ဖေဖေါ်ဝါရီ ၁၃ – ခရမ်းပြာထက်လူ
မမေ့နဲ့ သွေးမခြောက်သေးဘူး…
ဖေဖေါ်ဝါရီ ၁၃ ရက်နဲ့စပြီး ဇူလိုင် ၁၉ မှာ…
ကျည်ဆံ ၁၃ ထောင့်နဲ့ဆုံးခဲ့တဲ့ ၃၂ နှစ်သားကို မမေ့နဲ့။
ငါတို့ကို ဆေးခြောက်ရှူခိုင်းထားတယ် ငါတို့ကို ဘိန်းကြွေးထားတယ်။ မမေ့နဲ့…
မမေ့နဲ့။ ဂျဝါလာဟာနေရူးက ပြောတယ် ၊ ဒီလိုလူမျိုး…
နှစ် ၄၀၀,၅၀ဝ လောက်မှ တစ်ယောက်ရတာတဲ့ ။ မမေ့နဲ့။
သိမ်ဖျင်းသူများကိုတွေ့တိုင်း ထိန်လင်းကို သတိရကြ ။ မမေ့နဲ့…
အမေ့ဝမ်းတစ်ထွာထဲက အလင်းထဲကျွတ်ထွက်လာတဲ့လူတစ်ယောက်လို…
သမုဒ္ဒရာအမှောင်ထဲကလွတ်မြောက်အောင်မှုတ်ထုတ်ပေးခဲ့တဲ့ သူ့ကို ငါတို့မမေ့နဲ့။
မမေ့နဲ့ ။ အင်္ဂလိပ်ဖိနပ်တင်ဖို့ ဒူးထောက်ခေါင်းငုံ့ပေးခဲ့ရ ။ မမေ့နဲ့…
မမေ့နဲ့ ။ ဂျပန်ပါးရိုက်ဖို့ ခေါင်းမော့ပေးခဲ့ရ ။ မမေ့နဲ့…
၁ နှစ်အတွင်း လွတ်လပ်ရေးရအောင်ယူပေးမယ် ။ ပြောခဲ့ ။ မမေ့နဲ့…
ပြောတဲ့အတိုင်း မမေ့ခဲ့ ။ လုပ်ခဲ့ ။ မမေ့နဲ့ ။
ဟေ့ ဂျပန်တွေအားလုံး သူ့ကိုလေးစားကြသည်…
စစ်သေနာပတိချုပ်ကြီး အီဒါ ပြောခဲ့ ။ မမေ့နဲ့…
မမေ့နဲ့ ။ မေ့ရမယ့်အရာများစွာထဲမှာ ။ မမေ့နဲ့
ကိုယ်ထင်ရင် ကုတင်ရွှေနန်းဖြစ်နေတဲ့ကောင်တွေသေနတ်ပြောင်းဝမှာရင်ကိုကော့။ မမေ့နဲ့
မမေ့နဲ့ ဆင်တွေ ခြင်္သေ့တွေနဲ့ဖုံးထားဖိထားပေမယ့် ။ မမေ့နဲ့…
ဘုရား နဲ့ အဖေအမေဓါတ်ပုံကလွှဲရင် ဒီနံရံပေါ်မှာသူရှိနေရတယ်ဆိုတဲ့အသိနဲ့
မမေ့နဲ့…
စကြဝဠာနောက်ခံနဲ့ လည်နေတဲ့ကမ္ဘာလို ။ မမေ့နဲ့…
မမေ့နဲ့ ။ စစ်ပွဲသွားဖို့ မြင်းလို အစီးခံထားရတယ် ။ မမေ့နဲ့…
ကျွန်လို ကျာပွတ်သံစောင့်နေရတဲ့ခေတ်အကွဲကြီးအောက်မှာ ။ မမေ့နဲ့…
ရဲရင့်တဲ့ရန်သူဟာ အကောင်းဆုံးမိတ်ဆွေတစ်ယောက်ဖြစ်တယ် ။ မမေ့နဲ့…
စောစံဖိုးသင် အဲ့ဒါကိုသတိရနေသလို ။ ငါတို့လည်း မမေ့နဲ့…
နတ်မောက်က ဦးဖာ ဒေါ်စုရဲ့သား…
အရိုင်း သို့မဟုတ် အောင်ဆန်းဆိုတဲ့ ကိုအောင်သန်းရဲ့ညီလေးကိုမမေ့နဲ့…
တက္ကသိုလ်ရိပ်သာလမ်း ကမ္ဘာပတ်လမ်းကြောင်းထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေ…
လွတ်လပ်ရေးကိုထုဆစ်ခဲ့တဲ့ ရိုဒင်အောင်ဆန်းကိုမမေ့နဲ့…
