အရူးကြီး ဖိုးငိုရီ
–
–
–
–
–
======================
ကျုပ်တို့ရွာရဲ့ အနောက်တံခါးနားမှာ ဖိုးငိုရီ ဆိုတဲ့ အရူးကြီးတစ်ယောက် နေတယ်ခင်ဗျ။ ဒီလူကြီး က အရူးဆိုပေမယ့် အရူးစာတတ်ကြီးလို့ ပြောရမလားပဲ။ သူ့ကိုများ အရူးကြီးလို့ သွားမပြောလိုက်လေနဲ့။ “နင်တို့လည်း ပုထုဇဉ် အရူးတွေပဲ၊ ငါကမှ အရူးမို့ အရူးလို နေသေးတယ်၊ နင်တို့ကမှ အရူးကို အရူးလို့ မသိကြတဲ့ အရူးတွေ” ဆိုပြီး လက်ညှိုးကြီး ငေါက်ငေါက်ထိုးလို့ ဟားတိုက်ပြီး ရီနေတတ်သေးတယ် ခင်ဗျ။ ဒါကြောင့်မို့ အရူး စာတတ်ကြီးလို့ ပြောတာပါ။
ဖိုးငိုရီ ရဲ့ နာမည်အရင်းက ဖိုးခင်အောင်ပါ။ ကျုပ်တို့ရွာက ကာလသားတွေက ဖိုးငိုရီ ဆိုပြီး နာမည်ပြောင် မှည့်ထားပေးကြတာ။ ဒီလို မှည့်ရတာကလည်း အကြောင်းရှိတယ်။ ဒီအကြောင်းကို ရှင်းပြရရင် သူ့အဖေ ဦးအောင်ကြီး ဇာတ်ကနေ စရမှာပဲ။ လေကြော ရှည်ချင်လွန်းလို့တော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့အဖေ အကြောင်းမပါရင်လည်း ဖိုးငိုရီ နာမည် ဖြစ်လာပုံက ပြည့်စုံမှာ မဟုတ်လို့မို့ အတိတ်ဇာတ်ကို ပြန်ကောက်ရတာပါ။
ဦးအောင်ကြီးနဲ့ ဒေါ်ခင်မိုး နဲ့က လင်မယား။ ဦးအောင်ကြီး ဆိုပြီး ကြီးတစ်လုံး ထည့်ခေါ်ကြပေမယ့် ဗလ ကတော့ သိပ်မရှိလှဘူး။ ခပ်သေးသေးပါပဲ။ ဒေါ်ခင်မိုး ကတော့ ဟဲဗီးကြီး ခင်ဗျ။ ကိုယ်လုံး ကိုယ်ထည်ကို ပြောပါတယ်။ ဥပမာ ပုံနှိုင်းပြရရင် တွက်ပီနဲ့ မသေးမျှင် တို့လိုပေါ့။ တွက်ပီလိုပဲ ဦးအောင်ကြီး ကလည်း သူ့မိန်းမ ဒေါ်ခင်မိုးကြီး ကို ကြောက်လိုက်သမှ ဟင်းးးးနော် ဆိုရင် သေးပေါက်နေတာတောင် ရပ်သွားတတ်သေး .. ဟေဟေ့။
ဒါကြောင့်မို့လည်း သူတို့ သားလေးကို မွေးလာတော့ ဒေါ်ခင်မိုးကြီး က အမည်ပေးတယ်။ ခင်အောင် လို့ မှည့်ရမယ်တဲ့။ သဘောကတော့ ယောက်ျားနိုင်ကြောင်း နောက်လူနောက်သားတွေပါ သိသွားအောင် အောင် ရှေ့မှာ ခင် ထည့်လိုက်တယ် ဆိုတဲ့ သဘောပေါ့ဗျာ။ ဒါကိုပဲ အထက်လမ်း လိုက်နေတဲ့ ကျုပ်ဘကြီးက ဘုမသိ ဘမသိနဲ့ ပြောလိုက်သေးတယ်။
“ခင်မိုးရယ်။ နင့်ဟာကလည်း ခင်အောင်ဆို မကောင်းပါဘူး။ ငါပြောမယ်။ ဘိုးဘိုးအောင် ကို သိတယ် မဟုတ်လား။ အဘ ဘိုးမင်းခေါင်ကိုလည်း နင်သိတယ်ဟုတ်။ ဒီတော့ နင့်တို့သားကို အထက်က ဘိုးဘိုးကြီးတွေ မစအောင်လို့ ဘိုးဘိုးမင်းအောင်ခေါင် ဆိုပြီး မှည့်လိုက်။ နင့်သား မုချ ကြီးပွားလိမ့်မယ်။”
