အင်းလေးအတွက် ရင်လေးနေမိသမျှ
ဟုတ်ကဲ့ ။ ဆည်မြောင်းက ဆောင်ရွက်နေတာတွေ တွေ့ရပါတယ်။ အဓိက ကတော့ ရေကြောင်းလမ်းတွေ ရှင်းတာ၊ အနယ်အနှစ်တွေကို စက်ကြီးများနဲ့ ဆည်ထုတ်နေတာတွေကို တွေ့ရတာပါ။ ဒါပေမဲ့ ဆည်မြောင်းက ဘယ်လောက်ပဲ လုပ်လုပ် အင်းလေးကန်ထဲ့ကို အဓိက စီးဝင်တွေ့ ချောင်းတွေ၊ မြောင်းတွေကို ကြည့်ရတာက ရင်လေးစရာပါပဲ။
ဒါက ဘီလူးချောင်းပါ။ မိုးရာသီ တောင်ပေါ်က ကျလာတဲ့ ရေအရောင်ကို ကြည့်ရင် အနယ်အနှစ်တွေ ဘယ်လောက် ပါသလဲ ဆိုတာ သိနိုင်ပါတယ် ။ မြေဆီလွှာဆုံးရှုံးမှု တွေပါပဲ။ ဒီလို ရွှံ့တွေအများကြီးပါတဲ့ ရေတွေက အင်းလေးကန်ထဲကို စီးဝင်နေတာဆိုတော့ အင်းလေးကန်ကြီး ကောလာတေယ် ရေပိုတိမ်လာတယ် ဆိုတာ မဆန်းပါဘူးဗျာ။
ဒီအင်းလေးကန်ထဲကရေကို အင်းသူ၊ အင်းသားတွေ သုံးကြတယ်။ ဒါပေမဲ့ အင်းလေးကို ပြန်လည် စောင့်ရှောက်ဖို့ လုပ်ရမဲ့ အပိုင်းမှာတော့ အားနည်းနေပါသေးတယ်။ ပညာပေးဖို့ အများကြီး လိုနေပါသေးတယ်။ အမှိုက်ကို အခုလို အလွယ်တကူ စွန့်ပစ်နေကြတာကလည်း အင်းလေးကန်ကို ထိခိုက်စေသလို နို်င်ငံတကာက လရောက်လည်ပတ်ကြတဲ့ ခရီးသည်တွေရှိနေတဲ့ အင်းလေးလို နေရာမျိုးမှာ ဒီလိုဖြစ်နေတာက ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက် ရှက်စရာ ကောင်းပါတယ်။
ဒေသခံတွေအနေနဲ့ မိမိတို့ကိုယ်တိုင်က စည်းကမ်းတကျ အမှိုက်ကို စွန့်ပစ်ကြပြီး အင်းလေးကန်ကို အကျည်းတန်အောင် မလုပ်မိဖို့ ဝိုင်းဝန်း စောင့်ရှောက် ရပါမယ်။ ဒါ့အပြင် လာရောက်လည်ပတ်ကြတဲ့ ပြည်တွင်း ပြည်ပ ခရီးသည်တွေကိုလည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်အောင်း စီစဉ်ထားပေးသင့်ပါတယ်။ ကန်ရေပြင်မှာ တွေ့နေရတဲ့ ပလတ်စတစ်အမှိုက်မျိုးစုံမှာ ရေသန့်ဗူးခွံတွေ၊ နေကြာစေ့ထုတ် အခွံတွေ ပါသလို ပိုးသတ်ဆေးတို့၊ အင်ဂျင်ဝိုင် ဗူးခွံလိုမျိုးတွေ ပါနေပါတယ်။
အင်းလေးကန်ထဲကို စီးဝင်တဲ့ ချောင်းတွေ အစပြုတဲ့ ရေဝေရေလဲ သစ်တောတွေ ရှိနေရမဲ့ တောင်တွေက တောင်ကတုံးတွေ ဖြစ်နေကြတယ်။ ဒါကြောင့် အထက်က ဓာတ်ပုံမှာ ပါသလို ဆည်မြောင်းဦးစီးဌာန တစ်ခုတည်းနဲ့တော့ အင်းလေးကန်ကို ပြုပြင်ထိန်းသိမ်းဖို့ မဖြစ်နိုင်ပါဘူး။ သစ်တောဌာနကလည်း လိုပါသေးတယ်။ ဒါ့အပြင် နိုင်ငံတကာ ဧည့်သည်တွေက အလာများ၊ ခရီးသွားလုပ်ငန်းက တိုးတက်လာတော့ ဟိုတယ်တွေက လိုလာတယ်။ ဒီတော့ အင်းလေးမှာ ဟိုတယ်ဇုံဆိုပြီး ထပ်စီစဉ်ကြတယ်။ နိုင်ငံအတွက် ဝင်ငွေရသလို ဒေသဖွံ့ဖြိုးရေးအတွက် ကောင်းတဲ့အရာပါပဲ။
ဒါပေမဲ့ စနစ်တကျ စီမံခန့်ခွဲမှု မရှိရင် အင်းလေးကန်ရဲ့ သဘာဝအလှတွေ၊ ဒေသခံ တိုင်းရင်းသားတွေရဲ့ လူနေမှုစရိုက်တွေကို ထိခိုက်နိုင်ပါတယ်။
