    အဲဒီအချက်​​တွေကို ယခု​ခေတ်​လူသား​တွေက ယခု​ခေတ်​အ​တွေးအ​ခေါ်နဲ့ မစဉ်​းစား မချင်​့ချိန်​ကြ​တော့ ဘာသာ​ရေးအစွန်​း​ရောက်​ ​တွေဖြစ်​သွားကြတယ်​။ကျ​နော်​ အ​တွေးအ​ခေါ် တင်​ပြကြည်​့တာပါ။ကျ​နော်​ န​ှင်​့သ​ဘောထား မတိုက်​ဆိုင်​သူ ခွင်​့လွတ်​နားလည်​​ပေးပါခင်​ဗျာ။အန်​တီPadonmarကို ​ကျေးဇူးထပ်​တင်​ပါတယ်​။

  • ဦးဦးပါလေရာ

    May 25, 2013 at 1:46 am

    နောင်ကို ထောက်ပြပြောဆိုသူရှိကောင်းရှိလာနိုင်လို့
    ကိုယ် ကြားဖူး မှတ်ဖူးသမျှလေးနဲ့ ကြိုကန်ပေးထားပါရစေ အမပဒုမ္မာရေ…….

    ဝိပဿနာဉာဏ်တွေရဲ့အစဟာ
    နာမ်ရုပ်တွေကို ပိုင်းခြားသိမြင်တဲ့ဉာဏ်၊ (နာမရူပ ပဋိစ္ဆေဒ ဉာဏ်)
    နာမ်ရုပ်တွေအပြန်အလှန်ဆက်စပ်ကြောင်းကျိုးပြုပြီးဆင့်ပွားဖြစ်ပေါ်နေတဲ့ခန္ဓာအစဉ်ကိုသိမြင်တဲ့ဉာဏ် (ပစ္စယပဋိဃဟ ဉာဏ်)
    ဆိုတဲ့ ဉာဏ် နှစ်မျိုးမဟုတ်ဘူး၊ အဲသည်ဉာဏ်နှစ်မျိုးဟာလဲ ဝိပဿနာဉာဏ်မဟုတ်သေးဘူးလို့
    အချို့က ပြောဆို ရေးသားကြတာ ရှိပါတယ်။
    တစ်နည်းအားဖြင့် အဲသည်ဉာဏ် နှစ်မျိုးကို ဝိပဿနာဉာဏ်အဖြစ်ထည့်ယူတဲ့ နည်း(ဥပမာ-မဟာစည်)ကို တရားမှန်မဟုတ်လို့ လဲစွပ်စွဲတာမျိုး ရှိပါတယ်။ အရင်က ရှိခဲ့တဲ့အပြင် အခုနှစ်ပိုင်းမှာလဲ ပြန်ကြားရပြန်ပါတယ်။

    ဟုတ်ပါတယ်။ အဲသည်ဉာဏ်နှစ်မျိုးသည် ဝိပဿနာဉာဏ် လို့တော့ မုချ မဆိုပါ။
    သို့သော်- ဝိပဿနာဉာဏ်တွေထဲက ကနဦးဉာဏ်ဖြစ်တဲ့ – ရုပ်၊ နာမ်၊ ခန္ဓာငါးပါး စတဲ့ အရှု့ခံတရားတို့အပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတစ်ပါးပါးနဲ့ အထူးရှု့မြင်၊ဆင်ခြင်သုံးသပ်၊ကျေနပ်ဘဝင်ကျသွားလေသော – သမ္မာသနဉာဏ် ဖြစ်စေဖို့
    အထက်ပါဉာဏ်နှစ်ပါးက ကနဦး ရှေ့ဆောင်ဖြစ်ရတာဖြစ်လို့
    အဲဒီဉာဏ်နှစ်ပါးကိုလဲ မဖြစ်မနေ သေချာပေါက် တွေ့ရ ကြုံရတာဖြစ်လို့
    အဲဒီဉာဏ်နှစ်ပါးကို ပုပ္ပဝိပဿနာဉာဏ် (ဝိပဿနာဉာဏ်တို့၏ရှေ့မှ ကနဦးဖြစ်ရအပ်သောဉာဏ်) လို့ ခေါ်ပါတယ်။

    အဲဒီဉာဏ်နှစ်ပါးက ရလွယ်ပါတယ်။ စိတ်ထားဖြောင့်၊ တရားရိုသေ၊ နောက်ကြောင်းအေး၊ ဝီရိယကောင်းရင် သုံးလေးငါးရက်နဲ့တောင် ရနိုင်လို့ မယုံသူတွေကို လက်တွေ့ပြနိုင်တဲ့ ဉာဏ်တွေပဲဖြစ်ပါတယ်။
    အဲဒီနှစ်ခုနောက်ကလာမယ့် သမ္မာသနဉာဏ်ကတော့ ရချင်လဲရပါမယ်၊ မရပဲလဲ နေနိုင်ပါတယ်။ ရရင်လဲ အထက်ဆက်မတက်ပဲ ကြာနိုင်ပါတယ်။ ရက်ပိုင်း လပိုင်းသာမက တစ်ဘဝလုံးသော်လည်းကောင်း ဘဝတွေနဲ့ချီပြီးတော့တောင်လည်းကောင်း ကြာနိုင်လို့ သေချာပေါက်သက်သေခေါ်ပြဖို့ ခက်ပါတယ်။
    ဘာသာခြားတွေ ၊ လူမျိုးခြားတွေ တရားအနည်းငယ်အားထုတ်ပြီး ယုံသွားတာမျိုးဟာ ကနဦး ဝိပဿနာဉာဏ်နှစ်မျိုးကို ကိုယ်တွေ့ရသွားလို့ဖြစ်ပါတယ်။
    စာဖတ်ပြီးသိတဲ့အသိလောက်၊ ဆင်ခြင်ပြီးသိတဲ့အသိလောက်နဲ့ နေခဲ့သူတွေဟာ လက်ငင်းဆတ်ဆတ် ဉာဏ်နဲ့တွေ့ရတဲ့အခါ ဘယ်လိုမှကို ဘယ်နည်းနဲ့မှ မတူရေးချမတူတာကို ကိုယ်တိုင်သိမြင်သွားတတ်ကြပါတယ်။