မဆိုင်တဲ့ကြယ်တွေစုံလို့ ဆိုက်ပရပ်စ်လမ်းပေါ်မှာ လူသန်းပေါင်းများစွာရဲ့နားရွက်တွေပြတ်လို့…
ငါတို့ရဲ့အာလူးစားသူများဘဝတွေကိုမြင်တိုင်း ဗင်းဆင့်အောင်ဆန်းကိုမမေ့နဲ့…
မမေ့နဲ့ ချာတိတ်တွေ ၁၂ နဲ့ ၁၄ ကြားက ၁၃ ကိုမမေ့နဲ့…
မမေ့နဲ့ မမေ့နဲ့ မမေ့နဲ့ မမေ့လိုက်ပါနဲ့…
မနေ့ကလိုပါပဲ မမေ့လိုက်ပါနဲ့…
မေ့လေကောင်းလေဆိုတဲ့ တစ်ကယ်မေ့ပစ်ရမယ့်ကောင်တွေရှေ့မှာ မမေ့ပစ်လိုက်နဲ့…
မနက်ဖြန်ချစ်သူများနေ့မှာ ချစ်ရသူထိန်လင်းအကြောင်း ချစ်သူတွေကိုပြောပြဖို့ ဒီဖေဖေါ်ဝါရီ ၁၃ ကိုမမေ့လိုက်ပါနဲ့။ ။
ခရမ်းပြာထက်လူ
၂၀၁၄၊ဖေဖေါ်ဝါရီ
~~~~~~~~~~~~~~~~~~~~
ငါ့နာမည် ထိန်လင်း
ဟင်းချက်နည်း အမျိုးမျိုးကို မင်းတို့ အသည်းအသန်တွေးခေါ်နေချိန်မှာ
သူပုန်ထနည်း အမျိုးမျိုးကို အကြိတ်အနယ်ငါစဉ်းစားနေခဲ့တယ်။
နေမဝင်အင်ပါယာကြီးက
ညည ငါ့အဖိုးဗိုလ်လရောင်ရဲ့ခေါင်းကိုဖြတ်ပြီး ငါ့ရှေ့မှောက် ဒရွှတ်ဆွဲခေါ်လာနေခဲ့တယ်။
အဖွားပြောပြတဲ့
ပုံပြင်တွေ ဇာတ်လမ်းတွေ သရဲတစ္ဆေဝတ္ထုတွေထဲ ငါရလိုက်တာက
ဦးမင်းရောင်ဆိုတဲ့ အမှောင်မှာဘယ်တော့မှယောင်ကိုင်းမသွားနိုင်တော့မယ့်
ငါ့အတွက်အမြဲတမ်းသစ်နေမယ့် စစ်ပွဲတစ်ခုကိုဖွင့်ဖို့ခလုတ်တစ်ခုပဲ။
ရိုးသားမှုဆိုတာ
အသားမပါပဲ အရိုးချည်းသက်သက်ရာက်လာတတ်ပေမယ့်
ရိုးသားရတာ အရသာရှိတယ်လို့ ဘယ်သူကရိုးရိုးလေး ငါ့ခန္ဓာကိုယ်ထဲ ရိုက်သွင်းသွားပါလိမ့်
အစ်မ(အမေ့)ကို ငါအော်ပြောခဲ့တယ် ‘‘လိမ်ပြောတာ မကောင်းဘူးလို့’’။
ငါ့ကို စကားသိပ်မပြောဘူးတဲ့
တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်တွေ ငါ့အတွင်းမှာတဒီးဒီး တဝီးဝီးစီးဆင်းနေတာကိုငါငေးမောနေမိလို့
ငါ့အပြင်မှာ တဝါးဝါးတဟားဟားဖြစ်နေတာတွေကို ငါမကြားလိုက်မိနေတာလား။
အဖိုးရေ
ကျွန်တော်ဟာ အဖိုးရဲ့ မြေးအနှစ် သွေးအစစ် သွေးအသစ်ပါဗျ။
မြစ်တွေဟာ မြင်းတွေလိုစိုင်းလာလည်း
ကျွန်တော် ရအောင်ကူးမယ် ညောင်းဦးဖီးဟာ ကျွန်တော့်ရဲ့ဇာတ်လိုက်ပဲ။
တွေ့ကြသေးတာပေါ့
ခင်ဗျား အိတ်ကပ်ထဲက ဖေါင်တိန်ကို ဗြုတ်ကနဲ ကျွန်တော်ဆွဲမဖြုတ်ခင်
