ကျွန်တော်ဝါသနာပါသည်

သူရႆဝါAugust 3, 20101min1891

`စာရေးခြင်း´ ကို ဝါသနာပါလို့ စာရေးနေသူကိုမှ `ဘာဝါသနာပါလဲ´ လို့ရေးဖို့ ကိုလင်းဦးကတဂ်တယ် အဟဲ။ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါတာတွေက အများသား မဟုတ်လား။ ရေးစရာတော့ မရှားပါဘူး။ ခြုံငုံပြီး ပြောရ မယ်ဆိုရင်တော့ ကျွန်တော်က ဘောလုံးအားကစားနဲ့ အနုပညာကို ဝါသနာပါ,ပါတယ်။

`ဘောလုံး´ ဆိုရင် သူများကန်တာကိုလည်းကြည့်၊ ကိုယ်ကိုယ်တိုင်လည်းကန် … အဲ့ဒီလို ဝါသနာကြီးပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ၊ ဥရောပနိုင်ငံ အသီးသီးက လိဂ်တွေအစ၊ လမ်းဘေးမှာ အုတ်ခဲထောင်ကန်တဲ့ ကလေးတွေ ရဲ့ပွဲအဆုံးကြည့်တယ်။ ဘယ်လောက်အထိလဲဆို တစ်ခါ … အိမ်နားမှာ ကလေးတွေ ဘောလုံးကန်နေကြတာကို ဘေးကထိုင်ပြီး တစ်ဦးတည်းသော ပွဲကြည့်ပရိတ်သတ်လုပ်နေရာက ကလေးတွေကို အားမလို အားမရနဲ့ `ဟို ကောင်လေးက ဟိုကိုပြေးလေ … ဒီကောင်လေးက ဒီလိုကန်ကွ´ နဲ့ နှစ်သင်းလုံးရဲ့ ပါးစပ်မန်နေဂျာ အလုပ် ကောင်းတာ နောက်ဆုံးကလေးတွေက မကြည်တော့ဘဲ `ဦးယေးဂျီး … တွားတော့ဂျာ … လစ်တော့ … ´ လို့ အပြောခံ အနှင်ခံရတဲ့ အထိပါပဲ။

ဘောလုံးကန်တာကိုလည်း ဝါသနာကြီးသေးတယ်ခင်ဗျ။ မြို့နယ်လက်ရွေးစင်ပွဲတွေကစပြီး ခရိုင်လက်ရွေးစင်၊ တိုင်းလက်ရွေးစင်ပွဲတွေအလယ် .. နိုင်ငံလက်ရွေးစင်ပွဲတွေအဆုံး ကျွန်တော်ကန်ဖူးတဲ့ပွဲတစ်ပွဲမှမရှိပါဘူး။ ဟုတ် တယ်လေ … ကျွန်တော်ကန်တာက (W လို့ကျွန်တော်တို့ခေါ်တဲ့) တစ်သင်းငါးယောက်ကန်ရတဲ့ ပွဲငယ်လေးတွေ ကန်တာကိုး။ ဒါပေမယ့် Wကန်ရင်တော့ ကျွန်တော့်အသင်းမှာ ကျွန်တော်ဆရာပဲဗျ ဟဲဟဲ။ ကျွန်တော့်ကျောင်းက တစ်သင်းတည်းကန်တဲ့သူငယ်ချင်းတွေက ကျွန်တော့်ကို `ဒိုလေး´လို့ခေါ်ကြတယ် .. လူမပေးဘဲ ပတ်လိမ်နေလို့။

တစ်ခါတော့ ကျောင်းကဆရာတွေအသင်းနဲ့ ကျွန်တော်တို့ လျှပ်စစ်စွမ်းအားနဲ့ ဘောလုံးပွဲကြီးတစ်ပွဲချိန်းကန်ကြပါ တယ်။ ဖြစ်ချင်တော့ ကန်တဲ့နေ့မှာ ကျွန်တော်တို့အသင်းက လူဆယ့်တစ်ယောက်အတိပဲလာတယ်။ W ကန်တုန်း က ကျွန်တော်က အလယ်မှာနေပြီးကန်တာကိုး။ ပွဲကြီးကန်မယ်ဆိုတော့လည်း ကျွန်တော်က အလယ်တန်းညာ အစွန်မှာနေချင်တယ်။ ဒါပေမယ့် ကျွန်တော့် Kick နဲ့ ထောင့်ဖြတ်ဘောတင်ရင် ယင်ကောင်လောက်တောင် မပြေး တော့ နေလို့မရဘူး။ နောက်တန်းကျတော့လည်း ကျွန်တော့်ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ မဖြစ်ပြန်။ အဟဲ … အဲဒါ နဲ့ပဲ နောက်ဆုံးနေရာရွေးလာလိုက်တာ ရှေ့တန်းကန်ရပါလေရော။ အထောင်တိုက်စစ်မှူးပေါ့။

