The Voice ဂျာနယ် အယ်ဒီတာ၏ ပေါက်ကွဲသံစဉ်များ

AprilAugust 3, 20102min1783

ကျွန်တော်တို့မီဒီယာက ထုတ်ဝေတဲ့ The Voice Weekly ထုတ်ဝေခွင့်
နှစ်ပတ်ရပ်နားဖို့ စာပေစိစစ်ရေးက ကျွန်တော့်ကို ခေါ်ပြောလိုက်တဲ့အချိန်
ကျွန်တော် ဘယ်လိုမှ ဟန်မဆောင်နိုင်ဖြစ်ရတယ်။ ခံပြင်းဒေါသစိတ်ကို
ချုပ်တီးထားပေမယ့် ရင်ထဲမှာ လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်မကောင်းမှုကိုတော့
ဘယ်လိုမှ ဖုန်းဖိထားလို့ မရဘူး။ သူတို့ကိုလည်း ရုတ်တရက်
စကားပြန်မပြောနိုင်ဘူး။

ကျွန်တော်တို့မီဒီယာကို အပြင်မှာရှိနေတဲ့ အစိုးရအတိုက်ခံအဖွဲ့အစည်းတွေရော
မီဒီယာတွေကပါ အစိုးရအကြိုက် လိုက်ရေးတဲ့သူတွေလို့ ကျယ်ကျယ်ပြန့်ပြန့်
အစွပ်စွဲခံနေရတဲ့အပြင် ပြည်တွင်းမှာရှိတဲ့ ကွန်မြူနစ်အုပ်စုကပါ
အခွင့်အရေးရလို့ အစိုးရကို ထောက်ခံရေးသားနေတဲ့ မီဒီယာအဖြစ် တံဆိပ်ကပ်ပြီး
အစိုးရနဲ့ပေးစားခံနေတဲ့ကြားက ကျွန်တော်တို့ကို ထုတ်ဝေခွင့် နောက်တစ်ကြိမ်
ရပ်နားခံရတာကို ကျွန်တော် စိတ်ပျက်စိတ်မကောင်းဖြစ်မိတာပါ။

တကယ်တော့ ဒီနေ့အထိ ကျွန်တော်တို့ မီဒီယာမှာ အစိုးရကြိုက်စေတော့ရယ်လို့
ရည်ရွယ်ပြီး ရေးထားတဲ့ အကြောင်းအရာ တစ်ခုမှမရှိဘူး။
ဆင်းရဲကြပ်တည်းနေကြတဲ့ ပြည်သူလူထုကို ပေါ်လာတဲ့ မျက်မှောက် အခြေအနေအပေါ်မှာ
တတ်နိုင်သမျှအကောင်းဆုံးကို ရှာဖွေအသုံးချပြီး ကိုယ့်အခွင့်အရေးကိုယ်
ဖန်တီးကြဖို့ ဆော်ဩနေတဲ့ သဘောသက်သက်ပါ။ ဒီလိုဆော်ဩတဲ့အခါမှာလည်း
အကောင်းဆုံး စံတွေ ရှိနေပေမယ့် အဲဒီစံတွေက လောလောဆယ် ကမာ္ဘပေါ်မှာ
အစိုးရိမ်အကြီးဆုံး၊ လူထုကို မယုံကြည်ဆုံး အာဏာရှင်လက်အောက်မှာ
ရှိနေကြတဲ့ ပြည်သူလူထုအတွက် ဘယ်လိုမှ လက်တွေ့မကျတာမို့ လောလောဆယ်
ဖြစ်နိုင်ချေရှိပြီး လက်တွေ့ကျကျ လုပ်လို့ရတာတွေကိုပဲ ပြောဆိုရေးသား
တိုက်တွန်းနေတာပါ။

အဲဒီလို ရေးသားပြောဆို တိုက်တွန်းနေတဲ့ ကျွန်တော်တို့မီဒီယာကို
စောစောကပြောတဲ့ ပြည်တွင်းပြည်ပက အတိုက်အခံ၊မီဒီယာနဲ့
နိုင်ငံရေးလှုပ်ရှားသူ ဆိုတဲ့သူတွေတင် မကဘူး။ ကျွန်တော့်
မွေါ်သဖခင်အရင်းကတောင် သဘောမတူဘူး။ ကျွန်တော်ဆိုရင် ကျွန်တော့်မီဒီယာမှာ
ရေးသားဖော်ပြနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စောစောကပြောခဲ့တဲ့
အဖွဲ့အစည်းတွေနဲ့ အခြေအတင်မပြောရခင် ကျွန်တော့်အဖေနဲ့ နေ့စဉ်လိုလို
အငြင်းအခုန်ဖြစ်ရတယ်။ အငြင်းအခုန်ဖြစ်တိုင်းလည်း ကျွန်တော့်အဖေနဲ့
ကျွန်တော်နဲ့ကြားမှာ တော်တော်ကြီး တင်းတင်းမာမာဖြစ်ရတယ်။
အော်ကြဟစ်ကြတဲ့အထိပါ။ ပြီးရင် အဖေ့ကို ပြန်အော်မိတဲ့အတွက် ကျွန်တော်
စိတ်မကောင်းဖြစ်ရတယ်။ အဲလိုဖြစ်နေတာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။
အွန်လိုင်းနဲ့ အသံလွှင့်မီဒီယာတွေမှာ ဘလော့ဂ်ဆိုက်တွေမှာ
ကျွန်တော်တို့နဲ့မီဒီယာနဲ့ ပတ်သက်ပြီး ပြောဆိုနေတာတွေကလည်း တစ်ခုမှ
အကောင်းမရှိဘူးလေ။ ပြောရရင် ကျွန်တော့်အလုပ်ကို တစ်ရက်မှ
စိတ်ချမ်းသာလက်ချမ်းသာ လုပ်နေရတယ်ကို မရှိဘူး။ ကျွန်တော့်စိတ်ထဲမှာ
ခိုင်ခိုင်မြဲမြဲ ယုံကြည်ထားတဲ့အတိုင်း လုပ်နေတယ်ဆိုပေမယ့်
ကျွန်တော့်အိမ်မှာရော ကျွန်တော်တို့မီဒီယာ ပတ်ဝန်းကျင်မှာပါ
ကျွန်တော်တို့ကို နားလည်ပေးနိုင်တဲ့သူက တကယ့်ကို နည်းနည်းလေးပဲရှိတာ။