ဒီလိုလည်း ကျုပ်ဘကြီးက လူတတ်ကြီး လုပ်ပြီး ပြောလိုက်ရော ဒေါ်ခင်မိုးကြီး က ကျုပ်ဘကြီး ကို မျက်ထောက်နီကြီးနဲ့ ကြည့်ပြီး အော်ကြီးဟစ်ကျယ် ပြောပါလေရော။
“ဒီမှာ ကိုဘကောင်း၊ ရှင့်သား ထပ်မွေးမှ ဒီနာမည်ကို မှည့်၊ ကျုပ်သားတော့ မမှည့်နိုင်ဘူး။ ကျုပ်သားနာမည်ကို ခင် ကို ခင်ပါမှ မှည့်မှာ။ ခင် ကိုတောင် ရှေ့က ထားပြီး မှည့်မှ မှည့်မှာ၊ အို … ကျုပ်ကိုယ်တိုင်ပဲ နာမည် မှည့်မှာ”
ပြတ်ကရော ….။ ဒီလိုလည်း ဒေါ်ခင်မိုးကြီးက ပြောလိုက်ရော ကျုပ်ဘကြီး နှုတ်ခမ်းက ရွစိရွစိ နဲ့ ဖြစ်နေသေးတယ်။ ဒါပေမယ့် အသံတော့ ထပ်ထွက်မလာတော့ပါဘူး။ ဒေါ်ခင်မိုးကြီး ပါးစပ်ပေါက်ကို သူလည်း ကြောက်သားဗျ။
ကဲ … ကဲ .. ကလေး မွေးပြီးပြီဆိုတော့ ဒီဇာတ်ကို ခဏရပ်ဗျာ။ ဦးအောင်ကြီး အလုပ် အကြောင်းကို ဆက်ပြောဦးမယ်။ ဒီလူကြီး က တောအငြိမ့်ဆိုင်းဝိုင်းမှာ အလုပ်လုပ်တာ။ ဗုံတီးတဲ့ လူကြီးပေါ့ဗျာ။ သူ့ဆိုင်းဝိုင်း နာမည်က ဘာတဲ့။ ခင် .. ခင် .. ဟုတ်တယ်။ ခင်မိုးအောင်စိန် … တဲ့ခင်ဗျ။ ခင်ဦးစီးတဲ့ ဆိုင်းဝိုင်းပေါ့ဗျာ။ တစ်ခါတစ်ခါ အလှူရှိလို့ ဆိုင်းဝိုင်းအငြိမ့်တိုက်ကြရင် ဦးအောင်ကြီး က မင်းသမီးနား လာပြီး မယောင်မလည်နဲ့ လာပြီးနှာပူးနေတတ်တယ်။ သူ့မိန်းမ ဒေါ်ခင်မိုးကြီး ရဲ့ အလစ်ကို ချောင်းပြီး နှာပူးရတာပေါ့ဗျာ။ ဟိုက မြင်သွားရင် သူ့ဟာလည်း အပြတ်ပဲ။ လည်ပင်း ကို ပြောပါတယ် .. ဟဲဟဲဟဲ။
ဒီလိုနဲ့ ဖိုးခင်အောင် တစ်ယောက် အရွယ်လေး ရောက်လာတော့ သူ့အဖေ ဆိုင်းသမား ဦးအောင်ကြီး က ဗုံတစ်လုံး လက်ဆောင် ပေးတယ်။ ပြီးတော့ ပြောသေးတယ်။
“ဒီမှာ ငါ့သား၊ မိန်းမ ဆိုတာ မင်းလက်ထဲက ဗုံလိုပဲကွ”
“ဒါဆို တီးရင် မြည်မှာပေါ့နော် မာမာဒယ်ဒီ”
“ဒါပေါ့ ငါ့သားရဲ့၊ တီးရင် မြည်သကွ။ မြည်တာမှ နောက်ပိုင်း မတီးဘဲနဲ့တောင် မြည်နေတတ်တာ”
“ဒါဆိုရင် အင်းဂလိပ်စကားအရ အော်တော် မြည်နေတာပေါ့၊ ဟုတ်လား မာမာဒယ်ဒီ”
“ငါတော့ အင်းဂလိပ်စကား မတတ်လို့ မသိပါဘူးကွာ။ ငါ့သား ပြောသလို ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ငါ့သားက ပညာတတ်ကြီးကိုးကွ၊ ဟာဟ”
