ဗိုလ်ချုပ်အကြောင်း ကဗျာတစ်ပုဒ်
နတ်မောက်…
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမာ္ဘစာလောက်တာဝန်ကျေပြီ။
ခင်ကြည်…
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။
ဗိုလ်ထွန်းလှ…
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။
ဆရာတော်ဦးသောဘိတ….
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။
ဦးဘဝင်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။
ရဲဘော်ကျော်စိန်….
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။
ဟေ့လူ…ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘဝမှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။
ဗိုလ်မှူးကြီးဆူဇူကီး….
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။
အမွိုင်….
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။
ဦးစော…
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။
မစ္စတာနေရူး…
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။
ပဲခူးဆောင်…
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အဝတ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။
ညိုညိုစိန်….
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
“ကျုပ်မှာ ကာမပိုင်နဲ့ဗျ” တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။
ဆြာ စတက်ဖို့ကရစ်ပ်….
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့ဩပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။
ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ…..
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။
ဂျူဗလီဟော….
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။
ရဲဘော်ကလေးတွေ……
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
“ငွေသော်တာရောင်ခြည်” ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။
ပြည်ထဲရေးဝန်ကြီးဦးမြ…
ခင်ဗျား…မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။
ကိုကျော့မောင်….။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။
မေမြို့….
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။
ကိုယ်တိုင်ဖတ်ရင်း ကြက်သီးတွေထပြီး ငိုချင်သလိုဖြစ်လာလို့။
ဒီမှာလာပြန်ရှယ်တာ။
Shared via Tin Latt:
Credit: Heinn FiveStrings
ကို Myo Set ဆီကတွေ့လို့ ရှယ်လာတာ။
37 comments
Ghi Ghi ThE KiD
February 13, 2013 at 9:02 am
ဟက်ပီဘာ့သ်ဒေး ဗိုလ်ချုပ် …
ဟက်ပီဘာ့သ်ဒေး ……jp လေး…
:harr:
ခိုင်ဇာ
February 13, 2013 at 9:05 am
ရေးပါဆိုတော့ဖြင့် အဖြစ်မရှိပဲနဲ့။
ဗိုလ်ချုပ် ကဗျာ အောက်မှာ လာအော်နေတယ်။
:harr:
ကြည်ဆောင်း
February 13, 2013 at 9:15 am
{{ကိုယ်တိုင်ဖတ်ရင်း ကြက်သီးတွေထပြီး ငိုချင်သလိုဖြစ်လာလို့}}
ဒီမှာလဲဖတ်ပြီး ငိုချင်သလိုလိုဖြစ်လာလို့ …
အားလဲကျ ဝမ်းလဲနည်း ရသအစုံပေးတဲ့ ကဗျာလေးဘဲ..
ရေးတဲ့သူတော်လိုက်တာ..
ပြန်ရှယ်ပေးလို့လဲကျေးဇူး…
ခိုင်ဇာ
February 13, 2013 at 9:20 am
ဟုတ်ပါ့ ကြည်ဆောင်းရယ်။
မနက်က ကို မျိုးဆက် ရှယ်နေတုန်းက တစ်ပိုင်းတစ်စနဲ့ ကို ဖတ်လို့ကောင်းနေတာ။
ခုတစ်ပုဒ်လုံးရတော့ ဖတ်ပြီး ရေးတဲ့သူကို ချီးကျူးတယ်။ Heinn FiveStrings တဲ့။
နောက်မှ သူ့ကဗျာတွေ ရှာဖတ်ဦးမှ။ တခြား ကဗျာတွေလည်း ကောင်းတယ်ပြောတယ်။
:hee:
ခင်ခ
February 13, 2013 at 9:16 am
ဒို့ဗိုလ်ချုပ် ဗိုလ်ချုပ်အောင်ဆန်းသည်
ဒို့တိုင်းပြည် ဒို့လူမျိုးအတွက်
မီးရှုးတန်ဆောင်ဖြစ်သည်၊
အာဇာနည်ဟေ့ အာဇာနည်
မွန်မြတ်ပါလှသည်၊
ခေါင်းဆောင်ဗိုလ်ချုပ်က မှာကြားခဲ့သည်
အလုပ်ကိုပင်များများလုပ်လို့ အသုံးအစွဲကိုချိုးချန်ရမည်…………..။
( နားထောင်ဖူးတဲ့ သီချင်းလေးရေးမိတာပါ )
ခိုင်ဇာ
February 13, 2013 at 9:23 am
ဒီ ကဗျာမှ စိတ်ထဲကို လာ ထိ နေလို့ဗျာ။
Hnin Hnin
February 13, 2013 at 9:39 am
ဖတ်ရင်း ခံစားချက်တွေကတော့ အတူတူပါပဲ..ရင်ကို ထိတယ်..