မျက်မှောက်မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကျွန်တော့်အယူအဆ အမြင်တွေနဲ့
ကျွန်တော့်အဖေရဲ့ အယူအဆတွေနဲ့က တော်တော်ကြီးကွဲနေတယ်။ ဒီနေရာမှာ
ကျွန်တော့်အယူအဆက မှန်တယ်၊ ကျွန်တော့်အဖေအကောက်အယူက မှားတယ်လို့
မဆိုချင်ပါဘူး။ ကျွန်တော့်အဖေတို့မျိုးဆက် ကြုံခဲ့ရတဲ့အခြေအနေနဲ့
ကျွန်တော့်တို့ အခုမျက်မှောက်ပြုနေရတဲ့ အခြေအနေအပေါ်မူတည်ပြီး
ကျွန်တော်တို့နှစ်ယောက်အကြား ကွာဟသွားတဲ့သဘောပါ။ သူလည်း
သူကိုယ်တိုင်ပါဝင်ပြီး သူကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းရယ်၊
သူပညာသင်နေတဲ့အချိန်၊ သူအရွယ်ရောက်နေတဲ့အချိန်မှာ ဩဇာသက်ရောက်နေတဲ့
ဝါဒ၊အယူအဆတွေရဲ့ လွှမ်းမိုးမှု၊ သူဖတ်ခဲ့တဲ့စာနဲ့ သူ့ခေတ်၊သူ့အခါက
သူအထင်ကြီးလေးစားတဲ့သူတွေရဲ့ လွှမ်းမိုးမှု အဲဒီ့ အကြောင်းတရားတွေက ဒီကနေ့
သူ့အယူအဆအမြင်တွေကို ပံ့ပိုးပေးနေတာကိုး။ အဲဒီတော့ ကျွန်တော့်အဖေရဲ့
အယူအဆအမြင်က ကျွန်တော်နဲ့မတူတဲ့အတွက် မှားတယ်လို့တော့
ကျွန်တော်ဘယ်တော့မှမပြောခဲ့ဘူး။ ဒီမိုကရေစီကို လိုချင်ရချင်ပါတယ်ဆိုတဲ့
ကျွန်တော်တို့တတွေဆီမှာ ဒီမိုကရေစီရဲ့အခြေခံ သဘောတရားတစ်ခုလောက်ကိုများ
ဘယ်နှခါလောက် လက်တွေ့ကျင့်ကြံပြီးကြပြီလဲလို့ မေးရင်
မဆိုင်းမတွဖြေနိုင်ကြဖို့လိုတယ်

မဟုတ်လား။

ကျွန်တော်ကတော့ agree to disagree မတူညီတဲ့ သဘောထားအမြင်တွေကို
လက်ခံနားလည်ပေးဖို့ အမြဲအဆင်သင့်ဖြစ်နေအောင် လေ့ကျင့်ထားတယ်။
ကျွန်တော့်အဖေနဲ့ ကျွန်တော့်ကြားမှာလည်း ဒီလိုပါဘဲ။ ကျွန်တော့်သဘောနဲ့
မတိုက်ပေမယ့် သူဘာလို့ကျွန်တော်နဲ့သဘောထားကွဲရတာလဲဆိုတဲ့ အကြောင်းတရားကို
စဉ်းစားကြည့်တော့ သဘောထားမတူတာကို နားလည်ပေးနိုင်သွားတယ်။ နောက်တစ်ခုက
ကျွန်တော်အခုလို ကျွန်တော့်အဖေနဲ့ အခြေအတင်ငြင်းခုံ သဘောမတူခွင့်ရတာက
ငယ်ငယ်ကတည်းက ကျွန်တော့်အဖေက ကျွန်တော်တို့ သားသမီးတွေအပေါ်
ဘာအကြောင်းအရာပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုလောက်အထိ လွတ်လပ်ခွင့်
ပေးခဲ့လို့ပါ။