ဦးအောင်ကြီး က သူ့သား ပညာတတ်ကြီး ကို သဘောကျစွာ ကြည့်ပြီး ရီလိုက်ပါရော။ ပြီးတော့ သူ့သားကို ထပ်ပြောသေးတယ်။
“ငါ့သားကို ထပ်ပြောဦးမယ်ကွ၊ မင်းအမေလို မိန်းမ ဆိုတာမျိုးက မတီးဘဲနဲ့ မြည်တဲ့ ဗုံလိုပဲကွ။ မြည်တာတောင် ရိုးရိုးမြည်တာ မဟုတ်ဘူး။ ပတ်စာ မထည့်ဘဲနဲ့ တီးတဲ့ အသံမျိုးကွ။ ဒီတော့ ငါ့သား …။ အဖေလို မဖြစ်ရလေအောင် မင်းကို သတိပေးတဲ့ အနေနဲ့ အခု ဒီဗုံလေးကို ငါ့သားအတွက် ပေးထားတာပဲ။ ဒီဗုံက ပတ်စာလေးကို ငါ့သား ခွာလိုက်ပေတော့။ ပြီးတော့ ငါ့သား အနေနဲ့ မိန်းမတစ်ယောက်ကို ကြိုက်တော့မယ် ဆိုရင် ဒီဗုံလေး တီးတီးပြီး မင်းအဖေ ငါ့အဖြစ်ကို မြင်ယောင်လို့ ကိုယ့်ကိုယ်ကို သံဝေဂ ယူပေတော့ ငါ့သား”
ဒီလို ဦးအောင်ကြီး က ဆုံးမဩဝါဒ ပေးလိုက်ရော ဖိုးခင်အောင် က ပြန်ပြီး အတွန့်တက်တယ်။
“ဟာ … မာမာဒယ်ဒီ ကလည်းဗျာ။ မာမာဒယ်ဒီ ပြောပုံအရဆိုရင် ကျုပ် မိန်းမ မယူရတော့ဘူးပေါ့ဗျ။ ဒီလိုတော့ ဘယ်ဖြစ်လိမ့်မတုန်း။ မြနှစ် လေးတော့ သနားစရာ”
“ဘာ ………။ မြနှစ် … ဟုတ်သလား ငါ့သား”
“အဟီး … ဟုတ်တယ်လေ မာမာဒယ်ဒီ”
“မလုပ်နဲ့ ငါ့သား။ မလုပ်နဲ့ .. မလုပ်နဲ့။ မြနှစ် ဆိုတာက မင်းအမေ ဘော်ဒါကြီး ချောစုရဲ့ သမီးကွ။ မြနှစ်ရဲ့ ဆိုက်ပေါက် ဂိုက်ပေါက် ကလည်း သူ့အမေ ချောစုပုံစံပဲ လာမှာကွ။ ငါ့သား ငါ့လို မဖြစ်ချင်စမ်းပါနဲ့ ငါ့သားရာ”
“မာမာဒယ်ဒီ ကလည်းဗျာ။ ကျုပ် မြနှစ်ကို ရီးဇား စကားတောင် မပြောရသေးဘူးဗျ။ ဒီလို ခွဲလား ဆွဲလား စကားတွေ မပြောပါနဲ့ဗျာ။ မာမာဒယ်ဒီ ထပ်ပြောရင်တော့ အခု ပြောတဲ့ စကားတွေကို မာမာခင် မြို့က ပြန်လာရင် ပြန်ပြောလိုက်မှာနော်”
“အမလေး … အမလေး …။ မပြောနဲ့ ဆိုလည်း မပြောတော့ပါဘူး ငါ့သားရယ်။ မင်းရဲ့ မာမာခင် ကိုတော့ အခု အဖေ ပြောနေတာတွေ ပြန်မပြောလိုက်ပါနဲ့နော်။ ငါ့သားကို အဖေ က ကောင်းစေချင်လွန်းလို့ ပြောတာနော်။ ငါ့သား အခု အဖေ ပြောတာတွေ ပြန်မပြောနဲ့နော်။ ရော့ .. ရော့ .. ငါ့သား ထန်းရည်ဖိုး”
ဖိုးခင်အောင် တို့ ပညာတတ်ကြီးများ ကိုင်လိုက်သမှ တကယ့်ချက်ပဲ။ သူ့အဖေ တုန်တုန်ယင်ယင် နဲ့ ပေးလိုက်တဲ့ ထန်းရည်ဖိုးကို စွတ်ခနဲ ယူပြီး ရွာ့အနောက်ပိုင်း ထန်းတောတဲ ကို တစ်ချိုးထဲ လစ်ပါလေရော။