ဗုံဗုံ
February 13, 2013 at 10:00 am
ဖတ်ရင်းနဲ့ ကြက်သီးထတယ် တစ်ကယ် ဝမ်းလည်းနဲမိပါတယ် မမခိုင်ဇာရယ်
ခိုင်ဇာ
February 13, 2013 at 10:13 am
Nice one .. It reflects well on his Personal Characteristics ..
We should similarly appreciate his political will, soft-headedness, decision, unbiased vision etc. as well..
It’s more important at the present
ဒီ ကဗျာဖတ်ပြီး ငိုချင်တယ်ပြောလို့ ကျုပ် မောင် က ဆုံးမလိုက်သေး။
:byae:
Wow
February 13, 2013 at 10:24 am
ဖေဖေါ်ဝါရီ ၁၃ မှာ… ဗိုလ်ချုပ်မွေးနေ့ပါ…
ကဗျာလေးက ရင်ထဲထိလို့ ဖေ့ဘုတ်မှာရှယ်သွားဒယ်အေ….
မောင်ပေ
February 13, 2013 at 11:42 am
ကောင်းလိုက်တဲ့ အဖွဲ ့အနွဲ ့ပဲဗျာ
စာသားတွေက ထိထိမိမိနဲ ့ခံစားရတယ်
လူကလေး
February 13, 2013 at 11:56 am
အို.. ကောင်းထှာ..
ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့်.. .. ဒီနေ့တော့ ဗိုလ်ချုပ်အကြောင်းတွေ ရှယ်ဖတ်လိုက်ဦးမယ်ဗျာ..
ဦး ကျောက်ခဲ
February 13, 2013 at 2:38 pm
ဂလိုလုပ်ပါ ဒေါ်ခိုင်ဇာရယ်…
အချစ်အကြောင်း.. အစားအကြောင်းကြီးပဲမလုပ်ပါနဲ့…
ဗာလင်တိုင်းထက် အရေးပါတဲ့…
ကျုပ်တို့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ မွေးနေ့ကို…
အမှတ်တရ တင်ပေးတာ ကျေးဇူးပါဗျာ…
:kwi:
ခိုင်ဇာ
February 13, 2013 at 2:41 pm
ကိုယ့် ဝါသနာ နဲ့ ကိုယ်ပါအေ။ ဂလိုပဲ သန်ရာသန်ရာပေါ့။
မစွံတဲ့သူတွေကတော့ အချစ်အကြောင်း ဘယ်မြင်ချင်ပါ့မတုန်း။
တိုက်ဆိုင်မှုရှိရင် သင့်ကိုပြောခြင်းဖြစ်သည်။
:kwi:
kyeemite
February 13, 2013 at 3:06 pm
ဗိုလ်ချုပ်အကြောင်းရေးတဲ့ကဗျာတွေ
ဖတ်ဖူးတဲ့အထဲ အပြည့်စုံဆုံးနဲ့
အကောင်းဆုံးပဲဗျို့….ကျုပ်ကတော့ကဗျာမစပ်တတ်ဘူး..
ဒါပေမဲ့ စုဆောင်းထားတာလေးနဲ့အားဖြည့်ချင်မိတယ်
မဖတ်ဖူးသေးသူတွေဖတ်ရအောင်…
ထုံးစံအတိုင်း ဖေ့ဘုတ်မှတွေ့တာပေါ့..
ခိုင်ဇာ
February 13, 2013 at 3:09 pm
” ဗိုလ်ချုပ်ပေးတဲ့ မြန်မာပြည် ”
လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
နက်မောက်ဦးသောဘိတကျောင်း..
ရေနံချောင်း အမျိုးသားကျောင်း…
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
နိုင်ငံရေးဘဝစတင်
နိုင်ငံရေးလုပ်သက်၁၃နှစ်
အဓိကဖြတ်သန်းမှု့တွေကတော့
မြန်မာ့လွတ်လပ်ရေး(သို့)
စတုတ္ထမြန်မာနိုင်ငံတော်….။
အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုးအရိုးးခံ
ခေါင်းအမာဆုံး
ဇွဲအရှိ့ဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား…။
သူမသိနားမလည်တာတွေက အများသား
ရေမကူးတတ်ဘူး…
စက်ဘီးမစီးတက်ဘူး…
စန္ဒရားမတီးတက်ဘူး…
သီချင်းကောင်းကောင်းနားမထောင်ခဲ့ရဖူး
မိန်းမမပိုးတတ်ဘူး…။
ဘိလပ်ပြန်သန်းကို
မေရှင်သီချင်းဆိုခိုင်းခဲ့သူ..
ချစ်ရတဲ့နာစ့်မလေးကြည်ကို
လူငှားနဲ့ပိုးခဲ့ရသူ..
