မပြီးဆုံးနိုင်သော ပုံပြင် တစ်ပုဒ်
မပြီးဆုံးနိုင်သော ပုံပြင် တစ်ပုဒ်
ကန်စပ်နဘေးက ဒီဆိုင်လေးကို ကျွန်မ မရောက်ဖြစ်ခဲ့တာ နှစ်နှစ်နီးပါးကြာခဲ့ပါပြီ။
ယခင်ကတော့ ဒီဆိုင်ကလေးက Tourist တွေလည်း အစားများပြီး၊ အစားအသောက် ကောင်းလွန်းတာကြောင့် ကျွန်မတို့မိသားစု အပတ်စဉ်လိုလို၊ တခါတရံ တစ်ပတ် နှစ်ရက်လောက်လိုလို ရောက်ဖြစ်ကြပါသည်။
ဒါပေမယ့် နောက်ပိုင်း စင်တင်တေးဂီတနဲ့ တွဲလိုက်တော့ ပိုမိုစည်ကားလာပြီး လူလည်း ပိုများလာတာကြောင့်ရယ်၊ မျက်စေ့နည်းနည်း ရှုပ်လာတာရယ်၊ တချို့တချို့သော မိန်းကလေးတွေနဲ့ အမျိုးသားတွေရဲ့ နေပုံထိုင်ပုံတွေရယ်ဟာ ကျွန်မရဲ့သားအတွက် စပ်စုစရာလေးတွေ ဖြစ်လာတာတွေ ရယ်ကြောင့် ကျွန်မ မရောက်ဖြစ်တော့ပါ။
ဒီနေ့တော့ သူငယ်ချင်းက သူ့ရဲ့ မင်္ဂလာဧည့်ခံပွဲအပြီး အရင်းနှီးဆုံး သူငယ်ချင်းတွေကို ပွဲလေး တစ်ပွဲလုပ်ပေးတော့ ကျွန်မ ဒီဆိုင်လေး ကို ပြန်ရောက်လာမိပါတယ်။
ကျွန်မကိုတွေ့တယ်ဆိုရင်ပဲ ဆိုင်မှ စားပွဲထိုးကောင်လေးတွေက တန်းမှတ်မိပြီး…
“အမ သားမပါဘူးလား” လို့ မေးလာပါတယ်။ ကျွန်မကလည်း သားသားကျူရှင်ရှိလို့ နေခဲ့တဲ့အကြောင်း ပြောရင်းနဲ့… ဆိုင်လာတိုင်း သားကိုထိမ်းပေးနေကျ၊ သားနဲ့ စကားလာပြောပေးပြီး၊ တခါတရံ သားကို ဝိုင်းကစားပေးနေကျ ကောင်လေးကို သတိတရနဲ့ ရှာလိုက်မိပါတယ်။
“မောင်လေး… သိန်းဇော်ရော မမြင်မိပါလား” မတွေ့တဲ့အဆုံး ကျွန်မမေးလိုက်မိပါတယ်။
“အမ ကိစ္စရှိလို့လား” ကျွန်မ မေးတာကို မဖြေသေးပဲ သူက မေးလာပါတယ်။
“ဟုတ်တယ်၊ အမသူ့ကို ပေးစရာလေးရှိလို့” … သားသားကို လာထိမ်းပေးတိုင်း Service Industry ကို စိတ်ဝင်စားတဲ့ ကျွန်မတို့က ဆိုင်ရဲ့ Supervisor ဖြစ်တဲ့ သိန်းဇော်နှင့် စကားပြောဖြစ်ကြပါတယ်။ သိန်းဇော်ဟာ မိဘမရှိတော့ပေမယ့် သူ့ကိုယ်သူ ထိမ်းကျောင်းရင်း ညီမလေးကို ကျောင်းထားပေးသူ၊ သူ့ဘဝလေးကို ထပ်မံလေ့လာလိုစိတ်၊ လုပ်ငန်း တိုးတက်လိုစိတ်လေးတွေ အင်မတန်ကို ပြင်းထန်သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ နိုင်ငံခြားရောက်တုန်းဝယ်လာတဲ့ Food & Beverage နဲ့ ပက်သက်တဲ့ စာအုပ်လေးကို သူ့အတွက် လက်ဆောင်ပေးဖို့ ကျွန်မသယ်လာမိပါတယ်။
“အမ မသိသေးဘူးနဲ့ တူတယ်၊ သိန်းဇော်ဆုံးတာ ၄-လလောက် ရှိသွားပြီ အမရဲ့”၊