ခရီးသွားလုပ်ငန်း အတွက် လိုအပ်တဲ့ အဆောက်အဦးတွေ ဆောက်ကြတဲ့အခါမှာ ဒေသရဲ ့ သဘာဝအလှနဲ့ လိုက်ဖက်မှု ရှိရဲ ့လားဆိုတာ အသေအချာ စီစစ်ဖို့ လို်ပါတယ်။ ဘယ်နေရာမှာ ဆောက်မှာလဲ။ ဘယ်လောက်မြင့်မြင့် ဆောက်မှာလဲ။ ဘယ်လို ဆေးအရောင်ကို သုံးမှာလဲ။ ဒါကို စနစ်တကျ စီစစ်မဲ့ အဖွဲ့ ရှိသင့်ပါတယ်။
ဒီဓာတ်ပုံတွေထဲမှာ အခုနောက်ဆုံးပုံက လွဲလို့ ကျန်တာတွေ အားလုံးကပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ရိုက်ခဲ့တာပါ။ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေးအတွက် နို်င်ငံတကာ အကူအညီတွေနဲ့ လုပ်မယ်၊ ဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတာ ကြားသိနေရပေမဲ့ လိုအပ်ချက်တွေကို မြင်နေရတုန်းပါပဲ။ ရေရှည်စီမံကိန်းတစ်ခုဆိုတာ နားလည်းသလို အခုချက်ခြင်း အကျိုးရလာဒ် ရဖို့ဆိုတာ မဖြစ်နိုင်တာကို သိပါတယ်။ ဒါပေမဲ့ ဒေသခံတိုင်းရင်းသားတွေကို ပညာပေးဖို့ ၊ လာရောက်ကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေကို စနစ်တကျ ဖြစ်စေဖို့နဲ့ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်တဲ့အခါမယ် ဒီဒေသရဲ ့ အဖိုးတန်အမွေအနှစ်ဖြစ်တဲ့ ုဒီအင်းလေးကန်ကြီးကို မထိခိုက်အောင် စနစ်တကျ ကာကွယ်မဲ့ အဖွဲ့အစည်းတွေ ရှိဖို့၊ ရှိနေပြီးဆိုရင်လဲ တိတိကျကျ ထိထိရောက်ရောက် အလုပ်လုပ်ဖို့ လိုနေကြောင်းပါ။
7 comments
အလင်းဆက်
August 18, 2013 at 7:24 am
သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး
စောက်ရှောက်မှ
ဒို ့ပတ်ဝန်းကျင်လေး
နေပျော်မယ်
kyeemite
August 19, 2013 at 9:59 am
အင်မတန် အရေးကြီးတဲ့
တကယ်လည်းလုပ်ဖို့လိုအပ်နေတဲ့
အကြံပြုချက်ပါ…ထောက်ခံပါတယ်
Ma Ei
August 19, 2013 at 12:45 pm
အလည်သွားခဲ့တဲ့ တစ်ခေါက်နဲ့ တစ်ခေါက်မှာ ပိုပိုပျက်စီးလာတဲ့
သဘာဝပတ်ဝန်းကျင်အတွက် စိတ်ပူလာမိတယ်…ရောက်တဲ့ အခေါက်တိုင်း
ကန်ထဲကို ကိုယ်တိုင်လဲ အမှိုက်မပစ်ပါဘူး…
အတူပါသူတွေကိုလဲ အမှိုက်မပစ်ရဘူးလို့ ပြောတာမျိုး …
ပိုက်ဆံတောင်းနေတဲ့ကလေးတွေကိုလဲ
ဧည့်သည်တွေဆီက ပိုက်ဆံမတောင်းရဘူး၊အနှောက်အယှက် မပေးရဘူးလို့ ပြောပြတာမျိုး…
စသည်ဖြင့် ကိုယ်တတ်နိုင်သလောက်တော့လုပ်ခဲ့တာပါဘဲ…
လှပတဲ့ အင်းလေးကန်ကြီးကို ရေရှည်တည်တံ့ စေချင်ပါတယ်…
Myo Thant
August 19, 2013 at 1:03 pm
အင်းလေးမရောက်တာ ကြာလှပြီမို့ လက်တွေ့ မမြင်ရပေမယ့်
ဒီ ပို့စ်ပါ ပုံတွေအရ အတော်စိုးရိမ်စရာပါပဲ ၊
သက်ဆိုင်ရာက လုပ်နေသလို မီဒီယာတွေရဲ့
ထောက်ပြချက်တွေလည်း တကယ်လိုအပ်ပါတယ်ဗျာ ၊
kai
August 19, 2013 at 2:14 pm
အနည်းဆုံး..