VIP ဆိုတဲ့စာတန်းကို
အလွန်စက်ဆုပ်ရွံရှာသူ..
လမ်းဘေးမှာ..
ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်..
မင်္ဂလာဆောင်မှာ..
ခဲဖိုးတောင်းတာနားမလည်တဲ့သူ…
လွတ်လပ်ရေးကိုစဉ်းစားရင်း..
စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ..
လွတ်လပ်ရေးကိုစဉ်းစားရင်း..
ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ…
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့
ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့
ဝန်ကြီးချုပ်….
သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်
ခံယူတဲ့ဝန်ကြီးချုပ်….။
ပြည်သူတွေကြားမှာ
ဝင့်ဝင့်ထွားထွား
သူရဲကောင်းပေမဲ့
အိမ်ထောင်ရှင်ဖခင်
ဇနီးကို ချစ်တတ်တဲ့သူ……။
့
” ကြည်…..ပဲပြုပ်နဲ့နံပြားရရင်
စားချင်တယ် ”
မိန်းမကို မနက်စာပြင်ခိုင်းတဲ့
သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့အမှားနဲ့
သာမန်ရဲဘော် အဆင့်ရဲ့အမှန်ကို
ကွဲကွဲပြားပြားသိသူ
လူငယ်ဘဝ ၊ လူ့ဘဝရဲ့စည်းစိမ်အရသာတွေ
ခံစားဖို့အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှု့မှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိရိုးစင်း သန့်စင်ခဲ့တဲ့သူ
သူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်
” အောင်ဆန်း(သို့) အရိုင်း” တဲ့…။
လုပ်သက်ကခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘဝတွေကအဖုံဖုံ
အသက်က၃ဝမရှိ့တရှိ့…။
စစ်ပြီးရင်
မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးရင်
သူလုပ်ချင်တာက
လူရယ်ချင်စရာဗျာ
စာရေးဆရာ…တဲ့……။
လွတ်လပ်ရေးရရင် အနားယူ
ကဗျာတွေ ၊ စာတွေရေးမယ်..တဲ့
အားရင်အားသလို
သတင်းစာတွေ ၊မဂ္ဂဇင်းတွေမှာ
ဆောင်းပါးတွေ ၊ စာတွေရေးနေတဲ့သူ…
ကြည်ညိုလို့ရော..
စာကောင်းလို့ရော..
ထိုခေတ်က ဆောင်းပါးကြေး
အမြင့်ဆုံးရတဲ့လူ…….။
ကြမ်းတမ်းရင့်ထော်
လူစိတ်မှ ရှိရဲ့လားလို့
အထင်မမှားပါနဲ့…
လွတ်လပ်ရေးအတွက်
သူ ရဲရင့်ရပေမဲ့..
စတုတ္ထမြောက်ရင်သွေး
သမီးကလေး
ရက်သားလေးနဲ့ ကြွေလွင့်ခဲ့ရတော့
မျက်ရည်တွေဝဲ
သူ စိတ်ဆင်းရဲခဲ့ဖူးတယ်….။
ဒီ အောင်ဆန်းလက်တောက်လေးကို
ဘာကြောင့်
နေမဝင်အင်ပါယာကြီး
ဒူးထောက်ခဲ့ရပါသလဲ……..။
တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုက်
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့မြန်မာတွေထက်
ပိုသတ္တိရှိ့တဲ့အောင်ဆန်း
ဒီလိုအောင်ဆန်း
သူ့သွေးသားအရိုးအချည်တွေအားလုံး
လွတ်လပ်ရေးတခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့အောင်ဆန်း
တကယ့်အရိုးခံအောင်ဆန်းပေါ့…..။
ရိုးတာမှအလွန်ရိုး
ဂျပန်မှာ ဗိုလ်ကြီး ဆူဇူကီးက
မိန်းမခေါ်ဦးမလား ဆိုလို့
ရှက်သွေးဖြာခဲ့ဖူးတဲ့သူ…….။
ပိုက်ဆံမရှိလို့
ထမင်းအကြွေးမစားဖူးတဲ့ဆိုင်မရှိ..
ငါးမူးတန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတယ်..
ကားပျက်နေတာတောင်
အခွင့်အရေးတောင်းသူတွေကိုမုန်းလို့
သူတို့ကားအကူအညီ မယူပဲ
ရုံးကို လမ်းလျှောက်သွားတဲ့သူ………။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲမြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း ၊ မြ
၊ ချို တို့ကအစ
“ငါတို့ အားကိုးပါရစေ” ဆိုလာကြ…
ရှေးဘိုးဘွားမိဘပြည်သူတွေက
“ငါတို့ကယ်မယ့်မင်းလောင်းပေါ်ပြီ”
“ပြုံးပျော်ကြ”
လူငယ်သွေးသောက်မြန်မာတွေက…
” ငါတို့စွန်ပါရစေ ” ဆိုပြီးရှေ့ထွက်လာကြ
စုကြ ၊ ရုံးကြ ၊ စည်းရုံးကြ
တကယ့်ဗမာတွေ……..
