စုရဲ ့ပါရမီဖြည့်ဖက်
လူတိုင်း လူတိုင်း အချစ်နဲ ့မကင်းကြဘူးလို ့ဆိုပေမယ့် …
ကိုယ်ချစ်တဲ့ သူတစ်ယောက် အတွက် ကျွန်မတို ့ဘယ်လောက်အထိ အနစ်နာခံနိုင်ကြသလဲ။
ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ ကိုယ့်ချစ်သူ ရဲ ့ခံယူမှုတွေ ကို သူနဲ ့ထပ်တူတန်ဖိုးထားနိုင်သလား။
ကုစရာဆေးမရှိတဲ့ ရောဂါဆိုးတစ်ခု ကို ကိုယ်က နာနာကျင်ကျင်ခံစားနေရပြီး၊ သူ ့မျက်နှာလေးကို နောက်ဆုံးမြင်တွေ ့သွားဖို ့လိုအပ်နေချိန်မှာ ကိုယ့်ထက်ပိုအရေးပေးရမယ့်အရာတွေ၊ ငဲ့ညှာမှုတွေ ကြောင့် လာမတွေ ့နိုင်တဲ့ ချစ်သူကို နားလည်ပေးနိုင်လောက်တဲ့ ချစ်ခြင်းမေတ္ထာမျိုး ကျွန်မတို ့မှာ ရှိသလား။
ဟင့်အင်း..ကျွန်မကတော့ ကိုယ့်အနားမှာ အမြဲရှိနေပြီး၊ နားလည်မှုတွေ အပြန်အလှန် ပေးနိုင်တဲ့ ချစ်သူမျိုးကိုပဲ လိုချင်တယ်။
အတ္ထ ကြီးတယ်ပဲပြောပြော၊ နှိုင်းယှဉ်ရွေးချယ်စရာတွေ နဲ ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကို ဦးစားပေးစဉ်းစားတတ်တဲ့ ချစ်သူမျိုးကို လိုချင်တယ်။
ကိုယ့်ဘက်ကပဲ အနစ်နာနာခံ၊ နားလည်မှု အပြည့်အဝပေးရမယ့် ချစ်ခြင်းမျိုးမှာ ကြာရှည် လက်တွဲဖို ့အင်အား ရှိမယ် မထင်ဘူး။
ဒါကြောင့် ကျွန်မမှာ မရှိတဲ့.. အင်အားကြီးမားတဲ့ ချစ်ခြင်းမေတ္ထာနဲ ့သူ ့ချစ်သူ အပေါ် အကောင်းဆုံး ပါရမီဖြည့် သွားသူ၊ အခက်ခဲတွေကို မားမားမတ်မတ်ရပ်တည် ရင်ဆိုင်သွားပြီး အနစ်နာခံသွားသူ တစ်ယောက်အကြောင်း လေ့လာမှတ်သားလိုက်မိတဲ့ အချိန်မှာ ကြက်သီးဖျန်းဖျန်းထမိတယ်။
မျက်ရည်ကျမိတယ်။
သူ ့ရဲ ့ပေးဆပ်မှုတွေ၊ အနစ်နာခံမှုတွေ ကို ချီးကျူးမိသလို … သူ ့အကြောင်းတွေ ကို ချရေးချင်မိလာတယ်။
ဒီလိုနဲ ့…ကျွန်မ မိုက်ကယ်အဲရစ် နေရာမှာ ခနဝင်နေမိပြီး သူ ့ခံစားမှု အကြောင်းကို ချရေးမိသွားတယ်။ သေချာတာကတော့ ကျွန်မရဲ ့စကားလုံးတွေဟာ သူ ့ရဲ ့တကယ့် ခံစားမှုတွေ ကို အပြည့်အဝဖော်ကျူ းနိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။
******************************************************************
အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကို ကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံ က တောင်တန်းတွေ ကို ကိုယ် ပြန်ပြီး သတိရမိတယ်။
အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင်မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ သုသေသနပြုလုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ ့။
ဟိမဝန္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ကိုယ်တို ့ နှစ်ယောက် အပူအပင် ကင်းကင်းနဲ ့ အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့ ကြတယ်လေ။
ခုချိန်မှာ မင်းကတော့ မြန်မာပြည်ရဲ ့ပူပြင်းတဲ့ နေရောင်အောက် မှာ (သုတ်ပေးမယ့်သူ မရှိတဲ့ ) ချွေးစက်တွေနဲ ့ဖြစ်နေမလားဆိုတာ ကိုယ်စိတ်ပူမိတယ်။
******************************************************************
မင်းကို ချစ်ရေးဆိုခဲ့တုန်းက၊ တခြားမိန်းကလေးတွေလို “ချစ်ပါတယ်” ဆိုတဲ့ အဖြေစကား မျိုး ကို အနှောင်အဖွဲ ့ကင်းကင်းနဲ ့ ကိုယ်ရခဲ့တာ မဟုတ်ပါဘူး။ “မြန်မာပြည်သူတွေရဲ ့ အရေးကို ဆောင်ရွက်ဖို ့ လိုအပ်လာတဲ့ အချိန်မှာ ပြည်တွင်းကို ပြန်ပြီး မြန်မာ့အရေး ဆောင်ရွက်ဖို ့ ခွင့်ပြုရမယ်” ဆိုတဲ့ သဘောတူညီမှု အရင်ရပြီးမှ သာ ကိုယ့်အချစ် ကို မင်းက လက်ခံခဲ့တာလေ။
အဲဒီအချိန်ကတည်းက မင်းရဲ ့နှလုံးသားမှာ တိုင်းပြည်နဲ ့ မြန်မာပြည်သူပြည်သားတွေ သာ ပထမ နေရာမှာ ရှိနေခဲ့တယ် ဆိုတာကို ကိုယ် ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပါတယ်။
မင်းရဲ ့မွန်မြတ်တဲ့ လုုပ်ငန်းစဉ်တွေ အတွက် နားလည်မှုရှိစွာနဲ ့ပါရမီဖြည့်ပေးဖို ့လဲ ကိုယ် ဆုံးဖြတ်ခဲ့ပါတယ်။
စုရေ…ကိုယ်တို ့ရဲ ့အိမ်ထောင်သက်တမ်း ၁၆ နှစ်သာ ကာလမှာ မင်းဟာ ဇနီးကောင်း၊ မိခင်ကောင်း ပီသစွာနဲ ့ အိမ်ထောင်တာဝန်ကို နိုင်နိုင်နင်းနင်း တာဝန်ယူနိုင်ခဲ့တယ်။
