သူမ သို့ ဝန်ခံချက်…
ဒီနေ့ သွားဆရာဝန် နဲ့ ချိန်းထားတယ်…
ကျမ ရဲ့ ညာဘက် အပေါ်ကအစွန်ဆုံးအံသွားက စောင်းစောင်းကြီးထွက်နေတယ်။ သူပိုရှည်ရှည်လာလေ အောက်ကသွားဖုံးနဲ့ ပါးစောင်ကို ထိုးဝင်လာလေဖြစ်နေတယ်။ ပါးစောင် ကသိပ်မသိသာပေမဲ့ အောက်သွားဖုံးကိုထိုးခွဲသလိုဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီ မှာက သွားမရှိဘူး။ အဲ့ဒီ အံသွားကိုလည်းနှုတ်ထားတာ ပေါက်ကတည်းကပဲ။ ကျမရဲ့အံသွားတွေက အတည့့်မထွက်ပဲ စောင်းပြီးထွက်လာကြတယ်။ အဲ့တော့ အရှေ့သွားတွေကို တွန်းထိုးသလိုဖြစ်ပြီးယိုင်ကုန်မှာစိုးလို့သွားဆရာဝန်ပေးတဲ့ အကြံအတိုင်းအကုန်နှုတ်ပစ်လိုက်တယ်။ အခုသွားကအဲ့ဒီတုန်းကမပေါက်သေးပဲကျန်နေခဲ့တာ။
ပထမတော့ အမှတ်တမဲ့နဲ့နေလာတာ. အပူတွေကြောင့့်သွားဖုံးတွေယောင်တယ်ပဲထင်နေခဲ့တာ။ ၂ ရက် ၃ရက်လောက်နေလို့ ပျောက်မသွားတော့ သံသယ ဝင်လာပြီး သေသေချာချာ ကြည့်မိတော့မှ….သူ့ကအောက်သွားဖုံးကိုထိုးခွဲနေတာ တော်တော်နက်နေပြီး အဲဒီက နာ နေတာ။ အစား စားရတာ အဆင်မပြေဘူး။ ပါးစပ်ကိုနည်းနည်းလေးဟထားရင်တော့ သက်သာတယ်။ ဒါပေမဲ့ မေးရိုးတဝိုက်ကလည်းနာနေတယ်။
အဲ့ဒီတော့ သွားနှုတ်ဖို့စဉ်းစားရပါရော။ ကြားဖူးနားဝ ဒီမှာ သွားနဲ့ပတ်သတ်တဲ့ treatment တွေက တော်တော်ဈေးကြီးတယ်လို့။ စင်း ဒေါ်လာ ထောင်ဂဏန်းအထက်မှာရှိတယ်လို့။ အဲ့ဒီတော့ ပထမဦး ဆုံးစဉ်းစားတာရန်ကုန်ပြန် ပြီးခွဲထုတ်ဖို့။
သွားနာတာက သက်သာမလာဘူး။ အင်း သွားနာတာဟုတ်ဘူး..သွားဖုံးနာတာ။ တစ်ဖက်တည်းနဲ့ ဝါးရလွန်းလို့ အဲဒီသွားတွေကလည်းနာလာပါရော။ ရုံးကလည်းခွင့့်ယူဖို့မလွယ်ဘူး အလုပ်တွေ အရမ်းများနေတော့။ ရန်ကုန်ပြန်ရင် အနည်းဆုံး ခွင့်တစ်ပတ်လောက်ယူရမယ်။ အဲ့ဒီတော့ ဖြစ်ချင်ရာဖြစ် ဒီက သွားဆေးခန်းပဲသွားတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ ကြောက်တာက ဈေးနှုန်းရယ် သူတို့ရဲ့ ဆက်ဆံမှု/ဝန်ဆောင်မှုရယ်။
အသိတစ်ယောက်က သတင်းပေးတယ် မြန်မာသွားဆရာဝန်ရှိတယ်သွားပြပါလားတဲ့။ အင်းပေါ့ အတိုင်းထက်အလွန်ပေါ့။ ဖုံးနံပါတ်တောင်းပြီး appointment လုပ်တာ မရဘူး။