  • padonmar

    May 25, 2013 at 6:22 am

    ကိုကျော်ထိုက်
    အားပေးတာကျေးဇူးပါ။
    ………….
    ဦးဦးပါ
    အားဖြည့်ပေးတာကျေးဇူးပါ။
    ကိုစံလှကြီးကို ဘယ်လိုဖြေပေးရမလဲ စဉ်းစားနေတာ၊
    အခု ဦးပါဝင်ဖြည့်ပေးတာအတော်ပါပဲ။
    နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် (ပုဗ္ဗဝိပဿနာဉာဏ်) ၂ပါး ရဖို့ သဒ္ဓါ အများကြီး ရှိစရာမလိုပဲ
    စူးစမ်းလေ့လာချင်တဲ့စိတ် ထဲထဲဝင်ဝင်သိချင်စိတ်ရှိရုံနဲ့ ကြိုးစားရင်ရနိုင်ပါတယ်။
    (ဒီလို လေ့လာချင်တာလည်း စွန်းလွန်းဆရာတော်ကြီးလို ရှေးအတိတ် တစ်နေရာမှာ ဗုဒ္ဓဘာသာကို လေ့လာဖူးတဲ ့ အခံရှိရင်လည်းရှိမှာပေါ့နော်၊ဒါပေမယ့် အခုမှစလုပ်လည်း လုပ်သလောက်အကျိုးပြန်ရမယ်ဆိုတာ ကျမတော့ ယုံပါတယ်)
    ကိုယ်တွေ့သိသွားတဲ့အခါ ယုံကြည်သွားတာပါပဲ။
    ဘဝမှာ အချိန်အနည်းငယ်လေး ပေးပြီး တန်ဖိုးအကြီးကြီးရနိုင်တာဖြစ်လို့ လေးလေးနက်နက် တိုက်တွန်းချင်တာပါ။

  • kyeemite

    May 25, 2013 at 10:02 am

    အင်မတန် ကောင်းတဲ့ပို့စ်လေးပါ အန်တီဒုံရေ…
    ကိုစံလှကြီးဆွေနွေးတာတွေလည်းအမှန်တွေပဲ…
    ကောင်းပါလေ့ဗျာ….
    သဂျီးရေးမယ့် စာအုပ်ကျုပ်လည်းဖတ်ချင်ပါဘိ..

  • ဆူး

    May 25, 2013 at 11:45 am

    ပြောမယုံ ကြုံဖူးမှ သိဆိုသလိုပဲ.. ကိုယ်တွေ့ တရားစခန်း ဝင်တုန်းက ယောင်လည်လည် နဲ့ ရိပ်သာ ရောက်တော့ အရင်ရောက်တဲ့ ယောဂီ ကြီးက နေ့လည် ထမင်းစားပြီးရင် အိပ်ရတယ်တဲ့..
    မနက်ကတော့ ဆွမ်းစားဖို့ မတန်းစီခင် ရေချိုးရင် ရေမရှိတာများတယ်။ လူအသုံးမများတဲ့ အချိန် မနက် ၃နာရီလောက် ရေထချိုးပြီး ပြန်အိပ်တယ်။ ကိုယ့်စိတ်နဲ့ ကိုယ် တရားစခန်း သွားဝင်တာ လစ်ရင် စကားပြောဖို့ တခါတည်း အဖော် ရှာလိုက်တယ်။ ရိပ်သာ မထွက်ခင် တည ရွယ်တူ အဖော်တွေ့သွားလို့ တညလုံး မအိပ်ပဲ စကားတွေ ပြောဖြစ်ခဲ့တယ်။ အဲ့လို လုံ့လ တွေ စိုက်ထုတ်ပြီး တရားအားထုတ်ခဲ့ဖူးပါတယ်။

    ဒီကြားထဲ သရဲ အခြောက်ခံရလို့ ကြောက်လို့ အော်နေကြတဲ့ သူတွေ သရဲ အကြောင်း လျှောက်ပြောပြီး ခြောက်ခဲ့သေးတယ်။ အဟိ..