အလုပ်တာဝန်က တဘက်နဲ ့ အိမ်ကို အမြဲတမ်း သပ်သပ်ရပ်ရပ်၊ ရှင်းရှင်းလင်းလင်းနဲ ့ ထားတတ်တဲ့ အကျင့်၊ ကလေးတွေအတွက် မွေးနေ ့ တွေ၊ ပျော်ပွဲရွင်ပွဲတွေကို မပျက်မကွက် လုပ်ပေးခဲ့ အကျင့် တွေကြောင့် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကြားမှာ မင်းဟာ စံပြအိမ်ရှင်မ ဖြစ်လို ့ နေခဲ့တယ်။
သားနှစ်ယောက် အသက် ၁၂နှစ်နဲ ့ ၁၄ နှစ်အရွယ်ကို ရောက်လာတဲ့အခါ၊ မင်းမေမေ ( ဒေါ်ခင်ကြည်) နေထိုင်မကောင်း ဖြစ်တဲ့ အကြောင်း ဖုန်းရပြီး၊ မြန်မာပြည်ကို မင်းပြန်သွားခဲ့ရတယ်။ အဲဒီခရီးဟာ ကိုယ်တို ့မိသားစုရဲ ့ကွဲကွာခြင်းအစလို ့ ကိုယ်တို ့ အားလုံး ကြိုတင် မသိထားခဲ့ကြဘူးနော်။
******************************************************************
စုရေ မင်းဟာ…အိမ်ထောင်ရှင်မကောင်းတစ်ဦးအဖြစ်၊ မိခင်ကောင်းတစ်ဦး ဖြစ်ရုံတင်မက ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ ့ သမီးကောင်းတစ်ယောက် လဲ ဖြစ်လို ့ နေပြန်ပါရောလား။
မေတ္တာတရားပြည့်ဝတဲ့ မိခင်တစ်ဦးဘဝကနေ၊ နူးညံ့သိမ်မွေ ့တဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်ကနေ တိုင်းပြည်က လိုအပ်လာပြီဟေ့ ဆိုတဲ့အခါမှာ ကြမ်းတမ်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်ကို ကူးပြောင်းပြီး လူထုကို ဦးဆောင်မှုတွေ ပေးနိုင်ခဲ့ပြန်တယ်။
မိခင်တစ်ဦးအနေနဲ ့ ရော၊ အိမ်ထောင်ရှင်မ တစ်ဦးအနေနဲ ့ပါ သားတွေကို စွန် ့၊ ခင်ပွန်းကို ထားသွားပြီး နိုင်ငံရေးလုပ်နေတဲ့ မင်းရဲ ့ပြတ်သားတဲ့ လုုပ်ရပ်ကို မင်းသူငယ်ချင်းအချို ့ က နားမလည်စွာနဲ ့ ပြောဆိုဝေဖန်ကြတိုင်း သားငယ်ကင်မ်က “မေမေဟာ သူလုပ်ရမယ့် အလုုပ်တွေကို လုပ်နေတာပါ” လို ့ ပြန်ပြောလေ့ရှိတယ်။
“ကျွန်မသားတွေ ကျွန်မကို လိုအပ်နေကြမှာကို ကျွန်မ အကြောက်ဆုံးပဲ” လို ့ မင်းပြောခဲ့ဖူးတယ်။
ကျန်းမာရေးဂရုစိုက်ပြီး၊ နိုင်ငံရေးလှုပ်ငန်းတစ်ခုတည်း အပေါ်အာရုံထားဖို ့၊ ကလေးတွေ အတွက် မပူပန်ဖို ့ ဖုန်းထဲကနေ ကိုယ့်ပြောစကားတွေ ဟာ ကလေးတွေ အပေါ်တာဝန်ကျေချင်လွန်းတဲ့ မင်းအတွက် စိတ်ဖြေစရာ ဖြစ်ခဲ့လိမ့်မယ်လို ့ ကိုယ်ထင်ပါတယ်။
မြန်မာပြည်တွင်းက အခြေအနေတွေ ဖရိုဖရဲ ဖြစ်နေချိန်မှာ၊ အထူးသဖြင့် ဆက်သွယ်ရေးတွေ၊ သတင်းထုတ်ပြန်မှုတွေ ညံ့ဖျင်းလွန်းတဲ့ ကာလဖြစ်တဲ့ အချိန်မှာ ကိုယ်တို ့သားအဖတွေဟာ မင်းရဲ ့ လှုံခြုံရေးအတွက် အချိန်နဲ ့ အမျှ စိုးရိမ်ပူပန်နေခဲ့ကြရပါတယ်။
ဖုန်းသံကြားတိုင်း မင်းဆီက ဒါမှမဟုတ် မင်းအကြောင်းပြောနိုင်တဲ့ လူတစ်ယောက်ယောက်ဆီက ဖုန်းလားလို ့ အမြဲမျှော်မိခဲ့ကြတယ်။
“မေမေဘယ်တော့ ပြန်လာမလဲ” ဆိုတဲ့ ကလေးတွေ အမေးကို ခနခနဖြေရတိုင်း ကိုယ့်ရင်မှာ မချိပါဘူး။ မပြောကောင်း မဆိုကောင်း ဗိုလ်ချုပ်အောင်ဆန်းလို မင်းကို လုပ်ကြံကြမှာကိုလည်း စိုးရိမ်မိပါတယ်။
စိုးရိမ်ပူပန်ရလွန်းတဲ့ အတွက်.. မင်းကို နေအိမ်အကျယ်ချုပ်ချလိုက်ပြီ လို ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ အနည်းဆုံး အိမ်ထဲမှာ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးပေါ့ ဆိုပြီး ကလေးတွေကို တင်းတင်းကြပ်ကြပ်ဖက်လို ့ ကိုယ်ဖြေတွေးတွေးခဲ့ပါတယ်။
မကြာခနဆိုသလို မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ နိုင်ငံခြားသားတစ်ယောက်ကို လက်ထပ်ထားတဲ့ အတွက် မင်းမှာ အပြစ်ရှိကြောင်း ဝေဖန်တိုက်ခိုက်တာ တွေ ပေါ်ထွက်လာတိုင်း ကိုယ့့်ကြောင် ့မင်းရဲ ့လှုပ်ရှားမှုတွေကို ထိခိုက်တော့မလား ဆိုပြီး စိုးရိမ်ခဲ့ရသလို၊ ကိုယ့်ကြောင့် ပြောဆိုတိုက်ခိုက်ခံနေတာကို လည်း စိတ်မကောင်းကြီးစွာဖြစ်လို ့နေခဲ့ရပါတယ်။
ကိုယ်မွေးဖွားရာ တိုင်းပြည်ကို ရွေးချယ်နိုင်တဲ့ တန်ခိုးစွမ်းအင်သာ ကိုယ့်မှာရှိခဲ့ရင် မြန်မာပြည်မှာ မွေးဖွားခွင့်ကို ကိုယ်ရွေးချယ်မိမှာပါ။ ခုတော့ ကိုယ်မစွမ်းသာတဲ့ ကိစ္စတစ်ခုအတွက် မင်းပြောဆိုဝေဖန်ခံနေရတာကို မချိတင်ကဲ လက်ပိုက်ကြည့်နေရတယ်။
******************************************************************
စုရေ..
