အာစရိယ ငါးခုံးမ

Mr WorldWideJune 19, 20131min3057

အာစရိယ ငါးခုံးမ

နံနံခင်း

စာသင်ကျောင်းမှာဆို

ခေါင်းပဲကိုက်သလိုလို

ရင်ပဲပြည့်သလိုလိုနဲ့

ချောင်းကလေး တဟွတ်ဟွတ်ဆိုးပြလိုက်

ပါးစပ်နားကို လက်ကိုင်ပဝါလေး အုပ်ပြလိုက်နဲ့

အိုက်တင်ပေးအလွန်ကောင်းတယ်

ညနေခင်း

ကျူရှင်ကျောင်းလည်း ရောက်ကရော

မော…မမောနိုင်ဘူး

ပြောလိုက်တဲ့ ဆုံးမစကားတွေ

ဖြေလိုက်တဲ့ မေးခွန်းတွေက

ငွေသံကြေးသံ တချွင်ချွင် တတောက်တောက်မြည်တယ်

နဖူးကစီးကျလာတဲ့ ချွေးပေါက်တွေကိုတောင် မသုတ်အားတော့ဘူး

ကျေးဇူးတော်ကြီးမားလှပါပေတဲ့

(ကျွန်တော်တို့ခင်ဗျားတို့ရဲ့)

တစ်လှေလုံးပုပ် အာစရိယ ငါးခုံးမတွေလေ

အောင်ရဲ(၁)

ကိုယ်လည်း အာစရိယဂိုဏ်းဝင်တစ်ယောက်ပါပဲ။ ဒါပေမယ့် လက်တွေ့မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကဗျာဆရာကရေးထားတော့ ချီးကျူးမိပါတယ်။ကောင်းတဲ့လူလည်း ရှိသလို၊ မကောင်းတာလည်း ရှိတာပေ့ါ။ ဒါတွေဟာ ငွေကြေးလိုအပ်ချက်ကြောင့် ဖြစ်လာတာပါ။ ဝန်ထမ်းကိုလောက်အောင် မပေးနိုင်တဲ့ အစိုးရကို မျက်စောင်းထိုချင်မိတယ်။

7 comments

  • သခင် mobile

    June 19, 2013 at 11:44 am

    ဒီလို ကဗျာတွေ စာတွေကို ကျုပ်ကတော့ဖြင့်
    အင်မတန် သဘောကျလှတယ်……………
    ဘာဖြစ်လဲဗျ. ခြေမမကောင်း ခြေမ … လက်ခလယ်မကောင်း လက်ခလယ်ပေါ…..
    မိဘ ဆိုတိုင်း…. ဆရာသမားဆိုတိုင်း …. ကောင်းတယ်လို့ တရာသေ သတ်မှတ်လို့ မရပါဘူး…

  • မင်းမင်း

    June 19, 2013 at 11:51 am

    ဟုတ်ပါတယ်။ဂွတ်ဂါးဗားမန့်

    ကလင်းဂါးဗားမန့် ဖြစ်ဖို့က

    လစာကနေစပြင်မှရမယ်ထင်ပါတယ်။

    လက်တွေ့မပါတဲ့ မိန့်ခွန်းတထောင် ခြွေနေမဲ့အစား

    လက်တွေ့ပါတဲ့ အလုပ်တခုလုပ်နိုင်တဲ့ အစိုးရကို

    သာလိုချင်ပါတယ်ဗျာ။

  • Ma Ma

    June 19, 2013 at 4:17 pm

    ကိုယ့်ခေတ်တုန်းက ဆရာ/မတွေဆိုတာ ခုခေတ်လို မဟုတ်သေးဘူး။
    နာ၅နာနဲ့ ပြည့်စုံအောင် ကြိုးစားနေထိုင်ကြလို့ …..
    သူတို့ကို ကြည့်ပြီး အားကျပြီး ဘဝမှာ ဆရာအဖြစ်နဲ့ အသက်မွေးချင်ခဲ့တာ။
    ခုတော့လည်း ဆရာ မဖြစ်ခဲ့တာကိုတောင် ကျေးဇူးတင်မိတယ်။

  • အလင်း ဆက်

    June 19, 2013 at 8:24 pm

    ကဗျာချစ်တတ်သူ တစ်ယောက်အနေနဲ့ရော..
    အာစရိယဂိုဏ်းဝင် တစ်ယောက် အနေနဲ ့ပါ…
    လေးစားမိပါတယ် ။

    😆

  • kai

    June 19, 2013 at 11:04 pm

    အနန္တော အနန္တ ငါးပါးဆိုတာ.. ဘုရားသတ်မှတ်ခဲ့တာမဟုတ်ဆိုတာလေး…..က.. အင်မတန်အရေးကြီးတယ်ထင်မိတယ်..။