“ဟယ်၊ ဘယ်လိုဖြစ်ရတာလဲ”၊ ကျွန်မစိတ်မကောင်းစွာနဲ့ မေးမိတော့ ကောင်လေးက စီကာပတ်ကုံး ရှင်းပြ ပါတယ်။
သိန်းဇော်ဟာ ဒီဆိုင်ကို စင်တင်တေးဂီတနဲ့ တွဲဖက် ပြောင်းလိုက်ပြီးနောက်ပိုင်း အဆိုတော်မလေး တစ်ဦးဖြစ်တဲ့ မျက်ချယ်နဲ့ သံယောဇဉ်တွယ်မိခဲ့ကြပါတယ်၊ မျက်ချယ်ဟာ လှလည်းလှ၊ အသံလေးကလည်း ကောင်းဆိုတော့ ဆိုင်မှာလည်း နာမည်ကြီးပြီး ပန်းကုံးလည်း အရမ်းရလှပါတယ်၊ ပန်းကုံးရသလို ပန်းကုံးရဲ့ နောက်ကွယ်မှ ပေးစပ်မှုများဟာလည်း မျက်ချယ်အတွက် များလှပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ မျက်ချယ်ကိုယ်တိုင်လည်း သိန်းဇော်ကို သံယော်ဇဉ်တွယ်မိလာပါတယ်။ သိန်းဇော်ကလည်း မျက်ချယ်ကို တကယ့်မေတ္တာစစ်နှင့် ချစ်ခဲ့မိတာကြောင့် နှစ်ဦးသဘောတူ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
လက်ထပ်ပြီးစ အရင်အလုပ်ကို မစွန့်လွှတ်နိုင်သေးတဲ့ မျက်ချယ်အတွက် သိန်းဇော်ဟာ ရန်ပွဲတွေလည်း နွှဲခဲ့ပြီး အချုပ်ထဲလည်း ၂-လလောက် ဝင်ခဲ့ရပါတယ်။ သိန်းဇော် အချုပ်က လွတ်ဖို့ မျက်ချယ် မလုပ်တတ်တော့တဲ့ အဆုံး မျက်ချယ်ရဲ့ အရင်ကဧည့်သည် လူကြီးတစ်ယောက်ကို ငိုယိုတောင်းပန်ပြီး အကူအညီတောင်းပြီးတဲ့ အခါမှာတော့ သိန်းဇော်တစ်ယောက် အချုပ်ထဲက ထွက်လာနိုင်ခဲ့ပါတယ်။
ထွက်လာပြီးပြီးချင်း ဇနီးသည်ကို သိန်းဇော်တောင်းတဲ့ ကတိကတော့ အရင်အလုပ်ကို လုံးဝလုံးဝ ဆက်မလုပ်ဖို့ပါ။
မျက်ချယ်ဟာလည်း သိန်းဇော်တောင်းတဲ့ ကတိကို ကျေကျေနပ်နပ်ကြီး ပေးခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ မျက်ချယ် ကျန်းမာရေး သိပ်မကောင်းတော့လို့ပါ။ မျက်ချယ်တစ်ယောက် မကြာခဏ ဖျားပြီး တရှောင်ရှောင်ဖြစ်လာပါတယ်။
အချုပ်ကြဖူးတဲ့ သိန်းဇော်အတွက် အလုပ်တစ်ခုရဖို့ဟာလည်း ခက်ခဲလာပါတော့တယ်။ စီးပွားရေးကြပ်တည်းလာတဲ့ သိန်းဇော် မျက်နှာငယ်ငယ်နှင့် အရင်ပိုင်ရှင်ဆီ အလုပ်ပြန်တောင်းတော့လည်း လက်မခံချင်တော့ပါဘူး။
– တစ်နေ့ပြီး တစ်နေ့ ချုချာလာတဲ့ ဇနီးသည်ကို ဆေးခန်းပြဖြစ်တော့…. ဘုရားဘုရား… AIDS တဲ့…
– ဆရာဝန်က စိတ်ချရအောင် သိန်းဇော်ကိုပါ ဆေးအတင်းစစ်ခိုင်းတော့…မလွဲဧကန်ပဲလေ… သိန်းဇော်မှာလည်း အတူတူပေါ့…
မျက်ချယ်ဟာ AIDS လို့သိပြီး ၆-လလောက် အတွင်းမှာပဲ ဆုံးသွားပါတယ်…
ဇနီးဆုံးပြီး နောက်ထပ် ၂-လ လောက်နေတော့ သိန်းဇော်လည်း ဇနီးသည်နောက် လိုက်သွားရပါတော့တယ်…..
