ကျွန်မရဲ့ သူရဲကောင်း (New Updated Version)

မြစပဲရိုးJuly 19, 20142min34514

“ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ….” အစချီပြီး  “မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး .. ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်”

လို့ စာသားပါ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာကို ငယ်ကထဲ ရွတ်၊

အာဇာနည်နေ့ ဆို အထိမ်းအမှတ် ပွဲတွေ လုပ်ခဲ့လေ့ ရှိတာကြောင့် “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာ သူရဲကောင်း ဆိုတာ သတိထားခဲ့ မိပါတယ်။ ဒါပေမဲ့ ငယ်သေးတာမို့ လေးစားထိုက်သူ လေးစားရမယ် ဆိုတာကလွဲလို့ စိတ်ထဲမှာ အလေးအနက် မရှိခဲ့ပါဘူး။ အသက်ကြီး လာတော့ စာအုပ်အစုံဖတ်နိုင်လာချိန်မှာ သူ့အကြောင်းတွေ၊ သူ့မိန့်ခွန်း တွေ ကိုဖတ်ရင်း ရင်ထဲကကို လှိုက်လှိုက်လှဲလှဲ နဲ့ လေးစားကြည်ညိုလို့ မဆုံးခဲ့ပါဘူး။

ဲသူ့မိန့်ခွန်း တစ်ခုထဲကလို ရာဇဝင်က ကျွန်မတို့ ကို သူ့အကြောင်း အသိပေး ခဲ့တာပါဘဲ။

“ ကိုယ့်ကိုယ်ကိုမယုံတဲ့သူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။

ကိုယ့်တိုင်းသူပြည်သားကိုလဲ မယုံဘူး။

ကျွန်တော့အဖို့ ကျွန်တော့ကို ကျွန်တော်ယုံတယ်။

ခင်ဗျားတို့ကိုလဲ ယုံကြည်တယ်။

ဗမာ့လွတ်လပ်ရေးလဲ ယုံကြည်တယ်။

ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ် မှန်တယ် ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄ရ ခု၊ ဖေဖဝါရီလ ၂၈ရက်၊ မြို့မိမြို့ဖ များမှဂုဏ်ပြုသည့် ဧည့်ခံပွဲ၌ ပြောကြားခဲ့သော မိန့်ခွန်းမှ”

 

ဘယ်လောက် ကောင်းတဲ့စကားပါလဲ။ သူပြောခဲ့တာ ရိုးရိုးရှင်းရှင်းလေးပေမဲ ့ကြက်သီးမွေး ညှင်းထ တဲ့အထိခံစားရကာ ဒီလို ခေါင်းဆောင်မျိုးနဲ့ ဆို ဘာမဆိုလုပ်ဖို့ အသင့်ရှိသွား နိုင် ခဲ့ကြမှာပါ။

“အမျိုးသား ညီညွတ်ရေး ဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်း ကို မဆိုလို။

လူမျိုး၊ ဘာသာ၊ ယောကျာင်္း၊ မိန်းမ၊ ဂိုဏ်းဂဏမရွေး တနိုင်ငံလုံး ပြည်သူပြည်သား၊ လူထုတခုလုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရော ကိုယ်ပါ ညီညွတ် ကြသည်ကို ဆိုလိုသည်။

မိမိ၏အမျိုးသားကိစ္စကိုသာမက လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ နည်းလမ်းတကျ ပူးပေါင်းဆက်ဆံကြခြင်းကိုလည်း ကျွန်ုပ်တို့ သတိမူရပေလိမ့်မည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့ အသီးသီးတို့၏ အကျိုး ယုတ်ဖို့ဝေးစွ၊ အမျိုးမျိုးသော အကျိုးထူးများ ခံစားရန်ပင် ရှိသည်ဟုဆိုလိုပေသည်။

ဤကဲ့သို့ ဆောင်ရွက်နိုင်ပါလျှင် အလွန်မြင့်မြတ်သော ဝံသာနု ရက္ခိတ မိမိ၏အမျိုးကို မိမိစောင့်သည့်တရားနှင့် ကမ္ဘာသူ၊ ကမ္ဘာသား တို့နှင့် အကျိုးရှိအောင် နည်းလမ်းတကျ ဆက်သွယ်ပေါင်းသင်း ရာလဲ ရောက်ပေသည်။ သို့မှသာလျှင် ကမ္ဘာတဝှမ်းလုံးတွင် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ကြီးပွါးမှု ရှိနိုင်ပေ လိမ့်မည်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ ခု၊ ဇန်နဝါရီလ ၂ဝရက် အလယ်ပစ္စ္စယံ ညီလာခံ မိန့်ခွန်းမှ”

 

ဒီမိန့်ခွန်း ကိုကြည့်ခြင်းဖြင့် သူဟာ ငါမှငါ၊ ငါ့လူမှ၊ ငါ့ အဖွဲ့ မှ ဆိုတဲ့ ငါစွဲကင်း သူ ဖြစ်မှာ သေချာပါတယ်။ ဒီလို အစွဲကင်း တဲ့ စိတ်ကြောင့် လဲ ကောင်းသည်ထက်ကောင်းတဲ့ နည်းလမ်းများ ရှာတွေ့ တာ နေမှာပါ။

သူလိုလူ ကို ဆုံးရှုံးရခြင်းဟာ ကျွန်မတို့ နိုင်ငံအတွက်သာ ကြီးမားတဲ့ ဆုံးရှုံးခြင်း မဟုတ်ပါ။ ကမ္ဘာ မှာလဲ ကမ္ဘာကို ငြိမ်းချမ်းရေးပေးမဲ့ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးခဲ့ရတာပါ။ သူ့ရဲ့ ရိုးသားမှု၊ တကိုယ်ကောင်း မဆန် တဲ့ ကိုယ်တကိုယ်၊ အဖွဲ့တဖွဲ့၊ နိုင်ငံတနိုင်ငံ ကိုသာ ကွက်ကွက် လေး မကြည့်ဘဲ၊ ကမ္ဘာ့ လူသားအားလုံး အတွက်ပါ စဉ်းစားနေတဲ့ သူ့စိတ်ဓာတ်ဟာ ဘယ်လောက် မြင့်မြတ် ကာ လေးစားကြည်ညိုဖွယ် ကောင်းလှပါသလဲ။

ဒါတင်မကသေးပါဘူး ……

“လူထုကိုယ်စားလှယ် အစစ်ဖြစ်တဲ့သူတွေ နေရာတကာ ပေါ်ပေါက်လာပြီး ကမ္ဘာတခုလုံးမှာ ရှိရင် စစ်ဆိုတာလဲ ရှိမှာမဟုတ်ဘူး။

တယောက်နဲ့တယောက်၊ တဦးနဲ့တဦး၊ တနိုင်ငံနဲ့တနိုင်ငံ ပူးပေါင်းပြီး ကိုယ့်နိုင်ငံ မရှိတာ သူ့နိုင်ငံကဝယ်၊ သူ့နိုင်ငံမရှိတာ ကိုယ့်နိုင်ငံကဝယ်၊ စသဖြင့် ပေါင်းသင်းဆက်ဆံ ရေး ဖြစ်လာနိုင်တယ်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ခု၊ ဧပြီလ ၂၆ရက်၊ မေဒေးရှေ့ပြေး မိန့်ခွန်းမှ”

ဒါကို ကြည့်ခြင်းဖြင့် သူဟာ စစ်မလိုလားသူ၊ ကမ္ဘာအဝှမ်း ငြိမ်းချမ်းသာယာ မှုကို လိုလား သူ ဖြစ်ကြောင်း အလွန်ထင်ရှားလှပါတယ်။

“လူတို့၏စိတ်ထားသည် လောကဓာတ်ပညာ တိုးတက်သလောက် မမြင့်မြတ်သေးသောကြောင့် အဆင်ပြေအောင် မဆောင်ရွက်နိုင်သေးရကား အထင်မှား အမြင်မှား စစ်ပွဲကြီးများပင် ဖြစ်ပွါးလျှက် ရှိသေး၏။

တနေ့သောအခါ အဇ္ဈတ္တသဏ္ဌာန် မြင့်မြတ်မှု နှင့် ဗဟိဒ္ဓသဏ္ဌာန် တိုးတက်မှုတို့ ကိုက်ညီသောအခါ ကျွန်ုပ်တို့ မျှော်မှန်းရာ ဖြစ်သော ကမ္ဘာ့ အိမ်ထောင်စု ဖြစ်လာမည်မှာ မလွဲဧကန်ဟု ဆိုရပေမည်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ ခု၊ ဇန်နဝါရီလ ၂ဝရက် အလယ်ပစ္စ္စယံ ညီလာခံ မိန့်ခွန်းမှ”