ကျုပ်ပြဒါးရှင်လုံးထဲမှာ ခင်ဗျား မွှမွှကြေအောင် သွက်သွက်ခါလည်ပေရော့လို့
ငါ့ စိတ်ကူးကို ဆူးရော ချိုပါတပ်ထားပေးလိုက်တယ်။
မှတ်ထားဦး
အဖေ ရှင်ဘုရင်ဖြစ်လို့ သားရှင်ဘုရင်လိုက်ဖြစ်လာတာမဟုတ်ဘူး
ငါ့အစ်ကိုအောင်သန်းဖြစ်လို့ သူ့ညီငါ အောင်ဆန်းဖြစ်လာတာ။
ငါ့နာမည် ထိန်လင်း
စိန်တွင်းကြီးတွေလောက်တော့ သနားတယ်။ ။
ခရမ်းပြာထက်လူ
( ၂ ဝ ၁ ၃ )
~~~~~~~~~~~~~~~~~~~~~~~
ဗိုလ်ချုပ်အကြောင်း ကဗျာတစ်ပုဒ် by Heinn FiveStrings
12 comments
alinsett ( Gazette )
February 13, 2014 at 1:52 pm
စကားလုံးတွေများ
ကြက်သီးတွေတောင် ထတယ်
myat pearl phyu
February 13, 2014 at 3:33 pm
ရွှေဂုံတိုင် NLD ရုံးရှေ့မှာတောင် ၉၉ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ပွဲအခမ်းအနားလုပ်နေတာ တွေ့ခဲ့တယ်…
အော်..မမေ့ပါဘူး..ဗိုလ်ချုပ်လိုလူမျိုးကလေ..
ငါတို့ဗမာပြည်ဝယ် လွတ်လပ်ရေးရဖို့ရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်…
ဆိုတဲ့ သီချင်းကြားတိုင်း ကြက်သီးတစ်ဖြန်းဖြန်းထလေးစားရပါတဲ့ တစ်ခေတ်မှာ တစ်ယောက် သူလိုလူ ပါရှင်…
Paing Lay
February 13, 2014 at 4:07 pm
ဗိုလ်လရောင်ရဲ့ မျိုးဆက်တွေ မတိမ်ကောဘူးဆိုတာ ယုံကြည်လျက်ရှိပါကြောင်း
kai
February 13, 2014 at 4:08 pm
အမှန်တော့.. ဦးအောင်ဆန်းက.. သူ့သမီး.. သူ့ကိုယ်ပွား.. သူအစားထားရစ်ခဲ့ပြီး.. မြန်မာသမိုင်းမရိုင်းအောင်.. နောက်တခါပြန်လာခဲ့တာပါ..။
ဒါပေမယ့်.. သူ့ကို.. လူတွေကမေ့…။
မေ့ယုံတင်မက.. လုပ်ကြံကြ…
လုပ်ကြံယုံမက.. အကြိမ်ကြိမ်သတ်ခဲ့ကြ…။
မမချွိ
February 13, 2014 at 4:25 pm
ဗိုလ် ချုပ် အောင်ဆန်း ကို
ဗမာ့ တပ်မတော်ဖခင်
အမျိုးသားခေါင်းဆောင်
ကျောင်းသားခေါင်းဆောင်
လွတ်လပ်ရေး ဖခင်
အစအစရှိတဲ့ ချီးကျူးမကုန် တဲ့ ဘွဲ့ထူးတွေ ဂုဏ်ထူးတွေ အများကြီးနဲ့ကို လေးစားမကုန်ပေ မဲ့
ကျွန်တော် က တော့ ဗိုလ် ချုပ်ကို
ဒီတခုတည်းနဲ့တင် လေးစားဂုဏ် ယူ မဆုံး အထူးကျေးဇူးတင်နေမှာပါ
အဲ့ဒါကတော့ . . . . . . . .