နာကျင်မှုကရပ်မသွားဘူး။ လူကပေပေတေတေ ဆိုတော့ အစား စားလို့တော့ဝင်တယ်။ သူငယ်ချင်းတွေ က ညာနေတယ်ပဲထင်ကြသလား သဲလွန်းတယ်ပဲထင်ကြသလားမသိဘူး။ အစားအသောက်မပျက်လို့။
ညာတာနဲ့ပတ်သတ်လို့ ကျမ အခုအချိန်အထိ သူတစ်ပါးကို နစ်နာစေလိုစိတ်နဲ့မညာဘူးသေးဘူး။ စရင်း နောက်ရင်း ညာပြောခဲ့တာတွေတော့ရှိခဲ့လိမ့်မပေါ့။
အဲ့ဒီမှာ ကျမမောင်လေးကပြောပါလေရော နင့်သွားတွေမကောင်းတာ နင်ဟိုဘဝက ညာပြောလို့တဲ့။ ဘာာာ….နင်ငါ့စိတ်ကိုအရောင်လာမဆိုးနဲ့လို့..ငါဟိုဘဝကလူညာပါလို့ ငါ့ကိုယ်ငါ သိမ်ငယ်အောင်မလုပ်ဘူးလို့ ပြန်ပြောလိုက်တယ်။ အမှန်တော့ သူက ကျမကို စ,နောက် နေတာ။
အင်း တစ်ဖက်ကိုရောက်ကုန်တော့မယ်။
ခွဲထုတ်မှ ဖြစ်မယ့်အရာအတွက်အချိန်မဆွဲချင်တော့ဘူး။ အဲဒီတော့ ရက်ချိန်းရတဲ့ အိမ်နားက ဆေးခန်းကိုပဲသွားဖို့ လုပ်လိုက်တော့တယ်။ အရင်သွားတွေတုန်းက သွားဖုံးတွေခွဲထုတ်ပြီးပြန်ချုပ်ပေါ့။ တစ်ပတ်လောက်ပါးစပ်ထဲမှာ သွေးတွေစီးခဲနေသလိုဖြစ်ခဲ့တာ ထုံဆေးတွေ ပျယ်သွားချိန်မှာ တော်တော်နာကျင်နေခဲ့တာမှတ်မိနေတုန်းဆိုတော့ နည်းနည်းတော့ကြောက်ပါတယ်။
ကိုယ့်ဘာသာကိုယ်တွေးပြီးကြောက်နေမိတယ်။ အပေါ်သွားကနှုတ်ရခက်တယ်။အတွင်းပိုင်းမှာ ပြီးတော့စောင်းနေတာ။ အရင်သွားတွေလို ဆရာဝန်ကြီး တပည့် ဗလကောင်းကောင်းနဲ့ လူကြီးက တူကြီးနဲ့ထုခွဲသလိုများလုပ်လိမ့်မလားပေါ့။ ဒါကနာကျင်မှုအပိုင်း။ ဒီမှာ က လုပ်အားခရယ် အချိန်ရယ်က ဈေးကြီးတော့ ငါ့ကိုဘယ်လောက်တောင်တောင်းမလဲပေါ့။ ပြီးတော့ ပညာတတ်တွေထုံးစံ မောက်မောက်မာမာ ဆက်ဆံမလားပေါ့။ သံသယတွေ မြောက်များစွာနဲ့ ဆေးခန်းရောက်သွားခဲ့တယ်။
ဆေးခန်းကသိပ်မကြီးပါဘူး..ဆရာဝန်တစ်ယောက်တည်းရှိတာ။ အမျိုးသမီးလား အမျိုးသား လား မသိအောင်သူတို့နာမည်တွေက ဆင်တူတယ်။ ဘာပဲဖြစ်ဖြစ်အမျိုးသားဖြစ်ပါစေလို့မျှောင်လင့်ခဲ့မိတယ်။ သူတို့က ပိုစိတ်ရှည်မယ်။သေသေချာချာသပ်သပ်ရပ်ရပ်လုပ်နိုင်မယ်ပေါ့။
ဆေးခန်းရောက်တော့ လိုအပ်တဲ့ဖောင်တွေဖြည့် ခဏထိုင်စောင့်။ အကူ၃ယောက်ကတော့ စလုံး မလေး တွေပဲ။ ခေါင်းမြီးခြုံထားကျတယ်။ အဲ့လိုနဲ့ ကိုယ့်နာမည်ခေါ်ပြီး အခန်းထဲလိုက်ပို့ပေးတော့……….အခန်းထဲမှာ စင်ကာပူရန်း ကောင်မလေး ခပ်ငယ်ငယ်တစ်ယောက်။ နည်းနည်းအံ့ဩသွားတယ် ပြီးတော့နည်းနည်း သံသယဝင်သွားတယ်သူလုပ်နိုင်ပါ့မလားပေါ့။ အရင်တုန်းက ယောက်ကျားကြီးတွေ တူနဲ့ထု ပလာယာနဲ့ဆွဲထုတ်ဖူးတာကိုမမေ့သေးတေ့ာ။ ဒါပေမဲ့ ရောက်မှတော့ မထူးဘူး ခွဲရမှာပဲပေါ့။