ဤမိန့်ခွန်း စကားကို ပြောကြား ရင်း သူသည် သူကိုယ်တိုင် စိတ်ကို မြင့်မြတ်အောင် ကြိုးစား နေမှာ မလွဲဟု ကျွန်မ ယုံကြည်ပါသည်။

“လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကြီးကို ကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်း သေးသိမ်တဲ့ လူမျိုးရေး တရား မဟုတ်ဘဲ ကိုယ့်လူမျိုး ကိုချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွါးအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားလဲ ဖြစ်ရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၅ခု၊ ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေး မိန့်ခွန်းမှ”

 

ငါစွဲကင်းပြီး စိတ်ဓာတ်မြင့်မြတ်ရင့်ကျက်တဲ့ ခေါင်းဆောင် တစ်ယောက် မှာ တခြားသူကို အထင်သေး နှိမ့်စိတ်မရှိ၊ မလိုမုန်းထားမရှိ ပူးပေါင်းလုပ်ဆောင် ဖို့ကိုသာ ရှေ့တန်းတင် တတ်တာ ကို ဒီမိန့်ခွန်းမှ တွေ့ရပါတယ်။

“လူထုကြီးကပေးတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကို ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။

ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန်လောက်ဘဲလို့ ကျုပ်မှတ်ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ ခု၊ အောက်တိုဘာလ ၂ဝရက် ရွှေတိဂုံ အနောက်မုဓ် တွင် ပြောကြားခဲ့သော မိန့်ခွန်းမှ”

သူဟာ အပြောနဲ့ အလုပ် ညီအောင် နေခဲ့သူဖြစ်ကြောင်းကို တက္ကသိုလ်နေဝင်း ရေးတဲ့ ထဲမှာ ဖတ်ဘူးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဖြစ်လာတော့ တက္ကသိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပီအေ (အပါးတော်မြဲ အတွင်းဝန်) ဖြစ်လာပါတယ်။

အဲဒီစာအုပ်ထဲမှာဘဲ

(၁) ဝန်ကြီးဖြစ်တဲ့နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း က သူ့ကို တိကျပြတ်သားစွာ အမိန့်ပေးပါတယ်။ “အမျိုးအဆွေ၊ အပေါင်းအသင်း အားလုံး ဘယ်သူမှ အထူးအခွင့်အရေး မယူရ။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူရဘူး။ အဲဒါ အိမ်မှာ အားလုံးကို ပြောလိုက်” တဲ့။

(၂) ဗိုလ်ချုပ်အောင်ဆန်း ဟာ အားတဲ့ တစ်ညနေလေးမှာ ပပဝင်း (ပလေဒီယံ) ရုံ မှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကို သူ(တက္ကသိုလ်နေဝင်း) နဲ့ သွားကြည့်ခဲ့တယ်။ ရုပ်ရှင်ရုံကို ကြိုတင်ပြီး အပြောမခံ ဘဲ ပိုက်ဆံလဲ အကုန်မများအောင် ငါးမူးတန်း ကကြည့်တော့ ကြည့်နေရင်း လူများရိပ်မိကုန် လို့ မန်နေဂျာ ကိုယ်တိုင်ဆင်းလာပြီး တောင်းတောင်းပန်ပန် လုံခြုံရေးအတွက် တင်မက အထူးတန်းမှာ လဲ လူမပြည့်ပါဘူး ဆိုတာ နဲ့ ဒီလို လုပ်လို့ ဘာအခွင့်အရေး ကိုမှ မတောင်းပါဘူးလို့ အာမခံချက်ပေးမှ အားနာပြီး အပေါ်ထပ်ကို တက်ကြည့် ခဲ့တယ်။

(၃) ဗိုလ်ချုပ်အောင်ဆန်း ပြောလေ့ရှိတဲ့ စကားကတော့ “Remember that I practise what I preach! “။ ” ငါဟာ ငါ့တပည့်တွေ နဲ့ ရဲဘော်တွေကို သွန်တင်သလို ငါကိုယ်တိုင်လည်း လိုက်နာတယ် ဆိုတာ မှတ်ထားပါ” တဲ့။

(၄) ဗိုလ်ချုပ်အောင်ဆန်း ဟာ သူ့ကို ရင်ဖွင့်ဘူးပါတယ်။ “လွတ်လပ်ရေး ရပြီးရင် ငါတော့ နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေရှိတာ မင်းလဲသိသားဘဲ မဟုတ်လား၊ ဒါကြောင့် ငါက နိုင်ငံရေးက အနားယူပြီး စာရေးဆရာ လုပ်ချင်တယ်။ ဒါမှလဲ ငါ့အနေနဲ့ ငါ့အိမ်ထောင် မိသားစု အတွက်အချိန်ပေးနိုင်မယ်။ ကလေးတွေကိုလဲ ကောင်းကောင်း ကြည့်ရှု နိုင်မယ်။ ငါတို့ ဆရာတပည့်နှစ်ယောက် စာရေးစားကြမယ်ကွာ။ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ရေးကြမယ်။ ဒါမှ ငါတို့မိသားစုအတွက် ဝင်ငွေ လုံလောက်မှာကွ။ ငါ့စိတ်ထဲ စာရေးဆရာလုပ်ချင် တဲ့ ဆန္ဒဟာ စစ်မဖြစ်ခင်ကတည်းက ရှိခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည် လွတ်လပ်ရေး ရရေးအတွက် ဦးစားပေးခဲ့ရတာမို့ စာရေးဖို့ အချိန်မရခဲ့ဘူး။ အခု လွတ်လပ်ရေး ရဖို့ သေချာနေပြီမို့ ဒီစကားကို ငါပြောတာပါ” တဲ့။

အဲဒီ တက္ကသိုလ်နေဝင်း ရဲ့ “အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ် ကို အပြန်ပြန် အထပ်ထပ်ဖတ်ရင်း ဖတ်တိုင်း ဗိုလ်ချုပ်အောင်ဆန်းကို ပိုပို လေးစားကြည်ညို ခဲ့ရပါတယ်။

ဒီမှာ ကပ်ပြောရင်လဲ ပြောလို့ရပါသေးတယ်။ တက္ကသိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပီအေ မို့ အကောင်းဘဲ ကြည့်ပြောမှာပေါ့လို့။

တကယ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တွေ့ခဲ့တဲ့ နိုင်ငံခြားသားတိုင်းဟာလဲ သူ့ရဲ့ ရိုးသားပွင့်လင်းမှု၊ ဉာဏ်ပညာမြင့်မားမှု၊ စဉ်းစားဆင်ခြင် နိုင်စွမ်းရှိမှု တို့ကို အသိအမှတ်ပြု ချီးမွမ်းခဲ့ကြရပါတယ်။

(၁) စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ပါမောက္ခ မစ္စတာ ရို့ဒ်စ် က “သူ့အသက်အရွယ် နဲ့ မလိုက်အောင် ထူးချွန်ထက်မြက်ပြီး အမြော်အမြင် ရှိတယ်။ အခုလို အချိန်မှာ အောင်ဆန်းလို ခေါင်းဆောင် တစ်ဦး ရှိနေတဲ့ အတွက် မင်းတို့ မြန်မာပြည် အဖို့ အထူးကံကောင်းတယ်။ သူ့ရဲ့ ရိုးသားတည်ကြည်မှု၊ ပွင့်လင်းမှုတို့က သူ့ရဲ့ကြိုးပမ်းမှုတွေ အောင်မြင်ဖို့ရာ အထောက်အကူဖြစ်မှာ သေချာတယ်။ အင်္ဂလိပ်စာလဲ အံ့ဩစရာကောင်း လောက်အောင် တော်တယ်။ အောင်ဆန်းကတော့ တကယ်ထူးချွန်တဲ့ လူတစ်ယောက်ဘဲကွဲ့။

(၂) အင်္ဂလိပ်စစ်တပ် မှ တပ်မဟာ ထောက်လှမ်းရေးအရာရှိ ကပ္ပတိန်ဘားနက် က “မြန်မာနိုင်ငံမှာ ဂျင်နရယ် အောင်ဆန်းလို ခေါင်းဆောင်မျိုး ရှိနေတာ အလွန်ကံကောင်း တယ် လို့ ဆိုရမယ်။ သူဟာ တကယ်ရိုးသား တည်ကြည် ဖြောင့်မတ် သူ တစ်ယောက် ဖြစ်ကြောင်း သိသာထင်ရှားတယ်။ ဒါကြောင့် လူငယ်တွေ သူ့ကို ကိုးကွယ်လုမတတ် ကြည်ညိုလေးစားကြတာ အံ့ဩစရာမရှိဘူး။ – No wonder you chaps worship him!