မင်းချစ်တဲ့ တိုင်းပြည်ကို ကိုယ်ချစ်တယ်။ မင်းကိုးကွယ်တဲ့ ဘာသာကို ကိုယ်ပြောင်းလဲ ကိုးကွယ်ခဲ့တယ်။
တို ့မိသားစုထက် ပိုပြီး မင်းတန်ဖိုးထားတဲ့ မြန်မာ ပြည်သူလူထု အတွက် လွတ်မြောက်ရေးလုပ်ငန်းစဉ်တွေ မှာလဲ ကိုယ်ဝင်ပါချင်တယ်။
ဒါကြောင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို နိုင်ငံတကာက ထောက်ခံအားပေးမှုတွေ ရလာအောင် နိုင်ငံရေး၊ဘာသာရေး ပိုင်းမှာ လူသိများတဲ့ ပုဂိုလ်တွေ နဲ့ ကိုယ် တိတ်တဆိတ် သွားရောက်တွေ ့ဆုံပြီး စည်းရုံး လှုံ ့ဆော်မှုတွေ လုပ်ခဲ့တယ်။
ကိုယ့်ရဲ ့လှုပ်ရှားမှုတွေ ကို မြန်မာအစိုးရ က သိသွားရင် မင်းကို ပိုပြီးထိခိုက်မှာ စိုးတဲ့အတွက် လျှို ့ ဝှက်စွာနဲ ့ ကိုယ်လှုပ်ရှားခဲ့ပါတယ်။ သတင်းသမားတွေ၊ အင်တာဗျူး လာတောင်းတာတွေကို လဲ ကိုယ်အတတ်နိုင်ဆုံးရှောင်ရှားခဲ့တယ်။
နေအိမ်အကျယ်ချုပ်ဘဝနဲ ့ ထိန်းသိမ်းထားတဲ့ ကာလအတွင်း၊ အထီးကျန်နေမယ့် မင်းအတွက် ကောင်းနိုးရာရာ စာအုပ်တွေ ပို ့ပေးခဲ့တယ်။ နယ်ဆလ်မင်ဒဲလားအကြောင်း၊ ဂနီ္ဒအကြောင်း အစရှိတဲ့ စာအုပ်တွေ ဟာ မင်းရဲ ့လှုပ်ရှားမှုတွေကို အထောက်အကူပြုနိုင်လိမ့်မယ်လို ့ ကိုယ်ထင်ပါတယ်။
တို ့အိမ်က နံရံမှာ မင်းပုံ ခပ်ကြီးကြီးတစ်ပုံကို ချိတ်ထားပြီး၊ ဧည့်ခန်းထဲမှာ မင်းအတွက် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတံဆိပ်မျိုးစုံ တွေရယ်၊ မင်းရထားတဲ့ နို်ဘယ်ဆု အပါအဝင် တခြားဆုတံဆိပ်တွေ မျိုးစုံကို ကိုယ် ဂုဏ်ယူစွာနဲ ့ ခင်းကျင်းပြင်ဆင်ထားတယ်။
******************************************************************
စုရေ နေအိမ်အကျယ်ချုပ်ဘဝနဲ ့ အထိန်းသိမ်းခံဘဝဟာ မင်းအတွက် ရော၊ ကိုယ့်အတွက် ပါ အင်မတန်ရှည်လျားတဲ့ ကာလတွေပါ။
တခါတလေ မင်းအကြောင်း ဘာသတင်းမှ မကြားရတော့ပဲ လပေါင်းများစွာကြာသွားတဲ့ အခါတွေမှာ လူမသိ သူမသိဘဝနဲ ့ မင်းသေများသွားပြီလားလို ့ တွေးပူနေချိန်မှာ “ဒေါ်စုအိမ်က စနရားသံကြားရတယ်” လို ့ သတင်းကြားလိုက်ရလို ့ ကိုယ့်မှာ ပြောမပြတတ်လောက်အောင် စိတ်သက်သာရာရ သွားတဲ့ အကြိမ်တွေလဲ မနည်းခဲ့ပါဘူး။
ဒါပေမယ့် နောက်ပိုင်းမှာ မင်းအသက်ရှင်နေကြောင်း မျှော်လင့်လို ့ရတဲ့ စနရားသံတောင် မကြားရတော့ဘူး ဆိုတဲ့ အချိန်မှာ ကိုယ် သွေးပျက်ခဲ့ရပါတယ်။ စနရားပျက်သွားတာပဲလား၊ ဒါမှမဟုတ် ငွေကြေးကြပ်တည်းလို ့ရောင်းလိုက်ရတာများလား ဆိုပြီး တွေးပူရသေးတယ်။
ကိုယ့်ဇနီးသည် တစ်ယောက်တည်း အားငယ်နေချိန်၊ အခက်အခဲတွေနဲ ့ ရင်ဆိုင်နေရချိန်မှာ ခင်ပွန်းသည်တစ်ယောက် အနေနဲ ့ ရှေ ့ကနေ မားမားမတ်မတ်ရပ်ပြီး၊ ဒါမှမဟုတ် အနားမှာ အားပေးခွင့်တောင် မပေးနိုင်တဲ့ ဘဝကို လဲ ငါမုန်းတီးမိပါတယ်။ ဒါပေမယ့် အများကောင်းကျိုးအတွက် သတိရှိရှိနဲ ့တိုက်ပွဲဝင်နေတဲ့ မင်းလို မိန်းမအာဇာနည်ရဲ ့ ခင်ပွန်းသည်ဖြစ်ရတာကိုတော့ ကိုယ် အမြဲတမ်း ဂုဏ်ယူမိပါတယ်။
******************************************************************
၁၉၉၅ ခု ရဲ ့ နေ ့တစ်နေ ့မှာ ဖုန်းထဲက နေ မင်းအသံကို စကြားလိုက်ရပြီး၊ နေအိမ်အကျယ်ချုပ်ဘဝကနေ လွတ်မြောက်လာပြီလို ့ သိလိုက်ရတော့ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တို ့တွေ ပျော်ပျော်ပါးပါးနဲ ့မြန်မာပြည် ကို အပြေးသွားခဲ့ကြတယ်။
သားငယ်ကင်မ် က လူပျိုကြီးဖားဖား ဖြစ်နေတာကို မြင်တော့ အပြင်မှာတွေ ့ ရင်တောင် ရုတ်တရက်မှတ်မိမှာ မဟုတ်ဘူးလို ့မင်းပြောခဲ့သေးတယ်နော်။
စုရေ ..တယောက်တည်း အကျယ်ချုပ်ဘဝနဲ ့နေခဲ့ရပေမယ့် မင်းဟာ အရင်ကထက်တောင် ပိုပြီး တည်ငြိမ်လာတာကို သတိထားမိပါတယ်။ ပန်းတွေပန်ထားတဲ့ နူးညံ့တဲ့ အပြုံးအောက်က ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ ့သံမဏိစိတ်ဓာတ်တွေကို ကိုယ်မြင်တွေ ့ ခဲ့ရတယ်။