အဲဒီလိုပဲ ‘အကျိုး’ နဲ့ ‘အကြောင်း’ တရားကို လေးလေးနက်နက်
သဘောပေါက်ထားတဲ့အတွက် ကျွန်တော်တို့ပြောနေရေးနေတာတွေကို
ဆန့်ကျင်၊တိုက်ခိုက်နေတဲ့သူတွေကိုလည်း ကျွန်တော်အပြစ်မတင်ချင်ဘူး။
အဲဒီလိုပြောတာဆိုတာတွေကြောင့်လည်း ကျွန်တော်တို့
နောက်ဆုတ်သွားမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ရပ်တည်ချက်နဲ့
အခုလိုပြောဆိုရေးသားနေတာဟာ နိုင်ငံသူနိုင်ငံသားတွေအားလုံးအတွက်လို့
ခံယူထားတဲ့အတွက် ဘယ်သူတွေဘာပြောပြော လုပ်စရာရှိတာတော့ ဆက်လုပ်သွားမှာပဲ။
ဒါတွေအားလုံးက တစ်နေ့ကျရင် သမိုင်းက သက်သေပြလိမ့်မယ်။ ဒါပေမယ့်
တစ်ခုတော့ရှိတယ်။ သဘောမတူတာကို သဘောမတူတဲ့အကြောင်း ကျိုးကြောင်းကျကျ
ပြန်ငြင်းခုန်တာမျိုးကို လက်ခံပေးပေမယ့် လက်ရှိအစိုးရနဲ့
ကျွန်တော်တို့အကြား၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ကျွန်တော်တို့အကြား၊
ပြည်သူလူထုနဲ့ ကျွန်တော်တို့အကြား နားလည်မှုလွဲအောင်
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ သေးသေးသိမ်သိမ် နှိမ့်ချစော်ကားမှုတွေကိုတော့
ဘယ်လိုမှ လက်မခံနိုင်ဘူး။

အဲဒီအတွက် စိတ်မကောင်းဖြစ်မိပေမယ့် အဲဒါတွေက ကျွန်တော့်ယုံကြည်ချက်ကို
တစ်စိုးတစ်စေ့ကလေးတောင်မှ မခြေဖျက်မဟန့်တားနိုင်ဘူး။ စီမံခန့်ခွဲသူတွေရဲ့
အလွန်အကျွံ ကြောက်စိတ်ကြောင့် အလွန်အကျွံ အကာအကွယ်ယူလွန်း၊
တစ်ဖက်သပ်ဆန်လွန်းတာတွေကို ကြည့်ပြီး တစ်ခါတလေ အင်မတန်စိတ်ပျက်လက်ပျက်
ဖြစ်မိပေမယ့် ကျွန်တော့်ယုံကြည်ချက်တွေကတော့ တစ်နေ့ထက်တစ်နေ့
ခိုင်မာသထက်ခိုင်မာလာတယ်။ ဘယ်သူတွေ ဘာပြောပြော၊ဘယ်လိုဝေဖန်ဖန်
ကျွန်တော်ယုံကြည်ထားတဲ့ အတိုင်း ဆက်လုပ်သွားဖို့ သံန္နိဌာန်ချထားပြီးသား။

အခုကျွန်တော်တို့ကို နှစ်ပတ်အနားခံရတဲ့အပေါ်မှာတောင် သဘောထား
သိမ်ဖျင်းနုံနဲ့တဲ့ အမြင်တွေနဲ့ ရေးထားတဲ့ သတင်းတွေက ပြည်ပအခြေစိုက်
အသံလွှင့်နဲ့ အွန်လိုင်းမီဒီယာတွေပေါ်မှာ ကြားနေတွေ့နေရတယ်။
မဆီမဆိုင်လက်ပံပင်ဓားနဲ့ချိုင်ဆိုသလို ဒီမိုကရေစီမဆန်လွန်းတဲ့
ပုဂ္ဂိုလ်ရေးသက်သက် မုန်းတီးမှု၊ အညှိုး အာဎာာတတွေနဲ့ ရေးထားတာတွေက
ဒီမိုကရေစီတိုက်ပွဲဝင်နေပါတယ်လို့ တစ်ဖွဖွအော်နေသူတွေဆီက ထွက်လာတာ
အံ့ဩလို့မဆုံးဘူး။ ဒါကတကယ်တော့ အိမ်ကြက်ချင်းကိုယ့်ဘာသာ အိုးမဲသုတ်
ခွပ်ချင်တာနဲ့ တူနေပါတယ်။