    • ဆူး

      May 25, 2013 at 12:01 pm

      တရားစခန်း ဝင်ခဲ့စဉ်က တရားများကို မှတ်မိတဲ့ အပြင် ပြန်ချရေးပြီး တပါးသော သူတွေ သိစေခြင်းငှာ ရေးသားနိုင်တဲ့ အန်တီ ပဒုံမာ ကိုလည်း လေးစားမိပါတယ်။

      • padonmar

        May 25, 2013 at 11:32 pm

        အထင်မကြီးပါနဲ့ဆူးရယ်။
        တရားနာရင် စာအုပ်နဲ့ လက်ချာလိုက်သလို မှတ်တာ အကျင့်ပါနေလို့ မှတ်သားပြီးသားရှိတာပါ။

    • San Hla Gyi

      May 25, 2013 at 3:38 pm

      အဲဒီလိုလုပ်တော့ ဆူးတော့ တရားတွေ တော်တော်ရသွားမယ် ထင်တယ်။ အလကား နောက်တာပါ ဆူးရေ။ တကယ်တော့ တချို့ကိစ္စတွေက ပဲကြီးရေစိမ် အချိန်တန်ပွ ဆိုသလို သူ့အချိန်ရောက်မှ ဖြစ်ရတာမျိုးကိုး။ သူ့အချိန် မရောက်သေးရင် ဘယ်လိုမှ မဖြစ်တာလည်း ရှိတယ်။ မြတ်စွာဘုရားနဲ့ ဝါဒပြိုင်တဲ့ သစ္စက ပရိဗိုဇ်ကြီးဟာ ဘုရားလက်ထက်တော်မှာ ရှုံးသွားပေမယ့် တရားမရသွားခဲ့ဘူး။ သရဏဂုံတောင် မတည်သွားခဲ့ဘူး။ ဝါဒပြိုင်ပွဲမှာ ရှုံးလို့ အရှုံးပေးတဲ့ အနေနဲ့ မြတ်စွာဘုရားနဲ့ သံဃာတွေကို ဆွမ်းတော့ ပင့်ကျွေးတယ်။ ဒါပေမယ့် ရိုရိုသေသေ စိတ်ပါလက်ပါ မဟုတ်ဘူး။ သူ့တပည့် လိ စ္ဆဝီမင်းသားတွေကို မင်းတို့ မနက်ဖြန် ငါ့အိမ်ကို တယောက်ဆွမ်းတအုပ်စီ ပို့လိုက်စမ်းကွာလို့ ပြောပြီး ဆင့်လိုက်တာ။ သူက ဆရာကြီးကိုး။ ဆွမ်းကျွေးပြီးတော့လည်း ဒီဆွမ်းအုပ်တွေဟာ အလှူရှင်တွေရဲ့ ကောင်းမှုပါလို့ လျှောက်သေးတာ။ ဆိုလိုတာက သူလှူတာ မဟုတ်ဘူးပေါ့လေ။ မြတ်စွာဘုရားကလည်း သူ့ရဲ့ ဥပနိဿယလို့ ခေါ်တဲ့ တရားရနိုင် မရနိုင် ဆိုတာ သိပြီးသားပါ။ သူဟာ ငါဘုရား လက်ထက်တော်တော့ ဘယ်လိုမှ တရားထူး မရနိုင်ဘူး။ ငါဘုရား ပရိနိဗ္ဗာန် ပြုပြီး နောက်တော့ တရားထူး ရလိမ့်မယ်လို့ သိတယ်။ ဒါကြောင့် သူ့ကိုပဲ ဘုရားရှင်က ဆွမ်းကျွေးပွဲမှာ “သစ္စက ရာဂ ဒေါသ မောဟ မကင်းတဲ့ သင့်ကို ရည်မှန်းပြီး ပေးလှူတဲ့ လိစ္ဆဝီမင်းသားတွေဟာ သင့်ကို လှူသလောက်ပဲ အကျိုးပေးလိမ့်မယ်။ ဒါပေမယ့် သင်ကတော့ ရာဂ ဒေါသ မောဟကင်းတဲ့ ငါဘုရားကို ပေးလှူတဲ့ အလှူရဲ့ အကျိုးဟာ သင့်ကိုပဲ ပေးလိမ့်မယ်။” လို့ပြောလိုက်တယ်။ နောက် အနှစ် ၂၅ဝ ကျတော့မှ သူလည်း သီဟိုဠ်ကျွန်းမှာ ရဟန္တာဖြစ်တယ်လို့ ဆိုတယ်။ ဆိုလိုတာက အချိန်ပေါ့လေ အချိန်။

      • padonmar

        May 25, 2013 at 11:46 pm

        ကိုစံလှကြီးရေ
        သစ္စကကြီးအကြောင်း မကြားဖူးသေးဘူး။
        ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်။
        တရားအားထုတ်ခြင်းကို ပဲကြီးရေစိမ် အချိန်တန်ပွ ဆိုပြီး သူ့ဖာသာ အချိန်ရောက်ရင် အလိုလိုသိလိမ့်မယ်လို့ အထင်မှားကြမှာစိုးပါတယ်။
        ကျမအမြင်တော့ တရားအားထုတ်တယ်ဆိုတာ ကိလေသာဆိုတဲ့ ဧရာမ အပင်ကြီးကို လွှနဲ့ တစ်ချက်ခြင်းဖြတ်နေသလိုပါပဲ။
        တစ်ချက် သတိနဲ့ ကပ်နေရင် လွှတစ်ချက်ဆွဲလိုက်သလိုပေါ့။
        လွှမဆွဲပဲ ပင်စည်ထဲ တန်းလန်းကြီးပစ်ထားတာကြာရင် လွှပေါ်တောင် အပွေးတက်အုပ်သွားမှာပါ။
        နောက်ဆုံးပြတ်သွားမယ့် တစ်ချက်ဟာ ဘယ်အချိန် ဘယ်လွှချက်လည်းဆိုတာ မသိနိုင်တော့ သူ့ဖာသာ အချိန်ကျလို့ ဖြစ်တယ်လို့ ထင်ကြပါတယ်။
        ကျမကတော့ အချိန်ထက် အားထုတ်မှု ဒီဂရီ မပြည့်လို့ တရားမရသေးတာလို့မြင်ပါတယ်။
        အဲဒီတော့ သူ့ဖာသာသူပြည့်လာမယ့် အချိန်ကို မရေရာတဲ့ ဘဝသံသရာနဲ့ စွန့်စားပြီး စောင့်ဆိုင်းနေမယ့်အစား
        ကနေ့ဟာ နောက်ဆုံးလွှချက်ဖြစ်နိုင်တယ်လို့ သဘောထားပြီး ကြိုးစားလိုက်ကြစေချင်ပါတယ်။
        ဒါးတစ်ချက်ခုတ်တိုင်း လွှတစ်ချက်ဆွဲတိုင်းဟာ အလဟဿဖြစ်မသွားပါဘူး။
        ကိုယ်ပြုတဲ့ ကံတိုင်းဟာ ကိုယ့်နောက်ကို အရိပ်လိုလိုက်ပါတယ်။