အသက်အရွယ်မရွေးပါဝင်တဲ့ မင်းရဲ ့ အသင်းသူ၊ အသင်းသားတွေကို ဦးဆောင်မှုပေးနေတာ မြင်ရတော့ ငါတို ့မိသားစုတွေ ကွဲကွာနေကြရတာ အလကား မဖြစ်ဘူးဆိုတဲ့ စိတ်နဲ ့ ကိုယ်ကျေနပ်ခဲ့မိပါတယ်။
အဲဒီ ၁၉၉၅ ခုနှစ် ဟာ မင်းနဲ ့ကိုယ်နဲ ့ နောက်ဆုံးတွေ ့ခဲ့ကြရတာပဲနော်။
၁၉၉၈ ရောက်တော့ ကိုယ့်မှာ ကင်ဆာဖြစ်နေပြီ၊ နောက်ဆုံးအဆင့်လို ့ သိလိုက်ရတော့ ကိုယ်အရမ်းကို ချောက်ခြားသွားတယ်။ လူ ့ လောကကြီးထဲ နေရဖို ့ အချိန်သိပ်မကျန်တော့လို ့၊ မသေခင်မှာ မင်းကို လူချင်းတွေ ့ပြီး နှုတ်ဆက်သွားချင်တယ်။ ဒါကြောင့် မြန်မာသံရုံး ကို သွားပြီး ဗီဇာလျှောက်ထားပေမယ့် ခွင့်မပြုခြဲ့ကဘူး။
မြန်မာအစိုးရရဲ ့ ဗီဇာငြင်းပယ်မှုကို အားမလျော့ပဲ ကိုယ် ထပ်ကြိုးစားပေမယ့် နောက်ဆုံး အကြိမ်ပေါင်း ၃ဝလောက်ရှိလာတော့ ကိုယ်အားလျော့လာမိပြီ၊ ခန္ခာကိုယ်က လဲ သိသိသာသာ ကို အားနည်းလာတယ်၊ ကိုယ့်အဖြစ်ကို စာနာပြီး ပုပ်ရဟန်းမင်းကြီးနဲ ့ အမေရိကန်သမတ ကလင်တန်တို ့အပါအဝင် တခြား မိတ်ဆွေတွေက မြန်မာအစိုးရဆီကို မေတာရပ်ခံစာ ရေးခဲ့ကြပေမယ့် ဗီဇာမရခဲ့ပါဘူး။
ဆိုးဝါးရက်စက်လှတဲ့ ကံကြမ္မာကို ပဲ ကိုယ်တို ့ အပြစ်တင်ခဲ့ကြရတယ်။ မင်းဆီကို စစ်အရာရှိတစ်ယောက်က လာတွေ ့ပြီး ကိုယ်နဲ ့ လာတွေ ့ ဖို ့ အင်္ဂလန်ကို အချိန်မရွေးပြန်နိုင်ကြောင်း၊ လိုအပ်တဲ့ ဗီဇာကို ချက်ခြင်းထုတ်ပေးမယ့် အကြောင်းလာပြောတယ်ဆိုတာ ကိုယ်ပြန်ကြားရတယ်။
အမှန်အတိုင်း ပြောရင် မသေခင်၊ ဝေဒနာတွေ ခံစားနေရချိန် မှာ မင်းကို အနားမှာ သိပ်ရှိနေစေချင်ပါတယ်။
ဒါပေမယ့် မြန်မာပြည်က နေထွက်လာပြီးရင် ပြည်ဝင်ခွင့်အပိတ်ခံရမှာ မို ့ မင်းကိုယုံကြည်အားထားနေတဲ့ ပြည်သူလူထု ကို မင်းဘယ်လို အင်အားနဲ ့မှ ထားရက်ခဲ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကိုယ်သိနေပြီးသား ပါ။
တိုင်းပြည်နဲ ့ မိသားစုအရေး ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အခြေအနေတစ်ခု ကို စစ်အစိုးရက အတင်းဖန်တီးနေခဲ့ပေမယ့်၊ ကိုယ်တို ့ နှစ်ယောက်က အဲဒီလို အဖြစ်မခံခဲ့ကြဘူးနော်။
ကိုယ်တို ့ ချစ်သူတွေ မဖြစ်ခင်ကတည်းက တိုင်းပြည်နဲ့ ပြည်သူတွေသာလျှှင် ပဓာန ဆိုတာ နှစ်ယောက်စလုံးနားလည်သဘောတူခဲ့ပြီးသားမို ့၊ မင်းပြန်လာဖို ့ ဆိုတဲ့ အကြောင်းကို ကိုယ်တို ့ဆွေးနွေးစရာတစ်ခု အနေနဲ ့တောင် မယူဆခဲ့ကြဘူး။
******************************************************************
စုရေ.. ကုစရာဆေးမရှိတဲ့ ကင်ဆာရောဂါကြောင့် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို အံကြိတ်ခံစားရင်း..
.ဗြိတိသျှှသံရုံးကနေ တဆင့် မင်းဆက်လာမယ့် ဖုန်းကို မျှော်ရင်း၊
ပြန်ဆုံကြမယ်လို့ ကြိုးစားပြီး အားခဲနေခဲ့ပေမယ့်၊ ကိုယ် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်လောက်အောင် အားအင်တွေ ချိနဲ ့လာနေပြီ။
တကယ်လို ့ ကိုယ်သေသွားခဲ့ရင် ကိုယ့်ကို လာမတွေ ့ နိုင်တဲ့အတွက် မင်းစိတ်မကောင်းမဖြစ်ပါနဲ ့၊ ကိုယ်တို ့မိသားစု အနစ်နာခံကြရတာတွေ အချည်းနှီးမဖြစ်ပါစေနဲ ့။
မင်းကို ပိုပြီးလိုအပ်နေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ ့ မျက်နှာကို ကြည့်ပါနော်။
ဖြစ်နိုင်ရင် မြန်မာပြည် ဒီမိုကရေစီရလာပြီး နောင်လာနောက်သားတွေ ကောင်းစားတာကို ကိုယ်မြင်တွေ ့သွားချင်ပါတယ်။
ဒါပေမယ့် ကိုယ့် အမြင်တွေ က ဝေဝါးလာနေပြီ..အသက်ရှုရတာလဲ ပိုပြီးခက်လာတယ်…
ဟိုး ခပ်ဝေးဝေး မှာ အပြေးလှမ်းလာနေတဲ့ မင်းရဲ ့ ပုံရိပ်ကလည်း ဝေးလို ့ဝေးလို ့ ကျန်နေခဲ့ပြီ…..