အမှိုက်ပစ်ရင်.. ဒဏ်ကြေးချမယ်/ထောင်ချမယ်ဆိုတဲ့.. ဆိုင်းဘုတ်တွေနေရာအနှံ ့တတ်ထားဖို့လိုမယ်ထင်မိတယ်..
တော်တော်လျှော့သွားမှာ…
Ma Ma
August 19, 2013 at 3:36 pm
Bravo ပါ မောင်ဝလုံးရေ။
အင်းလေးဒေသခံတွေအနေနဲ့ သူတို့ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့၊ သဘာဝပတ်ဝန်းကျင် မပျက်စီးဖို့အတွက် သူတို့ကိုယ်တိုင် လုပ်နိုင်တာတွေရှိတယ်။ လုပ်ကို လုပ်ရမယ်ဆိုတဲ့ အသိရှိကြဖို့ လူထုတစ်ရပ်လုံးကို ပညာပေးပြီး တိုက်တွန်းဖို့ လိုပါတယ်။
ဒါပေမယ့် လူကိုခင်မှ ပုဂ္ဂိုလ်မင်တယ် ဆိုသလို ….
လူထုနဲ့ နီးစပ်သူ၊ လူထုက ကြည်ညိုလေးစားသူက ဦးဆောင်ဆော်ဩမှလည်း နားဝင်နိုင်မယ်၊ အကောင်အထည်ဖော်နိုင်မယ် ထင်ပါတယ်။
အခြေခံကစလို့ ရပ်ကွက်တစ်ခုကို ပညာပေးလှုံ့ဆော်ဖို့ အဲဒီရပ်ကွက်က ကြည်ညိုလေးစားတဲ့ ရပ်ကွက်လူကြီး (သို့) လူကြီးသူမ (သို့) တက်ကြွလူငယ် (ဥပမာ- ကိုဝင်းထွန်းလတ်) တို့လို လူတွေက တဆင့် ချဉ်းကပ်သင့်ပါတယ်။
ရပ်ကွက်တစ်ခုမှာ ရပ်ကွက်လူကြီးက လူထုနဲ့ မသင့်မြတ်ဘူးဆိုရင် အဲဒီရပ်ကွက်လူကြီးက တဆင့်စည်းရုံးဆောင်ရွက်ရင် သေချာပေါက် မအောင်မြင်နိုင်ပါဘူး။
မဟာရာဇာ အံစာတုံး
August 20, 2013 at 12:47 am
ဒီလိုဗျ ….။
ကိုယ့်ဘက်ကတော့ ကောင်းစေချင်လို့ ပြောတယ် …
ကောင်းစေချင်လို့ ပြောရင် လုပ်တော့ ကောင်းတာပေါ့ …
သို့မဟုတ် ပြော ကော ကြီးဆို မကောင်းဘူး ….
အဖွဲ့အစည်းတွေကို သွားမပြောနဲ့ …
အဲ့ဒီ အဖွဲ့အစည်း ထဲမှာတောင် သူဆရာ၊ ငါဆရာ အငြင်းပွားနေကြသေးတာ …
အထက်လူ ပြောပါမှ နားဝင်ကြတာကလား ….
မြန်မာတွေ သောက်ကျင့်က ဘေးပြောလို့ သောက်ဂရုတောင် မစိုက်ဘူး …
အထက်အမိန့်အရ ဆိုမှ ဖင်ပါခါသွားတတ်တာ ….
ဒါတွေ ထပ်ပြောရင် ဒေါတွေ ပါလိမ့်မယ် … ဒါပဲ .. ဒါပဲ …
ခင်ဗျား ကောင်းစေချင်လို့ ရေးထားတာ ကောင်းတယ် .. ကောင်းတယ် …
သာဒု .. သာဒု …