တကယ်ဆို ကျွန်တော်တို့ပြည်တွင်းမီဒီယာတွေဆိုတာ အစိုးရက တင်းတင်းကြပ်ကြပ်
စိစစ်တည်းဖြတ်နေတဲ့ ဆင်ဆာအောက်ကနေ လွတ်အောင်ကြိုးစားပြီး
ရေးနေကြရတဲ့သူတွေဆိုတာ နားလည်ပေးသင့်တာပေါ့။ ပုံနှိပ်ဖော်ပြထားသမျှဟာ
ကျွန်တော်တို့ရေးသမျှအားလုံးမဟုတ်ပဲ စိစစ်တည်းဖြတ်ပြီး ကျန်တဲ့အထဲက
ကျွန်တော်တို့ပြောချင်တာ တစ်ချက်လောက်ပါရင်တောင် ကျွန်တော်တို့မီဒီယာကို
စဉ်ဆက်မပြတ်ဖတ်လာတဲ့ ပရိသတ် ဖမ်းဆုပ်မိမှာပဲ ဆိုတဲ့စိတ်နဲ့
ဖော်ပြပေးခဲ့တာ။ အဲဒီလိုအခြေအနေတွေကို သိရဲ့သားနဲ့ စကားလုံးတစ်လုံး၊
စာတစ်ကြောင်းကို အထအနကောက် အဓိပါယ်အလွဲဖော်ပြီး ဇွတ်ရော၊အတင်းရော
အစိုးရဖော်လံဖားအဖြစ် တံဆိပ်ကပ်ပေးနေကြတာကိုး။

တကယ်ဆိုရင် ကျွန်တော်တို့လိုပဲ ပြည်တွင်းမှာနေခဲ့ပြီး
အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြောင်းရှာပြီးလို့ပဲဖြစ်ဖြစ်
ပြည်ပရောက်သွားပြီး အွန်လိုင်းပေါ်၊ လေလှိုင်းပေါ်ကတစ်ဆင့်
ရေးချင်ရာရေး၊ပြောချင်ရာပြောခွင့်ရနေတဲ့သူတွေက ကျွန်တော်တို့အပေါ်မှာ
သဘောပေါက်နားလည်မပေးနိုင်တာကတော့ သဘာဝမကျလှဘူး။
ကျွန်တော်တို့ပြည်တွင်းမီဒီယာတွေဆိုတာ စကားတစ်ခွန်း၊ စကားလုံးတစ်လုံး
ပြည်သူလူထုကို အသိပေးဖို့အတွက် ဘယ်လောက်သိုင်းဝိုင်းပြီး
အပင်ပန်းခံရေးနေတယ်ဆိုတာ ပြည်ပမှာ နှစ်၂ဝနီးပါးရောက်နေတဲ့သူတွေ
နားလည်မပေးနိုင်တာ ဆန်းတော့မဆန်းဘူး။ ပြည်ပမပြောနဲ့ ပြည်တွင်းမှာတောင်
တာဝန်မယူရဲ၊တာဝန်မခံရဲတဲ့ ဌာနဆိုင်ရာတွေကနေ သတင်းတစ်ခုရဖို့
အပင်ပန်းခံလိုက်ပြီး စာပေစိစစ်ရေးရဲ့ ဖြတ်တောက်ခုတ်ထစ်ခံပြီးမှ
ထွက်လာရတဲ့ သတင်း၊သတင်းဆောင်းပါးတွေကို ဘက်လိုက်ရေးတယ်၊
တစ်ဖက်သပ်ရေးတယ်ဆိုပြီး အထင် လွဲနေတဲ့သူတွေက ရှိသေးတယ်။

တကယ်တော့ ပြည်ပမီဒီယာတွေဆိုတာကလည်း ပရော်ဖက်ရှင်နယ် မီဒီယာသမားတွေထက်
နိုင်ငံရေးလှုပ်ရှားသူ အမည်ခံတွေအများစုဖြစ်နေတာကိုး။ ဆိုတော့
ပရော်ဖက်ရှင်နယ်မီဒီယာဆိုတာ ဘယ်လိုရပ်တည် ရေးသားပြောဆိုရတယ်ဆိုတာ
နားလည်မှာမဟုတ်ဘူး။ အဲဒီတော့ နာကျည်းမှုတွေ၊ ဒေါသနဲ့မုန်းတီးမှုတွေ၊
မနာလိုသံသယတွေ စတဲ့ ခံစားမှုတွေနဲ့ ပဲ မီဒီယာအလုပ်ကို အကောင်အထည်ဖော်နေရင်
ဒဏ်ရာဒဏ်ချက်တွေ များလွန်းလှတဲ့ နိုင်ငံမှာ
ဆင်းရဲကြပ်တည်းဖိနှိပ်ရက်စက်မှုတွေအောက်က မြန်မာနိုင်ငံသူနိုင်ငံသားတွေကို
တလွှဲလမ်းပြနေသလို ဖြစ်နေလိမ့်မယ်။

ပြည်တွင်းမှာလည်း ဒီလိုပါဘဲ လက်ရှိအခြေအနေမှာ လောကပါလတရားနဲ့
မညီတာတွေကိုသာ လိုက်ရှာပြီး တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်ပြီးတစ်မျိုး
စောင်းချိတ်တိုင်းထွာပြောဆိုရေးသားနေတာထက် အဲဒီအခြေအနေတွေကို
ဘယ်လိုအကောင်းဆုံး၊အဖြစ်နိုင်ဆုံး၊ လက်တွေ့အကျဆုံးနည်းလမ်းနဲ့
တည့်မတ်အောင် ကူညီကြမလဲဆိုတာမျိုး ပြောဆိုရေးသားကြဖို့လိုတယ်။