ပထမ ဦးဆုံး သူက History နည်းနည်းမေး။ သွားအကုန်လုံးကို တစ်ချက် စစ်တယ်။ လုပ်ရမဲ့ အပိုင်းတွေ ရှင်းပြပြီး ဈေးနှုန်းတွေပြေပြပါတယ်။ အဲ့ဒီ မှာ တစ်ခါထပ်ပြီး အံ့ဩရပါလေရော။ ကိုယ်က ဈေးသိပ်ကြီးမယ်လို့ထင်ထားတာ။ ဘာပဲဖြစ်ဖြစ်ရန်ကုန်ပြန်ရင် လေယဉ်ခတွေ စရိတ်တွေနဲ့ မနည်းဘူး ဒီမှာပဲခွဲမယ်လို့ဆုံးဖြတ်ခဲ့ပြီးလာခဲ့တာ ဘယ်လောက်ကျကျပေါ့။ သူပြောပြတဲ့ဈေးနှုန်းတွေ က ပရောဖက်ရှင်နယ်တစ်ယောက်ရဲ့ လုပ်အားခရယ် အချိန်ရယ် အတွက်ပေးရဖို့ မနှမျောသင့်တဲ့ ဈေးနှုန်းတွေပါ။ ခွဲစရာမလိုရင်မခွဲဘူးလို့လည်းပြောပါတယ်။ အရင်ဆုံးဓာတ်မှန်ရိုက်ပေါ့။ ဓာတ်မှန်ရိုက်တော့လည်း သေသေချာချာ သပ်သပ်ရပ်ရပ်ပါပဲ။ စက်ရယ်အသုံးအဆောင်တွေရယ် က စနစ်တကျနဲ့သပ်သပ်ရပ်ရပ်။ ရိုက်ပြီးသွားတဲ့ အခါ သူကိုယ်တိုင်မော်နီတာပေါ်ကမြင်ရတဲ့ သွားပုံသဏန်ရယ် သွားအမြစ် အနေအထားကိုရှင်းပြပြီး ခွဲစရာမလိုဘူးတဲ့။ စောင်းနေတဲ့အပိုင်းပဲ သူ့အတွက်နည်းနည်းအခက်အခဲရှိတယ်တဲ့။ ဒါပေမဲ့ အိုကေ ပါတဲ့။
အခုအချိန်ထိ အရာရာအားလုံးက အဆင်ပြေပြေပဲ။ ဒါပေမဲ့ သံသယတော့ ရှိသေးတယ်။ ငါ့ပါးစပ်ကို ဟ အထဲနှိုက် ပြီး မထိချင် မတို့ချင် မတူမတန်သလိုပုံစံဖမ်းဦးမလားပေါ့။ အဲ့ဒါမျိုးတွေလည်းကြုံဖူးခဲ့တော့ သူ့ကိုအကဲခပ်ကြည့်မိနေတယ်။
အိုး….ကျမရဲ့သံသယတွေ မှားသွားတယ်။ သူမ က လူငယ်ပေမဲ့ တကယ် ပရောဖက်ရှင်နယ်ဆန်တယ်။ ကျေနပ်စရာကောင်းတဲ့ ဝန်ဆောင်မှုကိုပေးတယ်။ စက်ပစ်စည်းတွေ အကူအညီနဲ့ သူမ ရဲ့သပ်ရပ်တိကျတဲ့ ကျွမ်းကျင်မှုရယ် သူမရဲ့ တွဲဖက်အကူ ရဲ့ ကူညီမှုနဲ့ နာကျင်မှုနည်းနည်းနဲ့ ြပြသနာပေးတဲ့သွားက်ိုအောင်မြင်စွာနှုတ်လိုက်နိုင်တယ်။ (အရင်ဘဝ က အလိမ်အညာတွေ အဲ့ဒီသွားနဲ့ပါသွားပြီ။ ဟီး နောက်တာနော်။တော်ကြာ လှောင်တယ်ထင်ပြီးစိတ်ဆိုးကြဦးမယ်)