        • San Hla Gyi

          May 26, 2013 at 10:09 am

          အင်း ကျနော် ပြောချင်တဲ့ အကြောင်းကို ဒီမှာ အပြည့်အဝ ပြောလို့ မရဘူး။ ကျနော့် ဆိုလိုချက်ကို လွဲနေတယ်။ ကျနော်က သူ့ဟာသူ ပစ်ထားလိုက်ဖို့ ပြောတာ မဟုတ်ဘူး။ ကျနော် အဓိက ပြောချင်တာက ဆရာမပြောတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူများက အလွယ်တကူ ဆွယ်တာတို့ ဆွဲတာတို့ လုပ်နိုင်တာနဲ့ အလွယ်တကူ ယိမ်းယိုင်သွားတတ်တယ် ဆိုတာကို အဓိက ပြောချင်တာ။ အဲဒီလို မဖြစ်အောင် လူများစုကြီးကို ဘာသာရေးနဲ့ ပက်သက်တဲ့ အသိကလေးတွေ ရှိလာအောင် လုပ်ပေးဖို့ ပြောချင်တာ။ ဆရာမပြောတဲ့ အကျင့်စခန်းကလည်း ကောင်းပါတယ်။ ဒါပေမယ့် သေချာတယ် ဆရာမရေ လောင်းတောင် လောင်းဝံ့တယ်။ အဲဒီလို အကျင့်စခန်းကို တတ်ဖို့ဆိုတာ အင်မတန်ကို နည်းတဲ့ လူနည်းစုကလေးပဲ ရလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ အသိထက် အကျင့်က ပိုခက်တာ နေရာတိုင်းမှာ မဟုတ်လား။ လူများစုကို လုပ်ခိုင်းတာနဲ့ မလုပ်မယ့်လူတွေ များတယ်။ ဘာမှလည်း ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်က လူများစုနိုင်မယ့် နေရာကို အရင်လုပ်စေချင်တာ။ အဲဒီထဲက အနည်းစုကတော့ ထပ်တတ်ကြပေါ့လေ။
          ဆူးပြောလို့ ကြုံတာနဲ့ ရယ်စရာ ပြောရအုံးမယ်။ တကယ်ပြောတာ ဆရာမရဲ့။ ဟိုတနှစ်ကပဲ ကျနော့် ညီမဝမ်းကွဲလေး တယောက် တရားစခန်းဝင်မယ် ပြောမယ်။ ကျနော်ကလည်း ထူးဆန်းသလို ဖြစ်တာနဲ့ ဘာလို့ တရားစခန်း ဝင်တာလည်း ဆိုတော့ သူ့သူငယ်ချင်းက အဖော်ရအောင် လိုက်ခဲ့ပါလို့ အတင်းခေါ်လို့ တပတ်တရားစခန်း ဝင်မယ်လို့ ပြောတယ်။ ကျနော် သိသလောက် သူ့သူငယ်ချင်းကလည်း ဘာသာရေး အသိတွေ ဘာတွေ ဒီလောက် မရှိလှပါဘူး။ အဲဒါနဲ့ ကျနော်က ဟဲ့ နင့်သူငယ်ချင်း ဒီကောင်မလေးလည်း ဘာလိုဖြစ်လို့ ဒီစိတ်ကူး ရလာတာလည်းလို့ မေးတော့ ကျနော့်နှမက ပြုံးစေ့စေ့နဲ့ “အကိုကြီးကလဲ သူ့ရှေ့မှာလည်း ဘယ်သူက တရားပေါက်ပြနေသလည်းမှ မသိတာ” လို့ပြောတယ်။ နောက်မှ သူပြောတာက သူ့သူငယ်ချင်းရဲ့ အိမ်နားမှာလည်း သူတို့နဲ့ ရွယ်တူ ကောင်မလေးနှစ်ယောက် ရှိတယ်။ အဲဒီ မိန်းကလေးနှစ်ယောက်က ကျောင်းမှာလည်း စာတော်တော့ နည်းနည်း ပေါ်ပြူလာ ဖြစ်တယ်ပေါ့။ အဲဒါ သူတို့က တရားစခန်းတွေ ဘာတွေလည်း ဝင်ဖူးတော့ ဘယ်လိုနမိတ်တွေ မြင်ရတယ် ဘာအရောင်အလင်းတွေ တွေ့တယ် ဘယ်လိုခံစားမှုတွေ ရတယ်နဲ့ ပြောတော့ ဒီကောင်မလေးက အားကျပြီး အတင်းတရားဝင်မယ် ဖြစ်လာတော့တာကိုး။
          အဲဒါနဲ့ တရားစခန်းလည်း ရောက်ရော သုံးရက်လောက်ကြာတော့ သိပ်ပျင်းပြီး ကျနော့်နှမဝမ်းကွဲကို ဒီရိပ်သာကနေ တို့ထွက်ပြေးရအောင်လို့ တိုင်ပင်တယ်တဲ့။ ကျနော့် ညီမကတော့ ကျိတ်မှိတ်ပြီး နေတယ်ပေါ့။ အဲဒါနဲ့ ကျနော့်ညီမက မလုပ်ပါနဲ့ သူငယ်ချင်းရယ် သည်းခံပြီးနေပါ သုံးရက်နဲ့ ထွက်ပြေးတယ် ဆိုရင် မကောင်းပါဘူးလို့ ပြောရတယ်တဲ့။ အဲဒါ အဲဒီကလည်း ပြန်လာပြီးရော ဘယ်တော့မှ အဲဒီလိုလည်း မလုပ်တော့ဘူး။ ယောင်လို့တောင် စကားမစတော့ဘူး။ အဲဒါ ကျနော့်ညီမလေးက သူ့သူငယ်ချင်းကို အခုနောက်ပိုင်း ဟဲ့ နင်တရားအရသာ သိပြီလားလို့ မေးရင် စပ်ဖြီးဖြီးနဲ့ အင်းသိပြီလို့ ပြောတယ်တဲ့။
          ဝင်ပြီး လေပစ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမရေ။ ပို့စ်ဆိုလိုချက်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်က သိပ်ကောင်းလို့ လူအများစု မတတ်နိုင်ဖို့ များတယ်လို့ ထင်လို့ပါ။ တော်ကြာ ကျနော်က တရားထိုင်တာ ဆန့်ကျင်တယ် ထင်ပြီး ကျုပ်မိတ်ဆွေ မိုးပြာဆရာတွေကို တရားရဲ့ အရသာဆိုတာ ဘာညာနဲ့ ပို့စ်တွေ တတ်လာမှာစိုးလို့ ဟီး ဟီး။

