ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။
သို့သော် . . . . .”ဟာ … မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ” ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ”စသည် … စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။
ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။
ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည် လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။
သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် … စသည် … စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။
ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင ်တပ်မက်မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာရတော့သည်။
မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ – ကြက်၊ ဝက်၊ ပုရစ်…) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။
ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာ သည့်အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်းစုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေ မသာ လည်းသွင်း၊ ပုရစ ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။
‘လူမသာတော့ မသွင်းဘူးတဲ့’ လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။
ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချႋုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည် အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ”ကူးတို့ခ” ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ”ဘူး” များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။
ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အကျႌ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်… ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရအောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။
အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။
ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို ‘ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်’ ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ .. အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။
ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင်ကတည်းက မြန်မာလူမျိုးများတွင် ‘နာရေး ကူညီမှုအသင်း’ ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။
ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်… ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာလူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ – အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှင်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီလုပ်ငန်းမှ ဤသို့ မမြတ်နိုင်။
သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိ ဝမ်း တစ်ဝမ်း မိမ ိရှာဖေ ွစားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေး ကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲ မှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများ ပင် ဖြစ်တော့သည်။
ထို့ကြောင့် ‘လူ့ဘုုံ ထုထုုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွွဲဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့ှသိုု့ဆက်လော’့ ဟူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အမရပူရ)၏ ဩဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက်သားသမီးတို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။
(ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။)
အားလုံးကို လေးစားဦးညွတ်လျက်
ကျော်သူ ( Actor )
4 comments
kopauk mandalay
August 7, 2010 at 12:25 pm
ဆရာကျော်ရေ
ကျနော်တို့မြန်မာတွေမှာ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားထဲကို
ဓလေ့ထုံးစံလို့အမည်တပ်ထားတဲ့ မဆိုင်သော အတွေးတွေ
အယူအဆတွေပေါင်းထည့်လို့ဇာတ်ပျက်နေတာ ကြာပါပြီ။
Juemyit
August 7, 2010 at 5:01 pm
အမှန်ကတော့…ယုံကြည်မှုတွေလွဲမှားနေတာပါပဲ…
kai
August 7, 2010 at 8:39 pm
ကျုပ်ထင်တာကတော့..ရှေးက လူဗေဒအကြောင်း။ ကူးစက်ရောဂါတွေအကြောင်း ကောင်းကောင်းနားမလည်သေးတော့ ကူးစက်ရောဂါနဲ့လူသေရင် အလောင်းကနေ ရောဂါကူးတတ်တာမို ့ အလောင်းကိုကြောက်ကြတာက စတယ်ထင်ပါတယ်။
ဒါမှမဟုတ်.. ရွာထဲအလောင်းဖြတ်တိုင်း အဲဒီကကာလဝမ်းရောဂါပိုးတွေ၊ ပုလိပ်ရောဂါပိုးတွေ ခြင်ယင်၊လေ ကတဆင့်ကူးကုန်တော့ ဘာမှန်မသိ..ကြောက်တာနဲ့..မဖြတ်ရ၊
မသယ်ရတွေဖြစ်ကုန်တယ်ထင်ပါတယ်။
အဲဒီလိုနဲ့ အချိန်တွေကြာ၊ မျိုးဆက်တွေပြောင်းသွားတော့ ဓလေ့၊ထုံးစံ၊ရိုးရာတွေဖြစ်ပြီး အခုလိုဖြစ်ကြတယ်ထင်မိပါတယ်။
အသိညဏ်ဖွံ ့ဖြိုးကြတဲ့ သူတွေများတဲ့…ဒီလိုခေတ်ကြီးမှာ …တီဗီတွေ၊ ရေဒီယိုတွေက ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရမယ့်ကိစ္စတွေပါ။
သာသနာပိုင်ဆရာတော်ကြီးတွေက တွန်းတွန်းတိုက်တိုက် ပြောဟောဖျက်ပစ်ရမည့် ကိစ္စတွေလို့ ထင်မိပါတယ်။
မီဒီယာမှာလည်း တာဝန်တွေရှိတယ်ပေါ့နော..။
ဒီလိုပညာပေးစာတွေရေးယုံတင်မဟုတ်ပဲ..ကိုယ်တိုင်လက်တွေ့ကျကျလုပ်ပြနေတဲ့ ကိုကျော်သူကိုတော့ .. လေးစားပါတယ်ဗျာ။
bigcat
August 7, 2010 at 10:02 pm
The essence of Buddhism is self-reliance at wisdom. Our traditional culture is influenced by Buddhism which gives Buddhist monks a leading role in setting customs and norms. Buddha left the art of living by minimizing the extra things leading to superstitious culture in our society. Our religious text and practice should be updated by means of the Vispassana which should be simple, concise and empirical rather than continuing the conventional teaching. The change should begin with the sons of Buddha.