စိတ်မကောင်းစရာက အဲ့ဒီညမှာပဲ ဦးအောင်ကြီး တစ်ယောက် ပိုးထိလို့ ဆုံးပါလေရော။ ဖိုးခင်အောင် လည်း သူ့အဖေကို ဖက်ဖက်ပြီး ငိုကြီးချက်မနဲ့ ငိုပါလေရော။
“အောင်မလေး မာမာဒယ်ဒီရဲ့။ မာမာဒယ်ဒီ ကို ကိုက်သွားတဲ့ အကောင်ကို သားသား ကိုယ်တိုင်ရှာပြီး သတ်မယ်။ မာမာဒယ်ဒီ ပြောထားတဲ့ စကားကိုလည်း သားသား မှတ်ထားပါ့မယ်။ ဟီးဟီးဟီး”
ဒီလိုလည်း ငိုရော ဒေါ်ခင်မိုးကြီး က သူ့သားတော်မောင် ကို တွေတွေကြီး ကြည့်ပြီး မေးတယ်။
“လူလေးမယ်စန်းခင်အောင်၊ မင်း မာမာဒယ်ဒီ က ဘာတွေ ပြောသွားလို့တုန်းကွယ့်”
ဒီလို သူ့အမေကြီး ကလည်း မေးရော ဖိုးခင်အောင် လည်း ဘာဖြေရမှန်း မသိတာနဲ့ သူ့အဖေ အလောင်းကြီး ဖက်ပြီး ထပ်ငိုပါလေရော။
“အောင်မလေး မာမာဒယ်ဒီရဲ့၊ မာမာခင် က မေးနေတယ် ခင်ဗျ။ သားသား ဖြေလိုက်ရတော့မလားဗျ။ ဟီးဟီးဟီး”
“လူလေးမယ်စန်းခင်အောင်၊ မင်း မာမာဒယ်ဒီ က ငြိမ်နေတယ် တွေ့လား၊ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့၊ ဒီတော့ မင်း မာမာဒယ်ဒီက ပြောလိုက်ပါလို့ ပြောတာနဲ့ အတူတူပဲ။ ပြောစမ်း မာမာခင် ကို”
ယလဲ့။ ဒေါ်ခင်မိုးကြီး ကလည်း ခေသူတော့ မဟုတ်ဘူးနော့။ ဒီလိုလည်း မေးရော။ ဖိုးခင်အောင် လည်း သူ့အဖေကြီးကို တစ်ချက်ကြည့်လိုက်ပြီး “ဖြေပြီနော်” ဆိုပြီး ဖြစ်သမျှ အကြောင်းစုံကို ပြောပြလိုက်ပါလေရော။ ဒီအခါ ဒေါ်ခင်မိုးကြီး လည်း မျက်ထောင့်နီကြီးနဲ့ သူ့ယောက်ျား ဦးအောင်ကြီး ရုပ်အလောင်း ကို ကြည့်လိုက်ကာ “ဪ … ဒင်းက ငါမရှိတုန်း ငါနဲ့နှိုင်းပြီး ဆုံးမဩဝါဒတွေတောင် ပေးလိုက်သေးတယ်ပေါ့လေ။ တွေ့မယ်၊ တွေ့မယ်၊ ဒင်းတော့ တွေ့မယ်” ဆိုပြီး အဲ့ဒီနေ့ ညတွင်းချင်းပဲ ဦးအောင်ကြီး ကို သွားပြီး မြှုပ်လိုက်ပါလေရော။
ဒီလိုနဲ့ပေါ့ဗျာ။ ဒေါ်ခင်မိုးကြီး က သူ့စကားအောင်ကြောင်း သက်သေပြတဲ့ အနေနဲ့ ဖိုးခင်အောင် ကို ဒေါ်ချောစုကြီး သမီး မြနှစ်နဲ့ အိမ်ထောင် ချပေးလိုက်ပါလေရော။ ဖိုးခင်အောင်လည်း သူ့အမေကို ကြောက်ရလေတော့ ဗုံကလေးကို ကုတင်အောက် ထိုးထည့်လို့ မြနှစ်ကို ယူလိုက်ရတော့တာပေါ့။ မကြာပါဘူး။ ဒေါ်ခင်မိုးကြီး လည်း ဆုံးသွားတယ်။ ဒေါ်ခင်မိုးကြီး လည်း ဆုံးရော ဒေါ်ချောစုကြီးတို့ သားအမိ ကလည်း ကိုယ့်အိမ် ကိုယ့်ယာလို သဘောထားပြီး ရှိသမျှ မ,ကြပါလေရော။ နောက်ဆုံး မ,စရာ မကျန်တော့မှ မြနှစ်က ဖိုးခင်အောင် ကို ပြောတယ်။