မဟာအောင်ဆန်းနောက်က
ပြည်သူ့ဒီလှိုင်းလုံးကြီးတွေရဲ့
တဝုန်းဝုန်းရိုက်ခတ်သံဟာ
အဲဒီအချိန်က
ဝိတိုရိယဘုရင်မကြီးကိုတောင်
အိမ်မက်တွေအေးခဲစေခဲ့သပေါ့….။
အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ…
ကချင်တွေကလည်း ကချင်စကားမဟကြ…
အောင်းဆန်းကိုယုံကြည်စွာနဲ့
သူတို့သခင်အဖြစ် အသိမှတ်ပြုကြ
အားလုံးသောတိုင်းရင်းသားတွေ….။
ဒီပြည်လုံးကျွတ်
အားကိုးစုစည်းနိုင်ခဲ့လို့လည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်း
လက်တောက်လောက်နဲ့
တစ်စားပွဲထဲ ဝိုင်းထိုင်ခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မှီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့မတိုက်ဝံ့ကြ…
မျက်နှာမပျက်
အောင်မြင်စွာဆုက်ခွာမယ့်လမ်းကို
သူတို့ရွေးခဲ့ကြ….
အောင်ဆန်းနဲ့အတွေ့မှာပေါ့……။
ယုံကြည်အားတဲ့
မျက်လုံးပေါင်းသန်း၆၀
အောင်ဆန်းမှာရှိ့တယ်.၊
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃ဝ အောင်ဆန်းမှာရှိ့တယ်..၊
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိ့တယ်..၊
ဒီမျက်နှာ နှလုံးအသက်
ဗို့အားသိန်းသန်းချီပြီး မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို
ပြက်ပြက်သားသားလှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံးအရည်ပျော်သွားခဲ့ကြ……။
ဘယ်ရာဇဝင်မှာ ခင်ဗျားတို့တွေ့ဖူးလည်း
ဂျပန်ဆိုတာ မနှုးမနပ်မဟုက်ဘူး။
အင်္ဂလိပ်ဆိုတာဝေလာဝေး
သူငယ်နှပ်စားမဟုက်ဘူး။
ဒင်းတို့တွေတောင်
ရအောင်စည်းရုံးနိုင်တဲ့ အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကိုမလို
ဒါပေမယ့် ” ရရင်ရ မရရင်ချ “ဆိုတာ
အောင်ဆန်းဝါဒ….
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်သီးတည်းသောကိုယ်စားလှယ်
ငါတို့အောင်ဆန်းပေါ့…..။
ဗိုလ်ရူးလို့ပြောတဲ့လူတွေကို
ဂရုမစိုက်ပဲ
မြန်မာနိုင်ငံသားတွေကို
အင်္ဂလိပ်စာတတ်စေချင်ခဲ့လူ
သူ ကိုယ်တိုင်..
အမျိုးသားကျောင်းထွက်
ဒါပေမဲ့ အင်္ဂလိပ်စာကို
ထုံးလိုချေ ၊ ရေလိုနှောက်တဲ့သူ…..။
အင်္ဂလိပ်စာတတ်ရင်
ဘာထူးလဲလို့မေးတဲ့လူတွေကို
စေ့စေ့ကြည့်ရင်း
“အနည်းဆုံး အင်္ဂလိပ်တွေကို
အင်္ဂလိပ်လို ဆဲလို့ရတာပေါ့ ” လို့
ခပ်ရင့်ရင်ပြောခဲ့တဲ့သူ……..။
မြန်မာမှာရော
ကမာ္ဘမှာပါ..
ရှာမှရှား အမျိုးသား
အင်္ဂလိပ်လိုရေးပြီး
ဒီမိန့်ခွန်းကို ကြည့်ပြီး
မြန်မာလို လက်တန်းပြောခဲ့တဲ့သူ……။
ဗိုလ်အောင်ဆန်း
ဒီအချိန်ဆို (၉၄)နှစ်ရှိ့ပြီ
(အောင်ဆန်းပြောမယ်)
အဘိုးရဲ့စကားနားထောင်……။
“မမေ့နဲ့……မင်းတို့ကနေ့ရှုနေတဲ့လေဟာ
ငါတို့….မနေ့က
ချွေးစက်တွေဆိုတာ…မမေ့နဲ့…
မင်းတို့မြန်မာဆိုတဲ့ စကားတခွန်းရဖို့
ငါတို့…. ဗုံးပေါလအော
ကျဆုံးပေးခဲ့ရတာ…မမေ့နဲ့….