***********************************************************************
(မိုက်ကယ်၏ အမြွာညီအစ်ကို အန်ထော်နီရဲ ့ ပြောကြားချက်အရ ဒေါ်စု က ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်မသေခင် နှုတ်ဆက်စကားပြောတဲ့ ဗီဒီယို အခွေ ကို ဗြိတိသျှသံရုံးကနေ တဆင့် မိုက်ကယ့်ဆီကို ပို ့ပေးခဲ့ပေမယ့် အဲဒီခွေဟာ မိုက်ကယ်ဆုံးပြီး ၂ရက်အကြာမှ ရောက်လာခဲ့တဲ့ အတွက် မိုက်ကယ်ကြည့်ခွင့်မရလိုက်ဘူးလို ့သိရပါတယ်)
ဒီဆောင်းပါးကို 2011ခု၊ ဒီဇင်ဘာလ မှာ ရေးခဲ့ပြီး၊ ကျွန်မရဲ ့facebook ပေါ်မှာနဲ ့littlevoiceformburma blog မှာဖော်ပြခဲ့ဖူးပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ ့အမျှ အတိုက်အခိုက်မျိုးစုံ၊ အခက်အခဲမျိုးစုံတွေ ကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ ့ပြည်သူတွေ အတွက် ပေးဆပ်ခဲ့ရတဲ့ ပုံရိပ်တစ်ချို ့ကို အောက်မေ့ သတိရတဲ့ အနေနဲ ့မူရင်းဆောင်းပါးကို ဖြည့်စွက်ရေးသားပြီး ပြန်လည်ဝေငှလိုက်ပါတယ်။
ခင်မင်စွာဖြင့်
မစုဉာဏ်
22 comments
တောတွင်းပျော်
December 8, 2014 at 11:04 am
ကျနော်တို ့တတွေတောင် ကြေကွဲရတာ
ကာယကံရှင်တွေ အနေနဲ ့ ဆိုဖွယ်ရာမရှိပေါ ့။
ပေးဆပ်မှုတွေအတွက် တကယ် ့လေးလေးနက်နက်ကြီးကို
လေးစားဂုဏ်ယူပါတယ်။
aye.kk
December 8, 2014 at 11:51 am
ဒီပို ့စ်တစ်ခုလုံးဖတ်ပြီး ။
ထပ်တူထပ်မျှခံစားမိရပါတယ် ။
ဦးကြောင်ကြီး
December 8, 2014 at 12:02 pm
….
စုရေ..
မင်းချစ်တဲ့ တိုင်းပြည်ကို ကိုယ်ချစ်တယ်။ မင်းကိုးကွယ်တဲ့ ဘာသာကို ကိုယ်ပြောင်းလဲ ကိုးကွယ်ခဲ့တယ်။ …
အထက်ပါ စကားစုဟာ သွားလေသူ မိုက်ကယ်အဲရစ်ရဲ့ အသိညဏ် ယုံကြည်မှုကို စော်ကားရာရောက်ပါတယ်.. သိပ်အန္တရာယ်ကြီးတဲ့ မရေးသင့် မရေးအပ်တဲ့ စကားပါပဲ။ မိုက်ကယ်အဲရစ်သည် မြောက်ပိုင်းဗုဒ္ဓဘာသာ အထူးကျွမ်းကျင်သူ အောက်စဖို့တက္ကသိုလ်ကျောင်းဆင်း ပါရဂူဘွဲ့ရ ဒေါက်တာတဦးဖြစ်တဲ့အပြင် လွတ်လပ်မှုတန်ဖိုးထားတဲ့ ဗြိတိန်နိုင်ငံသားတယောက်အနေနဲ့ မိန်းမတယောက်အတွက် ကိုယ့်ယုံကြည်မှုကို လဲလှယ်တယ်ဆိုတာ လွန်ကြူ းလွန်းပါတယ်။ မသင့်လျော်ခင်ဗျား…။
မှတ်ပလားကွ.. ငါ့စားကာနီး ငါးကြော်ဒုံးဂျီး လုစားချဉ်အုံး… ခွီး
Ma Ma
December 8, 2014 at 7:41 pm
ဒီစာကို ဖတ်ဖူးပါတယ်။
ဒီစာရေးတဲ့သူဟာ မစုဉာဏ်ဆိုတာကို မသိခဲ့ဘူး။
ဒီလိုစာပေအဆင့်ရှိသူတစ်ယောက် ရွာထဲမှာ စာတွေရေးတာ၊ အသိပညာတွေ ဖြန့်ဝေပေးတာကို ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။
မိုက်ကယ်အဲရစ်ကို ဗုဒ္ဓဘာသာဝင်လို့ သိထားပေမယ့် ဒီလိုနည်းနဲ့ ဘာသာပြောင်းလာတယ် ဆိုတာတော့ မသိခဲ့ဖူးဘူး။
ယုံကြည်မှုကြောင့် ပြောင်းလာတာမဟုတ်ပဲ စုကိုချစ်လို့ ပြောင်းလာတာဆိုရင် သူ့ရဲ့ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုအဆင့်ကို လျော့ကျစေနိုင်ပါတယ်။
ဒီနေရာမှာ ကြောင်ကြီးကို ထောက်ခံပါတယ်။
စားကာနီး ငါးကြော်ဒုံးဂျီးကို တဝက်ခွဲကျွေးပါ။ :hee:
padonmar
December 9, 2014 at 6:43 pm
အန်တီမမ ပြောတဲ့အတိုင်း။
Kaung Kin Pyar
December 8, 2014 at 12:09 pm
အလွန့်အလွန်ကောင်းတဲ့ ပိုစ့်တစ်ပုဒ်ပါရှင်…
ခင်ဇော်
December 8, 2014 at 3:40 pm
အသိညာဏ်တွေ ကန်းနေမှပဲ
ဒီလို အနစ်နာခံနိုင်မှု စွန့်လွှတ်နိုင်မှုကို
မမြင်နိုင်မှာပါ။။
နှလုံးသား မရှိမှပဲ
မြင်ဖို့ မကြိုးစားမှာပါ။
😥
uncle gyi
December 8, 2014 at 10:48 pm
ချစ်ချင်းကိုမေတ္တာပေါင်းထား
သံယောဇင်ကိုအသိဉာဏ်ပေါင်းထား
ဖြစ်ချင်တာကိုဖြစ်သင့်တာနဲ့အစားထိုး
စစ်မှန်တဲ့ပါရမီဖြည့်ဖက်
အလင်းဆက်@မောင်သူရ
December 9, 2014 at 1:24 pm
ဖတ်ရတာ…. ရသ စုံ …ခံစားမှု စုံသွားလေရဲ့
Yae Myae Tha Ninn
December 10, 2014 at 11:43 am
ဒီစကားလုံးတွေကို The Lady ကားမှာ ယူသုံးရင် ပိုတောင် ကောင်းသွားမလားပဲ… 🙂
မွသဲ ( 17082011 )
December 10, 2014 at 8:36 pm