အထောင်တိုက်စစ်မှူးဆိုတော့ သိတဲ့အတိုင်းပဲလေ… ဘောလုံးကို အောက်ဆင်းယူရတာမှမဟုတ်တာ။ အလယ် တန်းက ပို့သမျှကို ဒိုင်ခံအဆုံးသတ်ပေးရတာမဟုတ်လား။ တစ်လုံးမှကျွန်တော့်ခြေထောက်ထဲမရောက်ဘူး။ တစ် ချီကျတော့ အလယ်တန်းကဘောလုံးဖြတ်ပို့လိုက်တာ ကျွန်တော့်ခြေထောက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက် လာပါလေရော။ ကျွန်တော်က ဂိုးတိုင်ရှေ့တည့်တည့်မှာ … ဂိုးသမားက ကျွန်တော့် ခြေသုံးလှမ်းလောက်အကွာ .. အားရပါးရကန်ထည့်လိုက်တာ ဂိုးတိုင်အပေါ်ကို သုံးပြန်လောက်ကျော်ထွက်သွားရော။ အဲ့ဒီအချိန်ကတည်းက ကျွန်တော့်ပါရမီထူးပုံကို ရိပ်မိပုံရတဲ့သူငယ်ချင်းတွေကပြောပါတယ်။ `ဆယ်ယောက်တည်းပဲ ဆက်ကန်ပါရစေ´ တဲ့။ အဲ့လောက်အထိကို တော်ခဲ့တာပါ။

နောက်ထပ်ဝါသနာပါတာကတော့ အနုပညာပါ။ အနုပညာမှာ ဘာဝါသနာပါလဲဆိုတာတော့ လာမမေးနဲ့။ အားလုံး ဝါသနာပါတယ်။ အားလုံးကို ခုံမင်တယ်။ အဲ … ပြင်းပြင်းထန်ထန်ရူးသွပ်တာကတော့ သီချင်းဆိုတာ၊ ပုံဆွဲတာနဲ့ စာရေးတာပါပဲ။ ကျွန်တော့်သူငယ်ချင်းတော်တော်များများ ကျွန်တော်နဲ့အတူ M3 အတူမသွားရဲဘူး။ ကျွန်တော်က မိုက်ခဲမို့လို့။ ဘာသီချင်းလာလာ ကျွန်တော့်အသံသေးအသံကြောင်လေးနဲ့ ဆိုတယ်။ ဦးသုမောင်ရဲ့ ဘရဏီလည်း ဆိုလိုက်တာပဲ။ ခိုင်ထူးရဲ့ စစ်ကိုင်းလမ်းလည်း မလွတ်ဘူး။ ထူးအိမ်သင်သီချင်းများ ယောင်လို့မှပွင့်မလာနဲ့ .. အကြိုက်ဆုံးပဲ။ အဲလို.. အဲလို ဆိုလွန်းဟစ်လွန်းအားကြီးလို့ ကိုမိုက်ခဲ၊ မောင်မိုက်မလွှတ်၊ တစ်စင်လုံးတစ်ကောင်၊ အဲ့လိုဘွဲ့ထူးတွေ တသီကြီးရှိတာပေါ့ ဟဲဟဲ။