ကျွန်မ နားထောင်မိရင်းနဲ့ မျက်ရည် လည်လာမိပါတယ်။ မျက်လုံးထဲမှာလည်း သားနဲ့ကစားနေတဲ့ အသက် (၂၀) အရွယ်၊ ဖြူဖြူသွယ်သွယ်လေးနဲ့ အင်မတန်မှ လောကကြီးနဲ့ သူ့ဘဝကို တိုးတက်ချင်သော သိန်းဇော်ရဲ့ ပုံရိပ်လေးတွေ ပြန်မြင်ယောင်နေမိပါတယ်။
သိန်းဇော်နဲ့ မျက်ချယ်တို့ရဲ့ ဘဝလေးတွေရယ်…
သူတို့ရဲ့ Nature Of Job ရယ်…
ဘဝကိုတိုးတက်ချင်တဲ့ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ဘဝတွေနဲ့၊ သူရောက်သွားမိတဲ့ လုပ်ငန်းခွင် အနေအထားရယ်…
အပြစ်တင်ကြစတမ်းဟေ့ဆိုရင်တော့…ကျွန်မဘယ်သူ့ကို အပြစ်တင်ရမလဲ…
– မျက်ချယ်ကို ချစ်မိတဲ့ သိန်းဇော်လား…
– အဆိုတော်ဘဝနဲ့ အသက်မွေးမိတဲ့ မျက်ချယ်လား…
– လူငယ်လူရွယ်လေးတွေ အမြောက်အများခန့်ထားတဲ့ ဒီလုပ်ငန်းခွင်ကိုလား…
အဲဒီအချိန်မှာပဲ ကျွန်မမျက်လုံးဒေါင့်မှာ ပုံရိပ်လေးတစ်ခု ဝင်လာပါတယ်၊ တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ စားပွဲထိုးကောင်လေးရယ်၊ ဧည့်သည်က သူ့ဝိုင်းကို ခေါ်နေလို့ သွားမလို့ ဟန်ပြင်နေတဲ့ အဆိုတော် ကောင်မလေးရယ်၊ ကောင်မလေးသွားမှာဆိုးလို့ ဆောင့်ဆွဲထားတဲ့ စားပွဲထိုးကောင်းကလေးရဲ့ လက်ကလေးတစ်စုံရယ်….
အော်… ဒီလုပ်ငန်းခွင်မှာတော့… ဒီလူငယ် လူရွယ်တွေအကြား သိန်းဇော်လို ဇာတ်လမ်းလေးတွေကတော့ မပြီးဆုံးနိုင်သော ပုံပြင်တစ်ပုဒ်သာ ဖြစ်နေဦးမှာပါလား…….
ချစ်ခင်လေးစားစွာဖြင့်။
11 comments
TheWinner Getprize
June 29, 2014 at 4:04 pm
စာမရေးတာ ကြာလို့… လိုအပ်တဲ့ အရေးအသားလေးများကို ဖြည့်စွက်ဖတ်ပေးကြဖို့ ရွာသူ၊သားများအား မေတ္တာရပ်ခံအပ်ပါတယ်နော်…
ဇီဇီ
June 29, 2014 at 5:55 pm
ဘာပြောရပါ့။
သနားလိုက်တာ။
😥
ဘယ်သူ့ကို အပြစ်တင်မလည်း ဆိုတော့ …..
-စံနစ်
-အစိုးရ
-စာရိတ္တ
-ဆင်းရဲမှု
-ဥပဒေ
ဘာကို အရင်တင်ရမလဲဟင်?
:hint:
TheWinner Getprize
June 29, 2014 at 7:11 pm
ဝင်ဖတ်ပြီး အားပေးတဲ့ မခိုင်ဇာရေ… ကျေးဇူးပါ… အမပြောတဲ့ ၅ ချက်လုံးကိုပဲ အပြစ်တင်ရတော့မလားဟင်?