    • padonmar

      May 25, 2013 at 11:30 pm

      ဆူးရေ
      မှတ်သားလောက်ပါတယ်ခင်ဗျ၊မှတ်သားလောက်ပါတယ်ရှင့်။
      အန်တီ့တုံးကတော့ တရားအားထုတ်ချင်တယ်လို့ ပြောမိတာနဲ့ ရှေ့က အားထုတ်ဖူးတဲ့ အမ(အမျိုးမဟုတ်) တစ်ယောက်က အိမ်ထိရောက်လာပြီး တရားအားထုတ်ရင် အိပ်ချိန်ကလွဲလို့ သတိမပြတ်မှတ်ရမယ်။စကားလုံးဝမပြောပါနဲ့။
      ရိပ်သာမှာ ပလိဗောဓကင်းကင်းအားထုတ်နိုင်ဖို့ ဘာတွေဆောင်သွားရပြီး ဘာတွေ မယူသင့်ဘူးဆိုတာထိ လာသင်ပေးခံရပါတယ်။
      ကျေးဇူးသိပ်ကြီးတဲ့ အမပါ။
      (သူကိုယ်တိုင်လည်း တရားအားထုတ်ချိန်မှာ နိဿဇ္ဇိဓုတင်ခေါ်တဲ့ လှဲမအိပ်ပဲ အားထုတ်တဲ့ စိတ်ဓာတ်ထက်သန်သူပါ)
      မြန်မာပြည်မှာ တော်တော်များများက တရားအားထုတ်တယ်ဆိုတာ တရားထိုင်ချိန်လေးထိုင်၊ပြီးရင် စကားလေးပြော၊ရိပ်သာကကျွေးတာစား၊မဝရင် အဆောင်မှာ အိမ်ကသယ်လာတာတွေ ဝိုင်းဖွဲ့စား။
      မိတ်ဖွဲ့၊အတွေ့အကြုံပြော ဆိုတာကို တရားအားထုတ်တယ်လို့ နာမည်ခံကြတော့ ဘာသာခြားတွေ၊သဒ္ဓါနည်းသူတွေက သိမ်းကျုံးပြီး
      ဝေဖန်တာခံရတာပါပဲ။
      (သဂျီးကလည်း အဲသလို ယောဂီတွေတွေ့ပြီး ဝိပဿနာ အားမပေးချင်ဘူးလို့များ ပြောနေလေသလား၊)

      • Foreign Resident

        May 26, 2013 at 5:50 am

        ” သဂျီး ကလည်း အဲသလို ယောဂီတွေတွေ့ပြီး
        ဝိပဿနာ အားမပေးချင်ဘူးလို့များ ပြောနေလေသလား ”

        မ ပဒုမ္မာ ရေ ။
        အဲဒါတော့ ၊ မဟုတ်လောက်ဘူး ထင်တယ်နော် ။
        ဘာကြောင့်လဲ ဆိုတော့ ၊ သဂျီး တစ်ခါက ပြောဘူးတယ် ။
        သူ ( သဂျီး ) တရားထိုင်တာ ချမ်းမြေ့ရိပ်သာ မှာတဲ့ ။
        ချမ်းမြေ့ရိပ်သာ က မဟာစည် နည်းသုံးတဲ့ အထဲမှာတောင်မှ
        တော်တော် စည်းကမ်း တင်းကျပ်တယ် ။
        ( ယောဂီတွေ စကားလေးပြော၊ ဝိုင်းဖွဲ့စား နေလို့ မရဘူး ၊
        လမ်းလျှောက် တာ ၊ ဟင်းချိုဇွန်း မတာတောင် အမှတ်လွတ်ရင် အပြောခံရတယ် )