သွားမနှုတ်ခင် နှုတ်မဲ့သွားတဝိုက်သန့်ရှင်းရေးလုပ်ပြီး ထုံဆေးနည်းနည်းပေးပါတယ်။ ပြီးတော့ သွားတွေအကုန်လုံးကိုသန့်ရှင်းရေးလုပ်ပေးပြီး ပေါလစ်တိုက်ပေး Floss နဲ့တစ်ချောင်းခြင်း သွားကြိုသွားကြားမကျန်သူမကိုယ်တိုင်လုပ်ပေးတယ်။ နောက်ဆုံးမှ သွားကိုနှုတ်ပါတယ်။ နဲနဲနာကျင်တာလွဲပြီး နှုတ်ပြီးသွားမှန်းတောင်မသိလိုက်အောင်ကျွမ်းကျင်ပါတယ်။ စိတ်ထဲကနေ သူမကို ပြန်တောင်းပန်မိနေတယ် အထင်မှားခဲ့မိတာတွေကို။ အဲ့ဒီဆေးခန်းမှာ အကုန်လုံး အမျိုးသမီးတွေချည်းပဲ။ သူမ က အသက် အငယ်ဆုံးဖြစ်လိမ့်မယ်။
ဒီအဖြစ်အပျက်နဲ့အတူစိတ်ထဲရောက်လာတာက အရင်တစ်နှစ်ရန်ကုန်ပြန်တုန်း က Medical Check up လုပ်တာ။ နာမည်ကြီးဆေးရုံကြီးရဲ့ အခွဲတစ်ခုမှာပေါ့။ ရောဂါထူးထူးထွေထွေမရှိပဲ လာရှုပ်ရပါမလားဆိုတဲ့ပုံစံ ဆက်ဆံခံလိုက်ရတယ်။ ဘာမှလဲသေသေချာချာ မပြောပြပဲ ဆေးမှတ်တမ်းတွေပေးလိုက်လို့ ဒီမှာပြန်မေးရတယ်။ အရေပြားအထူးကုကအဆိုးဆုံး။ နင်တို့က ဒီမှာဈေးပေါတယ်ဆိုပြီးလာပြတာလားတဲ့။ လစာတွေလည်းလျှောက်မေးတယ်။ ပရောဖက်ရှင်နယ် မဆန်ဘဲ အဲ့လို့စကားပြောတော့ အံဩရွံရှာသွားတယ်။
ဒီနှစ်တော့ ဒီမှာပဲ medical check up လုပ်လိုက်တော့တယ်။ ရန်ကုန်မှာဆိုရင်အချိန်လည်းကုန်တယ် ဟိုပြောဒီပြောတွေလိုက်ပြောတာလည်း မခံချင်တော့ဘူး။.ဒါပေမဲ့ အဲ့ဒီဆေးရုံက သွားဆရာဝန်ရယ် ultrasound ရိုက်ပေးတဲ့ ဆရာဝန်ကြီးကိုတော့ တကယ်လေးစားပါတယ်။ သေသေချာချာ လုပ်ပေးခဲ့ပါတယ်။
ပရောဖက်ရှင်နယ်ဆန်သော ပညာရှင်များအားအမြဲလေးစားအားကျမိပါတယ်။ အဲ့လို သူတွေကိုမွေးထုတ်ပေးတဲယူနီဗာစီတီတွေကိုအထင်ကြီးကြတာမလွန်ပါဘူး။
ဘွဲ့ဝတ်စုံနဲ့ ပဲပြုတ်တောင်းထမ်းတာတို့ ဂျာနယ်လက်ပွေ့ရောင်းတာတို့ က ပါဖောမန့် အနေနဲ့တောင်ရှက်စရာကောင်းတယ်လို့ ထင်မိပါတယ်။
15 comments
alinsett (gazette)
May 7, 2014 at 2:15 pm
ဒီမှာက ဆေးရုံဆေးခန်း သွားရတာ
တော်တော် စိတ်ပျက်စရာပါ။
—–
အင်းးး
ကျနော်လည်း ဟိုဘဝက သူများကို ညာပြောခဲ့ဖူးလားမသိ
Iris
May 7, 2014 at 3:40 pm
အကုန်လုံး မဟုတ်ပါဘူး တစ်ချို့တော်တော်လေးစားဖို့ကောင်းသူတွေမြင်ဘူးပါတယ်။ ဒါပေမဲ့ အများစုက ဒီပုံစံဆိုတော့။ တူမလေး သွေးလွန်တုပ်ကွေးဖြစ်ပြီးဆေးရုံတတ်တုန်း လက်ထောက်ဆရာဝန်မလေးဆိုညလုံးပေါက်တော်တော်ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်တာ တာဝန်ကျေတယ်။ သူမ ကိုလည်းမှတ်မှတ်ရရ လေးစားတဲ့ စာရင်းမှာထည့်ထားတယ်။