(၃) အင်္ဂလိပ်စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ဝီလီယံစလင်း ကိုယ်တိုင် စစ်ပြီးခေတ်ကျမှ ရေးသားခဲ့သော ” Defeat into Victory: Battling Japan in Burma and India, 1942-1945″ စာအုပ်ထဲတွင် “အောင်ဆန်း သည် ကျွန်ုပ်တို့ အစောပိုင်းထင်မိခဲ့သလို မူဝါဒ မရှိသော ပြောက်ကျား ခေါင်းဆောင် တစ်ဦး မဟုတ်ဘဲ အမှန်တကယ် သူ့တိုင်းပြည်ကို ချစ်သော မျိုးချစ်ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့်အပြင် အမှား အမှန်ကို ကောင်းစွာ ချိန်ဆ နိုင်သူ တစ်ဦး အဖြစ်လည်း တွေ့ရပေသည်။ ယင်းသို့သော ပုဂ္ဂိုလ် မျိုး တွေ့ရခဲပေ သည်။ အောင်ဆန်းနှင့် ပါတ်သက်၍ အထူးအထင်ကြီးမိသော အရည်အချင်းကား သူ၏ရိုးသား ဖြောင့်မတ်မှုပင်ဖြစ်သည်။”

(၄) အိနိ္ဒယခေါင်းဆောင်ကြီး ဂျဝါဟလာနေရူး ဟာ ဗိုလ်ချုပ်အောင်ဆန်း ကို မြန်မာပြည် အတွက်သာမက အာရှခေါင်းဆောင်ကြီး အဖြစ်ပါ မျှော်လင့်ချက်ထား ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန် “Not Burma, but Asia has lost a great leader” ဟု ဝမ်းနည်းပက်လက် နှမြောတသ ကြေကွဲစွာ ပြောခဲ့သည်။

ဘာဘဲဖြစ်ဖြစ် ကျွန်မတို့ မြန်မာပြည်ဟာ ဒီလို ရှားပါးလှတဲ့ ခေါင်းဆောင်ကောင်း ကို ဆုံးရှုံးခဲ့ပါတယ်။

တစ်ချို့က ပြောတယ်။ အောင်ဆန်းမရှိလဲ မြန်မာပြည်ဟာ လွတ်လပ်ရေးတော့ ရခဲ့တာ ဘဲတဲ့။ ဟုတ်ပါတယ်။ လွတ်လပ်ရေး ရပြီး နိုင်ငံက ရေစုံမျော၊ ပြည်တွင်းစစ်တွေ နဲ့ စည်းလုံးခြင်းတွေ ပျက်၊ အစိုးရက အာဏာမြဲဖို့သာ တိုင်းပြည်အတွက် တိုးတက်ရေး မစဉ်းစား။ နောက်ဆုံး လူထုမှာ ဆင်းရဲ မွဲတေ ခြင်း နဲ့ ရင်ဆိုင်နေရတဲ့ အခြေဆိုက် နေရတာ လူတိုင်းအသိပါဘဲ။

“ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။

ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့တိုက်ပွဲမျိုးမှာ အသုံးမချဘူး။

ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။

ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။

ဒါမျိုးတွေလုပ်ချင်လို့တော့ ဘယ်တော့မှ အကျိုးမရှိဘူး။

 ဗိုလ်ချုပ်အောင်ဆန်း

ဇူလိုင်လ ၁၃ရက်၊ မြို့တော်ခန်းမကြီး၌ ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်းမှ”

တကယ်လို့ တစ်စုံတစ်ယောက်မှ တိုင်းပြည်ခေါင်းဆောင် လုပ်ချင်ရင် ဒီသူရဲကောင်းကြီး လို စိတ်ဓာတ်ထားနိုင် လက်တွေ့ကျင့်ကြံနိုင်သလား။

စမ်းစစ်ကြည့်ပါ။
အဲဒီလို ဖြစ်ရင် နေနိုင်ရင် ကျွန်မတို့မြန်မာနိုင်ငံ က လူသား အားလုံးရဲ့ လူထုခေါင်းဆောင် ဖြစ်မှာ မလွဲ ပါဘူး။

(၆ရ နှစ်မြောက် အာဇာနည် နေ့ အတွက် အမှတ်တရ)

