ကျေးဇူးပါ ဦးဦးရဲကြီးရယ်…
ဦးဦးရဲကြီးရယ်..
ဦးဦးဟာ သားတို့မိသားစုအတွက် တကယ့်ကျေးဇူးရှင်ပါဦးဦးရယ် ။
ဦးဦးရဲကြီးရဲ့ကျေးဇူးကြောင့် သားတို့မိသားစုဟာ
အရင်ကလိုမပင်ပန်းဘဲ အေးအေးလူုလူရှာဖွေ စားသောက်နိုင်ပါပြီ ။
အရင်ကဆို မနက်လင်းတာနဲ့
အဖေက တနေရာကိုထွက်
အမေက တနေရာကိုသွား
သားနဲ့ညီမလေးက တလမ်းဝင်တလမ်းထွက်နဲ့
ရှာဖွေ စားသောက်ရပါတယ် ဦးဦးရယ် ။
အခုတော့မနက်ရောက်တာနဲ့
မိသားစုတစုလုံး ဒီနေရာကိုလာလိုက်ရုံပါဘဲ ။
အဖေကလဲ အရင်လို စပယ်ပန်းတွေ ဂျာနယ်တွေကို
လမ်းတကာလျှောက်ရောင်းဖို့မလိုတော့ဘူး ။
အမေကလည်း ဈေးဗန်းခေါင်းရွက်ပြီး
လမ်းတကာပျံကျဈေး မရောင်းရတော့ဘူး ။
သားတို့မောင်နှမကလည်း ဝါးဆစ်ဗုံလေးနဲ့
လမ်းတကာလှည့်ပြီး အော်တောင်းစရာမလိုတော့ဘူး ။
အဲဒါတွေဟာ ဦးဦးရဲကြီးရဲ့ ကျေးဇူးကြောင့်ပေါ့ ။
သားတို့က လူကဆင်းရဲပေမဲ့
ကျေးဇူးတရားကို သိတတ်ပါတယ်ဦးဦးရဲကြီးရယ် ။
ဦးဦးရဲကြီးကသာ ကားတွေကို
ဒီမီးပွိုင့်မှာ ပိတ်ဆို့အောင်လုပ်မပေးထားဘူးဆိုရင်…..
သားဖေဖေလည်း
စပယ်ပန်းတွေ ဂျာနယ်တွေ
ဘယ်လိုလုပ်ရောင်းနိုင်မှာလဲ ။
သားမေမေကလည်း
မြေပဲလှော်တွေ အချဉ်ထုတ်တွေ
ဘယ်လိုရောင်းနိုင်မှာလဲ ။
သားတို့မောင်နှမလည်း
မီးပွိုင့်ထိပ်မှာထိုင်ပြီး
ကားပေါ်ကပစ်ချပေးတဲ့ ပိုက်ဆံတွေကို
ဘယ်လိုကောက်ယူလို့ရပါ့မလဲ ။
ဒါ့ကြောင့် သားသားက
မိးပွိုင့်မှာ ကားတန်းရှည်ကြီးပိတ်အောင်
လုပ်ပေးတဲ့ ဦးဦးရဲကြီးတို့ကို
သားသားတို့ရဲ့ ကျေးဇူးရှင်တွေအနေနဲ့
အမြဲ ကျေးဇူးတင်နေတာပါ ။
သားတို့လိုဘဲ
မီးပွိုင့်တွေမှာ ဈေးရောင်း တောင်းစားနေကြတဲ့
မိသားစုတွေကလည်း
ဦးဦးရဲကြီးတို့ရဲ့
ယာဉ်ထိန်းရဲတပ်ဖွဲ့ကြီး ကို
ကျေးဇူးတင်နေကြပ်တယ်။
အထူးသဖြင့် ဘုရင့်နောင် မီးပွိုင့်က
ဈေးသည် နှစ်ရာလောက်က စီးပွားဖြစ်နေကြလို့
ဒီနှစ် သီတင်းကျွတ်မှာ လာကန်တော့ကြမလို့တဲ့ ။
သားဖေဖေကတော့
ဦးဦးရဲတို့က
ဘဝတူခြင်း ယိုင်းပင်းကူညီတာ တဲ့ ။
သားသားကနားမလည်လို့
ရှင်းအောင်ပြောပါ အဖေရယ်ဆိုတော့
သားတို့လည်း ကားပေါ်ကပစ်ချပေးတဲ့
ပိုက်ဆံကို ကောက်ယူတာဘဲ ။
ဦးဦးရဲတို့ကလည်း ကားပေါ်ကပစ်ချပေးတဲ့
ပိုက်ဆံကို ကောက်ယူတာဘဲ..တဲ့လေ ။
ဟို….လမ်းတွေကောင်းပြီး ကားတွေမပိတ်အောင်လုပ်ပေးမယ်ဆိုတဲ့လူကြီးတွေကို သားသားသိပ်မုန်းတာဘဲ မေမေ ။
နွေဦး ခံစားကြည့်သည် ။
8 comments
garfield
August 14, 2013 at 5:06 pm
ဟူးးးးး
ဘယ်သူ့ သနားရမှန်းမသိတဲ့ ကိုယ့်ကိုယ်ကို ပဲ သနားမိပါတော့တယ်။ 🙁
အလင်းဆက်
August 14, 2013 at 7:34 pm
အဲ….