ရင်ထဲကိုနင့်နေတာပါ ဒီအကြောင်းဘယ်အချိန်ပြောပြော သူမရဲ့ပေးဆပ်မှု့ဟာ ဘယ်လိုမှပြန်ပေးဆပ်လို့ကြေနိုင်ဖွယ်မရှိပါဘူး
မစုဉာဏ်
December 11, 2014 at 12:20 am
Post ကို ဖတ်တဲ့ အတွက် ရော comment တွေရေးပေးတဲ့ အတွက်ရော ကျေးဇူးတင်ပါတယ်ရှင့်။ အလုပ်အချိန်ပိုဆင်း၊ စာကျက်နေရလို ့ ပြန်ရေးဖို ့နောက်ကျတာကို ခွင့်လွတ်ပါ။
@ဦးကြောင်ကြီး..မိုက်ကယ်က အရှေ ့တိုင်းယဉ်ကျေးမှု(အထူးသဖြင့် ဘူတန်နဲ့တိဘက်) အပေါ် စိတ်ဝင်စားမှု အခြေခံရှိနေခဲ့ပြီး၊ ဒေါ်စုနဲ ့လက်ထပ်ပြီးမှ ဗုဒဘာသာအပေါ်သက်ဝင်ယုံကြည်မှုတွေ ပိုပြင်းထန်လာတယ်လို ့ကျွန်မဖတ်ဖူးပါတယ်။ ဒေါ်စုနဲ ့လက်ထပ်တဲ့အခါ ဗုဒဘာသာ ထုံးတမ်းစဉ်လာနဲ ့မင်္ဂလာဆောင်ခဲ့တဲ့အကြောင်း၊ နောက်ပိုင်းမှာ ဗုဒဘာသာနဲ ့ဆိုင်တဲ့ စာတမ်းတွေ ပြုစုခဲ့တဲ့ အထိ စိတ်ဝင်စားမှုရှိခဲ့ကြောင်း မှတ်သားဖူးပါတယ်။ မှတ်မှတ်ရရ အင်္ဂလိပ်ဘာသာနဲ ့ရေးထားပြီး ဒေါ်စုတို ့မိသားစုရဲ ့ရှားရှားပါးပါး ပုံတွေ တင်ထားတဲ့ (သားကိုရှင်ပြုပေးတဲ့ပုံ စသဖြင့်)ပါတဲ့ ဝက်ဆိုဒ်တစ်ခုမှာပါ။ ၂၀၀၇-၈ ဝန်းကျင်လောက်က ဖတ်ဖူးတာပါ။ အဲဒီတုန်းက ဒီဆောင်းပါးရေးဖို ့အစီအစဉ်လဲမရှိတော့ (ဒီဆောင်းပါးကို ရေးရာမှာ သမိုင်းမှတ်တမ်းအနေနဲ ့ရေးတာ မဟုတ်ပဲ ရသစာပေ၊ စိတ်ကူးယဉ်ဖြည့်စွက်မှုတွေနဲ ့ရေးခဲ့တဲ့ အတွက် reference တွေကိုလဲ ကျွန်မ မထည့်ခဲ့ပါဘူး။) အဆိုပါ ဝက်ဆိုဒ်ကို လဲ ကျွန်မ မမှတ်ထားမိဘူး။ အခုပြန်ရှာတော့ ရှာမတွေ ့တော့ဘူးဖြစ်နေတယ်။
တကယ်လို ့အဲဒီအကြောင်းရာက မှားနေတယ် ဆိုရင်..စာရေးသူ ကျွန်မရဲ ့ညံ့ဖျင်းမှု၊ မှားယွင်းမှုသာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။
အင်တာနက်ပေါ်မှာတွေ ့ရတဲ့ အထောက်အထားတွေ ကို ဖတ်ကြည့်ရင် .. မိုက်ကယ်ဟာ ဒေါ်စုနဲ ့လက်ထပ်တာက ၁၉၇၂ခု၊ လက်ထပ်ပြီး ရ နှစ်အကြာ(၁၉၇၉ မှာ စပြီး) Himalayan Kingdom ဆိုတဲ့ စာအုပ်၊ ဒေါ်စုနဲ ့ပေါင်းပြီး ရေးတဲ့
Tibetan studies အကြောင်းစာအုပ် (၁၉၇၉) တို ့ကို ရေးသားထုတ်ဝေခဲ့တယ်၊ ဗုဒဘာသာအကြောင်းပါတဲ့ The Raven Crown: the origin of Buddhist Monarchy in Bhutan ကို ထုတ်ဝေတာက ၁၉၉၄ခုမှာပါ။ ဒါကြောင့် ဒေါ်စုနဲ ့တွေ ့ပြီး နောက်ပိုင်းမှာ ဗုဒဘာသာအကြောင်း ပိုလေ့လာဖြစ်၊ ရေးဖြစ်တယ်လို ့တချို ့က ယူဆယုံရပါတယ်။
သေချာတာကတော့ မျှတမှု၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ ဒေါ်စုတစ်ယောက် သူ ့အတွက်နဲ ့ သူယုံကြည်တဲ့ ဘာသာကို ကူးပြောင်းဖို ့တစုံတဦးကို အတင်းကြပ် စည်းရုံးခဲ့မှာ မဟုတ်ဘူးဆိုတာပါပဲ။ ကျွန်မရေးထားတာကို ဖတ်ရရင်တောင် သူကြိုက်မယ်မထင်ဘူး။
မိုက်ကယ်ရဲ ့မိသားစုက သူ ့ဈာပနအခမ်းအနားကို ကက်သလစ်ဘာသာဝင်ဘုန်းတော်ကြီးများရဲ ့ဆုတောင်းမှု၊ ဗုဒဘာသာဝင်ဘုန်းကြီးများ(မြန်မာ နှင့် တိဘက်လို) ဆုတောင်းမှုနဲ ့ အခမ်းအနား ၂ မျိုးနဲ ့လုပ်ပေးခဲ့တယ်။ မိုက်ကယ့်မိသားစုတွေ ရေးတဲ့ကျေးဇူးတင်လွှာထဲမှာ “INTERFAITH” လို ့ရေးသားထားတာမှတ်သားရတယ်။
ဦးကြောင်ကြီးရေးတဲ့ comment မှာ မိန်းမတစ်ယောက်ကြောင့် ကိုယ့်ယုံကြည်ချက်ကို လဲလည်တာ မဖြစ်သင့်ဘူးလို ့ရေးထားတယ်။ Ma Ma ကလဲ “စုကိုချစ်လို့ ပြောင်းလာတာဆိုရင် သူ့ရဲ့ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုအဆင့်ကို လျော့ကျစေနိုင်ပါတယ်။” လို ့ရေးထားတာဖတ်ရပါတယ်။
ဒီနေရာမှာ ကြုံကြိုက်လို ့ကျွန်မရဲ ့ခံယူချက်ကို ပြောရမယ်ဆိုရင်..လူတစ်ယောက်ဟာ မိန်းမတစ်ယောက်ကြောင့် ပဲဖြစ်ဖြစ်၊ ယောက်ကျားတစ်ယောက်ကြောင့်ပဲ ဖြစ်ဖြစ်၊ ဆေးစွဲတာကို ဖြတ်ချင်လို ့ပဲ ဖြစ်ဖြစ်၊ အကြောင်းပြချက်မရှိပဲနဲ ့ပဲ ဖြစ်ဖြစ်၊ ဘာသာတစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲနိုင်ခွင့်ရှိပါတယ်။ဘာသာမဲ့တစ်ယောက်အနေနဲ ့လဲ သူနေသွားနိုင်တယ်။ ဒါဟာ သူ ့ရဲ ့မွေးရာပါ လွတ်လပ်မှုတစ်ခုပါ။
မိန်းမတစ်ယောက်ကြောင့် ဘာသာပြောင်းလိုက်တာနဲ ့အဲဒီဘာသာပေါ်ထားတဲ့ လေးနက်မှုက ကျသွားတယ်ဆိုပြီး သတမတ်တည်း သတ်မှတ်လို ့မရပါဘူး။ ပိုပြီး သက်ဝင်ယုံကြည်သွားတာမျိုးလဲ ဖြစ်နိုင်တာပဲလေ။