aung san

14 comments

  • အရီးခင်

    July 19, 2014 at 4:47 pm

    အရင် version က မှတ်ချက်လေး ကိုပါ ဆွဲယူလာပါတယ်။
    အားလုံး ကို ကျေးဇူးပါရှင့်။

    myanpyithar says:
    တစ်စစီဖတ်ဖူးပေမဲ့ အခုလို စုစည်းကောက်နှုတ်တင်ပြပုံလေးတော်တော် ကောင်းတယ်ဗျာ…
    ဆက်လုပ်ပါလို့ အားပေးပါတယ်…
    ဒီနေရာမှာ ကျွန်တော်ဖတ်ဘူးတာလေး လဲမျှဝေချင်ပါတယ်..ဒီခေတ်ခေါင်းဆောင်တွေနဲ့ ချိန်ထိုးနိုင်အောင်ပါ..
    တို့ဗိုလ်ချုပ်ရဲ့ ထမင်းဝိုင်းလေး
    • May 4, 2011 ရက် ၊ 5:29pm တွင် မျိုးချစ်သူ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
    မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့ ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ဝန်ကြီးများရုံးထဲသို့ဝင်လာခဲ့ပါသည်။
    ရုံးသို့ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင်ပုံနေသောအလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျပဲပြုတ်နဲ့နံပြားလေးကိုစားပြီး ရုံးတက်ခဲ့ရပါသည်။
    “ဗိုလ်ချုပ်နေ့လည်ထမင်းစားဖို့တော်တော်လေးအချိန်လွန်နေပါပြီစားပြီးမှပဲဆက်လက်လုပ်ဆောင်ပါလားဗိုလ်ချုပ်ရယ်” ဟု မောင်နေဝင်းက စိုးရိမ်တကြီးပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်းစားဖို့သတိရပြီး
    “ဟေ ဟုတ်လား ဒါဆိုလဲ အိမ်ပြန်စားတာပေါ့”
    “အပြင်မှာ မိုးတွေအရမ်းရွာနေပါတယ် ဗိုလ်ချုပ် ကျွန်တော်ဆိုင်တစ်ဆိုင်ကို တယ်လီဖုန်းဆက်ပြီး မှာပေးပါ့မယ် ဧည့်ခန်းထဲမှာပဲ သုံးဆောင်လိုက်ပါလား”
    “ဆိုင်ကို မှာစားရင် ငါပိုက်ဆံကုန်မှာပေါ့ ဒီလအတွက် ငါပြတ်တော့မယ်၊ မဖြစ်ပါဘူး အကြည် လက်ရာလေးပဲ အိမ်ပြန်လွေးလိုက်ပါတော့မယ်ကွာ” ဟုပြောပြောဆိုဆိုနဲ့ ထထွက်လာခဲ့ပါသည်။
    ဒီလိုနဲ့ပဲ မိုးရွာကြီးထဲ မောမောပန်းပန်းနဲ့အိမ်ပြန်လာခဲ့ပါသည်။ အိမ်ပြန်ရောက်တော့ သားသမီးသုံးယောက်ရဲမျက်နှာလေးတွေမြင်တော့လဲ နွမ်းခဲ့သမျှ လန်းလာပါတော့သည်။
    “အကြည်ရေ ထမင်းစားဖို့ ပြင်ပါဦးကွာ ”
    “အဆင်သင့်ပါပဲရှင်၊ကိုအောင်သန်းလဲ ရောက်နေတယ် ”
    ကိုအောင်သန်းအနေနှင့် ဗိုလ်ချုပ်ထမင်းစားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေတော့ ဗိုလ်ချုပ်စားမည့်ထမင်းဝိုင်းကို ကြည့်လိုက်မိပါသည်။
    ဗိုလ်ချုပ်အနေနှင့် ဤထမင်းဝိုင်းပြင်ဆင်ထားပုံမှာ မထူးဆန်းလှပါ။ သို့သော်လဲ ကိုအောင်သန်းအတွက်မူ တော်တော်လေးကို မှင်သက်အံ့ဩမိသွားပြီး ရင်ထဲမှာ စို့ခနဲဖြစ်သွားကာ ဗိုလ်ချုပ်အားတော်တော်လေး သနားသွားမိကာ ပိုပြီးတော့လဲ လေးစားသွားပါတော့သည်။
    ဗိုလ်ချုပ်စားမယ့်ထမင်းဝိုင်းမှာ ထမင်းတစ်ပန်းကန်နှင့် ဟင်းတစ်ခွက်သာပါ ပါသည်။ထိုဟင်းမှာလဲ ဖွယ်ဖွယ်ရာရာမဟုတ် လက်တစ်ဆစ်မရှိတရှိ ဝက်အူချောင်းကြော်ကလေးငါးဖတ်သာဖြစ်ပါသည်။
    အချိန်ရှိသရွေ့ နိုင်ငံတာဝန်ထမ်းဆောင်နေရသည်မို့ မိသားစုနှင့်အတူနေရသည်ဆိုသည်မှာ တော်တော်လေးကို ရှားပါသည်။
    ဤကဲ့သို့ထမင်းစားချိန်တွင်သာဖခင်အနားကပ်ရရှာသော သားနှစ်ယောက်နှင့်သမီးလေးခမျာ တီတီတာတာနှင့်ထမင်းဝိုင်းနားတွင်ရှိနေပါသည်။
    ဒီလိုနဲ့ စ စားတော့မည် ဟန်ပြင်လိုက်သည်တွင် သမီးလေး အောင်ဆန်းဆုကြည်က “သမီးကိုတစ်ခုလောက်”ဒီင်္လိုနဲ့တစ်ဖက်ရော့သွားပြန်ပါကော
    ကဲသမီးလေးကိုကျွေးလိုက်တော့ အောင်ဆန်းလင်းကလဲ “သားကိုလဲ ကျွေးပါဦး” ကဲ ဝက်အူချောင်းလေး သုံးဖတ်သာကျန်ပါတော့သည်။
    “သားကိုကော မကျွေးတော့ဘူးလားဖေဖေ” ကဲ ဒီလိုဆိုတော့ နှစ်ဖတ်ပဲကျန်တော့တာပေါ့။
    ဒီဝက်အူချောင်းလေးနှစ်ချောင်းထဲကျန်တော့တာတောင် “အစ်ကိုကျွန်တော်နဲ့အတူလက်ဆုံ နွဲသွားပါဦးလား” တဲ့ဗျာ။
    ကဲဒါကတော့ ဗိုလ်ချုပ်ရဲ့ထမင်းတစ်နပ်ပါပဲ။
    ကိုအောင်သန်းခမျာသူ့အိမ်ပြန်ရောက်တော့သူ့ဇနီးသည်ကို “တို့တွေပိုက်ဆံပိုရင် ငါ့ညီအောင်ဆန်းတို့အိမ်ကိုမျှပေးလိုက်ပါဦးကွာ ငါ့ညီကဒီနိုင်ငံမှာဘုရင်ခံပြီးရင် သူကအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါကွာ သူ့ထမင်းဝိုင်းကိုကြည့်ပြီး ငါစိတ်တွေမကောင်းလွန်း လို့ပါ”ဟုဆို၍
    ဗိုလ်ချုပ်ထမင်းဝိုင်းကလေးကို ပြန်မြင်ယောင်ကာပြောပြနေရင်း မျက်ရည်ပင်ဝဲမိပါသည်။
    ဗိုလ်ချုပ်ပြောဖူးတဲ့စကားလေးတစ်ခွန်းကိုပြန်မျှဝေပေးလိုက်ပါဦးမယ်
    “နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊ချမ်းသာသထက်ချမ်းသာ
    လာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ”

  • အရီးခင်

    July 19, 2014 at 4:51 pm

    MaMa says:
    တိုက်တိုက်ဆိုင်ဆိုင် မှော်ဆရာဆိုဒ်ထဲမှာ တွေ့မိလို့ မျှဝေလို်က်ပါတယ်။

    ဦးနု ပြောတဲ့ ဦးအောင်ဆန်း
    (၁၉၃၄-၃၅) ပညာသင်နှစ်ထဲ ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း ကို ကျွန်တော်
    ပထမဆုံး တွေ့ဖူးတာ။ သူက အင်တာ မီဒီယိတ် ကျောင်းသား။ ကျွန်တော် ကတော့
    တက္ကသိုလ်ကို တတိယ အကြိမ် ပြန်ရောက် လာပြီး ဥပဒေတန်း တက်နေတယ်။
    ခုလန်ဒန်မှာ AFPEL ကိုယ်စားလှယ် လုပ်နေတဲ့ ကိုအုန်းက ကျောင်းသား သုံးယောက်နဲ့ တွေ့ဖို့
    ကျွန်တော့်ကို တိုက်တွန်းတယ်။ ဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမ
    ပြယုဂ်ကြီးတွေ ဖြစ်လာမယ် လို့ သူက တွေ့ရှိ ထားတယ်။ အဲဒီ သုံးယောက်ထဲမှာ
    ကိုအောင်ဆန်းက တစ်ယောက် အပါအဝင်။
    ကျန်တဲ့ နှစ်ယောက်ကတော့ ပြည်ထဲရေး ဝန်ကြီး ကိုကျော်ငြိမ်းနဲ့ တက်ဘုန်းကြီး
    စာအုပ်ရေးလို့ တက်ဘုန်းကြီး လို့ နာမည် ကျော်လာတဲ့ ကိုသိန်းဖေ။ ကိုအောင်ဆန်း
    ရဲ့ ကိုယ်ရည် ကိုယ်သွေး ကတော့ ပြိုင်ဘက်ကင်းပါပဲ။သူက စကား နည်းတယ်။
    ကျွန်တော်နဲ့ စတွေ့တွေ့ ချင်းတောင် လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာ
    ပြောဆိုတာမျိုး မရှိဘူး။ သူ့ကို ကျွန်တော်က လူ့ခွစာ လို့ပဲ ထင်လိုက်တယ်။
    ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုအုန်းနဲ့ ကျွန်တော်တို့ ကတော့ ရင်းနှီး
    ကျွမ်းဝင်တဲ့ မိတ်ဆွေတွေ ဖြစ်လာ ကြတယ်။ လမ်းတွေ့ရင် သဲလှိုက်၊ အူလှိုက်
    နှုတ်ဆက်ကြတယ်။ ကိုအောင်ဆန်း ကတော့ အဲသလိုမျိုး မဟုတ်ဘူး။ လမ်းတွေ့လည်း
    နှုတ်ဆက်ချင် မှ နှုတ်ဆက်တာ။ တစ်ခါတလေ ကျွန်တော်တို့ဆီ ရောက်လာ တတ်ပြီး သူ့ကို
    ပြောစရာရှိရင် ပြောဖို့ ဖိတ်တယ်။သူနဲ့ တော်တော် ရင်းနှီး လာတော့မှ
    သူ့အကြောင်းကို နားလည် သဘောပေါက်လာတယ်။ သူက အလဟဿ အလာပသလ္လာပတေ ပြောတာမျိုးတွေ၊
    လူမှုရေးအရ အပေါ်ယံ နှုတ်ဆက် ပြောတာမျိုးတွေနဲ့ အချိန်ဖြုန်း နေတာတွေကို
    မယုံကြည်ဘူး။ တကယ့်ကို ရင်ဘတ်နဲ့ ပေါင်းသင်း ဆက်ဆံတာမှ လိုအပ်တာကို ကူညီ
    လုပ်ကိုင်ပေးနိုင်တယ် လို့ ယုံကြည်ထားတာ။ မိတ်ဆွေဆိုတာအချင်းချင်း
    ရင်ဘတ်ချင်းအပ်ပြီး လိုအပ်တာကို ပွင့်ပွင့်လင်းလင်းရှင်းပြနိုင်ရမယ်လို့
    ယုံကြည်ထားတယ်။ သူက အပေါင်းအသင်း လုပ်လို့ မရတဲ့ လူမျိုး မဟုတ်ဘူး။ ကဖျက်ကယက်
    လုပ်တဲ့လူမျိုး မဟုတ်ဘူး။ သူက တိကျတယ်။ ပြတ်သားတယ်။ မှန်တယ်။အဖွဲ့ အနေနဲ့
    ကတော့ (၁၉၃၅-၃၆) ပညာသင်နှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင်
    ရွေးကောက်ပွဲ အတွက် ကျွန်တော်တို့တွေ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် ကြရတယ်။
    ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ တို့က အကြံပေးလို့ ကျွန်တော်က ဥက္ကဋ္ဌ
    နေရာ ကနေ အရွေးခံတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနဲ့ မစ္စတာ
    ရာရှစ် တို့ကတော့ အဖွဲ့ဝင်တွေပေ့ါ။ ကျွန်တော်တို့ အနိုင်ရတယ်။ ကျွန်တော်တို့
    တွေ သမဂ္ဂမှာ စလုပ်တာနဲ့ သမဂ္ဂ အလုပ် တွေကို တက်တက်ကြွကြွ သူ့ထက် အရင်
    အောင်အောင်မြင်မြင် ဆောင်ရွက် ကြတယ်။ အဲဒီနှစ်မှာပဲ ကျောင်းသား သပိတ်ကြီး
    ပေါ်ပေါက် လာတယ်။ အဲဒီတုန်းက ယေဘုယျ အားနဲ့ ကျွန်တော် ယုံကြည်ထားတာ ကတော့
    ကျွန်တော့်ကို ကျောင်းထုတ်လို့ သပိတ်ကြီး ဖြစ်ပေါ်လာတယ် ဆိုတာပါပဲ။ဦးနု