မတူတဲ့ အတွေးးး
မတွေးမိတဲ့ ထောင့်တစ်ခု ပါလား….
ခံစားလိုက်ရတာ.. တမျိုးပဲ….။
မောင် ပေ
August 14, 2013 at 7:56 pm
မှန်ပ ကိုနွေဦးရယ်
ယာဉ်ထိန်းရဲ ကားပေါ်က ပစ်ချတဲ့ ပိုက်ဆံကောက်ခြင်း မကောက်ခြင်းသည် ကျုပ်တို ့အလုပ်မဟုတ်
သူ ့လစာ နည်းခြင်း ၊ မလုံလောက်ခြင်း အပေါ်မှာပဲ မူတည်မှာပါ ။
တစ်ကယ်တမ်း သူသာ လမ်းလယ်ထွက် လမ်းရှင်းအလုပ်မလုပ်ရင် ၊ ဒုက္ခများကြရမှာ လမ်းပေါ်သွားလာနေသူတွေပါ
Ma Ma
August 15, 2013 at 9:26 am
ဒီလိုဆိုတော့လည်း ဟုတ်ပေသားပဲ ကိုနွေဦးရေ။
ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲနေတာမို့……
တစ်ဖက်ကအဆိုးထွက်ပေမယ့် နောက်တစ်ဖက်က အကောင်းထွက်လာတော့လည်း မဆိုးဘူးဆိုရမယ်။ :loll:
သို့သော်………… 🙁
ကိုသု
August 15, 2013 at 9:51 am
မျက်စိထဲမှာ တကယ်မြင်ဘူးခဲ့တဲ့ ဘတ်စကားပေါ်က နှစ်ရာပစ်ချတာကို ရဲနေ့စား(ရဲကိုယ်စားပိုက်ဆံပြေးကောက်သူ) နဲ့အပြိုင်ပြေးလုတဲ့ ကောင်လေးတစ်ယောက်ကိုမြင်ယောင်မိတယ် ( သိမိဖြူလမ်းမီးပွိုင့်မှာ)။
kyeemite
August 15, 2013 at 11:12 am
ကိုနွေဦးရေ..မြင်လည်းမြင်တတ်ပါ့….
ကျုပ်လည်းနေ့တိုင်း ဘုရင်နောင်ဘက်ကနေရုံးသွားပြန်နေရတာ..
ကားပိတ်ချက်တော့မပြောပါနဲ့ဗျာ…
ကားပ်တ်တာစောင့်ရင်း ကားနားလာရောင်းတဲ့ နေ့စဉ်ထုတ်
သတင်းစာတစ်စောင်ဝယ်ဝယ်ဖတ်တာအကျင့်တောင်ဖြစ်နေပြီ… :loll:
Ma Ei
August 16, 2013 at 12:33 pm
သူတစ်ထူးကျေးဇူး မသိတတ်သောသူ မီးလိုပူမတဲ့…
ကျေးဇူးဆိုတာ ရှာကြံတင်တတ်ရမယ်တဲ့…
ဘာရယ် မဟုတ်ပါဘူး
အမေ ပြောနေကြစကားလေး သတိရလို့ပါ…
🙂
မဟာရာဇာ အံစာတုံး
August 16, 2013 at 1:27 pm
ဦးနွေဦးကြီး
ခံစားကြည့်လိုက်မှပဲ … ဟဲဟဲ …
အမယ် .. ဒါတောင် ..
ဒင်းတို့က ခပ်တည်တည်နဲ့ပဲဗျ ….
ဘယ်လောက်တောင် ဆောင့်ကန်ပစ်ချင်စရာ ကောင်းလိုက်သလဲ …
ပြည်သူတွေ ကျွေးတာစားပြီး အထက်စီး က လုပ်နေသေး .. ဟေဟေး …
ရီးစရာတော့ အတော်ကောင်းသား …