စကားလုံးများနဲ့ နေဝန်းနီ -၄
ခေတ်ပေါ်ကဗျာမှာ ကဗျာရေးသူက လူတိုင်းသိပြီး နားလည်ပြီးသား ကိစ္စလို့ ယူဆရင် နမိတ်ပုံနဲ့ သုံးပါတယ် ။ ဒီလိုပြောလိုက်ရင် အော် ဒါကိုပြောတာပဲလို့ ဖတ်တဲ့သူက ထင်မှတ်သွားစေတာမျိုးပါ ။ ဘယ်သူဘယ်ဝါ ခွဲခြားမပြတော့ပါဘူး ။ ဖတ်တဲ့သူ အတွေ့အကြုံ ဗဟုသုတ ရှိသလောက် ဆက်ပြီးတွေးနိုင်သလောက် ခံစားမှု ရနိုင်အောင် ဘောင်ခတ်မထားပဲ ရေးချလိုက်တာပါ ။ ဥပမာပြရရင် –
မှာ တင်ခဲ့တဲ ့မြေခွေးကို ပြရမှာပါပဲ ။
ကဗျာက တိုတိုလေးဘဲ ။
မမှီတဲ့စပျစ်သီးကို
ချဉ်တယ်လို့ လူတစ်ကာကို လိုက်ပြောရတာလဲအမောပါပဲ …….။
သူမှီတဲ့ စတော်ဘယ်ရီ သီးတွေကျတော့
ဘယ်သူ့မှ ခွဲဝေမကျွေး
သူတစ်ကောင်ထဲ စားပစ်လိုက်တယ် ….. ။
နေဝန်းနီ
အတ္တ ကြီးသူတွေကို မြေခွေးနဲ့ နမိတ်ပုံထိုးပြလိုက်တာပါ ။ ကဗျာရေးသူက တစ်ကယ့်မြေခွေး အကြောင်းကို ပြောနေတာမဟုတ်ပါဘူး ။ ကဗျာဖတ်တဲ့သူ အနီးပတ်ဝန်းကျင်က အတ္တ ကြီးသူတွေနဲ့ ယှဉ်ပြီးခံစားနိုင်ပါတယ် ။ ကဗျာရေးသူက ဘယ်သူဘယ်ဝါရယ်လို့ တိတိကျကျ ပြောပြမထားပါဘူး ။ ဆိုတော့ မြေခွေးနေရာမှာ လူတိုင်းကို အစားထိုးကြည့်နိုင်ပါတယ်။ ရှင်ဘုရင်ကနေ သူတောင်းစား အထိလူတန်းစား ခွဲခြားပြောမထားလို့ အစားထိုးပါ ရပါတယ် ။ ဆက်တွေးစေ့ချင်တာက အဲ့ဒိထဲမှာ ( ငါကော ) ကဗျာ ဖတ်နေတဲ့သူကော ပါနေသလား ။ ရေးတဲ့သူကတော့ မေးမထားဘူး ။ ကိုယ့်ဖာသာ ပြန်မေးစေ့ချင်တာ ။ ဒီလိုမပြောလိုက်ခင်ထိတော့ သေချာပါတယ် ။ ဖတ်မိတဲ့သူတိုင်းက “ဒါ ဟို လူကြီးတွေကို စောင်းရေးထားတာလို့” တွေးမိပြီး အဲ့နေရာမှာတင်ရပ်နေမှာ ။ ကဗျာရေးတဲ့ သူရဲ့ ဆန္ဒ အတိုင်း တွေးမိတဲ့သူ ရှိကောင်းရှိမယ် အားလုံးတော့ မတွေးမိလောက်ပါဘူး ။ ဟုတ်တယ်မဟုတ်လား ။
နောက် အဓိပ္ပာယ် တူတာကို သင်္ကေတ ပြုပြီး ရေးတာလဲရှိပါတယ် ။ အဲ့ဒါကတော့