    ဒါနဲ့ ပတ်သက်ပြီး အမြင်ချင်း ကတော့ မတူကြဘူး။ ကျွန်တော့်ကို
    ကျောင်းထုတ်လိုက်တဲ့ အကြောင်း တက္ကသိုလ် အာဏာပိုင် အဖွဲ့ဆီက အသိပေးစာ ကျွန်တော်
    လက်ခံရရှိတော့ စာမေးပွဲနီးနေပြီမို့ ခပ်မဆိတ် နေမယ် လို့ ကျွန်တော် ကတော့
    ဆုံးဖြတ်ထားတယ်။ ကျွန်တော့် အတွက် နဲ့ ကျောင်းသားတွေ စိတ် အနှောင့်အယှက်
    မဖြစ်စေချင်ဘူး။ ဒါပေမယ့် လို့ သတင်းက ပျံ့သွားပြီ။ သမဂ္ဂ အဖွဲ့ဝင် ကျွန်တော့်
    သူငယ်ချင်းတွေ ကျွန်တော့်ဆီေ ရာက်လာကြပြီး တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်လို့
    ပြောကြတယ်။ ကျွန်တော့် ကိုယ်ပိုင်ကိစ္စ ဖြစ်လို့ ကျွန်တော်ကတော့ ဘာမှ ပြောစရာ
    မလိုဘူး။ ကော်မတီက ပြောမယ်။ ကျောင်း ထုတ်တယ် ဆိုတာ နာမည်လောက် ပါပဲ။
    ပညာသင်နှစ် ပြီးသွားပြီ။ ငါ့ကို ဥပဒေ စာမေးပွဲ မဖြေနိုင်အောင်လည်း
    မတားနိုင်ပါဘူး လို့ ပြောပြီး ကျွန်တော့် သူငယ်ချင်းတွေကို နှစ်သိမ့်ဖို့
    ကြိုးစား ပါသေးတယ်။

    ကျွန်တော်တို့ အစည်းအဝေး လုပ်နေတုန်း မှာပဲ ကိုအောင်ဆန်း လည်း ကျောင်း
    ထုတ်ခံလိုက်ရပြီ ဆိုတဲ့ သတင်းကို ကျောင်းသား တစ်ယောက်က သယ်လာတယ်။
    ဒီသတင်းမှန်လား ဆိုတာ စုံစမ်းဖို့ တက္ကသိုလ် ကော်မတီ ဝင်လူကြီး ဦးဘလွင် ဆီ
    သူငယ်ချင်း တစ်ယောက် ကို လွှတ်လိုက်တယ်။ မှန်တယ် တဲ့။ ကျွန်တော်တို့ သခင်လူငယ်
    နိုင်ငံရေး သမားတွေ အနေနဲ့ ချောက်ချီးချောက်ချက် လောက်ပဲ ဖြစ်နေကြတာ။
    ဒါပေမယ့်လို့ တကယ်တမ်း ကြတော့ ကျွန်တော်တို့က တကယ်ကို ပင်ပင်ပန်းပန်း
    လုပ်နေကြရတာ။ ကျွန်တော်တို့တွေ သိပ်ဆင်းရဲတယ်။ သိပ်ပင်ပန်းတယ်။ တချို့နေ့တွေ
    မှာဆို ထမင်းစားစရာ မရှိလို့ လက်ဖက်ရည် တစ်ခွက်၊ နှစ်ခွက် သောက်သောက်ပြီး
    အသက်ဆက် ကြရတယ်။ ပါတီ အစည်းအရုံး ကိစ္စကို ကျွန်တော် စိတ်မဝင်စားဘူး။ သခင်
    အောင်ဆန်းနဲ့ သခင် သန်းထွန်းတို့က နယ်လှည့် ဟောပြောနေတုန်း ကျွန်တော်က
    ရန်ပုံငွေရှာ ထွက်ရတာကို ပျော်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကျွန်တော့်ဆီ ခဏခဏ
    ရောက်လာကြတယ်။ ကျွန်တော်က ဘဏ္ဍာငွေ ရှာသူ ဆိုတော့ ဒီငွေနဲ့ ထမင်းစားကြရမှာ
    မဟုတ်လား။ အဲကိုအောင်ဆန်း ကတော့ ထမင်းဆာ နေတာတောင် ငွေလာတောင်းတာ၊ ထမင်း
    ဝယ်ကျွေးခိုင်းတာမျိုး မလုပ်ဘူး။ သူက တစ်ထောင့်ထောင့်မှာ ထိုင်ပြီး စာအုပ်ထဲ
    အာရုံ နစ်ဝင်နေတာ။ ဘာမှ မငြီးငြူဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တယ်။ သူက ပုံစံ
    တစ်မျိုးနဲ့ လေ့ကျင့် ထားပြီး သူ့စွမ်းရည်ကို တည်ဆောက်တယ်။ ပါတီ ဌာနချုပ်မှာ
    ရှိတဲ့ သခင်အောင်ဆန်း အခန်းက ရှုပ်ပွ နေတာ ကတော့ နာမည်ကြီးပဲ။ ဘာမှ မပြုပြင်
    ထားတဲ့ အိပ်ယာ ပေါ်မှာပဲ ဖြစ်သလို အိပ်တာ။ သူ့အခန်းထဲ ရောက်လာသူ တွေကို ဂျပိုး
    တွေက တိုက်ထုတ်လို့ ထွက်ပြေး ကြရတယ်။ သခင်အောင်ဆန်း တစ်ယောက်ပဲ အဲဒီ ဂျပိုးတွေ
    နဲ့ နေနိုင်၊ အိပ်နိုင်တာ။ တစ်ခါတော့ နယ်က ရောက်နေတဲ့ သခင်တွေ၊ သခင်မတွေ
    ရှိနေတယ်။ ဌာနချုပ်က ကောင်လေးတွေက အဲဒီ နယ်ကိုယ်စားလှယ် တွေကို သခင်အောင်ဆန်း
    အခန်းမှာ နေရာပေးကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က စင်္ကြန်လမ်းမှာ
    မအိပ်ချင်ကြဘူး။ အဲဒီတုန်းက သခင်အောင်ဆန်း က အထွေထွေအတွင်းရေးမှူး ဖြစ်နေတာ။
    ဧည့်သည်တွေက အထွေထွေ အတွင်းရေးမှူး အခန်းထဲ အိပ်ရလို့ ပျော်နေကြတယ်။ ဂျပိုးတွေ
    စစ်ပွဲ မခင်းခင်တော့ နေနိုင်သေးတာပေါ့။ သန်းခေါင်လည်း ရောက်ရော ဂျပိုးတွေရဲ့
    ထိုးစစ်ကို ခံစစ် မလုပ်နိုင်ကြတော့ဘူး။ ဘာပြော ကောင်းမလဲ။ ကျွန်တော်တို့
    ဧည့်သည်တော်ကြီး တွေဟာ အိပ်ရာခင်းတွေ၊ စောင်တွေကို ကမန်းကတန်း သယ်ပြီး
    စင်္ကြန်လေးမှာပဲ အိပ်ကြရရှာတယ်။ နိုင်ငံရေး ဆိုတာ သခင်အောင်ဆန်းရဲ့ ဘဝပဲလေ။
    ထမင်းဆာ တာတို့၊ ဆင်းရဲတာတို့ ဆိုတာ သူ့အတွက် ဘာမှ အရေးမကြီးဘူး။ အသေးအမွှား
    ကိစ္စပဲ။ အခု ဗိုလ်လကျ်ာ ဖြစ်လာတဲ့ သခင်လှဖေက တခါတလေ ထမင်းဟင်း ကောင်းကောင်းတွေ
    တမ်းတတယ်။ သီချင်း ကောင်းကောင်းလေး တွေကို နားဆာတယ်။ သခင်အောင်ဆန်း ကတော့
    အဲဒါတွေကို လုံးဝ မတမ်းတဘူး။. သူက လူပျော့ မဟုတ်ဘူး။ သံမဏိလို မာကျောသူ၊
    သူ့စွမ်းရည်နဲ့ သူတော်လှန် ရေး လုပ်နေတာ။

