၁၃၇၆ နှစ်သစ်တွက် လက်ဆောင်-ဆင်ခြင်တတ်က အကျိုးရ
ပရပဋိဗဒ္ဓါ မေ ဇီဝိကာတိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
( အဘိဏှသုတ်။ အင်္ဂုတ္တရနိကာယ။ ဒသကနိပါတ်။ )
သာသနာနှစ် ၂၅၅ရ ၊ခရစ် နှစ် 17.4.2014.
၁၃၇၆ ခုနှစ် တန်ခူးလဆုတ် ၃ရက် မြန်မာနှစ်ဆန်း ၁ရက်နေ့
မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီ လမ်း အိမ်အမှတ် 718(C) ဦးသင်းအောင်-ဒေါ်စန္ဒာဝင်းအောင်၊ညီမ ဒေါ်သန္တာဝင်းအောင်၊ဒေါ် နွယ်နီဝင်းအောင်နှင့် မောင်နှစ်မ တစုတို့၏ သီးပင်စားပင်ဝေဝေဆာဆာအရိပ်အောက်မှ မေတ္တာစံအိမ်တွင် ပြုလုပ်သော
ပကာသနမဖက်သော နှစ်ဦးပူဇာ ဓမ္မသဘင် အလှူ ၌
သစ္စာရွှေစည်ဆရာတော် အရှင် ဥတ္တမ၏ `ပဗ္ဗဇိတ အဘိဏှသုတ်´တရားကို နာကြားခွင့်ရခဲ့ပါသည်။
တရားကောက်နှုတ်ချက်လေးကို မိတ်ဆွေများသို့ ဓမ္မဒါန ပြန်ပေးလိုပါသည်။
ပဗ္ဗဇိတ=ရဟန်း
အဘိဏှ=အမြဲတမ်း
ရဟန်းတို့ဟာ မိမိရဲ့နေ့ ညဉ့်တို့ကို ဘယ်လို ပုံစံနဲ့ ကုန်ခဲ့သလဲဆိုတာကို အမြဲ ဆင်ခြင်နေရပါမယ်။(အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။)
လူပုဂ္ဂိုလ် တွေဟာလည်း ထို့အတူ ကိုယ့်ဘဝ အချိန်တွေကို ဘယ်လိုကုန်လွန်ခဲ့လဲဆိုတာ အမြဲ ဆင်ခြင်သင့်ပါတယ်။
ဒါမှသာ ကျန်ရှိနေတဲ့ အဖိုးတန် အချိန်တွေကို နှမျောတတ်၊တန်ဖိုးရှိအောင် အသုံးချတတ်မှာဖြစ်ပါတယ်။
ဆင်ခြင်ပုံ အကျဉ်းချုပ်
(၁)ငါ့ခန္ဓာကိုယ်သည် အိုတတ်သည်။
(၂) ငါ့ခန္ဓာကိုယ်သည် နာတတ်သည်။
(၃) ငါ့ခန္ဓာကိုယ်သည် သေတတ်သည်။
(၄)ငါချစ်အပ်၊မြတ်နိုးအပ်သော သက်ရှိသက်မဲ့တို့နှင့် မလွဲမသွေ ခွဲရမည်။
(၅)ငါပြုထားသောကံသာလျှင် အားကိုးရာရှိသည်။
မပြတ် ဆင်ခြင်ခြင်းဖြင့် ရမည့်အကျိုး
(၁) အိုခြင်းကိုဆင်ခြင်လျှင်-ငါငယ်သေးတယ်ဆိုသည့် ဝယမာန်ကို ပယ်နိုင်မည်။
(၂)နာခြင်းကိုဆင်ခြင်လျှင်-ငါကျန်းမာသေးတာပဲဆိုသည့် အာရောဂျမာန်ကို ပယ်နိုင်မည်။
(၃) တောင်ကျရေကဲ့သို့ အရှိန်အဟုန်နှင့်သာ နောက်မဆုတ်တမ်းသွားနေသော သေခြင်းကို ဆင်ခြင်လျှင်-ငါမသေသေးပါလားဆိုသည့် ဇီဝိတမာန်ကို ပယ်နိုင်မည်။
(၄)ချစ်အပ်မြတ်နိုးအပ်သော သက်ရှိသက်မဲ့တို့နှင့် ခွဲရမည်ကို ဆင်ခြင်လျှင်-ထိုအရာတို့အပေါ် ငဲ့ကွက်မှု ဟူသော အပေါ်ယံကြည့်လျှင် ခပ်လျော့လျော့ထင်ရသော်လည်း အလွန်ပြတ်ခဲပြေခဲသည့် သံယောဇဉ်ကြိုး (ဆန္ဒရာဂ)ကို လျော့ပါးစေနိုင်မည်။
(၅)ကံသာလျှင်အားကိုးရာရှိသည်ဟု ဆင်ခြင်လျှင်-အဖြစ်များဆုံး မကောင်းမှုဖြစ်သည့် မနောကံ ဒုစရိုက် ရှောင်နိုင်မည်။
မနောကံလုံလျှင် ဝစီကံ၊ကာယကံပါ ခြုံမိမည်။
ဆောင်ပုဒ်
အိုနာသေကွဲ၊
ကံနှစ်တွဲ၊
အမြဲနေ့တိုင်းရှု။
ဤသို့ နေ့ညမပြတ်ဆင်ခြင်ခြင်းဖြင့် ငါမမြဲခြင်းသဘောမှ တဆင့်
မမြဲသောလောကကို မြင်နိုင်သောကြောင့်
မမြဲခြင်းဖြင့် ဆင်းရဲသော ဒုက္ခသစ္စာကို ပိုင်းခြားသိ၍