“ဒီမှာ ခင်အောင်၊ ငါ နင်နဲ့ ဆက်မပေါင်းနိုင်တော့ဘူး။ ငါ့အမေနဲ့ မြို့ကို ပြောင်းတော့မယ်။ ဟိုမှာ ငါ့ကို ယူမယ်လို့ ပြောထားတဲ့ ကိုကိုမြို့သားလည်း ရှိတယ်။ နင် ရွာထဲမှာ ရှုပ်ထားတဲ့ ဇာတ်လမ်းတွေ ကလည်း အများကြီးပဲ။ ဒီအကြောင်းတွေ ကြားကတည်းက နင်နဲ့ မပေါင်းတော့ဖို့ ဆုံးဖြတ်ထားပြီးသား။ ယီးတီးယားတား လာလုပ်မယ်တော့ မစဉ်းစားနဲ့၊ မြနှစ်တဲ့ တစ်နှစ်ထဲရှိတယ်။ ပါးကျိုးသွားမယ်။ ဘာမှပြန်ပြောဖို့ မစဉ်းစားနဲ့။ ပါးကျိုးသွားမယ်”
ဆိုပြီး အိမ်ပေါ်က ဆင်းချသွားပါလေရော။ ဖိုးခင်အောင် တစ်ယောက်လည်း ပါးစပ် အဟောင်းသားနဲ့ ကျန်ခဲ့ပါလေရော။ ဒီအခါမှ ကုတင်အောက် ဝှက်ထားတဲ့ သူ့အဖေကြီးရဲ့ လက်ဆောင် ဗုံကလေးကို ထုတ်ပြီး တီးလိုက်ပါလေရော။ ဗုံတီးရင်းနဲ့ပဲ သူ့မျက်ရည်တွေကလည်း တောက်တောက် ကျလို့ပေါ့။
“အဖေရေ .. အဖေ (မာမာဒယ်ဒီ မဟုတ်တော့ဘူး၊ လေသံ ပြောင်သွားပြီ) …။ အဖေ ပြောခဲ့တာ မှန်သဗျ။ ကျုပ်နဲ့ မြနှစ် ပေါင်းခဲ့လေသမျှ ကျုပ်မတော့ ခံဘက်ကြီးက ပါပဲလား ခင်ဗျ။ အခုလည်း တစ်ချက်လွှတ် ရာဇသံနဲ့ မ,စရာ မကျန်တော့မှ ပြောလာတယ်။ ကျုပ်ကိုလေ .. ကျုပ်ကို မြနှစ်က မပေါင်းနိုင်တော့ဘူးတဲ့။ မြို့သားကိုကိုနဲ့ ယူတော့မတဲ့။ ကျုပ် ဝမ်းသာရမှာလား၊ အသည်းကွဲရမှာလားဗျာ … ဟားးဟားးးဟားးးး ဟီးးးဟီးးးဟီးးး”
ဒီလိုနဲ့ အချိန်တွေ ဘယ်လို ကုန်သွားတယ် မသိဘူး။ ဖိုးခင်အောင် တစ်ယောက်ကတော့ဖြင့် သူ့ဗုံလေးကို တီးလိုက်၊ ငိုလိုက်၊ ရီလိုက်နဲ့ အရူးဖြစ်သွားမှန်း မသိ၊ အရူး ဖြစ်သွားပါတော့တယ်။ ဒီလူကြီး အိမ်က ရွာအနောက်တံခါးနားမှာ။ ညနေချိန် ရွာက အပျိုလေးတွေ ရေခပ်ဆင်းပြီဆို ဒီလူကြီးက အရည်ရွှမ်းလဲ့နေတဲ့ မျက်လုံးကြီးတွေနဲ့ ကြည့်ပြီး ငါ့အချစ်လေးတွေ၊ ငါ့အချစ်လေးတွေလို့ ပြောနေတတ်ပြန်ရော။ အရူးကြီး ဆိုတော့လည်း ရွာသူတွေလည်း နှုတ်ခမ်းတစ်ချက်ရွှဲ့ရုံမှတစ်ပါး ဘာမှတော့ ပြန်မပြောကြပါဘူး။