မင်းတို့ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့…..အလောင်းကောင်တွေဆင့်ပြီး
ထမ်းတင်ပေးခဲ့တာ…. မမေ့နဲ့………..။
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိ့တယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့…..။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းမြစ်ပေါ့
သူ့အဘိုးကို သူလွမ်းတက်နေပြီ…၊
သူ့သားကြရင်လည်း သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ်မှာထားရအုံးမယ်။ ။
ကိုကြည်
ရွှေ ကြည်
February 13, 2013 at 10:03 pm
အခုကဗျာတွေအားလုံးကို ဖွဘုတ်မှာဖတ်ဖူးတယ် အခုအစ်မခိုင်ဇာတင်ထားတဲ့တပုဒ်ရှယ်လို့မရဘူး။
ဒီပို့စ်မှာအခု ကဗျာစုမိသွားတာကောင်းတယ် သိမ်းထားရမယ်။ ဖတ်ရင်းလေးစားရင်း လေးစားရင်းပြန်ဖတ်ရင်းပါပဲ။
မဟာရာဇာ အံစာတုံး
February 13, 2013 at 4:16 pm
ကြိုက်တယ်ဗျာ …
ခိုက်တယ်ဗျာ …
တကယ်ပါ …. အဟုတ်ကြီးပါ …
ဒီလိုနေ့မျိုးမှာ ဒီကဗျာ ဖတ်ရတာ ရေလည် တန်လှသဗျာ …
ဟိုနေရာကို ပိုပိုပြီး ခိုက်မိတယ် …
ပဲခူးဆောင်…
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အဝတ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။
ခုလို ပြန်လည် မျှဝေပေးတာ …
ကျေးဇူး ကြီးလှပါတယ် မမခိုင်ဇာ ခင်ဗျာ …
မောင်ထက်ကြီး(မုံရွာ)
February 13, 2013 at 5:12 pm
ကျေးဇူးပါ မခိုင်ဇာ … အားပေးသွားပါတယ်ဗျာ။။။။။
Mr. MarGa
February 13, 2013 at 8:38 pm
ကဗျာ တွေ အားလုံးကို စု ဖတ်ရသလိုပဲ
လုံးဝ လေးစားရသူပါ ဗိုလ်ချုပ်ဆိုတာက
ဖွဘုတ်မှာ ပြောထားတာလေး ရှိသေးတယ်
ဗိုလ်တွေ ရိုက်သတ်လို့ မကုန်တဲ့ မြန်မာပြည်မှာ
ဘယ်လိုသတ်သတ် မသေနိုင်တဲ ့ဗိုလ်ချုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိတယ် တဲ့
ဖတ်မိတာလေးပါ
တောတွင်းပျော်
February 13, 2013 at 9:09 pm
ကဗျာရေးခဲ ့သူကိုအထူးကျေးဇူးတင်ပါတယ်။
ကဗျာတင်ပေးတဲ ့ အမ မခိုင်ဇာကိုလည်း ကျေးဇူးတင်ပါကြောင်း။
အလင်းဆက်
February 13, 2013 at 9:23 pm
ဝိုးးးးးးးးးးးးးးးးးးးးးးးးးး
စားသားတွေက….
အသက်ရှု..မှားလောက်အောင်…
အသက်ရှုဖို့တောာင် မေ့သွားစေလောက်အောင်…..
လှတယ် ။
အားမာန် အပြည့် ဖြည့်လာတဲ ့..
စာသား..လှေ တစ်စင်းးးးးး
အားပြင်းပြင်း..နဲ ့
ကိုယ့် ရင်ထဲ….
ဝင်လာတယ် ။
padonmar
February 13, 2013 at 9:44 pm
FB မှာ မရွှေဇီးကွက် ရှယ်ထားတာ ဖတ်ရကတည်းက ကြိုက်မိပါတယ်။မနှစ်က နတ်မောက်ကို သူတို့ သွားအလေးပြုတဲ့ အကြောင်းလေးပါ ခွင့်တောင်းပြီး တင်လိုက်ပါလား ခိုင်ဇာရေ။
ခိုင်ဇာ
February 14, 2013 at 8:55 am
ဟုတ်။
ကျနော် မေးကြည့်လိုက်ပါ့မယ်။ :hee:
Moe Z
February 14, 2013 at 11:55 am
မမခိုင်ဇာရေ ဒီကဗျာနဲ့ ကာရန်တူရေးထားတဲ့ဟာရော ဖတ်ပြီးပြီလားဟင် ဟိုလူဂျီးအကြောင်းလေ ကူးလာရမလား
ခိုင်ဇာ
February 14, 2013 at 12:01 pm
ဟီး။ ဖတ်ပြီးပြီ။
စာဖတ်နေသူကြီး အကြောင်းမဟုတ်လား။
Foreign Resident
February 14, 2013 at 12:02 pm
Face Book မှာ
အဲဒီ ” ဗိုလ်ချုပ်အကြောင်း ကဗျာတစ်ပုဒ် ” ရဲ့ အဆက် ဆိုပြီး ၊
ကျော်ကြားနေတဲ့ နောက်ကဗျာ တစ်ပုဒ် ကို ဆက်တင်ပေးလိုက်ပါတယ် ။
(( သူတို ့အမှတ်ရနေတဲ ့လူနဲ ့ ငါအမှတ်ရတဲ ့လူ မတူဝူးဘဲ ))
ကျောက်ဆည်..