    သာယာဝတီ ညီလာခံမှာ သခင်အောင်ဆန်းက ကျွန်တော်တို့ ပန်းတိုင် ဖြစ်တဲ့ လွတ်လပ်ရေး
    ကို ကြေညာတဲ့ ဆုံးဖြတ်ချက် တစ်ခုကို အောင်အောင်မြင်မြင် ချမှတ်လိုက်တယ်၊၊
    ကျွန်တော်တို့ ခေါင်းဆောင် တွေဟာ တစ်နိုင်ငံလုံး သွားကြပြီး ပြည်သူတွေရဲ့
    အဆုံးအဖြတ် ခံယူကြတယ်။ ဒီလှုပ်ရှားမှု ကြောင့်မို့လို့ ကိုလိုနီ နယ်ချဲ့ အစိုးရ
    ရဲ့ ဒေါသတကြီး တုံ့ပြန်မှု ကို ခံကြရတယ်။ သခင် အောင်ဆန်းက ဇလွန်မှာ နိုင်ငံရေး
    တရားဟောတယ်။ ဟင်္သာတ ရဲမှူးကြီး က နိုင်ငံတော်ကို အကြည်အညို ပျက်အောင် လုပ်တဲ့
    ဥပဒေနဲ့ သခင် အောင်ဆန်းကို ချက်ချင်း ဖမ်းဝရမ်း ထုတ်လိုက်တယ်။ ကျွန်တော်
    ကိုလည်း မကြာခင်မှာ အဲသည်လိုမျိုး ဖမ်းဝရမ်း ထုတ်မယ့် သဘော ရှိတယ်။
    ကျွန်တော်တို့တွေ ကိုကျော်ငြိမ်း အိမ်မှာ ဆွေးနွေး ကြပြီးတော့ တစ်ခုခုတော့
    လုပ်မှ ဖြစ်တော့မယ် ဆိုတာကို ဆုံးဖြတ် လိုက်ကြတယ်။ သခင် အောင်ဆန်း က အညံ့ခံတာ
    မျိုးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။ ထောင်ကျ သွားရင်တော့ အချိန်ဖြုန်း
    နေသလို ဖြစ်သွားမှာပဲ ဆိုတဲ့ အမြင် ရှိတယ်။ ကျွန်တော်တို့ တွေက
    စည်းစည်းလုံးလုံး စုစုစည်းစည်း ရှိကြပြီး တိုက်ပွဲ အရောက် ချီတက်သင့်တယ်။

    သူက နိုင်ငံတွင်းက ထွက်ပြီး မြေအောက် သွားချင်တယ်။ ကျွန်တော်တို့ အလုပ်ကို
    အကူအညီ ပေးဖု့ိ နိုင်ငံခြားမှာ မိတ်ဆွေ ရှာချင်တယ်။ ကျွန်တော်ကတော့
    အဲဒီလောက်ကြီး ရှည်ရှည်ဝေးဝေး မမြင်တတ်ဘူး။ ကျွန်တော် ဥပဒေကို ချိုးဖောက်ရင်
    ထောင်ကျမှာပဲ ဆိုတဲ့ အတွေးပဲ ရှိတာ။ အဲဒီ နေ့တုန်းက ကျွန်တော်တို့တွေ အကြာကြီး
    ဆွေးနွေးကြတယ်။ ကျွန်တော့် အမြင်ကို သခင်အောင်ဆန်း လက်ခံလာအောင် ကျွန်တော်
    မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ သူ မြေအောက် သွားတာကို ကူညီဖို့ ကျွန်တော်
    သဘောတူ လိုက်တယ်။ သူနဲ့ ကျွန်တော် ရဲစခန်း ရှေ့က ပြည်လမ်း ပေါ်မှာ ရပ်နေတာကို
    သတိရ နေပါသေးတယ်။ သူ့ကို ဖမ်းမှာနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောဆို နေခဲ့ကြတာ
    လို့ ထင်တယ်။ အဲဒီနောက်တော့ ကျွန်တော်တို့ ခွဲခွာ လိုက်ကြတယ်။ ကျွန်တော်က
    အိမ်ပြန် ၊ မောင်ဆန်းကြယ် အဖမ်းခံပြီး နောက်နေ့မှာပဲ ထောင်ထဲ အသွင်းခံ
    လိုက်ရတယ်။ ထောင်ကျတဲ့ နှစ်နှစ် ကတော့ အချိန်တွေ ဖြုန်းပစ် လိုက်တာပါပဲ။
    ထောင်ကျစ လတွေ ကတော့ သိပ် မဆိုးလှသေးဘူး။ ငါ ထောင်ကျရဲတဲ့ သတ္တိရှိတဲ့ ကောင်ပဲ
    ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့် နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ အချိန်တွေ
    ကြာလာတာ နဲ့အမျှ ခံပြင်းစရာတွေ ပေါ်လာတယ်။ စိတ်ပျက်စရာ တွေ ဖြစ်လာတယ်။
    ကိုအောင်ဆန်းရဲ့ ပညာဉာဏ်၊ ရင့်ကျက်မှုနဲ့ အမြော်အမြင် ကြီးမှု တွေကို ကျွန်တော်
    သဘောပေါက် လာပါတယ်။ နှစ်ခြိုက်လာတယ်။ အောင်နိုင်ရေး အတွက် သူ အပါအဝင်
    ကျွန်တော်တို့ သူငယ်ချင်းတွေ နဲ့အတူ လက်တွဲပြီး အလုပ်လုပ် ဖို့ပဲ တမ်းတ နေရတယ်။

    မော်နီတာ – မှာ ဆရာ မောင်ဆန်းကြယ် ဘာသာပြန် ထားတာ ဖြစ်ပါတယ်။
    ဘာသာပြန်သူ – မောင်ဆန်းကြယ်
    မူရင်း – Aung San’s Stering Qualities by U Nu

  • alinsett (gazette)

    July 19, 2014 at 6:53 pm

    “ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။

    ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့တိုက်ပွဲမျိုးမှာ အသုံးမချဘူး။

    ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။

    ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။

    ————–

    အဲ့ စာသာေးလးက..တကယ့် ဒုတ်ဒုတ်ထိ ပဲ…

  • ဇီဇီ

    July 19, 2014 at 7:41 pm

    ဦးအောင်ဆန်းကို လူတစ်မျိုးစီက မြင်တဲ့ အမြင်တွေရေးထားတဲ့ စာအုပ်လေး ရှိတယ် အရီးရေ။
    ဖတ်ပြီးတော့လည်း ပိုချစ် ပိုနှမြောရပါတယ်။

    တိုင်းပြည် အတွက် ခေါင်းဆောင် စေတနာရှိ လူတော်လူ ကောင်းဆုံးရှုံးတာကို ငိုရတာ တစ်ခါ ဆိုရင် ….
    ကျနော်တို့ဟာ တိုင်းပြည်ကို စေတနာမရှိတဲ့သူတွေ အစိုးရဖြစ်ပြီး …. တိုင်းပြည် ဇောက်ထိုးဆင်းတာမြင်နေရတာ အခါခါ ငိုနေရပါတယ်။