ီ
2010 Oct 08 မှာ ရေးခဲ့တဲ့
” လူသားဆန်ချင်တဲ့ ဒုက္ခ ” ပါ ။ ခေါင်းစဉ် မှာကတည်းက သင်္ကေတ ပြုထားပါတယ် ။ ဘယ်ဟာက သင်္ကေတ လဲ ။ လူသားဆန်ချင်တယ်တဲ့ ရှင်ပါတယ် ။ ရှုပ်သွားနိုင်တာက “ဒုက္ခ ” မှာ နားထွေးသွားမယ်နဲ့ တူတယ် ။ လူ့ဘဝ ဆိုတာ ရခဲလှပေမဲ့ ဒုက္ခ ချည့်ပဲ လို့ ဘုရားဟော ရှိရဲ့မှတ်တယ်။ ဒုက္ခ သစ္စာ မှာလေ ။ အဲ့ဒိကနေ လူသားတစ်ယောက် ( ကဗျာရေးသူ ) သုံးမဲ့ အစား ဒုက္ခ ဆိုတဲ့စကားလုံးနဲ့ သင်္ကေတ ပြုထားတာပါ ။ ကဗျာတစ်ပုဒ်လုံးမှာ ပါတဲ့ ဒုက္ခ ဆိုတဲ့နေရာ တိုင်းမှာ လူသားတစ်ယောက် ( ကဗျာရေးသူ ) လို့ ပြန်အစားထိုးကြည့်ပါ ။ ကဗျာက
လူသားဆန်ချင်တဲ့ ဒုက္ခ
ငါ့မှာ
လက်ညိုးထိုးပြစရာဆိုလို့
ဒုက္ခတစ်ခုသာချမ်းသာခဲ့
အဲဒိဒုက္ခရဲ့ဇစ်ဖြစ်
ဘယ်ကဖြစ်တယ်ဆိုတာ
စဉ်းစားမနေပါနဲ့တော့
ဒုက္ခဟာဒုက္ခမျှသာဖြစ်ပါတယ်။။
တစ်ခါတစ်ခါ
သူ့ကိုယ်သူ
ဒုက္ခဖြစ်တယ်ဆိုတဲ့အကြောင်း
မတွေးမိဘူးတဲ့။။
တစ်ခါတစ်ခါတော့
ဒုက္ခဟာ…….
ဆံပင်ကိုဆေးဆိုး
လျှာထိုးဦးထုပ်ကိုဆောင်း
ဘွတ်ဖိနပ်ကိုစီးပြီး
လျှောက်လည်တတ်လေရဲ့။။
တစ်ခါတစ်ခါတော့
အင်တာနက်ဆိုင်ထဲမှာ
ရင့်ရော်မှုဆိုတာကိုမေ့ပြီး
ကောင်မလေးတွေနဲ့
chatting..ထိုင်လားထိုင်ရဲ့။။
တစ်ခါတစ်ခါကျတော့
ဘုံဆိုင်ထဲမှာ
အာဖောင်အာရင်းသန်သန်နဲ့
ငြင်းခုန်လားငြင်းခုန်ရဲ့။။
သူ့ရဲ့ဖြစ်တည်မှုကိုသူ
သတိမထားနိုင်တော့တဲ့အထိ
အခြားဒုက္ခတစ်ခုကို
တပ်မက်နေသတဲ့လေ……..။
တစ်ကယ်ပါပဲ
ရခဲလှတဲ့ဒုက္ခကို
ပိုးမွေးသလိုမွေးခဲ့
ပြုစုယုယခဲ့ရ…..။
ဒုက္ခဟာ
ဒုက္ခဖြစ်ရတဲ့အထဲ
နောက်ဒုက္ခတစ်ခုကိုတောင်
ချစ်ခဲ့…………..
ကြင်နာခဲ့……….
တန်းဘိုးထားခဲ့……..
လေးစားခဲ့…….
လောဘဖြစ်ခဲ့
ဒေါသဖြစ်ခဲ့…….။
တစ်ခါတစ်လေကျတော့
သူ့ကိုသူလောင်မြိုက်
တစ်မြေ့မြေ့ကြွေကျနေရတာကို
အရသာတစ်ခု…..