မင်းဘာမှထပ်မလုပ်နဲ့
သန်းရွှေကို ငါတို ့ရပီးကတည်းက
ဆယ်ဘဝလောက်ခွေးဖြစ်ပြီ။
ကြိုင်ကြိုင်..
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေးလင်ပေးစားပီး
စိန်တွေ ကားတွေ တိုက်ခန်းတွေ
ထားစရာတောင်မရှိတော ့ဘူး။
နိုင်ငံဖျက်ဆီးသွားတဲ ကောင်ကို
ညည်းကသာစိတ်မပျက်တယ်
တနိုင်ငံလုံးအော ့ကြောလန်ကုန်ပီ။
ဦးသိန်းစိန်..
ခင်ဗျားဆရာကိုကြည် ့ပြောဦး
အိမ်မှာနေရင်း အပြာစာအုပ်တွေဖတ်နေတာ
ရတနာဝင်းထိန်သိရင် ကြိတ်ပီးဝမ်းသာနေဦးမယ်။
ဆရာတော် ဥူးသုမင်္ဂလ..
ဒီတခါတရားဟောခွင် ့ပိတ်ရင်
မဟနကို အပစ်မတင်ပါနဲ ့
သာသနာကိုပိတ်ပင်တဲ ့သူတွေ
ဒယ်အိုးကိုဘဲရောက်မှာပါဘုရား။
ဦးကြည်အောင်…
ခင်ဗျားရှေ ့ကကျော်ဆန်းလုပ်သွားတာတွေ
မင်းသမီးတွေကို အကယ်ဒမီလျောက်ပေးပစ်တာ
မီဒီယာကို မီဒီယာနဲ ့တိုက်သွားတာတွေဟာ
အနုပညာလောကဘဲ နစ်နာရမှာ။
ရဲဘော်အောင်မင်း..
ကရင်တွေ ကချင်တွေနဲ ့ငြိမ်းချမ်းရေးလုပ်ရင် သတိထား
ခင်ဗျားကတရုပ်ကိုကြောက်ရပါတယ်ဆိုတိုင်း
သူတို ့ကကြောက်ကြမယ်မထင်နဲ ့။
ဟေ ့ကောင်..မြန်မာ ့လေကြောင်းကမန်နေဂျာ
သူ ့ဟာသူဘယ်လေယဉ်နဲ ့စီးစီး ဘယ်ကိုသွားသွား
လက်မှတ်ဝယ်ခိုင်း။
သူစောက်ဖင်ရားတိုင်း
ဌာနရဲ ့ဘဏ္ဍာငွေကိုဆုံးရှုံးအောင်လုပ်တဲ ့ကောင်
ဘယ်ကောင် ့မှစောက်ဂရုစိုက်ဘို ့မလိုဘူးဗျ။
မစ္စတာအိုဘားမား..
တွေ ့တယ်မလား..ခင်ဗျားနဲ ့လက်ဆွဲနှုတ်ဆက်ရမှာဆိုးလို ့
ကုလသမဂ္ဂညီလာခံဘယ်တော ့မှမတက်တဲ ့ အညာသားလေးကို
ဘယ်လောက်စောက်သုံးမကျလဲဆိုတာမှတ်ထား
သူ ့နောက်ကကောင်တွေလဲ သူ ့အတိုင်းဘဲ။
ကွာလာလမ်ပူ..
မင်းမြေကိုသူနင်းလိုက်တော ့ဘာလို ့မမြိုလိုက်လဲ
သာသနာကိုစော်ကားတဲ ့သူ
ဘုန်းကြီးတွေကိုရိုက်ခိုင်းတဲ ့သူဆိုပီး
မင်းကော်ဇောတောင်ခင်းပေးလိုက်သေးတယ်မဟုတ်လား။
ဦးခင်ညွန် ့..
ခင်ဗျားကို မေ ့ထားလိုက်ပီ။ ခွင် ့လဲလွှတ်လိုက်ပီ
ဘာလို ့လဲဆိုတော ့
အခုကောင်တွေက ခင်ဗျားတုံးကထက်ပိုဆိုးနေလို ့ဘဲ။
မစ္စတာကျန်ဇီမင်း..