မဂ်ဉာဏ်ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းအကျိုး ရမည်မလွဲပါ။
ဌိတိသုတ္တံတွင်လည်း မြတ်စွာဘုရားက
ကုသိုလ် တည်တန့်အောင်လုပ်နိုင်လျှင်ပင်-မချီးမွမ်းထိုက်သေး။
ကုသိုလ် ဆုတ်ယုတ်စေလျှင်-ဆိုဖွယ်ရာမရှိ။
ကုသိုလ်တိုးပွားအောင်လုပ်နိုင်မှ- ချီးမွမ်းထိုက်၏။
ဟု ဟောကြားအပ်ပါသည်။
သို့ဖြစ်၍ ရဟန်းပုဂ္ဂိုလ် လူထိုထိုတို့သည်
ရေခွက်မှာ မျက်နှာရိပ်ကို ကြည့်သူသည်
အညစ်အကြေးရှိလျှင်ဖယ်ရှား၍
အညစ်အကြေးမရှိလျှင် ဝမ်းမြောက်နိုင်သကဲ့သို့
မိမိတွင်
မကောင်းသော အဘိဇ္ဈာ(သူ့ပစ္စည်းကိုရလိုမှု)၊
ဗျာပါဒ(သူ့အသက်ကိုသေစေလိုမှု)၊
ထိနမိဒ္ဓ(ထိုင်းမှိုင်းငိုက်မျည်းနေမှု)၊
ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မှု)၊
ကုက္ကုစ္စ(နောင်တတဖန်ပူပန်မှု)စသည် တို့ အဖြစ်များမများကို အမြဲဆင်ခြင်ရာ၏။
အကယ်၍ မကောင်းမှုများ ရှိနေပါက ဦးခေါင်း/ကိုယ်ပေါ်တွင် ဝတ်သောအဝတ်ကို မီးစွဲလောင်လျှင်
အဆောတလျင်ငြိမ်းသည့် ဝီရိယဖြင့် ကြိုးစား ဖယ်ရှားသင့်ပါသည်။
ထို့ပြင် မိမိသန္တာန်တွင်
စိတ်နှလုံးကို ငြိမ်းအေးစေတတ်သော အဓိစိတ္တခေါ် သမထတရားများ ရှိသလား၊
ဖြစ်ပျက်သိတတ်သော အဓိပညာခေါ် ဉာဏ်ရှိသလားဟုလည်း
ဆင်ခြင်ရပါမည်။
သမထရှိပြီး ပညာမရှိလျှင် သမထပေါ်ရပ်တည်၍ ပညာရအောင်လုပ်ရပါမည်။
ပညာရှိပြီး သမထမရှိလျှင် ပညာပေါ်ရပ်တည်၍ သမထရအောင် လုပ်ရပါမည်။
၂မျိုးလုံးမရှိလျှင် ရှိအောင်ကြိုးစားရပါမည်။
ဤသို့ ကြိုးစားနိုင်ခြင်းသည် ဆင်ခြင်ခြင်းမှ အစပြုပါသည်။
အချုပ်အားဖြင့် မိမိတို့သန္တာန်တွင် မကောင်းတာရှိလျှင် ဆင်ခြင်၍ ပယ်နိုင်အောင်ကြိုးစားခြင်း၊
ကောင်းတာရှိလျှင် ဆင်ခြင်၍ တိုးပွားအောင်ကြိုးစားခြင်း ဖြင့်
၁၃၇၆ ခုနှစ်သစ်ကို ကုသိုလ်ဖြင့်စလျက်
နောင်နှစ်များတွင်လည်း ကုသိုလ်ဆက် သွားစေနိုင်အောင် ကြိုးစားကြစေလိုပါသည်။
ဆင်ခြင်ခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်တိုင်သော အကျိုးထူးများ ရနိုင်ကြပါစေ။
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၄။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို ့နှင့် အရပ်တစ်ပါးသို ့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘဝတစ်ပါးသို ့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
အဘိဏှသုတ်
12 comments
padonmar
April 17, 2014 at 6:45 pm
ဒီပို့စ်ကို ဖဘမှာ ရေးပြီးတော့ ဂဇက်ထဲတင်ရင်ကောင်းမကောင်း စဉ်းစားရသေးတယ်။
သူကြီးက ပလ္လင်ပေါ်က တရားဟောတာကို အောက်ကလူတွေက လက်အုပ်ချီ မှန်ပါ့လုပ်ရတဲ့ တရားပွဲတွေလို့ အမြဲပြောလေ့ရှိတာကိုး။
ဒါပေမယ့် ဖဘ မိတ်ဆွေ မဟုတ်တဲ့သူတွေလည်း သိထိုက်တဲ့ အကြောင်းအရာမျိုးဖြစ်တာက တကြောင်း၊