ဒေါ်စုဟာ ဘုရားကန်တော့တဲ့အခါ ဖြစ်ဖြစ်၊ အာဇာနည်ဗိမာန်မှာ ပဲဖြစ်ဖြစ် တခြားမိရိုးဖလာ ဗုဒဘာသာဝင်တွေလို ပုဆိန်ပေါက်ရှိခိုးတာမျိုးမလုပ်ဘူး၊ ထိခြင်းငါးပါးနဲ ့တကယ့်ကို ရိုရိုကျိုးကျိုးကန်တော့လေ့ရှိပါတယ်။ အဲဒီပုံတွေ ကို မြင်ပြီး (ကျွန်မ အပါအဝင်) လူငယ်အချို ့က ထိခြင်းငါးပါးနဲ ့ရှိခိုးတတ်အောင် ကြိုးစားမိလာတယ်။ငယ်ငယ်ကတည်းက ထိခြင်းငါးပါးအကြောင်း ကျွန်မသင်ယူခဲ့ရတာပဲ။ ဒါပေမယ့် မလိုက်နာခဲ့မိဘူး။ ဒေါ်စု က ရိုရိုသေသေနဲ ့ကန်တော့တာ မြင်တော့မှ ကျွန်မရှက်သွားတာ။ ပုဂိုလ်ခင်လို ့တရားမင်တယ်ပဲဆိုဆို၊ ကိုယ်လေးစားတဲ့ ..ချစ်ခင်တဲ့ လူတစ်ယောက်ကြောင့် အကြောင်းအရာတစ်ခုကို လေ့လာချင်စိတ်ပိုမိတတ်ပါတယ်။ သူနဲ ့အနီးကပ်နေခဲ့ရတဲ့၊ သူ ့ကို ချစ်မြတ်နိုးပြီး ပါရမီဖြည့်လိုတဲ့ အိမ်ထောင်ဖက် တစ်ယောက်အပေါ်မှာ ရော ဒေါ်စုရဲ ့လွှမ်းမိုးမှုတွေ ရှိမနေနိုင်ဘူးလား။ မိန်းမတစ်ယောက်ကြောင့် သောတာပန် ဖြစ်သွားတဲ့ ယောက်ကျားတွေ အကြောင်း ဗုဒဘာသာ ကျမ်းကန်တွေ မှာ မရှိခဲ့ဘူးလား။ ယောက်ကျားတွေ ကြောင့် ဘာသာပြောင်းသွားတဲ့ မိန်းမတွေကို လူ ့အသိုင်းအဝိုင်းက အလွယ်တကူ လက်ခံကြပေမယ့်၊ မိန်းမတစ်ယောက် ကြောင့် ဘာသာပြောင်းရင် ..အဲဒီလူရဲ ့ယုံကြုည်မှုတွေ က နိမ့်ကျသွားတယ်လို ့ ဘာဖြစ်လို ့ မြင်တတ်ကြသလဲ။ ပုခက်လွှဲတဲ့ လက်တွေက၊ မိန်းမဖြစ်တဲ့ မိခင်တွေ က တိုက်တွန်းလွန်းလို ့ဘာသာတစ်ခုအပေါ် အထူးသက်ဝင်ယုံကြည်သွားတာမျိုးတွေ လဲ ကျွန်မတို ့ မြင်တွေ ့နေရတာပဲ။ ဒါတွေက ကျွန်မ အတွေးတွေပါ။ လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်။
မွေးကတည်းက ဗုဒဘာသာဝင်တွေ အဖြစ်မွေးလာ၊ ဗုဒဘာသာဝင်တွေ အဖြစ် ခံယူပြီး အလှူအဒါန်းတွေ လုပ်နေတဲ့ ကြားက ရက်စက်ကြမ်းကြုတ်မှုတွေ လုပ် နေတဲ့ ယောက်ကျားရင့်မကြီး (စစ်ဗိုလ်ချုပ်ကြီး)တွေ ကိုလဲ ကျွန်မတို ့မြင်နေသားပဲ။ ဒါကြောင့် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဘာသာပြောင်းပြောင်း သူကိုယ်တိုင် သက်ဝင်ယုံကြည်မှု မရှိဘူးဆိုရင် အဲဒီ ဘာသာတရားရဲ ့အဆုံးအမက အလကားပဲလို ့ကျွန်မခံယူပါတယ်။ လူတစ်ယောက်နဲ ့ဆက်ဆံရာမှာ သူကိုးကွယ်တဲ့ ဘာသာတရားထက်၊ သူ ့ရဲ ့အပြုအမူ၊ ခံယူချက်တွေကို ပဲ ကျွန်မ အလေးထားပါတယ်။ အမေရိကမှာ ဘယ်ဘာသာကို မှ မယုံကြည်ပဲ အများကောင်းကျိုး အတွက် စွမ်းစွမ်းတမံလုပ်နေသူတွေ အများကြီးပါ။
နောက်ပြီး ဒီဆောင်းပါးကို သမိုင်းမှတ်တမ်းတစ်ခု၊ ဒါမှမဟုတ် မိုက်ကယ်အဲရစ်ရဲ ့ကိုယ်ရေးရာဇဝင် တစ်ခုအနေနဲ ့မှတ်တမ်းတင်ရေးဖွဲ ့တာမဟုတ်ပါ။ ကိုယ့်ခင်ပွန်းသေတာတောင် သွားတွေ ့ခွင့်မရခဲ့တဲ့ မိန်းမတစ်ယောက်က၊ လင်တကွဲ၊ သားတကွဲနဲ ့စိတ်ပင်ပန်းဆင်းရဲမှုမျိုးစုံဖြစ်စေခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ အပေါ် အာဃာတမထားပဲ၊ ပြည်သူ ့မျက်နှာတစ်ခုကို ထောက်ထားလို ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်နိုင်တဲ့ ဒေါ်စုရဲ ့ခွင့်လွတ်နိုင်မှုစွမ်းအား၊ ပါရမီဖြည့်ခဲ့တဲ့ မိုုက်ကယ်ရဲ ့လုပ်ဆောင်မှု တွေ ကို လက်လှမ်းမီသလောက် ရေးဖွဲ ့ထားတဲ့ ရသစာပေတစ်ခုလိုပဲ ဖတ်ပေးစေချင်ပါတယ်။
(မှတ်ချက်။ ဝေဖန်အကြံပေးမှုတိုင်းကို ကြိုဆိုပါတယ်။ ဘာသာရေးနဲ ့ပတ်သက်ပြီး sensitive ဖြစ်နေချိန်၊ မိန်းမတွေနဲ ့ပတ်သက်ပြီး ဘောင်တပ်ထားတဲ့ ဥပဒေတွေ ထုတ်နေချိန်မို ့ခပ်ရှည်ရှည်ပြန်ပြီး ရေးခြင်းသာဖြစ်ပါတယ်။)
ခင်မင်စွာဖြင့်
မစုဉာဏ်
မြစပဲရိုး
December 11, 2014 at 1:32 am
{ မိန်းမတစ်ယောက်ကြောင့် ဘာသာပြောင်းလိုက်တာနဲ ့အဲဒီဘာသာပေါ်ထားတဲ့ လေးနက်မှုက ကျသွားတယ်ဆိုပြီး သတမတ်တည်း သတ်မှတ်လို ့မရပါဘူး။ }
ဒီစကား ပြောလိုက်တဲ့ မစုဉာဏ် ဘက်မှာ ရပ်ပါရစေ။
ဖြည့်ချင်တာက လူတစ်ယောက် နောက် ကို Follow လုပ်ခဲ့ တဲ့ တစ်ခြား လူတစ်ယောက် ဟာ
ဘယ်လို လူလဲ ဆိုတာ ကို သုံးသပ် လိုက်နိုင်ခဲ့ရင် …
အဲဒီ follow လုပ်တဲ့ သူဟာ စဉ်းစား ဉာဏ်ပညာ အတွေးအခေါ် ကောင်းနေရင် ….