ကျွန်တော့်အနေနဲ့ ကိုယ့်မီဒီယာသမားတွေအချင်းချင်း အခုလိုပြောရတာကိုက
စိတ်မကောင်းပါဘူး။ တကယ်ဆိုရင် ပြည်တွင်းပြည်ပမှာရှိတဲ့
ဘယ်လိုမီဒီယာမျိုးမဆို ကျွန်တော်တို့နိုင်ငံကို လက်ရှိအခြေအနေကနေ
ရုန်းထွက်ဖို့ အားလုံးစုစုစည်းစည်း ညီညီညာညာနဲ့ ကိုယ်တတ်နိုင်တဲ့နေရာက
ကူညီကြရမှာမဟုတ်လား။ ဒါပေမယ့် ခက်တာက
ပြည်ပအခြေစိုက်မီဒီယာတော်တော်များများမှာ ပရော်ဖက်ရှင်နယ် မီဒီယာသမား
မရှိသလောက်ရှားလာတယ်လေ။ ပရော်ဖက်ရှင်နယ်ပီပီသသ
လုပ်ချင်ကြတဲ့မီဒီယာသမားတွေတောင် ခံစားချက်များပြီး အညှိုးအတေးကြီးကြီး
နိုင်ငံရေးလှုပ်ရှားသူတွေ အများစုရှိနေတဲ့ကြားမှာ ပရော်ဖက်ရှင်နယ်လို
လုပ်ခွင့်ကိုင်ခွင့်မသာကြဘူး။ နောက်တစ်ခုက မတူရင်ရန်သူ၊ မထောက်ခံရင်
ဆန့်ကျင်ဆိုတဲ့ အုပ်စုတွေအကြား ရောက်သွားတဲ့အတွက် ပရောဖက်ရှင်နယ်လို
မျှမျှတတ ဖော်ပြရေးသားဖို့လုပ်ရင်တောင် ထောက်လှမ်းရေးလား၊
အစိုးရသတင်းပေးလားဆိုပြီး ဝိုင်းတံဆိပ်ကပ်၊ မီဒီယာတာဝန်ခံဆီ ဂျောက်တွန်း
ကုံးချောပြီး ဖယ်ထုတ်ခံရမှာ စိုးတာနဲ့ ရေငုံ ပါးစပ်ပိတ်နေကြရတယ်။
အဲဒါကြောင့် သူတို့တတွေမေးတဲ့မေးခွန်းတွေ၊ အစီအစဉ်တွေ၊ သတင်းတင်ပြပုံတွေ၊
သတင်းနောက်ခံအကြောင်းအရာတွေကိုက အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေလိုပဲ ခံစားချက်တွေပါပြီး တစ်ဖက်စောင်းနင်း
ဖြစ်နေတာကို သတိထားမိတယ်။

တချို့မီဒီယာသမားအမည်ခံတွေကျတော့ သူတို့ကို အထောက်အပံ့ပေးတဲ့
အဖွဲ့အစည်းတွေက နှစ်၂ဝနီးပါး ထောက်ပံ့ပေးနေပေမယ့်
ဘာမှထူးခြားတဲ့အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်တာကိုစိတ်ပျက်စပြုပြီး
အထောက်အပံ့တွေ အလျှော့ခံရတာကို ဒေါသဖြစ်နေကြတယ်။ အဲဒီဒေါသကို
မီးလောင်ရာလေပင့်ပေးလိုက်တာက ပြည်တွင်းမှာ ရတဲ့အခြေအနေအပေါ်
တတ်စွမ်းသလောက် အကောင်းဆုံးဖြစ်အောင် လူထုကို လက်တွေ့ကျကျ အကူအညီပေးနေတဲ့
အဖွဲ့အစည်းတွေဆီ အထောက်အပံ့တွေ ရွေ့သွားတာဖြစ်နေတယ်။ အဲဒီမှာတင်
ယမ်းပုံမီးကျဖြစ်ပြီး ပြည်တွင်းက တတ်အားသမျှ ကြိုးစားအလုပ်လုပ်ရင်း
ပြည်သူလူထုရဲ့ အသိပညာရေချိန်ကိုမြှင့်တင်ပေးနေသူတွေ၊
နိုင်ငံအတွင်းမှာရှိတဲ့ အားလုံးသော အင်အားစုတွေအကြား နားလည်မှုရှိအောင်
စေ့စပ်ပေးနေသူတွေ၊ လက်ရှိတည်ဆဲအစိုးရကိုလည်း ရှည့်လည်းလျှောက်သာ
ပျားလည်းစွဲသာဖြစ်စေမယ့် မူဝါဒတွေ အကြံပြုနေသူတွေ၊ မဖြစ်မနေဒုတ်ဒုတ်ထိ
ရင်ဆိုင်ရတော့မယ့် ရွေးကောက်ပွဲမှာ ဘယ်လိုလူတွေကို မဲပေးကြမလဲ၊
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့အချက်တွေထဲက ဘယ်အချက်တွေက
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် ရေရှည်အကျိုဖြစ်စေသလဲ၊
နိုင်ငံသားအားလုံး အကျိုးအတွက်ဆိုရင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေ
ဘယ်လိုစိတ်ထားမျိုးထားသင့်သလဲ၊ စည်းလုံးညီညွတ်ရင်
ဘယ်လိုအကျိုးတွေရနိုင်သလဲ စတဲ့ ဖြစ်နိုင်ချေလည်းရှိ
လက်တွေ့လည်းလုပ်လို့ရတာတွေကို ထောက်ပြ ရှင်းလင်းပေးနေသူတွေ၊
နာဂစ်ဖြစ်တဲ့ဒေသမှာ မိုးထဲရေထဲဆင်းပြီး ဒေသခံတွေကို လက်တွေ့
အကူအညီပေးနေတဲ့ သူတွေကို အစိုးရနဲ့ပေးစားပြီး အခွင့်အရေးရလို့
ဒီလိုလုပ်နေကြတာပါလို့ ရမ်းကားစွပ်စွဲကြတယ်။