ဒီလူကြီး အတွက် ထမင်း လာပို့ပေးနေသူက သူ့တူမ သုံးဝမ်းကွဲ ခင်သီတာ ဆိုတဲ့ ကလေးမလေး။ ဒီကလေးမလေး ကလည်း တော်ရှာပါပေတယ်။ ထမင်းတောင် လာပို့ရုံတင် မဟုတ်ဘူး။ ခွံပါကျွေးပေးသေးတာ။ စေတနာတွေ ရေစီးကမ်းပြိုတာတော့ မဟုတ်ပါဘူး။ အရူးကြီးပါလေ ဆိုတဲ့ သနားစိတ်နဲ့ ခွံကျွေးပေးတာပါ။ ဒါကိုပဲ ဒီလူကြီးက အချစ်လေး ခွံကျွေးမှ ထမင်းစားမှာ ဆိုပြီး သူ့ရုပ်ကြီးနဲက ချွဲနွဲ့လို့ နေလိုက်သေးတယ်။
ကျန်တဲ့ အချိန်တွေမှာတော့ဖြင့် ဗုံကလေးကို တီးရင်းနဲ့ ငိုလိုက်၊ ရီလိုက်ပေါ့။ ဗုံကလည်း ပတ်စာ မထည့်ထားလေတော့ကာ တီးလိုက်တီး အသံသာ မထွက်။ သာယာနာပျော်ဖွယ် မရှိ။ ဒါတွေကို သူမသိ။ သူ သိတာ ဗုံတီးပြီး ငိုဖို့၊ ရီဖို့။ ဒါကြောင့်မို့လည်း ဖိုးငိုရီ ဆိုပြီး အမည်တွင်လာခဲ့သည်ပေါ့ ခင်ဗျာ။ ကဲ … ကျုပ် လေကြောရှည်တာ မဟုတ်ပါဘူးဆို။ ဒီလို ပြောမှ သူ့နာမည် ဖိုးငိုရီ ဖြစ်လာပုံကို အကွက်ကျကျ သိနိုင်မှာမို့ ပြောလိုက်ရတာ။ ဟူး … မောလိုက်တာ။
စကားစပ်တုန်း ထပ်ပြောလိုက်ပါဦးမယ်။ ကျုပ်တို့ ကာလသားထဲမှာ သူ့ဗုံလေးကို မျက်စောင်းထိုးနေတဲ့ တစ်ယောက်ကလည်း ရှိသေးတယ်။ ဒီကောင်က ဘာတွေကြည့်ပြီး သဘောကျသလဲ မသိဘူး။ ဖိုးငိုရီ အလစ်မှာ အဲဒီဗုံကို သမဖို့ စဉ်းစားနေတာ။ တစ်ခါကလည်း ဒီကောင်က ဗုံကို သွားပြီး ခိုးနေတုန်း ဖိုးငိုရီ နဲ့ ပက်ပင်းတိုးပါလေရော။ အဲ့ဒီမှာ ပွဲကြီးပွဲကောင်းပေါ့။ ဖိုးငိုရီ က အရူးစာတတ်ကြီး ဆိုတော့ စကားလုံးတွေနဲ့ လွှတ်တော့တာပေါ့။ ဟိုအကောင် ကလည်း မခေဘူးဆရာ။ ရွာထဲက ရီးဇားစာ ရေးပေးပြီး ထန်းရည်သောက်နေတဲ့ ကောင်ဆိုတော့ ရေလည် ပြန်ခွပ်တာပေါ့။
ကိုယ်ထိလက်ရောက်တော့ ဘယ်သူမှ မလုပ်ကြဘူး။ ဒါပေမယ့် စကားလုံးတွေကတော့ စစ်မြေပြင်က ယမ်းငွေ့တွေ အတိုင်းပဲ။ တစ်ရွာလုံးကို လွှမ်းသွားတာပဲ။ ကြည့်ဖူးတဲ့ ဇာတ်ကားတွေထဲက ခပ်မိုက်မိုက် စကားလုံး တစ်ခုကို နမူနာ ကောက်ပြရရင် “ဟားဟားဟား၊ ငါ့ လက်ညှိုးလေးတစ်ချောင်း ကွေးလိုက်ရင် မင်း ဘာဖြစ်သွားမလဲ သိတယ်မဟုတ်လား” ဆိုလားဘာလား အဲ့ဒီလိုပေါ့ဗျာ။ စကား စစ်ခင်းပွဲက ရေလည် လန်းတာ။