ဒေါ်အောင်ဆန်း စုကြည် ဆိုတဲ့ သမီးတစ်ယောက် ကို မွေးပေးခဲ့တဲ့ အတွက်ပေါ့
ဆရာ ချစ်ဦးညို
TNA
February 13, 2014 at 7:56 pm
တကယ်တော့
(၁၃) ဖေဖော်ဝါရီမှာ သူ့ကို မွေးခဲ့တာမဟုတ်ဘူး၊
တို့နိုင်ငံအတွက် (၁၃) ဖေဖော်ဝါရီကို
သူက မွေးဖွားပေးသွားခဲ့တာ။
လက်တစ်ဆုပ်စာ လူနည်းစုက မေ့ဖျောက်ပစ်ချင်ပြီး
တစ်နိုင်ငံလုံးစာ ပြည်သူလူထုက မြတ်မြတ်နိုးနိုး သတိတရရှိပြီး
အဲဒီနေ့ရက်အပေါ် တန်ဖိုးထားပုံချင်း ကွဲလွဲကြတာ။
အဲဒီ ဖေဖော်ဝါရီ (၁၃) မွေးနေ့ရှင်ဟာ
သူ့ရင်ထဲ ကျည်ဆယ့်သုံးတောင့် စိုက်သွားတဲ့အချိန်မှာရော
သေအံ့မူးမူး ကျည်ဒဏ်ရာကိုတောင်
သတိရနိုင်ပါ့မလား၊ ဂရုရောစိုက်ပါ့မလား။
မှိတ်လုဆဲဆဲ သူ့မျက်လုံးတွေထဲ
သူမရှိနိုင်တော့မယ့်နောက်ပိုင်း တို့နိုင်ငံရဲ့
ခေတ်အဆက်ဆက် (၁၃)နိမိတ်ဆိုးတွေကို ကြိုမြင်ပြီး
ကြိုတင်.. နာကျင်နေခဲ့လေမလား။
ခွဒစ်တူ Thu Ra Tha Wah
ဒါလဲရင်ထဲထိ ချွိချွိပိုစ့်လဲရင်ထဲထိ 😥
padonmar
February 13, 2014 at 8:58 pm
အရေးကြီးတာက လေးစားတယ် မမေ့ဘူးလို့ နှုတ်က ပြော လက်ကရေးရုံတင်မရပ်ကြပဲ
သူအနစ်နာခံသလို ကိုယ်လည်းအနစ်နာခံနိုင်ဖို့၊
သူရိုးသားသလို ကိုယ်လည်းရိုးသားနိုင်ဖို့၊
သူမလိ်မ်သလို ကိုယ်လည်းမလိမ်ဖို့၊
သူအပင်ပန်းခံသလို ကိုယ်လည်းအပင်ပန်းခံနိုင်ဖို့၊
သူဝီရိယရှိသလို ကိုယ်လည်းဝီရိယရှိနိုင်ဖို့၊
သူမှန်ရာတွက်အမုန်းခံရဲသလို ကိုယ်လည်းမှန်ရာတွက် အမုန်းခံရဲဖို့
အားလုံး(အားလုံး) ကြိုးစားကြဖို့ လိုနေပါတယ်။
Wow
February 14, 2014 at 11:54 am
ဗိုလ်ချုပ်ကို ဒေါ်စုကို ထားခဲ့ပေးသွားတာနဲ့တင် ကျေးဇူးတင်မဆုံးဘူး…
kai
February 19, 2014 at 3:48 am
ဒီကဗျာရေးနည်းကို.. လွန်ခဲ့တဲ့… ၂နှစ်လောက်ထင်တယ်..
အင်တာနက်ထဲစတွေ့မိတယ်..။
ဘယ်သူစရေးတယ်သတိမထားမိလိုက်ဘူး..
သိရင်ပြောကြပါကွယ်.. မှတ်တမ်းထားပါမည်…။
မှတ်တမ်းတင်သင့်တယ်လေ…။
Mr. MarGa
February 19, 2014 at 10:58 am
http://myanmargazette.net/176617/
အပြေးအလွှား ပြန်စုထားဖို့ လာပို့လိုက်တာ။
.
တကယ်တော့……
ဗိုလ်ချုပ် ဟာ..
ကျနော်တို့ ရင်ထဲမှာ တစ်နှစ်ပတ်လုံး ရှ်ိနေပါတယ်ဗျာ။
လုံမလေးမွန်မွန်
February 19, 2014 at 2:49 pm
သမီးကိုကြောက်.. အဖေကိုပါဖျောက်.. နောက်ဆုံး တိုင်းပြည်ကိုပါ ချောက်ထဲက ကယ်ပြီး ရောင်းစားခဲ့တာ…
တွေးမိတိုင်း အသည်းနာတယ်..
အမျိုးပါ ဆဲချင်ပေါ့လေး.. ဆိုတာ အချုပ်တန်းဆရာဖေသာ သိခဲ့ရင် လက်သစ်ကိုလိုနီတွေကို ဘယ်လိုကဗျာဖွဲ့မှာပါလိမ့်.. 🙄
မဟာရာဇာ အံစာတုံး
February 19, 2014 at 5:01 pm
ဒီလို ကဗျာတွေ ဖတ်ရတိုင်း
ရင်ထဲမှာ ဒုန်းကနဲ ဒိုင်းကနဲ ပဲ
ပြောလိုက်ပါ
ကျုပ် သေတဲ့ထိ မမေ့ဘူးလို့