ကေဇီ
May 7, 2014 at 2:27 pm
ငင့်၊။
သများ မယ်ဒီကယ် ချက်ကပ်မလုပ်တာ ဘယ်လောက်ကြာပြီတုန်းမသိ။
ဇော်သန့်လာတိုင်း လုပ်ခိုင်းတာကို ပတ်ပြေးနေတာ။
ဈေးကြီးလို့ ။ ဒင်းက မောင့်အီး မှာ လုပ်ခိုင်းတာ။ နာ့ ပိုက်ဆံရှာရတာလွယ်မှတ်လို့ နော့။
:hint:
အာ့နဲ့ ပိုက်ပိုက်သက်သာအောင် ပြန်မှ ဒက်ဒီချစ်ပါး ဖေဖေရဲ့ သူငယ်ချင်းတွေ တစ်ယောက်ချင်းစီ ဆီ လိုက်ပြီးးးး စစ်မယ် စိတ်ကူးတယ်။
(အဲလို အကျင့်မကောင်းတာများးးး) :mrgreenn:
အံဆုံးကတော့ တစ်နှစ် တစ်ခါ နာပါတယ်ဆို။ နာတိုင်းလည်း တစ်ခုခု ဝါးနေရမှ သက်သာတာ။
ဟေးဟေးဟေးးး
အာ့ကြောင့် စိတ်ဖိစီး/သွားဖုံးကြွ/အံဆုံးယောင်/ အစားနဲ့ဖိ/ ပိုဝ လာ ဒီသံသရာလည်နေတာ။
ဒီက သွားဆေးခန်း ဈေးကြီးတယ် ဆိုလို့ သွားဘူးးး
ကမ်ပနီကဟာက သွားကျမပါဘူးးး ဟီးဟီးးး
:mrgreenn:
အိုင်းရစ်လေးရဲ့။
သူတို့က သူတို့ တက္ကသိုလ်ကို အထင်ကြီးတာလည်း မပြောနဲ့။
ပရော်ဖက်ရှင်ရယ်ကျအောင် တစ်ခါတည်း ထရိန်းလိုက်ပြီးသားးးး
တစ်ခါတစ်ခါ ဆို သူတို့ က စင်ကာပူ ယူ (Sg University) တို့ အိုဗာစီး ယူ တို့ ယှဉ်ယှဉ်ပြောရင် သိပ်စိတ်နာတတ်ပေမဲ့ ပြန်မပြောဖြစ်ဘူးးး
သင်ခဲ့တဲ့ စာအုပ်ချင်း တူတူမှာ နေရာပေးခံရတာတို့ စိတ်လုံခြုံမှုရှိတာတို့မှာကွာနေသေးတယ်။
😥
Iris
May 7, 2014 at 2:37 pm
ဟုတ်တယ် ကေဇီ။ အရင်တုန်းက သူတို့အဲလိုပြောရင် မုန်းတာ။ ဒါပေမဲ့ အဲ့လိုပြောကျတာက မျိုးဆက်သစ်လူငယ်တွေထဲမှာ တော်တော်ရှားလာပါပြီ။
Mr. MarGa
May 7, 2014 at 3:09 pm
Alma mater………..
ပို့စ်နဲ့ ဘာမှ မဆိုင်ဘဲ ကျနော် အဲဒီစကားတစ်လုံးကိုပဲ တွေးမိသွားတယ်။
Iris
May 7, 2014 at 3:35 pm
အင်း တွေးချင်သလိုသာတွေးပါကွယ်။ ကိုယ်စိတ်ကိုလုံခြုံဖို့လိုတယ်။ ပြောရရင်အဲ့ဒီ အရေပြားအထူးကုဆရာဝန်မကြီးကပြည်ပ နာမည်ကြီးကျောင်းက မာစတာယူထားတာ။
Crystalline
May 7, 2014 at 3:13 pm
မလဲ့ရာ…အဲဒီသွားအကြောင်းပြောရင်…စိတ်နာလွန်းလို့ပါ… :(( ကျမလည်း သွားရဲ့ဒုက္ခပေးခြင်းကို အသည်းအသန်ခံဖူးလို့… ကိုယ်ချင်းလည်းစာတယ်..