အဟာရတစ်ခုအဖြစ်သုံးဆောင်ရင်း
ဆေးလိပ်တစ်တိုကိုရှိုက်ဖွာရင်း
သူှု့ကိုသူပြန်လည်သုံးသပ်နေလေရဲ့…။
ဒုက္ခဟာ
ဘဝထဲမှာ
ကျေနပ်စွာနေထိုင်ရင်း
ရယ်လိုမောလို့
ပြုံးလို့ရွှင်လို့
မျဉ်းတစ်ခု
အစကအဆုံးကိုလျှောက်ရင်း
ပြုံးပြရတာလဲရှိရဲ့
ပြုံးပြမရတာလဲရှိရဲ့
အသုံးမကျတာတွေ
လူလုံးပြရတာတွေနဲ့
ဒုက္ခဟာလူသားဆန်စွာရှိနေလေရဲ့……။
နေဝန်းနီ
2010 Oct 08
လူ့ဘဝမှာ ဖြစ်ချင်တာ မဖြစ်ရပေမယ်လို့ လူသားတစ်ယောက်အနေနဲ့ သူလိုကိုယ်လို သူတတ်နိုင်သလောက်တော့ တန်းတူရည်တူ နေထိုင်ခွင့်ရှိတယ်မဟုတ်လား။ ဒါပေမဲ့ ကဗျာရေးသူရဲ့ (ဒုက္ခ ) ဘဝက ဒုက္ခ ဆိုတာကို မေ့မေ့သွားပြီး သူလုပ်ချင်တာတွေ လျှောက်လုပ်တော့တာ ။ ရေးခဲ့ / တင်ခဲ့ တာကြာပြီ ဆိုပေမဲ့ အဲ့ဒိအချိန်က လောလော လတ်လတ် ရေးဖြစ်တဲ့ ကဗျာ ပါ။ ရှေ့ က ကဗျာတွေက စကားလုံး လေးတွေ ကြိုက်လို့ သ်ိမ်းထားရာကနေ တိုက်ဆိုင်မှုအရ ပြန်သုံးခဲ့တဲ့ ကဗျာတွေပါ ။
ဆက်ပြောချင်တာက နေဝန်းနီရဲ့ ကဗျာတွေ နမူနာ ထုတ်ပြတာဆိုတော့ ဆိုလိုရင်း တွေက တိုက်ရိုက်ပြောတာက နဲပါတယ် ။ ကဗျာ ဆရာကြီး တစ်ယောက်ပြောဖူးတယ် ။ ဘယ်သူလဲတော့မမှတ်မိဘူး ။ ကိုယ်ပြောချင်တာတွေကို တိုက်ရိုက်ချရေးတာက ကဗျာနဲ့မတူဘူးတဲ့ ။ ဆဲနေတာနဲ့တူသတဲ့လေ ။ နမိတ်ပုံပြ သင်္ကေတ သုံးပြီး သွယ်သွယ်ဝိုက်ဝိုက် ပြေပြေပြစ်ပြစ် ပြောနိုင် ရေးနိုင်မှ ကဗျာပီ သတဲ့လေ ။ အဲ့တော့ ကဗျာ တစ်ပုဒ် ဖတ်မယ် ဆိုရင် အချိန်အားရှိမှသာ ဖတ်ကြပေရော့ ။ သတင်းစာ ဖတ်သလို ဖုတ်ပူမီးတိုက် ဖတ်ရင်တော့ ကဗျာရေးသူ ဆိုလိုချင်တာကို ထိထိမိမိ ရင်ထဲ ရောက်လာမှာ မဟုတ်ပေဘူး ။
နေဝန်းနီ
11:53 PM
May 20 2014
3 comments
pooch
May 21, 2014 at 7:36 am
2010 ဆိုတော့ ကျမရွာရှိမှန်းတောင်မသိသေးတဲ့အချိန်ပဲ
ခုနေဖတ်တာတော့ အသစ်လိုပါပဲ
alinsett (gazette)
May 21, 2014 at 9:24 am
လေ့လာ ခံစားသွားပါကြောင်းးး
——-
ကဗျာကို သတင်းစာဖတ်သလို ဖုတ်ပူမီးတိုက်ဖတ်ရင်တော့ ရင်ထဲရောက်လာမှာ မဟုတ်ဘူးဆိုတာလေး
သဘောတူပါကြောင်း
ကဗျာရေးသူက ရင်ထဲကလာတဲ့ အသံကို စာသားအဖြစ် ဖန်တီးပြလိုက်တာကို တိတိကျကျ ရဖို့ဆိုတာ မလွယ်တော့ မလွယ်ဘူးဗျ
ဟုတ်တယ်။
kyeemite
May 21, 2014 at 4:16 pm
ကျုပ်ကလည်း ကဗျာနဲ့ ခပ်ဝေးဝေးကောင်
ကဗျာတွေ ဖတ်သာဖတ်နေ သိတ်နားလည်တာမဟုတ်
ခုကိုနေ ရှင်းပြမှ..အော်..ဆိုပီး ရေးရေးမြင်လာတယ်…ကျေးဇူးပါဗျာ