    ဒါကို ဆရာ/တပည့်တဘောပေါက်ကြရင်.. ပြဿနာတွေတော်တော်များများ ပြေလည်သွားဖို့ရှိပါတယ်..။

  • e tone

    June 20, 2013 at 11:20 am

    တစ်ခုခုတော့ လွဲနေတယ်လို့ ထောက်ပါရစေ ။

    အရင်ကလည်း ပြောခဲ့ဖူးပါတယ် ။အစိုးရဝန်ထမ်းမို့လို့ ၊ ငွေကြေး မလောက်ငှလို့ ကျူရှင်သင်ရတာပါလို့ ဆိုလာလျှင် ဒီအလုပ်ကို ဝင်မလုပ်ခင်ကတည်းက အစိုးရဝန်ထမ်းတွေ လစာ အခြေနေကိုသိထားပြီးဖြစ်ပါလျှက် ၊ လစာထက် ကျူရှင်ခ မျှော်ကိုးပြီး သင်လာကြတဲ့အခါ …. ပီတိကိုစား အားရှိပါဧ။်ဆိုတာလည်း မဖြစ်နိုင်တော့ဘူး ။ လစာ များများလိုချင်လျှင် … လစားများတဲ့ အလုပ်ကိုဝင်လုပ်စေသင့်တာပါ ။ ကိုယ်ပိုင်ရွေးချယ်မှု ရှိနေပါလျှက် ဟိတ်ကြီးဟန်ကြီး ထုတ်ပြီး ၊ လူလေးစားလည်းခံချင် ၊ လစာနဲ့လည်း မတင်းတိမ်နိုင်ဆိုတော့ ….. ငါ့ဘကြီးက အသားစီးချည်းပဲလို့ ပြောရမလိုပါ ။ ဆိုလိုချင်တာက … လစာငွေ နည်းလို့ ကျူရှင်သင်ရတယ်ဆိုတာကြီးကို လက်မခံဘူးလို့ ဆိုတာပါ ။ လစာငွေများများလိုချင်လျှင် ကမ်ပဏီတွေကိုသွားပေါ့ ….ပေးတဲ့လစာနဲ့ ထိုက်တန်တဲ့ အရည်ချင်းတော့ရှိရပါလိမ့်မယ် ။

    နောက်တစ်ခုက စတိတ်ကျောင်းတွေမှာ ကျောင်းအုပ်နဲ့ ဆရာမတွေရဲ့ လုပ်ပိုင်ခွင့်က အတန်းသားတွေပေါ် သက်ရောက်မှုရှိနေတာ .. အဲ့ဒါကလည်း ကျူရှင်သင်စေတဲ့ ပြသနာ တမျိုးပါပဲ ။ အတန်းပိုင်က ငါ့ဆီမှ လာမတက်လျှင် ဘယ်လောက်တော်တော် နှိမ်ထားတာမျိုး ၊ ပညာပြတာမျိုး လုပ်နိုင်တာကြောင့် … အတန်းပိုင်ကျူရှင်ကို သွားတက်ရတယ် ၊ ထားချင်ချင် မထားချင်ချင် ငါ့ကလေးရဲ့ အနာဂတ် အတန်းပိုင်လက်ထဲရှိတယ်လို့သိထားတာကြောင့် ဒီလိုထားရမယ့်အခြေနေကို ဖြစ်နေတာ ။ဒါကလည်း ကျူရှင်ဆိုတာတာ ပေါ်လာတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ ။