ခင်ဗျားမိတ်ဆက်ပေးလိုက်တဲ ့နော်ရင်းကိုးကုပ္မဏီကြောင် ့ပေါ ့
မုံရွာမြို ့မှာ ဘုန်းကြီးတွေ မီးလောင်ဗုံးနဲ ့အပစ်ခံရတယ်လေ။
မာလာဆောင်..
ခင်ဗျားအခန်းထဲကကောင်မလေးတွေ မောင်းထုတ်လိုက်တော ့
ဝင်းခြံတံခါးမှာ လျက်စစ်ပါလွှတ်ထားလိုက်
အဆောင်ဝင်ပေါက်မှာ ကင်မရာပါတတ်ထား
ကောင်မလေးတွေ ညဘက်ဆိုကောင်လေးတွေနဲ ့ဗျ။
စိုးမြတ်သူဇာ..
ညည်းတသက်လုံးရုပ်ရှင်ရိုက်လာတာ ဗီဒီယိုတွေရော
ဟောလိဝုဒ်ကမင်းသားနဲ ့တွဲရိုက်ဘူးလား
တခါးမှာကြိုးနဲ ့ကိုချည်ထားဦးမှာတဲ ့
ယောက်ျားလေးတန်မဲ ့ မိန်းခလေးကိုကြိုးတုတ်ပြလိုက်တော ့
ကြောက်ချီးတဗျန်းဗျန်းထပန်းခဲ ့တယ်မဟုတ်လား။
ဆြာ အဲလက်စ်ဖာဂူဆန်..
ဘောလုံးကွင်းထဲကို အနီရောင်အထုတ်တွေပစ်ပေါက်တာ
ကွင်းထဲရဲရဲနီးသွားတာ မအံ ့ဩပါနဲ ့။
ဘောလုံးပွဲကြည် ့ရင်းကွမ်းစားတော ့ကွမ်းတံတွေးထွေးပီးပစ်တာပါ
ကမာ္ဘ ့ဘောလုံးလောကကို ကိုင်လှုပ်ပလိုက်တာလေ။
ချစ်စမ်းမောင်(သို ့) ဆရာချစ်..
(လမ်းဆုံးထိလျောက်)ဆိုတဲ ့သီချင်းအစား
ကော်ပီသီချင်းတွေဘဲ သူကဆိုချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
အုန်းကျူန်းမဆိုတတ်လို ့မဟုတ်ပါဘူး
ခိုးကူးသမားတွေများလာလို ့ပါ။
သုဝဏ္ဏအားကစားရုံ..
ကျေးဇူးပြုပြီး ပြိုရင်လဲ မြန်မြန်ပြိုပလိုက်တော ့
ခင်ဗျားကိုမြင်တိုင်း
တရုပ်ကြီးကို သတိရပီးကြောက်နေရလို ့။
ရဲဘော်ကလေးတွေ……
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့သမီးမင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
“ဝါကာဝါကာ” သီချင်းဆိုတော့
သူကိုယ်တိုင် အဆီဘူးခါပီးဝင်ကနေတာလေ။
ဆက်သွယ်ဝန်ကြီး ဦးသိန်းထွန်း..
ခင်ဗျား..မှားတယ်
တယ်လီဖုန်းရုံးတွေကိုမီးရှို ့ခဲ ့ရမှာ
ဒါဆိုရင်ကျုပ်တို ့ ဖုန်းလိုင်းအသစ်တွေရပီပေါ ့။
စိုင်းသိန်းဝင်း..
နယူကလီးယားကိစ္စတွေပေါက်ကြားသွားတော ့
ခင်ဗျားကိုသတ်မယ်ဆိုတာကို စိတ်မကောင်းမဖြစ်ပါနဲ ့
သူရုရှားကိုပညာသင်တွေလွှတ်ခဲ ့တာဟာ
နယူကလီးယားဗုံးလုပ်ဘို ့ကြံစည်နေတာလေ။
ပန်ဆိုးတန်းလမ်း..
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
စာဘဲဖတ်တော ့မယ်ဆိုတဲ ့လူကြီး
ရတနာဝင်းထိန် အတွဲလိုက်မသွားပီ
ကျုပ်တို ့တောင်ရှာလို ့မရတော ့ဘူး။
(မူရင်ကဗျာရေးသားသူအား စော်ကားခြင်းမဟုတ်ပါ)ptk
ခိုင်ဇာ
February 14, 2013 at 12:04 pm
အဲ။ ဟိ !!