        အမှတ်မမှားရင် သူ့နည်းက အပေါ်က ဦးပါပြောခဲ့တဲ့ ၊
        ရုပ်နာမ် ကွဲတာကို စ ရှု / စ မြင် ရလေ့ရှိတယ် ။

      • ဆူး

        May 27, 2013 at 10:38 am

        အန်တီ သမီးပြောချင်တဲ့ ဆိုလိုရင်း သဘော ပေါက်သွားတယ် ထင်တယ်.. ဟိဟိ..
        သမီး ဆိုလိုချင်တာ အဲ့ဒါပါပဲ.. လူတွေ တော်တော် များများက သူများ ယောင်လို့ လိုက်ယောင်ကြတယ်။ တနှစ်မှ ဒီတချိန်ပဲ တရားအားထုတ်လို့ ရတယ် ဆိုပြီး သင်္ကြန်ဆို ရိပ်သာမှာ လူတွေ စုပြုံနေတတ်ကြပါတယ်။ အမှန်တော့ အရည်အတွက် ထက် အရည်အသွေးက ပိုအရေးကြီးပါတယ်။ တရားစခန်း က ယောဂီထိန်း ဘုန်းကြီးတွေလည်း အေးဆေး တရားအားမထုတ်နိုင်ဘူး.. ယောဂီ ဆိုးရင် ဆိုးသလို အပေါက်ဆိုး လာကြရတယ်။
        စိတ်ရဲ့ သဘာဝ က အမြဲတမ်း လှုပ်လှုပ် လှုပ်လှုပ် တခုခု ကို ပိုင်ဆိုင်ထားမှ ကျေနပ် နှစ်သိမ့်တတ်ပါတယ်။
        အဲ့ဒီလိုမှ ကျေနပ် နှစ်သိမ့်မယ် ဆိုတဲ့ စိတ် ကို အနည်ထိုင်အောင် လုပ်လိုက်တဲ့ အခါ.. စိတ်ထဲမှာ သူပုန်ဝင်စီးသလို ဝရုန်းသုံးခါး ဖြစ်ပြီး ထွက်ပြေးချင်စိတ်တွေ မလုပ်ချင်ပဲ အဖော်ရှာချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။
        အပြောကတော့ တရားစခန်း တရားစခန်း ဆိုပြီး နည်းမျိုးစုံအောင် ဝင်နေတဲ့ ယောဂီတွေ..
        မဝေ ရဲ့ ရိပ်သာ တခုက ယူလာတဲ့ စကားနဲ့ ဆိုရင်တော့ (ယောင်းမ.. မွေသာ မွေပြီး အရသာ မသိ) အဲ့လို လူတွေ များသွားပါတယ်။

        တရားတော့ လုပ်နေကြတယ် တရားမှာ ထုံထိုင်းသွားကြတတ်တယ်။

        တရားကတော့ အိမ်မှာ နေလည်း မှတ်လို့ ရတယ် ဆိုပေမဲ့ အိမ်မှာ တယောက်တည်း နေလည်း ဘာ လုပ်ရအုန်းမယ် ညာလုပ်ရအုန်းမယ် ဆိုတဲ့ အတွေးတွေက လူ ကို စိုးမိုးလာပြီး တရားမှာ စိတ်မဖြောင့်တာမျိုးတွေ ဖြစ်လာတတ်ကြတယ်။ ပတ်ဝန်းကျင်က လူတွေကလည်း ကိုယ်နဲ့ သိနေတော့.. စကားမပြောပဲ နေလို့လည်း မဖြစ်တော့ လာပြောရင် အနည်းဆုံး မေးထူး ခေါ်ပြော ပြောရတာနဲ့ သမာဓိ အားကျစေပါတယ်။

        တရားစခန်း ဝင်တယ် ဆိုတာ.. ရိပ်သာမှာတော့ အချိန်မှန် အိပ်ယာထ အချိန်မှန် တရားထိုင် အချိန်မှန်.. အချိန်မှန် နဲ့ တခြား အပြင် ကိစ္စ ဘေး ကိစ္စတွေ အာရုံထဲ ဝင်လာတတ်ပေမဲ့.. အမြင်အကြား အနေနဲ့တော့ ဘေးက မလာနိုင်တော့ဘူး။ အားလုံး နဲ့ အလှမ်းဝေးကွာတဲ့ ပတ်ဝန်းကျင် ရောက်နေတဲ့ အတွက်..

        သမီး အဲ့ဒီ ရိပ်သာမှာ တရားစခန်း ဝင်ဖြစ်တာ.. အမျိုး ဘုန်းကြီးတပါး.. အခုတော့ မရှိတော့ပါဘူး.. အဲ့ဒီ ဘုန်းဘုန်း က သူ သီတင်းသုံးတဲ့ ကျောင်းမှာ တရားလာထိုင် ဆိုပြီး ခေါ်တဲ့ အတွက် ရောက်သွားတာပါ..