သူတို့တတွေ စွပ်စွဲတဲ့အထဲမှာ ထိပ်ဆုံးကပါတဲ့ ကျွန်တော်တို့မီဒီယာနဲ့
ပင်တိုင်ဆောင်းပါးရှင် အောင်ထွဋ် အကြောင်းဆိုရင် သူတို့အုပ်စီးထားတဲ့
အသင်းအဖွဲ့၊ မီဒီယာတွေမှာ မပါမဖြစ်အမြဲတမ်း ပုံသေကဏ္ဍတစ်ခုလိုတောင်
ဖြစ်နေပြီ။ တခြားတစ်ဖက်မှာလည်း သူတို့မှာ ရေးစရာပြောစရာအိုင်ဒီယာက
ရှားလာတော့ ကျွန်တော်တို့မီဒီယာမှာ နိုင်ငံပြုစာတွေ ပုံမှန်ရေးနေတဲ့
မောင်စူးစမ်း၊ကျော်ဝင်း၊ အောင်ထွဋ်တို့ ရေပက်မဝင် ယထာဘူတကျကျ ရေးသမျှထဲက
သတ်ပုံသတ်ညွှန်းနဲ့ လက်ရေးလက်သားမကောင်းတာလောက်ကို ပုံကြီးချဲ့ပြီး
ပုဂ္ဂိုလ်ရေးအဆဲဆိုတွေ ရေး၊ပြောပြီး ရေးကွက်ပြောကွက် ရှာနေရတယ်လေ။

တကယ်ဆို ၂၀၀၄ခုနှစ် ဩဂုတ်လမှာ စထုတ်ခဲ့ပြီး ၆လလောက်အကြာ
၂၀၀၅ဖေဖော်ဝါရီလမှာ နှစ်ပတ် တစ်ကြိမ်၊ ၂၀၀၅ခုနှစ် မေလနဲ့ ဇွန်လအကြားမှာ
လေးပတ် တစ်ကြိမ်၊ ၂၀၁ဝခုနှစ် ဇွန်လပထမအပတ်မှာ တစ်ပတ် တစ်ကြိမ်၊ ၂၀၁ဝခု
ဇူလိုင်လ တတိယအပတ်ကနေ စတုတ္ထအပတ်မှာ နှစ်ပတ် တစ်ကြိမ် စုစုပေါင်း
လေးကြိမ်တိတိ ထုတ်ဝေခွင့် အရပ်ခံရတာ ပြည်တွင်းမီဒီယာလောကမှာ
ကျွန်တော်တို့ပဲရှိတယ်။ ကျွန်တော်တို့မီဒီယာကဆိုရင် မောင်းထုတ်တဲ့
ဌာနဆိုင်ရာအကြီးအကဲတွေ၊ လူစည်စည်ရှိရင် ကျွန်တော်တို့ မီဒီယာအကြောင်း
အတင်းပြောတဲ့ ဒုဝန်ကြီးဆိုသူတွေ၊ ကျွန်တော်တို့မီဒီယာကရေးတဲ့သားတဲ့
အကြောင်းအရာမှန်သမျှ တခြားမီဒီယာတွေနဲ့ မတူ ထူးထူးကဲကဲ အသေးစိတ်ကအစ
စိုးရိမ်တကြီး တည်းဖြတ်၊ကန့်သပ်တဲ့ စာပေစိစစ်ရေးဝန်ထမ်းတွေ၊
ကျွန်တော်တို့ရေးသားသမျှ လိုသလိုအဓိပါယ်ကောက်ပြီး အာဏာပိုင်တွေ
အထင်လွဲအောင် ဂျောက်ချဂျောက်တွန်းနေတဲ့သူတွေ၊ ကျွန်တော်တို့မီဒီယာနဲ့
ရပ်တည်ချက်ချင်းမတူတဲ့အတွက် ကျွန်တော်တို့မီဒီယာမှာ သူတို့မီဒီယာမှာ
ဖော်ပြသမျှ တစ်ဆင့်ပြန်ကိုးကားဖော်ပြခွင့်မပြုကြောင်း ကြောညာချက်တွေ၊
ကျွန်တော်တို့မီဒီယာက ပြည်ပအခြေစိုက် မီဒီယာတွေနဲ့ လက်ဝါးရိုက်ပြီး
သတင်းမှားတွေ လုပ်ကြံရေးနေပါတယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်တွေကို
စာပေစိစစ်ရေးတံတိုင်းကနေကျော်ပြီး ကျွန်တော်တို့ ဂုဏ်သိက္ခာကို
စော်ကားမော်ကားပြုနေတဲ့ မီဒီယာတွေနဲ့လည်း ရင်ဆိုင်နေရတဲ့
ကျွန်တော်တို့ကိုမှ သဲကြီးမဲကြီး တိုက်ခိုက်နေကြတာ ကျွန်တော်
တော်တော့်ကို စိတ်မကောင်းဖြစ်မိတယ်။ နောက်ပြီး ကျွန်တော်တို့အပေါ်
ဒီလိုပြောဆိုရေးသားသူတွေ၊ မီဒီယာတွေကို ဒေါသဖြစ်မိတာပေါ့။ ကျွန်တော်လည်း
လူလေ။ ဒီလောက် အညှိုးတကြီး သဲသဲမဲမဲ အပြောအဆိုခံနေရတော့ ဒေါသမထွက်ပဲ
နေနိုင်ပါအုံးမလား။