    😥

  • marblecommet

    July 19, 2014 at 9:26 pm

    လေးစား သံယောဇဉ် ထားရပါသော အရီး
    ကျော် ဝင်ဖတ်သွားပါတယ်ခီညာ…….
    ရွာထဲမှာ ကျော့်မှာ ချစ်ခင်တဲ့ ဆရာမတွေ စိပါတယ်
    တီနုဆိုရင် သူ့ စာတွေကို
    ဦးခင်မောင်ကြွယ် လုပ်တဲ့ စာအုပ်တိုင်း ကျော် သိမ်းဆည်း
    ဖတ်မှတ်နေဆဲခင်ဗျ
    နောက် ကျော့်ထက် အသက်အများကြီး ကြိးပေမဲ့
    မောင်နှမလို မိသားစုလို သံယောဉ်နဲ့ အမြဲ စောင့်ရှောက်တဲ့
    ချစ်တဲ့ အစ်မကြီး အေးကေကေပေါ့နော်
    နောက်တစ်ယောက်က
    ကျော့်ရဲ့ အရီးပါ……….
    ဟို……..တစ်နေ့က
    ဦးပေါင်းကြား …….ငါမအိုသေး…….
    လို့ အရီးကို ညွန်းမိတယ်….
    အရီးများ ဒေါဖောင်းသွားလား မသိ…..ခိခိ
    ကျော်ကတော့…….
    ပြောချင်တာ
    တို့အရီး..နှလုံးသား ထာဝရ နုပျိုတယ်ဆိုတာ
    မနာလိုတာဗျာ………..

  • TNA

    July 19, 2014 at 9:46 pm

    အရီးစာလေးဖတ်ရတော့ ဗိုလ်ချုုပ်မိန့်ခွန်းတွေဖတ်ရတော့ ဟိုကာတွန်းလေးကိုသတိယမိတယ်။ ကလေးကမေးနေတာ ဗိုလ်ချုပ်အောင်ဆန်းက အကြားအမြင်ရနေတဲ့ဗေဒင်ဆရာလား နှစ်ငါးဆယ်လောက် ကြိုမြင်နေတယ်ဆိုတာလေး။ တကယ့်ကိုပဲ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားတွေက ခုခေတ်ကျမှလာအကျုံးဝင်နေ တာ။ တကယ့်ကိုပဲ တော်လွန်းလှတဲ့ နှစ်ခါထပ်မရှိနို်င်တော့တဲ့ လူမျိုးပါပဲ။

  • surmi

    July 20, 2014 at 10:32 am

    တစ်ခါတစ်ခါ စဉ်းစားမိတယ်
    ဗိုလ်ချုပ်သာ မကျဆုံးခဲ့ဘဲ သူ့ရည်မှန်းချက်အတိုင်းစာရေးဆရာလုပ်ခဲ့ရင်ပေါ့ ……
    မတော်မတည့်ဖြစ်ရပ်တွေကို ဘယ်လိုများရေးလေမလဲ …
    အာဏနဲ့အခွင့်အရေး လုပွဲတွေကို ဘယ်လိုဝေဖန်လိမ့်မလဲ …
    စသည် စသည် ပေါ့လေ 🙁

  • မင်း ခန့် ကျော်

    July 20, 2014 at 12:31 pm

    “ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။

    ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့တိုက်ပွဲမျိုးမှာ အသုံးမချဘူး။

    ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။

    ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။

    ဒါမျိုးတွေလုပ်ချင်လို့တော့ ဘယ်တော့မှ အကျိုးမရှိဘူး။

     ဗိုလ်ချုပ်အောင်ဆန်း

    ကျတော်လဲဒါကိုပဲ။

  • lu lu

    July 20, 2014 at 1:45 pm

    အခုခေတ်မြန်မာပြည်သားခေါင်းဆောင်တွေများ
    ဗိုလ်ချုပ်ရှေ့မှာရှက်တတ်ရင်ဆယ်ခါပြန်သေလို ့
    ရတယ်ပြည်သူတွေရဲ ့ပိုက်ဆံတွေနဲ ့အကောင်းဟိုတယ်မှာနေပြီအကောင်းဆုံးတွေစားပြီးစိတ်ဓာတ်တွေကအဝီစိထိဆင်းနေကြ
    တာအဲလိုမျက်နှာနဲ ့ဗိုလ်ချုပ်ရှေ့သွားပြီးဂါရဝပြု
    နေသေးတယ်

  • အရီးခင်

    July 20, 2014 at 8:30 pm

    မှတ်ချက် ဖြင့် ဝင်ရောက် အားပေး ကြကုန် သော
    ဆက်ဆက်
    ဇီဇီ
    မောင်ကမ်း
    မွသဲ
    ကဆာမိ
    ကိုခန့်
    လုလု
    တို့ နဲ့ တစ်ကွ စာဖတ်သူ အားလုံး ကို ကျေးဇူးဥပကာယ အထူးပင် တင်ရှိပါကြောင်း။ :-)))

  • ဦးကြောင်ကြီး

    July 21, 2014 at 4:19 am

    ဗိုလ်ချုပ်များ မသေလို့ စစ်အုပ်ချုပ်ရေးစနစ် မှီလိုက်ရင် သူလည်း အဖမ်းခံရမှာပါပဲ..။ လူထုက ခုထက်ပိုအုံကြွမည် ထင်သလား.. မထိန် မထိန်

  • black chaw

    July 21, 2014 at 10:10 am

    “ဗိုလ်ချုပ်အောင်ဆန်းကို ဘာလို့ ချစ်တာလဲ ကဲ ပြော။
    နှလုံးသားလှလို့ ချစ်တာ…
    ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ဒီမှာ
    တပ်မတော် အရာရှိတွေရော ပြည်သူ့ရဲတွေရော
    ကျွန်တော်လည်း အစိုးရဝန်ထမ်း။
    ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တာက
    သူ့ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရတာ ကျွန်တော် စိတ်မဝင်စားဘူး။
    ဒီလူကြီး စိတ်ထား…။
    ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊
    စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်၊ ရိုးသားတယ်၊
    ကျွန်တော် ဒါကို ချစ်တာ၊ အောင်ဆန်းကို ချစ်တာ။ စိတ်လှတာကိုး။
    ကျွန်တော်တို့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ
    အောင်ဆန်းထက် သာတဲ့ ကောင်တွေ အများကြီးပဲ။
    ဒေါက်တာ ဘမော် ဆိုတာ အင်္ဂလန်က ပြန်လာတဲ့လူ။
    မင်း ရူးသွားမယ် အောင်ဆန်း။
    ဒေါက်တာ ဘဟန်၊ လန်ဒန်ကပြန်လာတာ၊
    မင်း နတ်မောက်က ၁ဝ တန်းအောင်တဲ့ကောင်ကို ဆောင့်တောင်ကန်လိုက်ဦးမယ်၊ နတ်မောက်သားလောက်ကို။
    သို့သော် သို့သော် ကျွန်တော်ပြောမယ် အဲဒီလူတွေကို ကျော်ပြီးတော့
    နတ်မောက်သားအောင်ဆန်းက မြန်မာနိုင်ငံ မိုးကောင်းကင်ယံ အမှောင်ထဲမှာ လင်းလင်းချင်းချင်းကြီးနဲ့ စတားကြီးတစ်ခုနဲ့ အောင်ဆန်း ကွ အောင်ဆန်း၊
    အတောက်ပဆုံး ဘာလို့ ဖြစ်တာလဲ။
    အသည်းနှလုံးကိစ္စဗျ။ “
    (ဆရာမောင်သာချို ၏ အောင်လံ စာပေဟောပြောပွဲမှ)

  • kyeemite

    July 21, 2014 at 10:31 am

    အမှတ်တရ သူရဲကောင်း ပို့စ် ပထမအကြိမ်တက်လာတော့ ကျုပ်ရွာထဲရောက်စပါ…
    ခုလည်း အရီးမုတ်ဆိတ်က ထပ်တင်လာပြန်တော့…ထပ်ဖတ်ရရုံမဟုတ် ထပ်ပြီးနှမြောတသဖြစ်ရပါတယ်…
    ဒီကနေ့ တွေ့နေရတဲ့ ဗိုလ်သင်တန်းဆင်းပွဲတွေမှာ ခေါင်းဆောင်ကြီးဆိုသူတွေ ပြောနေတဲ့ မိန့်ခွန်းတွေကြားဖူး
    ကြမှာပါ…သူများရေးထားပေးတဲ့ မစားရ ဝခမန်း အလုံးကြီးတွေသုံးပြီးထစ်ငေါ့ငေါ့ပြောနေတာ ရွံစရာပါ… :buu:

    ကျုပ်တို့ရဲ့ သူရဲကောင်းကြီးကတော့ ဒီလိုရှင်းရှင်းပဲ ရင်ထဲရှိတဲ့အတိုင်း အလွတ်ပြောပါတယ်…
    ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း
    ==========================================
    ၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။
    ရဲဘော်တို့
    ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီးသီး ဋ္ဌာနအသီးသီးမှာ ရာထူး အလုပ်ဝတ္တရားများရတာနဲ့ တစ်ပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလိုကိုယ့်တာဝန်ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာ ရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။
    ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့ တပ်မတော်ဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်းဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆို တာ နားလည်ရမယ်။
    ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။
    တကယ့်သစ္စာဖြစ်ရမယ်
    ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ်လက်ထက်ကလို ကြေးစားတပ်မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့် ရှောက်ဖို့ နိုင်ငံနှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုးသစ္စာကို အမြဲ စောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာ မဟုတ်။ အဲဒီလို စောင့်တဲ့ သစ္စာဟာ ဝတ်ကျေ တမ်းကျေစောင့်တဲ့သစ္စာ ဖြစ်တယ်။ အခု ငါတို့ ဟာ ငါတို့အမျိုး၊ ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာ ဖြစ်ရမယ်။ အပေါ်ယံသာ ဖြစ်တဲ့သစ္စာ မဖြစ်ရဘူး။ ဘယ်လို စောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီကိုယ်စား နိုင်ငံနဲ့အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာစကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး နိုင်ငံနဲ့အမျိုးကို သစ္စာမဲ့ပြီးလုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့ လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် ရဲဘော်တို့ရဲ့အပေါ်မှာလည်း တည်တယ်။ဥပမာ“မတရားတဲ့ အကြီးအမှူးတစ်ယောက်က ဝတ္တရားနဲ့ မဆိုင် တဲ့ နိုင်ငံနှင့် အများအကျိုးနဲ့ မပတ်သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့် စိတ်ထဲမှာမရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှူးတစ်ယောက်ကိုဖြစ်ဖြစ် အခြား အကြီးအမှူး တစ်ယောက်ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
    တော်အောင်ကြိုးစားကြပါ
    ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော် တွေထဲကဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ် အမြော်အမြင်ရှိ တယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့ လူကိုထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။
    ရာထူးအဆင့်အတန်း
    ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပြမယ်။ ယခုအခါ ငါတို့ထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာ ခံဖူးတဲ့လူတွေ ရှိတယ်။
    ငါတို့သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလိုအနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတက်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတက်မှာအမှန်ပဲ။ ကနေ့ဆိုင်ရာ လူကြီး တွေ မသိသေးလို့ မတိုးတက်သေးရင် နောက်တစ်နေ့ တိုးတက်မှာပဲ။ တကယ်တော်တဲ့ သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ်္ဓိတင်နေစရာ မလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာ မလိုဘူး။ ဒါပေမဲ့ နီပွန်က ပြန်လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဘူးလို့ဆို ပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတက်မှာ မဟုတ်ဖူး။ ဒီ့ပြင်လူတွေအတွက် ကျုပ် မပြောနိုင်ပေမယ့် ဗမာ့တပ်မတော်မှာ ကျုပ်အခု နေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူးအဆင့်အတန်း တိုးတက်တာနဲ့ ပတ်သက်ပြီး ရဲဘော်တို့ကို သိဖို့ ပြောပြခြင်းပဲ။
    တန်ခိုးပြဖို့မဟုတ်
    တခြားမှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမဲ့ ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။ လက်နက် အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်။ နို်င်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံး သဘောပေါက်အောင် ပြောပြခြင်းပဲ။
    အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေမေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံပဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင်မကြောက်။ အားကြီးတဲ့အခါ လည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်တယ်လို့ ပြောတာပဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုး ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အား လုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရား အစစ်ကို ပြောပြချင်တယ်။
    မှန်ကန်သော လူမျိုးရေးတရား
    လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့် အမျိုးသာချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရား ပဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ရုံနဲ့ ဒီ့ပြင် လူမျိုးကို လည်းမုန်းဖို့မလိုဘူး။ သို့သော်လည်း ကိုယ့် အမျိုး အကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့ အမျိုးရဲ့ ရန်သူအဖြစ်သာ နှိမ်နင်းခြင်း ဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်သူဘယ်ဝါဆိုပြီး နှိမ်နင်း တာ မဟုတ်ဘူး။ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာတွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမဲ့ တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တု့ိဟာ မဆိုင်တဲ့ တခြားလူမျိုးတွေကို မုန်းဖို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊ ချင်းပဲ စသည်ဖြင့် ခွဲစရာ မလိုဘူး။ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူ မျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပတ်သက်ပြီး ကျုပ်မှာချင်တာပဲ။
    ဇာတိမာန် ကောင်းကောင်းထားတတ် အောင်လုပ်ကြပါ။ ကိုယ့်နိုင်ငံကိုချစ်ပါ။ ဗမာတွေက လူဖျင်းတွေ၊ လူပျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ ပတ်သက်ပြီး မှာချင်တာပဲ။
    လူကြီးဆိုတာဘာလဲ
    နောက်မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။ အခု ငါတို့ ရဲဘော် တို့ရဲ့အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ရင်မြေက တုတ်လုပ် ပြီး ကာကွယ်ဖို့ ပဲ။ ဒီထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး။ ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရမယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင် တိုင်းထွာနိုင်ရမယ်။ အခု ငါတို့အချို့ အလုပ်တွေက သက်သေပြနေတယ်။ ဘေး ကလူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင် ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္ထရားနဲ့မဆိုင်တဲ့အကျယ် အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ ရှောင်ရမယ်။ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့ … ဘာကြီးရဲ့…နဲ့လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့ တော့မဆိုင်ဘူး။ ဒါပေမဲ့ ကောင်းတဲ့ကိစ္စ တရားတဲ့ကိစ္စ လူအများကျေးဇူးတင်မယ့် ကိစ်္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှုပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုး ကိစ္စ မိတ်ဆွေကိစ်္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့ အရေးမှာ မနှောင့်ယှက်ပါစေနဲ့။
    ဘယ်တော့မှသစ္စာမဖောက်
    နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာ သင်လိုက်တာတွေဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦးတည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစား မှသာ တိုးတတ်မှု ဖြစ်နိုင်တယ်ဆိုတာ ရာဇဝင်သမိုင်းတွေက ကောင်းကောင်း ပြထားတယ်။ ကိုယ်ပိုင် ဥဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓားထစ် မယူပါနဲ့။အထင်မကြီး ပါနဲ့။
    ဒီထက်တိုးအောင် လုပ်ကြပါ။ အခု ငါတု့ိနိုင်ငံဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟန်မကျတာတွေ အများ ကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ ရှိတာပဲ။ ကိုယ့် ချွတ်ယွင်းချက်ကို ကိုယ်ပြင် ကြရမယ်။ သို့ပေ မယ့် ကျုပ် ရဲဘော်တို့ကို ကတိ တစ်ခုပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှမဖောက်။ ရဲဘော်တို့ ထဲကဖြစ်ဖြစ် ဒီ့ပြင်ထဲကဖြစ်ဖြစ် ကျုပ်ထက် တော်တဲ့လူ ထွက်ပြနိုင်ပါစေ။ ကျုပ် ဖယ် ပေးဖို့ အသင့်ပဲ။
    စစ်သားမှစစ်သားဆိုတဲ့စိတ်ကို ဖျောက်ကြ
    နောက်ဆုံးတစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေ ရှိကြတာမဟုတ်ဘူး။ တခြား စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ်သား မှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရား နှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ် ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။ ကနေ့ ဒီမှာပြော တာတွေကို အားလုံး စစ်သားတွေသိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
    Mizzima Burmese

    ဗိုလ်ချုပ်ကိုလေးလေးစားစား အလေးပြုလိုက်ပါတယ်..
    myanpyithar

Leave a Reply