        အရင်ရောက်တဲ့ ယောဂီတွေ ဆရာလုပ်တာတော့ တော်တော် စိတ်ပျက်မိအောင် ဖြစ်မိတယ်။ တရားစခန်းက ကိုယ်မထွက်သေးဘူး အရင် ထွက်တဲ့ ယောဂီ ကြီးတွေ ထွက်မယ် ဆိုတော့ တရားဖြုတ်ပြီး အတင်း သွားပြီး နှုတ်ဆက်ခိုင်းတယ်။ ထမင်းစားရင် ကိုယ့်ပန်းကန် ကိုယ်ကြည့်ပြီး အမှတ် နဲ့ စားရမလား အောက်မေ့တယ်.. ဘေးက လူ ထမင်း စားလို့ ကုန်ခါနီးတိုင်း အတင်း လက်တို့ပြီး ထမင်းလိုက်ထည့်ခိုင်းတယ်။ သူများ ထမင်းပန်ကန် လည်း မကြည့်မိပါဘူး စိတ်လည်း မဝင်စားဘူး.. ကိုယ်စားနေတဲ့ ပန်းကန် ထဲက ထမင်းကို အမှတ်မလွတ်ပဲ စားချင်တယ်။ အဲ့လို အရှေ့ အရှေ့က စီနီယာ ကျတဲ့ ယောဂီကြိးတွေကလည်း အဲ့ဒီ ကျောင်းမှာ တရားစခန်း ဝင်ရတာ ပျော်လို့ အမြဲတမ်း ဝင်ချည် ထွက်ချည် လုပ်ပြီး နေနေတဲ့ အတွက် အားလုံး နဲ့ သိပြီး အကုန်လုံးနဲ့ လိုက်မိတ်ဆက်ပေး.. သူတို့ အုပ်စု ထဲ သွင်းဖို့ ကြိုးစားချင်လို့ နဲ့ တူပါတယ်။ နောင်နှစ် ထပ်လာခဲ့အုန်းနော်.. ငါတို့ က ဒီမှာ အမြဲဝင်တယ် ဆိုပြီး စကားလက်ဆောင်တောင် ပေးခဲ့သေးတယ်။ ရိပ်သာ ဝင်တာ ပျော်ခဲ့ပါတယ်.. အဟိ..

        ဒါကတော့ ပထမ အကြိမ် ရိပ်သာ ဝင်တုန်းက အကြောင်းတွေပါ။

        လူတိုင်းမှာ အမှား မကင်းတဲ့ အတွက်.. ကိုယ်တိုင် ဝေလေလေ လုပ်ခဲ့မိတာ ကို ပြန်ပြောပြတဲ့ သဘောပါပဲ။

        • padonmar

          May 28, 2013 at 6:34 am

          ဒို့ဆူးကတော့ ဝေလေလေ ယောဂီ မဟုတ်လောက်ပါဘူးလို့ ထင်သား။
          MRTV ပေါ်ခါစက ခေမာသောင်ကမ်းနိဗ္ဗာန်နန်းသို့ ဆိုပြီး ရိပ်သာတွေကို လိုက်ရိုက်ပြ နိုင်ငံခြားသားယောဂီတွေနဲ့ အင်တာဗျူးပြတယ်။
          အဲဒီထဲမှာ နိုင်ငံခြားသားရဟန်းတစ်ပါး(အဖြူ ၊ဂျာမန်လို့ထင်တယ်-သူက မြန်မာလို ကောင်းကောင်းတတ်တယ်)က သူ့အတွေ့အကြုံတွေပြောပြရင်း နောက်ဆုံး အရှင်ဘုရား တီဗွီကြည့် ပရိသတ်ကို ဘာပြောချင်ပါသလဲဆိုတော့၊
          မြန်မာပြည်ကလူတွေကို သနားပါတယ်တဲ့။
          နီးနီးလေးမှာနေပြီး တရားအရသာကို သိအောင် အားမထုတ်ကြတာကို သနားမိပါတယ်တဲ့၊
          အဲဒါကြည့်ပြီး ကိုယ့်ကိုကိုယ် တော်တော်ရှက်မိသွားတယ်။

  • Mr. MarGa

    May 25, 2013 at 12:14 pm

    အခု အချိန်မှာ အဲဒီလောက် မလုပ်နိုင်သေးတာ ဝန်ခံတယ်
    ငါးပါးသီလ တောင်မှ အကုန် မစောင့်နိုင်တဲ့ သိကြားမင်းပါ ဒေါ်လေးရေ့
    ကိုယ် တတ်နိုင်သလောက်လေးပဲ လုပ်နေရတာ
    ဆိုတော့
    တစ်ကိုယ်ရေသာသနာကိုတောင်မှ
    မနည်း အားတင်းလို့ သာသနာပြုနေရပါကြောင်း

  • padonmar

    May 25, 2013 at 11:49 pm

    အလို ဘုရားသာသနာလွန်လို့ သိကြားသာသနာရောက်ပြီဆို။
    ဒို့သိကြားမင်းက အားတင်းနေရတုံးဆိုပါလား၊ပဂိုးဒါး။