နောက်တစ်ခုဆိုးတာရှိသေးတယ်။ ပြည်တွင်းမှာ သမာ္ဘရင့်၊ ဝါရင့်
ရှေ့မီ၊နောက်မီ ဂျာနယ်လစ်ဆိုသူကြီးတချို့ဆို ကျွန်တော်တို့ကိုပဲ
စာပေစိစစ်ရေးက အထူးအခွင့်အရေးပေးထားသယောင်၊ ကျွန်တော်တို့မို့
လွှတ်ပေးတယ်ဆိုတဲ့ စကားမျိုး တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်တစ်မျိုး
ပြောဆိုရေးသားနေတယ်လေ။ တကယ်တော့ အဲဒီပုဂ္ဂိုလ်တချို့ကို အရင်က ကျွန်တော်
တော်တော်လေးစားခဲ့တယ်။ နောက်ပိုင်း ဂျာနယ်လစ်အမည်ခံပြီး မဟုတ်မမှန်တာတွေ၊
တစ်ဖက်စောင်းနင်းစွပ်စွဲချက်တွေ ၊ အဆိုးမြင်တွေ၊ ခေတ်နောက်ပြန်ဆွဲတွေ၊
မဆီမဆိုင် လက်ပံပင်ဓားနဲ့ချိုင် စကားတွေ ပြောလွန်း၊ရေးလွန်းလို့ အရင်က
လေးစားခဲ့တာကိုတောင် နောင်တရနေအောင် အထင်သေးသွားမိတယ်။ တကယ်ဆို သူတို့
ပင်တိုင်နီးပါး ရေးနေတဲ့ မီဒီယာတချို့ကမှ အခွင့်ထူးရနေတာ သိသိချည်းနဲ့
ကျွန်တော်တို့ကို အသားလွတ် တွယ်နေတာ အံ့ဩလို့မဆုံးဘူး။ ပိုအံ့ဩတာက
ဂျာနယ်လစ်နာမည်ခံပြီး နားတစ်ဖက်တည်းက အသံနားထောင်ပြီး ရင့်ရင့်သီးသီး
စကားလုံးတွေနဲ့ နှိပ်ကွပ်နေတာကိုပါ။ တကယ်တော့ ဂျာနယ်လစ်အမည်ခံပြီး
ပြောတာ၊ရေးတာတွေ အားလုံးနီးနီးက သာမာန်လူတိုင်းတွေးနိုင်တဲ့အတွေးတွေ၊
သမားရိုးကျ အမျိုးသားရေးမဲပြာပုဆိုးအကြောင်းတွေ တောင်စဉ်ရာမရတွေကများတယ်။
နောက်ဆုံး ကျွန်တော်တို့မီဒီယာကိုပဲ စောင်းချိတ်ပြီး လူထုနဲ့
ရန်တိုက်ပေးတယ်။ ရေးတဲ့ ပုံစံ အသုံးအနှုန်းနဲ့ ရည်ရွယ်ချက်၊
ကောက်ချက်ချတာတွေက အနီရောင်သိပ်များလွန်းလို့ ပူပူလောင်လောင် ခံစားရတယ်။
ဒါပေမယ့် အခုထိ သူ့စာတွေ၊စကားတွေကို တုန့်ပြန်တာမျိုး မလုပ်ခဲ့ဘူး။
နောက်ဆုံး ကျွန်တော်တို့ မီဒီယာနာမည်ကို စာမျက်နှာပေါ်တင်ပြီး
အပြင်မီဒီယာတွေနဲ့ လက်ဝါးရိုက်ထားတယ်ပြောလို့ပြော၊ ကျွန်တော်တို့က
မီဒီယာကျင့်ဝတ်ချိုးဖောက်တယ် စွပ်စွဲလို့စွပ်စွဲ၊ ကျွန်တော်တို့ ရေးတဲ့
သတင်းလွဲနေပါတယ်လို့ ရေးလို့ရေး နည်းမျိုးစုံသုံးပြီး ကျွန်တော်တို့ကို
တိုက်ခိုက်နေတဲ့ နာမည်ကြီး မီဒီယာတစ်ခုကိုတောင် ဘာမှ မတုန့်ပြန်ပဲနေလာတာ။
ဆိုလိုချင်တာက ကျွန်တော်တို့မှာ အဲလောက်ကြီး အပြင်ကရော အတွင်းကရော
သဲကြီးမဲကြီး တိုက်ခိုက်ခံနေရတာ ကြာတော့ စိတ်မတိုဘဲနေမလား။ ဒါပေမယ့်
စိတ်တိုတိုင်း တုန့်ပြန်ရင် မယဉ်ကျေး၊ မရင့်ကျက်တဲ့သူဖြစ်မယ်လေ။
အဲဒါနဲ့ပဲ သီးခံလာတာ ကြာပြီ။ ဘာပဲပြောပြော သီးခံလက်စနဲ့ သီးခံနေတာ
အကောင်းဆုံးဆိုပေမယ့် ကြာလာတော့ ရင်ထဲမှာ တင်းကြပ်လာတယ်။ ဖေ့စ်ဘွတ်မှာ
နည်းနည်းလောက် ဖွင့်အံလိုက်ရင် နဲနဲများပေါ့သွားမလားလို့။