Iris
May 7, 2014 at 3:24 pm
ဟုတ်တယ် ခွစ်..တော်တော်ခံလိုက်ရတာ။ နောက်ဆုံးမနေနိုင်လို့ဖြစ်ချင်ရာဖြစ်ဆိုပြီး သွားနှုတ်ရတာ။ အဲ့ဒီမှာ ယှဉ်ပြီးမြင်မိတာ လေးတွေကြောင့်ရေးဖြစ်သွားတာ။
TNA
May 7, 2014 at 3:40 pm
ခုတလော အံ့လိုသွားတစောင်းပေါက်တာအတော်ခေတ်စားနေပါလား။ ရန်ကုန်မှာကို ခုတလောနှုတ်ပလိုက်ရတာ သုံးယောက်ရှိပြီ။ ဘာလို့လဲမသိဘူး။
Iris
May 7, 2014 at 3:45 pm
မမသဲ ကျမ အံဆုံးသွားတွေအကုန်စောင်းတယ်။ အဲဒါကြောင့် စပေါက်ကတည်းကနှုတ်ထားတာ ကြီးမှနှုတ်ရင်ပိုခံရမှာစိုးလို့။ အခုက လက်ကျန်တစ်ချောင်း။ ကျမထင်တယ် အခုမှဖြစ်တာမဟုတ်ဘူး။ သတိမထားကြလို့ထင်တယ်။ ကျမတော့ သွားဆရာဝန်အကြံပေးလို့ အကုန်နှုတ်ပစ်လိုက်တာ။
ROssI
May 8, 2014 at 12:50 am
ဖွားဖွားက သွားကုန်ဘီကိုး …
ဟိဟ..။
ဦးကျောက်ခဲ
May 8, 2014 at 9:52 am
ဟိုတလောက အံဆုံး စောင်းပြီးပေါက်တာ အတော်ခံလိုက်ရတယ်…
အပေါ်သွားတုန်းက ကွကိုယ် ကြိုးချည်ပြီး နှုတ်ပလိုက်တယ်…
အခုဟာက အောက်သွားဆိုတော့ နှုတ်မရ ပြုမရ… ထမင်းတောင် မစားနိုင်ဘူး…
ဒီမှာလည်း သွားက အတော်ဈေးကြီးလို့… အမာတောင် မကိုက်ရဲဘူး… ဟိ
😀
kyeemite
May 8, 2014 at 11:35 am
နှင်းခဲလေး ငုံငုံပေး အူးကျောက်..အနာသက်သာလိမ့်မယ် ..ငိငိ 😀
မီ မီ
May 8, 2014 at 1:38 pm
မြန်မာပြည်မှာ မြန်မာလိုနေတတ်ရင်
အဆင်ပြေပါတယ်ရှင်
naywoon ni
February 28, 2015 at 7:54 pm
အဲ့ ကျန်းမာရေး ကိစ္စ က ကံကောင်းတာလား ဘာလား မသိ ။ ၂၀၀၁ မြစ်ကြီးနား မော်စကိုက ပြန်လာပြီးကတည်းက ပါလာတဲ့ ငှက်ဖျား တိုင်းရင်းဆေးနဲ့ ၆ လ လောက် ကုလိုက်ရပြီးကတည်းက လုံးဝ ဖျားခြင်း နာခြင်း မရှိ ။ အဲ့ ၂၀၁၃ မှာလား ဆီးကျောက်တည်လို့ ဆေးခန်းပြေးပြီး ပါဆယ်အိတ်ဆွဲ လိုက်ရတာက လွဲလို့ ခုချိန်ထိ ဘယ်ဆေးခန်းမှမသွားရသေးဘူး ။ မက်ဒီကယ် ချက်ဖို့တစ်ခါသွားဖူးတယ် ။ ပစ္စည်းကရိယာ မစုံဘူး ။ ဘာရောဂါ မှလည်းမဖြစ်ဘဲ နဲ့ လို့ အပြောခံ လိုက်ဖူးတယ် ။ လူနာတွေ ကြားထဲ အပြောခံ ရတာ ။ ရှက်လို့ အဲ့ဆေးခန်းရှေ့ တစ်လ လောက် ဖြတ်မလျှောက်ဖူး 🙂