  • padonmar

    May 26, 2013 at 11:06 pm

    ကိုစံလှကြီး
    ဆိုလိုတာ ကျမ သဘောပေါက်ပါတယ်။(တရားအားထုတ်တာ မဆန့်ကျင်မှန်းလည်းသိပါတယ်၊လူငယ်တွေများ ဖတ်ကြရင် လိုရာဆွဲ အဓိပ္ပါယ်ကောက်လွဲမှာ စိုးလို့ပါ။ခုလို ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်၊ကိုစံလှကြီး ကွန်မန့်တွေက ဗဟုသုတလည်း အများကြီးရပါတယ်)
    ကျမတိုက်တွန်းချက်တွေက နည်းနည်း ပြင်းထန်လွန်းသလို ဖြစ်နေတယ်ဆိုတာ နားလည်ပါတယ်။
    ဆရာတော်ကြီးက တရားစခန်းဝင်တဲ့ယောဂီတွေကြားပြောတာဆိုတော့ ယောဂီနားနဲ့ သင့်ပေမယ့်
    ရပ်ရွာထဲက အိမ်ရာတည်ထောင်လူ့ဘောင်ကြားမှာ ပြောရင်တော့ နတ်ရေကန်ထဲ တွန်းချချင်နေသလို ရှေ့လောကြီးနေမိမှာပဲ။
    ဆရာတော်ကြီးရဲ့ ဗုဒ္ဓဘာသာဝင်တွေကို အရေးတကြီးသိသွားစေချင်တဲ့ စေတနာကိုတော့နားလည်ကြမယ်လို့ ထင်ပါတယ်။
    ့(ရင်ဝလှံစူးနေတဲ့ အခြေအနေတွေ ရောက်ခါနီးနေလို့ပါ)
    မသီတာ(စမ်းချောင်း)ဆိုလည်း အသက်ကြီးတဲ့ သူ့မိဘတွေ ဒီဘဝ အနည်းဆုံး ၂ဉာဏ်တော့ ရအောင် အားထုတ်သွားဖို့ တိုက်တွန်းခွင့်ရချင်လို့ အင်းစိန်ထောင်ထဲကနေ ထောက်လှမ်းရေးကို ခွင့်တောင်းတဲ့ အကြောင်းတွေပါပါတယ်။ဖတ်ကြည့်ကြစေချင်ပါတယ်။

    • San Hla Gyi

      May 28, 2013 at 9:24 pm

      အဲဒီစာအုပ်ကို ကျနော် ထွက်ကတည်းက ဖတ်ပြီးပါပြီ ဆရာမ။ စာအုပ်ကောင်းတအုပ်ပါ။ ကျနော် ဝယ်ဖတ်တာ မဟုတ်ပါဘူး။ သူများ ဝယ်လာတာကို ယူဖတ်လိုက်တာ။

  • weiwei

    May 27, 2013 at 11:23 am

    ကျွန်မလဲ တရားစခန်းတွေ ဝင်ဖူးပါတယ် .. ဝင်တဲ့အခါတိုင်း ကောင်းတာတွေကိုပဲ ယူပါတယ် .. မကောင်းတာဆိုရင် စိတ်ထဲကို သယ်မလာတော့ပဲနဲ့ တစ်ခါထဲ ဖျောက်ပစ်လိုက်ပါတယ် … ခွက်ဗလာနဲ့ ခံယူပါလို့ ပို့စ်တစ်ခါရေးခဲ့ဖူးသလိုပဲ ဟောကြားပြသသမျှအားလုံးကို စိတ်ရှင်းရှင်းထားပြီး နာယူလက်ခံပါတယ် .. ကိုယ်သိထားဖူးတဲ့ ဗဟုသုတတွေနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အလုပ်ကို တရားစခန်းဝင်နေစဉ်မှာ မလုပ်ပါဘူး … သူများတွေကို မျက်လုံးတောင်လှန်မကြည့်ပဲ နေခဲ့မိလို့ မိတ်ဆွေ တစ်ယောက်မှ မတိုးခဲ့ဘူး … ဘယ်သူ့နံမည်မှလဲ မသိခဲ့ဘူး … ဒီအတိုင်း ငြိမ်ငြိမ်လေးနေလို့ ဘယ်သူကမှလဲ မိတ်ဆွေလာမဖွဲ့ပါဘူး … နဲနဲအစွန်းရောက်နေမလားပဲနော် ..
    အခုရက်ပိုင်း ရုံးကသူငယ်ချင်းတစ်ယောက်က တရားစခန်းအတူသွားရအောင်လို့ လာဆွယ်နေလို့ … နင်နဲ့ဆိုရင် အတူမသွားဘူးလို့ ဗြောင်ငြင်းလိုက်ပါတယ် … တစ်ယောက်ထဲသွားတာအကောင်းဆုံးမို့လို့ သူ့ကိုလဲ သွားချင်ရင်တစ်ယောက်ထဲပဲ သွားလို့ ပြောလိုက်တယ် … သူကလဲအရစ်ပဲ တစ်ယောက်ထဲဆို မသွားဘူးတဲ့ … အဖော်ပါမှတဲ့လေ …

  • padonmar

    May 28, 2013 at 6:25 am

    ဝေဝေရေ
    အဲဒါ အစွန်းမရောက်ပါဘူး။

    ကိစ္စမများ
    အအိပ်ပါး၍
    စကားလည်းနည်း
    ဖော်ရှောင်လွှဲလျက်
    မတွဲမိတ်ဆိုး
    လိုဆိုးကင်းလတ်
    ပြီးမသတ်ဘဲ၊
    မရပ်မနား ရှုမှတ်ငြား၊
    တရားမြန်မြန်ရမည်တည်း။

    ဝေ့သူငယ်ချင်းကို တရားအားထုတ်ဖြစ်အောင် ပါရမီဖြည့်တဲ့အနေနဲ့ ကိုယ့်ရဲ့ အချိန်လှူပေးနိုင်ရင် လိုက်ပေးသင့်ပါတယ်။
    မသွားခင်တော့ ဒီကဗျာလေး ပြောပြပြီး ဟိုကျရင် စကားမပြောဘူး။အဖော်စောင့်တဲ့ အလုပ်မလုပ်ဘူးလို့ ကြိုညှိလိုက်ပေါ့။

Leave a Reply