၁၃၇၆ နှစ်ဆန်း၁ရက်မှာ ကိုယ်ကနေ သူတပါးအကျိုးရှိမယ့် လက်ဆောင်ပေးချင်တာကတကြောင်း၊
ဒီတရားပွဲက ပကာသနမပါတဲ့ ရိုးရှင်းပြီး တရားကိုသာ အဓိကထားတဲ့ တရားပွဲမို့ ဂုဏ်ပြုလိုတာက တကြောင်း၊
သစ္စာရွှေစည်ဆရာတော်ရဲ့ ဉာဏ်ရည်နဲ့ တရားပေါ် အလေးထားပုံ၊တရားစာမှာ ကျွမ်းကျင်ပုံ၊တရားဟောတိကျပုံ၊လာဘ်လာဘအမှုမထားပုံတို့ကို ကြည်ညိုတာကတကြောင်း၊
အကြောင်းကြောင်းတွေ ကြောင့်
သူကြီးကြိုက်ကြိုက်မကြိုက် ရွာတွင်းဒီမိုကရေစီအရ တင်လိုက်ပါတယ်။
ရွှေ ကြည်
April 19, 2014 at 10:19 pm
သူကြီးမကြိုက်ပေမယ့် ကြိုက်တဲ့သူတွေရှိတယ် တင်သာတင်ပါ အန်တီဒုံ
ဒါကိုပိတ်ပင်တားမြစ်မယ် ထော်လော်ကန့်လန့်တိုက်မယ် ကပ်တီးကပ်ဖဲ့တွေပြောလာရင်
သူကြီးလည်း အာဏာရှင်ပဲ ဒီမိုဟုတ်တော့ဘူး (ဟီး ဟီး ရောက်တုန်းရောက်ခိုက်လေးပြောရတာ)
padonmar
April 19, 2014 at 10:33 pm
အားကောင်းမောင်းသန် ရွှေကြည်လေး ကိုယ့်ဖက်ကရှိနေမှတော့
သူကြီးကိုလည်း ကြောက်ပါဘူးကွယ်။
snow smile
April 17, 2014 at 7:40 pm
ကြိုး စား ပြီး ဆင် ခြင် နိုင် သ ထက် ဆင် ခြင် ပါ့ မယ် မမ မာ ရေ
ကေဇီ
April 17, 2014 at 8:47 pm
မျှဝေမှု အတွက် သာဓုပါ အာတီဒုံ။
နို့မို့ နေ့စဉ်ဘဝမှာ သတိလက်လွတ် အမြဲဖြစ်နေတာပါ။
ဖတ်မိလိုက်တဲ့ အချိန်လေး အသိကပ်နိုင်ရင်ကို တော်သေးလို့ မှတ်နေရတဲ့ ဘဝပါ။
ကိုပေါက်(မန္တလေး)
April 17, 2014 at 10:42 pm
မှန် ပါ့ ကျောင်း ဒ ကာ မ ကြီ း တို့ ရေ
alinsett (gazette)
April 18, 2014 at 1:56 pm
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၄။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို ့နှင့် အရပ်တစ်ပါးသို ့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘဝတစ်ပါးသို ့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
—————–
အဲဒါလေး.. အထပ်ထပ် အခါခါ ရွတ်တော့မယ်…
black chaw
April 19, 2014 at 3:33 am
၄ဝ ကျော် က နေ ၅ဝ နီးလာပြီဆိုတော့
အို နာ သေ ဆိုတာတွေ ကို
ရင် ဆိုင် ဖို ့ပြင် ဆင် နေရပါပြီ။
သတိပေး တဲ့ အတွက် ကျေးဇူးပါ အစ် မ ရေ။
TNA
April 19, 2014 at 3:23 pm
သတိမလွတ်ဖို့အတတ်နိုင်ဆုံးကြိုးစားပါ့မယ်အန်တီဒုံရေ
lu lu
April 19, 2014 at 7:00 pm
မေ့နေတတ်တာလေးကို သတိတရ ဖြန် ့ဝေးပေးတဲ့ အတွက်
ကျေးဇူးတင် ရင်း သာဓု ခေါ်ပါတယ်
သာဓု သာဓု သာဓု
kyeemite
April 28, 2014 at 3:54 pm
အခုမှဖတ်မိတယ်အာတီဒုံရေ…သတိပေးလက်ဆောင်ကောင်းလေးကိုဖတ်ပြီး
သတိထားဖို့ ကြိုးစားပါ့မယ်လို့…
Ma Ma
April 29, 2014 at 4:33 pm
ဒီပိုစ့်ကို ဖတ်တော့ ဖတ်မိတယ်။
ရမ်းသရူးဖြစ်နေလို့ မမန့်ရသေးတာ။
အခုမှ သေသေချာချာဖတ်ပြီး နှစ်သစ်လက်ဆောင်ယူသွားတယ်ဆိုတဲ့အကြောင်း……….. 🙂