ဒီလိုနဲ့ပေါ့ဗျာ။ ကျုပ်တို့ရွာရဲ့ အနောက်တံခါးနားမှာ ဖိုးငိုရီ ဆိုတဲ့ အရူးကြီး ကတော့ဖြင့် ရေခပ်ဆင်း ပျိုဖြူလေးတွေကို ငေးလိုက်၊ ဗုံလေး တီးလိုက်၊ ငိုလိုက်၊ ရီလိုက် နဲ့ပဲ ရှိနေခဲ့တော့တာပေါ့။ တစ်ခါတစ်ခါမှာတော့ မိုးကောင်းကင်ကြီး ကို မော့ကြည့်ရင်းနဲ့ပေါ့။ “ဪ … ဒီတစ်မိုးအောက်မှာ ဟောဒီ ခင်အောင်ရဲ့ နှလုံးသား ခိုနားရာဟာ ဘယ်မှာပါလိမ့်” ဆိုပြီး ရေရွက်နေတတ်ခဲ့ပြန်ပေါ့။ သူ့တူမ သုံးဝမ်းကွဲလေး လာကျွေးတဲ့ ထမင်းကိုလည်း အရည်ရွှမ်းလဲ့တဲ့ မျက်ဝန်းကြည့်တွေနဲ့ စားမြဲ စားဆဲပေါ့။ တကယ်တော့လည်း အရူးကြီး ဖိုးငိုရီ ဟာ ဟောဒီတစ်မိုးအောက်မှာ သနားစရာ သတ္တဝါတစ်ခုပါပဲပေါ့။ ကျုပ်တို့လည်း ဘာထူးသလဲ။ ရွာဦးကျောင်း ဆရာတော်ရဲ့ တရားအရ သံသရာ ထဲက ရုန်းထွက်လို့ မရနိုင်သေးတဲ့ သနားစရာ သတ္တဝါတွေပါပဲပေါ့။
ဪ … ဒုတ်စွ .. ဒုတ်စွ
မိန်းမတော့ ယူဦးမဗျ …. ဂွိဂွိဂွဂွ
======================
ရေးသားသူ –
ပရော်ဖက်ဆာ ငါးထပ်ကွမ်း +1
ဒေါက်တာ ခြောက်ထပ်ကွမ်း ရရှိထားတဲ့
ထာဝရ ကမ္ဘာ့အတော်ဆုံး ဖီလိုဆိုဖာကြီး အံချာဒုံး
======================
15 comments
ဗုံဗုံ
December 18, 2013 at 7:43 am
အဟွတ်…အဟွတ်..
ဒီနေ့ ဒီပိုစ့်မှ တက်မလာရင် ငါအဖြေပေးမလို့
လွဲကြပြီပေါ့ ဖိုးငိုရီရယ်
2013 မှာမိဗုံတို့စန်းပွင့်ချက်ကတော့ ကွာ……..
ကြက်ဖတစ်ကောင်လောက်ဝယ်ပြီး ယတြာချေအူးမှ
surmi
December 18, 2013 at 8:28 am
ဗုံ သံကြားရင်ဝေးဝေးရှောင်..
အဲဒီလိုဆိုချင်တာလား ? 🙂
ဒါမှမဟုတ်..
ဗုံမတီးလို့ ရူးရတယ်လို့ဆိုချင်တာလား?
ကြည့်ရတာတော့
ဗုံ ကဇတ်လိုက်ထင်တယ်
Wow
December 18, 2013 at 9:38 am
ဗုံကို လုတီးကြတဲ့ ဇတ်ပေါ့လေ…
ဗုံဗုံ
December 18, 2013 at 10:28 am
ယှဉ်ပြိုင်ပါ….ရိုးသားစွာယှဉ်ပြိုင်ပါ..အားလုံးက အတူတူပါ…
ကြိုးစားခြေလှမ်းတိုင်းမှာ……အဟွတ် ဆီးဂိမ်းသီချင်းဆိုတာ…
KZ
December 18, 2013 at 9:48 am
ကိုဘလက်ချော ကောက်ချက်အရဆိုရင် သူ့ ကို သူ့ အမျိုးသမီးလေးက အနိုင်ယူနေပါတယ်လို့ တစ်ဖက်လှည့်ပြောတာမြန်းလားးး 🙄
:mrgreenn:
ကြောင်ဝတုတ်
December 18, 2013 at 10:11 am
အမေပြောတော့ ဂျပန်တွေကမကောင်းဘူးဆို…
သမီးတော့ ထမင်းစားပြီးတစ်ခေါက်သွားဦးမှာဆိုသလိုဖြစ်နေပြီ…
ပရော်ဖက်ဆာကြီးရယ်…
ခင်မင်လျက်-
ဖက်ဖက်ကက်
လုံမလေးမွန်မွန်
December 18, 2013 at 10:16 am
ဟီး… အရူးကြီးအဖြစ်နှယ် သနားစရာ… ခွိခွိ..