နောက်ဆုံးတော့ အခုကျွန်တော်တို့မီဒီယာ ရင်ဆိုင်နေရတာကိုကြည့်ပြီး
ကျွန်တော်တို့တတွေ ရင့်ကျင့်ဖို့အများကြီးလိုနေသေးပါလားလို့ သတိပြုမိတယ်။
တကယ်တော့ ကျွန်တော်တို့တတွေ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့သူတွေဖြစ်အောင်
ကျွန်တော်တို့ဘာသာကျွန်တော်တို့ လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုနေသေးတယ်။
မှားချင်လည်းမှားပါမယ်။ ဒီလိုဖြစ်နေတဲ့ အဓိကအကြောင်းကတော့ ခါးသီးတဲ့
အတိတ်သမိုင်းကြောင်းတွေဆီကနေ ကျွန်တော်တို့ သင်ခန်းစာယူဖို့ထက်
သမိုင်းဇာတ်ဆောင်တွေအပေါ် အပြစ်ပုံချ၊ ချီးပအမွှန်းတင်ဖို့လောက်ပဲ
အားသန်နေကြတာလို့ ကျွန်တော်ကောက်ချက်ချမိတယ်။ သမိုင်းကြောင်းကိုရော
လက်ရှိတွေ့ကြုံနေရတာတွေကိုပါ ကျွန်တော်တို့တတွေ အသိဉာဏ်ပညာနဲ့
အမြော်အမြင်အခြေခံပြီး ရင့်ကျက်မှုရှိရှိ ရှေ့ကိုမျှော်တွေးမသုံးသပ်ဘဲ
စိတ်ခံစားချက်နဲ့ ပုဂ္ဂိုလ်ရေးကိုသာ ရှေ့တမ်းတင်နေကြရင် မကြာမဏ တပ်နေကြတဲ့
ခေါင်းစဉ်ဟောင်းကြီးလိုပဲ “ဒီမိုး၊ဒီရေ၊ဒီလူတွေနဲ့
ရှေ့ဆက်ဘယ်လိုခရီးသွားရမှာပါလိမ့်” လို့သာညီးညူလိုက်ချင်ပါရဲ့။

အားလုံးကို လေးစားလျှက်
ကျော်မင်းဆွေ – အယ်ဒီတာ
The Voice Journal

(Forward Mail မှ ကူးယူဖော်ပြပါသည်။)

3 comments

  • etone

    August 3, 2010 at 7:45 am

    အင်းလေ ။ သူတို့အကြိုက်သာလိုက်ရေးရရင် ဂျာနယ်တွေလည်း သတင်းစာလိုပဲဖြစ်ကုန်တော့မယ် ။ 😀

  • kai

    August 3, 2010 at 8:11 am

    တွေ့မိရင်လေ…
    …သူ့ကိုပြောလိုက်စမ်းပါဗျာ…။
    ပြည်တွင်းမှာ လူသိန်း၊သန်းနဲ့ချီပြီး ဖတ်ကြတယ်…။
    ပြည်ပရောက် မြန်မာပြည်ကိုစိတ်ဝင်စားတဲ့ လူတိုင်းလိုလိုဖတ်ဖြစ်ကြတယ်..။
    … အဲဒါထက်ပိုပြီး ဘာများပိုလိုချင်နေသေးသလဲလို့..။

  • bigcat

    August 3, 2010 at 10:09 pm

    You should buy auto mobiles without licenses to cover up the loss. Junta will impose 50% less tax on them because your journal works a lot for the longevity of military regime.

Leave a Reply