ပုံတွေဆွဲတာကတော့ ဟိုးငယ်ငယ် (စာတွေမရေးခင်) ကတည်းက ဆွဲတာပါ။ ငယ်ငယ်တုန်းကတော့ စာရေးဖို့ဆို တာလည်း သိတတ်သေးတာမဟုတ်ဘူးလေ။ ပန်းချီသင်တန်းတွေ၊ ကာတွန်းသင်တန်းတွေ သိပ်တက်ချင်ခဲ့တာ။ ဒါပေမယ့် မတက်ဖြစ်ခဲ့ပါဘူး။ ကျွန်တော်က ပုံဆွဲတာတော့ ပါရမီလေးပါတယ်ပြောရမယ်။ ပုံဆွဲတော်တယ်ခင်ဗျ။ ငယ်ငယ်တုန်းကတော့ ကာတွန်းစာအုပ်ထဲက ဇာတ်ကောင်လေးတွေပုံကို ကူးကူးဆွဲတာပေါ့။ အဲ့ဒီကတည်းက ကျွန်တော်ဆွဲရင် စာအုပ်ထဲကလိုပဲ တူတယ်ဆိုပြီး သူငယ်ချင်းတွေက လာလာဆွဲခိုင်းကြတယ်။ နည်းနည်းလေး အသက်ရလာတော့ ပုံတူတွေဆွဲတတ်လာတယ်။ ဒါပေမယ့် သင်တန်းနဲ့ဘာနဲ့ စနစ်တကျမတက်ခဲ့ရတဲ့ကောင်ဆို တော့ အရမ်းအတူကြီးတော့မဟုတ်ဘူးပေါ့။ အဖြူအမည်းပုံလာပေးရင် တော်တော်တူအောင်ဆွဲနိုင်ပေမယ့် ကာလာပုံလာပေးရင်တော့ သိပ်ဆွဲလို့မရတော့ဘူး။ ပုံဆွဲတာဝါသနာပါလို့လဲ… ဆယ်တန်းတက်တော့ အမေတို့က ဇီဝဘာသာတွဲယူခိုင်းတယ်။ တကယ်ပဲ အကျိုးပေးပါတယ်။ ဆယ်တန်းအောင်တော့ ဇီဝဗေဒကို (၄၂) မှတ်တိတိ ရတယ်လေ။ စာမေးပွဲခန်းထဲမှာ ပုံချည်းပဲထိုင်ဆွဲနေတာ တစ်နာရီခွဲလောက်ရှိတယ် (စာလည်းရမှမရတာကို) 🙂 ။ အဲ့လောက်အထိ ပုံဆွဲဝါသနာပါခဲ့ပါတယ်။

နောက်ဆုံးတစ်ခုကတော့ စာရေးတာပါပဲ။ စာရေးတော့လည်း ကျွန်တော်ကလောဘအရမ်းကြီးတယ်ခင်ဗျ။ သူများတွေ ကဗျာဆိုကဗျာ၊ ဝတ္ထုဆိုဝတ္ထု ကိုယ်သန်ရာသန်ရာ ရေးကြတဲ့အချိန်မှာ ကျွန်တော်က ကဗျာလည်း ရေးလိုက်ချင်တာပဲ၊ ဝတ္ထုလည်းရေးလိုက်ချင်တာပဲ၊ ဟာသလည်းရေးလိုက်တာပဲ၊ ဆောင်းပါးတွေဘာတွေလည်း ရေးတာပဲ၊ သရော်စာလည်း ချလိုက်တာပဲ ….. ဆိုတော့ မခက်ပေဘူးလား။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ ဗျာ။ ကိုယ်တိုင်က အစုံလုပ်ချင်မိတာကိုး။ အဲဒါက တစ်ခုတော့ကောင်းပါတယ်။ ကဗျာရေးလို့မရရင် ဝတ္ထုရေး၊ ဝတ္ထုရေးမရရင် ဆောင်းပါး စသဖြင့် ပြောင်းပြောင်းရေးနေလို့ရတာကိုး။ အဲ…. မကောင်းတာကတော့ အားလုံးပြုံ ရေးနေချင်ရင်တော့ ဟိုဟာမပြီး၊ ဒီဟာမပြီးနဲ့ ဒုက္ခသိပ်ရောက်တော့တာပါပဲ။

ကဲ … ကျွန်တော့်ရဲ့ ဝါသနာပေါင်းသောင်းခြောက်ထောင်ကို ရေးပြလိုက်ပြီမို့ တဂ်တဲ့သူလည်း စိတ်ချမ်းသာနိုင်ပြီ ထင်ပါတယ်။ အဲ… လာဖတ်ပြီးတော့မှ `တဂ်မိတာမှားပဟ´ လို့တွေးပြီး ကိုလင်းဦး လန့်ချင်လည်းလန့်သွား လောက်ပါတယ် (အရှည်ကြီးတွေ ရေးချလိုက်လို့)။ ဘာပဲဖြစ်ဖြစ် တကူးတက၊ သတိတရ ဒီတဂ်ပိုစ့်လေးရေးခိုင်း တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သူရဿဝါ

ရသစာပေအနုပညာဘလော့ဂ်

One comment

  • kopauk mandalay

    August 3, 2010 at 10:17 am

    ကျနော်အဖွားပြောသလို ပြန်ပြောလိုက်ချင်ပါတယ်
    တော် တိတိ တော်……………………………………………………………………………………..

Leave a Reply