ဘဖော …
အနော်တို့ ခုလေးတင် သူ့ အကြောင်းပြောနေတာ။
ဗိုလ်ချုပ် ကဗျာ ဖတ်ပြီး ငိုချင်နေတဲ့ အချိန်မှာ
ဒီ စာဖတ်ပြီး ရီချင်သွားတယ်။
:harr:
မိုက်ကယ်ဂျော်နီအောင်ပု
February 14, 2013 at 1:13 pm
ဗိုလ်ချုပ် ဗိုလ်ချုပ် ဒို့ဗိုလ်ချုပ်
ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး
ဗိုလ်ချုပ်ကြီးကိုချစ်…..ဒယ်
Mobile
February 14, 2013 at 9:44 pm
ဒို့ ဗိုလ်ချုပ်အောင်ဆန်းရေ
ဒို့ ဗိုလ်ချုပ်အောင်ဆန်းရေ
ရာဇဝင် သမိုင်းတစ်ခေတ် ဆန်းသစ်ခဲ့ပေ……..
surmi
February 14, 2013 at 11:01 pm
ကျုပ်လည်း အဲဒီနှစ်ပုဒ်လုံးကြိုက်လို ့ရှယ်လိုက်သေးတယ်
ဆန် ့ကျင်ဘက် ရသတွေလေ
ရေးသောသူများကို အထူးချီးကျူးပါတယ်ဗျာ
kai
February 15, 2013 at 5:07 am
ကဗျာ
ခင်ဗျာ့ရေးဟန်က.. စိတ်ဝင်စားစရာကောင်းတယ်..
စာရွက်က ကလောင်ကို ဖိရေးတာလား
ကညစ်က ပေပေါ်ခြစ်ပြေးတာလား
သွေးတွေညှစ်ညှစ်ချ
နှလုံးထဲ ရင်ဘတ်ကြီး ကျကျန်ရစ်ခဲ့တဲ့ကဗျာ…။
မိုချို
February 15, 2013 at 10:33 am
အပေါ်က ကဗျာတွေ ဖတ်ပြီးရင်ထဲ တလှပ်လှပ် နဲ့ မျက်ရည် တွေ ဝဲ လာ နေတာ အဘဖော တင်ထား တာ ဆက် ဖတ်ပြီး တခွီးခွီး နဲ့ မျက်နှာ ပိုး ကို သတ် မရဘူး။ ဒီ ပိုစ့် တပုဒ် ထဲ နဲ့ ရသ ပေါင်း စုံ ခံ စားလိုက် ရတယ်။ ရေးတဲ့ သူတွေ တွေး လည်း တွေး တတ် ကြ တယ်။
ခိုင်ဇာ
February 15, 2013 at 12:35 pm
“”ခဏခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး””
.by Heinn FiveStrings on Tuesday, July 17, 2012 at 7:39pm ·…
ဟောဒီမြို့ကလေးမှာ …
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း …… ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက …
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို … အဲ့လို။
ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။
”မောင်ဖာ … မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ” တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။
အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။
ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
”အချိန်ပိုင်း တည်းခိုနိုင်သည်” ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။
ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုစိန်နဲ့ အတွေ့၊ စာရိတ္တသတိ္တကို လှစ်ခနဲအပြ
”ကျုပ်မှာ ကာမပိုင်နဲ့ ဗျ” တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။
သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
”ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်” ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။
တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
”’ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ”’ တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။
နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။
၃၂ နှစ်သားကလေးဟာ …
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။
အဝတ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။
ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
”ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ” တဲ့ ..
၉ရ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇဝင်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇဝင်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။
ဟိန်း (17.7.2012)
ခရမ်းရိပ်မဂ္ဂဇင်း ၊ ဩဂုတ် 2012
ခိုင်ဇာ
February 15, 2013 at 12:36 pm
အခုလောလောဆယ်တော့ ဒီ ကဗျာရှင်ရဲ့ ပို့(စ) တွေပဲဖတ်မိပြီး သဘောကျနေတယ်။
လုံမလေးမွန်မွန်
February 15, 2013 at 10:54 pm
ပို့စ်ကို မြင်နေရတာကြာပြီ…ခုမှ ဝင်ဖတ်ဖြစ်တယ်.. စောစောမဖတ်ဖြစ်လိုက်ရတာတောင် စိတ်မကောင်းဘူး..ဒီလောက်ကောင်းတဲ့စာတွေကို ခုမှဖတ်ရတယ်…
ဂန္ဓာရီ ဆြာအုပ်
February 15, 2013 at 11:08 pm
ခုမှ ဖတ်မိလို့နောင်တရမိပါတယ်
တော်သေးတာက ဖတ်မိလိုက်လို့ပါ
တို့ မြန်မာတွေ အားလုံး ဗိုလ်ချူပ်လိုစိတ်ဓာတ်ရှိကြရင် ဖြင့်…