    မတူတဲ့ ဘက်ကလှည့်တွေးလျှင် ဆရာတွေ စာသင်တာ ၊ ငွေကြေး အကြောင်းပြချက်တင်မဟုတ်ပဲ ပညာရေးစနစ်အရ လိုအပ်လို့သင်တဲ့အနေထားမျိုးလည်းရှိတယ် ။ ကျွန်မတို့ကျောင်းတက်တုန်းက အခုလို နှစ်ချိန်ကျောင်းမျိုးတောင်မဟုတ်သေးဘူး ၊ တချိန်ကျောင်းကိုတောင် တစ်ဘာသာကို စာသင်ချိန် 45မိနစ်ပဲ ရှိတယ် ။ ဒီ 45မိနစ်တွင်းမှာ မင်္ဂလာပါ ဘာညာ လုပ်ရတာရယ် ၊ ဆရာမက ရိုးကောလ်ခေါ်လို့ လက်ညိုးထောင်ရတာရယ် ဟိုအချိန် နှုတ်ဒီအချိန်နှုတ်လိုက်လျှင် စာသင်ချိန်က နည်းသွားပြီး ၊ဒီနည်းတဲ့အချိန်မှာမှ လူအများကြီးခေါင်းထဲဝင်ဖို့ ထိထိရောက်ရောက် သင်နိုင်ဖို့ ခက်ခဲမယ် ထင်ပါတယ် ။ လိပ်ခေါင်းထွက်အောင် မိုက်မပါပဲ စာသင်ရတဲ့ ဆရာမတွေရဲ့ ဒုက္ခကလည်း မသေးပါဘူး … ။ ရန်ကုန်မြို့ပေါ်ကအစိုးရကျောင်းတွေမှာ အရင်ကတော့ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ မြေဖြူသုံးပြီး အခုချိန် ဝှိုက်ဘုတ်သုံးနေပေမယ့် … ဝှိုက်ဘုတ်မသုံးနိုင်သေးတဲ့ ကျောင်းတွေလည်း ဒုနဲ့ ဒေးရှိနေပါသေးတယ် ….. ။
    ပရိုက်ဗိတ်ကျောင်းတွေနဲ့ မတူတဲ့ အချက်က ၊ ဆရာမတစ်ယောက်တည်းရှိနေပြီး စာသင်ခန်းမှာ စာသင်တဲ့အလေ့ထပါပဲ ။ကလေးတွေ ဉာဏ်ရည်မတူလို့ မှတ်နိုင်စွမ်းအား မတူညီကြပါဘူး ။ အစိုးရကျောင်းတွေမှာ သင်တန်း ပို့ချတဲ့ ဆရာမအပြင် အကူဆရာမလိုအပ်ပါတယ် ။ အတန်းထဲ လိုက်မမှီတဲ့ကလေးကျတော့ ကျူရှင်ယူဖို့ ဖြစ်လာတော့တယ် ..ကိုယ့်ကလေးကိုလည်းဂရုပိုစိုက်အောင် ၊ မျက်နှာသာပေးအောင် လုပ်ပိုင်ခွင့်ရှိတဲ့ အတန်းပိုင်တွေကိုဆီ ကျူရှင်ပေးဖို့ ချဉ်းကပ်ကြတယ် …. ။
    အစိုးရ ပညာရေးစနစ်ဘက်က ပံ့ပိုးမှု အားနည်းတာလည်း ပါတယ် ။ ပြောရလျှင် မုန့်လုံးကို စက္ကူကပ်နေသလိုပါပဲ …

  • တိမ်မည်း

    June 20, 2013 at 12:06 pm

    အာစရိယ ငါးခုံးမ….
    ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်….
    စကားပုံနဲ ့ စာဆိုအရသာသိရပေမယ့် ငါးခုံးမဆိုတာ ဘယ်လိုမျိုးလဲဆိုတာ အပြင်မှာမမြင်ဖူးပါ…..
    သို ့ပေသိ လူငါးခုံးမက တော်တော်များသား…….. :mrgreen:

    တချို ့က ဝါသနာအရ ဆရာ ဆရာမ လုပ်နေပေမယ့်… ငွေကြေး အရ ကျူရှင် ပြနေရာတမျိုးရှိပါ့…..
    ငါးခုံးမက ငါးခုံးမပေါ့နော်….. လူတွေက ငါးခုံးမအကြောင်းပဲ သိပ်ပြောကြတာပဲ…….

    ဖဘ မှာတွေ ့ရတဲ့ စာတပုပ်လို ့ပေါ့… ဘယ်သူ စရေးတာလဲတော့ မမှတ်မိပါ…. စရေးတဲ့လူကို ခရက်ဒစ်ပေးပါတယ်…..

    အတန်းထဲမှာ ဆရာက ကျောင်းသားတွေကို စာရွက်ဖြူလေးပေါ်မှာ မင်နက်ကို လက်မအရွယ်လောက် ချယ်ပီး ထောင်ပြတယ်….
    တပည့်တို ့ ဘာမြင်လဲပေါ့ ဆရာက မေးတယ်….
    ကလေးတွေက ဘာဖြေလဲဆိုတော့ အနက်ရောင် အစက်ကလေးပဲ မြင်ပါတယ်ပေါ့…….
    အဲ့အနောက်က အဖြူရောင် စာရွက်ကို မမြင်တော့ပါ…..

    အဲ့လိုပဲ ကျွန်တော်တို ့လည်း အချိန်တော်တော်များများမှာ အနက်ရောင် အစက်ပဲ မြင်တော့တယ်ဗျာ…..
    မကောင်းမြင်ဝါဒီလိုပဲပြောရမလား….. အမှန်တရားပြောရဲသူလို ့ပဲပြောရမလား….
    သို ့လော သို ့လောပေါ့နော်….

    ခင်လျက်
    တိမ်မည်း

Leave a Reply