(ကွန်မန့်တိုတိုလေး ရေးတာမဟုတ်ဘူးနော်… တကယ်ကို ရယ်ရလွန်းလို့..ဘာမှ ဆက်မရေးနိုင်တော့တာ..)
sorrow weaver
December 18, 2013 at 12:52 pm
အရှုံးကို ပြုံးပြုံးနဲ့ လက်မခံဘဲ ရှုံးမဲ မဲတာကမှ ထပ်ရှုံးတာ…အဲ့တာလေးပြောချင်တာ..အာဟိ..ခွက်ဒစ်တူ မွန်ကလေး
ဦးကြောင်ကြီး
December 18, 2013 at 10:54 am
အရူးကြီး ဘူးသီး မူးပြီး ခူးတီး..
Mr. MarGa
December 18, 2013 at 1:41 pm
ဪ…..ဘဝ သံသရာ…..
ရှည်လျားး ထွေပြားးး မနေမနားး တသွားတည်း သွားကြတာ……
ဘဝ သံသရာ….. ဒန်တန့်တန့်
.
ဟေ့..အောင်ပါစေ…
သပြေနု ခက်ဝေ
ငွေ ခရု နဲ့လေ
ရွှေရေချမ်း လောင်းလို့
တောင်းဆု ပန်ချွေ…
ကဘာမြေ အမှီပြုတဲ့
လူထုအားလုံး ကျန်းမာ ချမ်းသာစေ……
ဇမ္ဗူတဝှမ်းမှာ လှူတန်းမယ့်သူတွေ အောင်ပါစေ…
မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ အောင်ပါစေ……..
_________________
ရွာတံခါးဘက်က ဖြတ်သွားရင်းနဲ့ သီချင်းဆိုနေတာ ကြားခဲ့တယ်ဗျို့
kyeemite
December 18, 2013 at 3:46 pm
ဒါကြောင့် ဟိုတခါအံစာနဲ့တွေ့တော့ ငိုရီ ငိုရီ ဖြစ်နေတာကိုး…အင်းလေ..သူ့မှာဗုံမှမရှိတာ
“လုံ” ပဲရှိတာကိုး…သေချာပြန်စဉ်းစားတော့ “ကိုယ့်ကိုကိုယ်ဖေါ် မသူတော်” လုပ်ထားတာပဲ..ဗြဲ
😀
•*¨နန်းတော်ရာသူ •*¨
December 18, 2013 at 6:59 pm
တစ်ခါတစ်ခါ အလှူရှိလို့ ဆိုင်းဝိုင်းအငြိမ့်တိုက်ကြရင် ဦးအောင်ကြီး က မင်းသမီးနား လာပြီး မယောင်မလည်နဲ့ လာပြီး”နှာပူး”နေတတ်တယ်။
နှာဘူး ဆိုတာပဲနာကြားဖူးတယ်မောင်အံ…နှာပူးတယ်ဆိုတာက 🙄
alinsett
December 18, 2013 at 7:16 pm
ဆိုတာ.. ဘူလဲဟင်…
😆
ကျော်စွာခေါင်
December 18, 2013 at 11:42 pm
ဆရာအံ
အရမ်းမြင့်နေတယ် ဆရာအံရယ်…
ကျော် ..နားမလည်ဘူး..ဥပမာပေးရရင်..
ဂျပန်နဲ ့ဟီးဘရူးဘာသာပေါင်းရေးထားတဲ့ အီဂျစ် အဂ္ဂိရတ်ကျမ်းကို ဖတ်နေရသလိုဘဲ…
မြင့်တယ် ဆရာအံ..သိပ်မြင့်တယ်..
ကျော်တော့…ဗုံ တစ်လုံးဘဲ သိတယ်..
ဗုံတောင်..ပတ်စာခွာထားတဲ့ပုံဆိုတော့… ကီးကြောင်ဗုံပေါ့..။
TNA
December 23, 2013 at 6:32 pm
အင်း ဗုံကိုတကယ်ပြောချင်တာလား လုံကိုပဲ အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး