မကြောက်သင့်တာကို မကြောက်ကြပါစို.ရယ် ……

JuemyitAugust 13, 20101min1824

ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘဝတုန်းက ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရနေ မိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို

သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘဝက စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ မင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။

ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ

မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင် မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ

ဗျာများနေခိုက်…။

“ဟဲ့… ငလွင် မရသေးဘူးလား“ လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့ အကြောင်း တင်လျှောက်ရတော့တယ်။

“ငလွင်…လာခဲ့“ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။

“ဟဲ့…ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက် ပြားတစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်

လုပ်နိုင် တော့မှာလဲ“ လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။

မေးခွန်းတစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာ အချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်၊ အဖြေလွှာ တွေကို စားပွဲပေါ်

ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကို ဝေ့ဝဲပြီးကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်း ပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ ကျောင်းသားကို ပေးလိုက်တယ်။

“ဒါ မင်းအဖြေလား“

“ဟုတ်ပါတယ် ဆရာ၊ အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း“

နည်းနည်းအံ့ဩနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှု ဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက်ိမိမိအလွန်တရာကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက်ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်က်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာရှိကြောင်း၊ ဘုရားသားတော်တို့မည်သည် ရသတဏှာဖြစ်အောင် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာ ကိုယ်တိုင်က ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။ တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကြိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။

“မင်း ငါ့ကို နောက်တာလား“

“ဟာ…မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ“

“ကဲ…အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ…မင်းကစ၊

သူဖြေတာ မှန်သလား၊ မှားသလား“ ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်း သားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။

ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး

လိုလိုလည်း ကျွန်တော့်လိုပဲ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။

“ဟေ့ကောင်…ဖြေလေကွာ“

ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။

“ဖြေလေကွ“

အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။ တကယ်တော့ ဆရာကမှန်သလား၊ မှားသလား ဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ဝန်းကျင် အငွေ့အသက်တွေက မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံးလို့ ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှား…၊ အဲ…မှားပါတယ် နောက်တစ်ယောက် မှားပါတယ်၊ ….အဲ…တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်ပါတယ်။ အသက်တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊။ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။ ထူူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက် ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါ တယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလိုတပည့်မျိုး ဆုံးရှုုံးလိုက်ပါတယ်။ ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ…။ ခက်ထန်တဲ့ အမူအရာတွေ။ အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေဝေနဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော် ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီး ပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်နဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။ သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့်အထက်အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ်ထင်လာကြရင်ဖြင့်… ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ကြည့်ရင် တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမဲ့ ကျွန်တော် အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။ သူ့အမေ လက်ထဲမှာ တုတ် တစ်ချောင်းနဲ့…။

“ဘယ်လိုဖြစ်နေကြတာလဲကွာ“

“ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ“

“ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ…“

“တော်… စာအုပ်ထဲကဟာတွေ လာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့်ဝင်ငွေက ဘယ်လောက်…“

ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမဲ့ ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့မျက်လုံးတွေလိုပဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်…။          ။

သူငယ်ချင်းတစ်ယောက်ရဲ. Forward mail လေးကိုပြန်လည်တင်ပြပေးလိုက်ပါတယ်…

(မကြောက်သင့်တာကို မကြောက်ကြပါစို့ရယ်…။)


4 comments

  • မန်း ရိပ်

    August 13, 2010 at 9:32 am

    ဘဝ တခုအတွက် ပါ မဟုတ်ဘူး အလုပ်တခု၊ နိုင်ငံတခု၊ လူအဖွဲ့အစည်းအတွက်ပါ အကြိုးရှိတဲ့ စာလေးပါ

  • timothy

    August 13, 2010 at 10:12 am

    deserve more than 10 stars. Well done. Let us say what is happening in Burma currently. The Junta has been ruling Burma with machine-gun and rockets weapons ( not with stick) and successfully instil fear factors in the spines of oppressed millions. Daw Aung San Suu Kyi had written the book, “Freedom From Fear” to educate the public about the wrong life and wrong teaching under the fascist rule. Gen Than Shwe thinks he could do whatever he wants so long as his terror methods are effective. We need to discard the fear from our mind, body and spirit. It is not easy to start. We must start at home. The parents should establish understanding with kids so that right and responsibilities would guide the kid`s request to go with friends to party; not the punishment by stick. We can do the same at schools. Teachers must change the style of authority in classroom to set up friendlier environment so that children can come up with new ideas, questions and happy classrooms. We can change the society at every levels and shake off the poison of fear brainwashed by the fascist system. The day Than Shwe knew that we are free from fear, ordinary soldiers would realize that they must go back to military barracks, then we all will be liberated ourselves from the shackles of Fascism. We must boycott the election.

  • winne

    August 13, 2010 at 12:18 pm

    ကောင်းလိုက်တဲ့ ဇတ်လမ်းလေးပါ မြန်မာပြည်မှာ နေတဲ့ လူနေမှု စရိုက်ကိုက ဒီလိုဖြစ်နေကြတာပါ။ ဆုံးမတယ်ဆိုတာ လိုတာထက် ပိုနေပါတယ်လို့ ခံစားရတယ်။ ဘဝမှာ အမှားမဖြစ်အောင် ပတ်ဝန်းကျင်မှာ လူတွေနဲ့ ဝင်ဆန့်အောင် ဆုံးမရင်းနဲ့ လူကြောက်သွားတဲ့ လူတွေ အများကြီးဘဲ

  • tunaung

    August 13, 2010 at 11:30 pm

    တင်ပြပုံလေးကောင်းလိုက်တာဗျာ ဒီလိုအတွေးမျိုးကတွေ့ခဲတယ် ပုဆိုးဝတ်တယ်သာသိကြတာ ပုဆိုးထဲလူဝင်သွားတယ်လို့တွေးကြည့်သူရှားသလိုပေါ့ ကျေးဇူဘဲ

Leave a Reply