lu lu
June 29, 2014 at 8:43 pm
😥
ဆက်ရေးနော်အားပေးနေတယ်
အရေးအသားကောင်းပါတယ်ကွယ်
အရီးခင်
June 29, 2014 at 8:46 pm
အသံလေး နဲ့ စာလေး ပြန်မြင်လိုက်လို့ ဝမ်းသာပါတယ် ဒေါ်ဝင်းနား။
AIDS ကတော့ ဆေးတွေ့တယ်ဖြစ်လိုက်။ မတိုးလိုက် ဖြစ်နေလားမသိ။
မြန်မာပြည်ထဲ AIDS ဖြစ်နှုန်း က မြင့်လာတယ်ထင်ရဲ့။
ဇီဇီ က ၅ခု အပြစ်တင်ပြီးတာမို့ အရီး က “ကံ” ကို အပြစ်ဖို့လိုက်ပါရစေ။
စာလေးတွေဆက်ဖတ်ချင်ပါတယ်။
:-)))
ခင် ခ
June 29, 2014 at 9:23 pm
အဖော်အကြောင်း ကောင်းကောင်းမသိ ကောင်းကောင်းအသုံးမချ တတ်လို့ပါ။ မြန်မာပြည်မှာ ကျန်းမာရေးပညာပေးတွေ လိုသေးသလို အစိုးရကလည်း ကျယ်ကျယ်ပျံပျံ ဖြစ်ဖို့ပံပိုးမှုတွေလို
ပါသေးတယ်။
ပုတ်သင်ညိုအပျိုလိုရင်ခေါင်းငြိမ့်ကို သေချာသိစေဖို့ ပညာပေးတွေ ပညာပေးတွေ….,.။ ကျန်းမာရေးနဲ့ဆိုင်လို့ဝင်ပြောပေးတာပါ။
ဝင့်ပြုံးမြင့်
June 30, 2014 at 5:40 am
အထက်က လေးခ ပြောတာ ရာနှုန်းပြည့်ထောက်ခံပါသည်။ အရီးခင် ပြောတဲ့ ကံကို မယုံပါ။ ဟိုစကားတောင် ရှိပါသေး။ အသက် ဉာဏ်စောင့် တဲ့။ အခု ကျမ အသိအကျွမ်းထဲမှာ အေကိုက်နေတဲ့လူတွေ ရှိတယ်။ နှစ် ၂ဝကျော်တဲ့အထိ အသက်ရှည်လို့ ဝလို့ဖီးလို့၊ ခုထိ မသေသေး။ မြန်မာပြည်မှာ အေကိုက်ပြီဆိုတာနဲ့ ဘာလုပ်ရမယ်ဆိုတဲ့ ကျန်းမာရေးပညာပေး လုံးဝနီးပါး မရှိသေးပါ။ စဖြစ်တာကို သိတာနဲ့ စနစ်တကျ ကုသရင် သက်တန်းစေ့နီးပါးလောက် နေရသတဲ့။
kyeemite
June 30, 2014 at 9:10 am
စိတ်မကောင်းစရာဇတ်လမ်းလေးပဲ….အသိပညာပေးရေးလုပ်ငန်း ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ဖို့ မုချလိုနေပါပြီ
Ma Ma
June 30, 2014 at 10:01 am
ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။
ပြီးသွားတဲ့ဇာတ်လမ်းကို ဘာမှလုပ်လို့မရပေမယ့်…………
နောက်ထပ်လာဦးမယ့် ဇာတ်လမ်းကိုတော့ အနီးကပ် ခင်မင်ရင်းနှီးနေတဲ့ မိတ်ဆွေတွေက သတိပေးကြစေချင်တယ်။
အဲဒီနေရာမှာ လူငယ်ချင်း ချစ်ကြတာကို တားမလား။
ဖြစ်နိုင်ဖို့ မလွယ်ဘူး။
နှစ်ယောက်စလုံးကို စည်းရုံးပြီး ကျန်းမာရေးအသိရှိအောင်၊ နေတတ်အောင်ပညာပေးတာဆိုရင်တော့ ဖြစ်နိုင်အုံးမယ်ထင်တယ်။
လုံမလေးမွန်မွန်
June 30, 2014 at 10:18 am
သိန်းဇော်အနေနဲ့ ဒီကိစ္စကို သတိထားသင့်တယ် ထင်တာပဲ။ သူကိုယ်တိုင် ြမြင်တွေ့နေရတာဆိုတော့ supervisor. တစ်ယောက်အနေနဲ့၊ တိုးတက်ချင်စိတ်နဲ့ ြကြိုးစားနေတဲ့သူတစ်ယောက် အနေနဲ့ပေါ့။ အချစ်ကိုပဲ အပြစ်တင်ရမလား 😥
Mr. MarGa
June 30, 2014 at 10:21 am
သိသော်လည်း လုပ်ခွင့်မသာလျှင်………….
အသိသည်လည်း အလကားပါပဲ
အပေါ်က ဂျီးဒေါ်ပြောတဲ့ ငါးချက်ကိုပဲ ထပ်ပြောချင်မိ