follow လုပ်တာဟာ ဟာ အကြောင်းမဲ့ မျက်စိမှိတ် လုပ်တာမဟုတ် နိုင်ပါဘူး။
တနည်း စိတ်ဓာတ် တန်ဖိုး ရှိ တဲ့ လူ တစ်ယောက် ဟာ သူနဲ့ တန်းတူ စိတ် ရှိ တဲ့ တန်ဖိုးကြီး သူ ကို ဘဲ ရွေးတာ အသေအချာပါဘဲ။
မိုက်ကယ် ဟာလဲ စိတ်ဓာတ်ရေးရာ အင်မတန် မြင့်မား သူမို့ အကျိုးမရှိ တဲ့ အရာ ကို သူ ရွေးခဲ့မှာ မဟုတ်ဘူး လို့ ယုံကြည်ပါတယ်။
Oxford က ဆရာတော် နဲ့ မိုက်ကယ် ရဲ့ အမွှာအစ်ကို အန်ထော်နီ တို့ အတော်လေး ခင်ပါတယ်။
သူလဲ ဗုဒ္ဓတရားတွေ ကို နှစ်ခြိုက်ပါတယ်။
The Lady အထူးပွဲ ပြတုန်း က ခင်မင်ရာ မြန်မာ တွေ ကို တောင်ဖိတ်ခဲ့ပါသေးတယ်။
ပြောချင်တာ က ဗုဒ္ဓဘာသာ ဆိုတာ ဘာ နဲ့ တိုင်းတာ အကဲ ဖြတ်သင့်ပါလဲ။
ကျွန်မ ကိုယ်ပိုင် အတွေးကတော့ သရဏဂုံ တည်ချင်မှ တည်မယ်။
ဒါပေမဲ့ ဗုဒ္ဓ ရဲ့ အဆုံးအမ တွေ ကို ရင်ထဲ စိတ်ထဲ က ပါပြီး အပြင်လောက မှာလဲ လိုက်နာ ကျင့်သုံး နေခြင်း နဲ့ ဘဲ တိုင်းပါမယ်။
မိုက်ကယ်အဲရစ်မသေခင် နှုတ်ဆက်စကားပြောတဲ့ ဗီဒီယို အခွေ ကို ရိုက် မဲ့ နေ့မှာ
ဒေါ်အောင်ဆန်းစုကြည်ဟာ မိုက်ကယ် ကြိုက်တဲ့ အရောင် အဝတ် ကို ဝတ် ပြီး သူကြိုက်တဲ့ နှင်းဆီပန်းလေးပန်ပြီး သွားခဲ့ တာလို့လဲ အန်ထော်နီ ပြောခဲ့ပါတယ်။
တကဲ့ ကြေကွဲဖွယ် Love Story ပါဘဲ။
ဒါတွေ ကို ရင်း လို့ တိုင်းပြည် အတွက် နေနေ တာ အလကား လားကွယ်။ :-(((
Ma Ma
December 12, 2014 at 3:59 pm
ဒေါ်စုအကြောင်းသေသေချာချာမသိပဲ ရေးပေးခဲ့တဲ့ ကွန်မန့်အတွက် တောင်းပန်ပါတယ်။
အလုပ်တွေ များနေတဲ့ကြားက အခုလို စာပြန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မစုဉာဏ်
December 16, 2014 at 9:27 am
Ma Ma ရေ..ဝေဖန်အကြံပေးတာနဲ ့ပတ်သက်ပြီး ကျေးဇူးတင်ပါတယ်။
ကျွန်မစိတ်ထဲ ဘယ်လိုမှ သဘော မထားဘူး။ လူတစ်ယောက်နဲ ့တစ်ယောက်နဲ ့မတူကွဲပြားတဲ့ အမြင်တွေ နဲ ့ဝိုင်းဝန်းဆွေးနွေကြမှသာ သင်ကြားလေ့လာမှုတွေ ဖြစ်လာတာမို ့လား။
ကျွန်မလဲ ဒေါ်စုအကြောင်း အကုန်မသိပါဘူး။ လေ့လာနေဆဲပါ။
အချိန်ပေးပြီး ဖတ်တာကို ပဲ ကျေးဇူးတင်လှပါပြီ။
Zaw Lwin
December 11, 2014 at 1:57 pm
လေဒီရုပ်ရှင် ကို ကြည့်ပြီး စိတ်တိုင်းမကျ ခဲ့ပေမဲ့
မိုက် ကယ့် အကြောင်းကို ရုပ်ရှင်တကားလောက် ရိုက်စေချင်သေးတယ်
ဒ ရာ မာ ကောင်း ကောင်း တပုဒ် ဖြစ်မှာ ပါ။
kai
December 11, 2014 at 2:31 pm
မို်က်ကယ်ဟာ.. ဗုဒ္ဓဘာသာစစ်စစ်ကဘာလည်း.. ဆိုတာသေသေချာချာသိပုံရပါတယ်..။
ဒေါ်စုကတောင်.. သူ့နောက်မှ.. မိရ်ိုးဖလာထေရာဝါဒကနေ… တကယ့်ဗုဒ္ဓဘာသာအကြောင်းပိုသိသွားတယ်လို့.. ထင်မိတယ်…။
ပြောင်းပြန်များဖြစ်နေမလား… ရယ်… လို့…။ :k:
မစုဉာဏ်
December 12, 2014 at 10:28 am
@ Kai ဒါလဲဖြစ်နိုင်ပါတယ်။ နေအိမ်အကျယ်ချုပ်ချခံထားရတုန်း တရားမှန်မှန်ထိုင်ဖြစ်တယ်လို့ အင်တာဗျုးတွေမှာ ဒေါ်စုပြောတာ ကြားဖူးပါတယ်။
မစုဉာဏ်
December 12, 2014 at 10:36 am
@မြစပဲရိုး ဖြည့်စွက် သုံးသပ်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
” ဗုဒ္ဓဘာသာ ဆိုတာ ဘာ နဲ့ တိုင်းတာ အကဲ ဖြတ်သင့်ပါလဲ။” ဆိုတာနဲ့ ပတ်သက်ပြီး နေ့စဉ် ဘုရားတောင် မှန်မှန် မရှိခိုးတဲ့ ကျွန်မ အတွေးတွေပွားနေပြီ။ 🙂
လုံမလေးမွန်မွန်
December 14, 2014 at 11:03 am
ဒီပို့စ်လေးကို save ထားပြီး မဖတ်ဖြစ်ခဲ့ဘူး.. ဟိုနေ့က ရုံးဖယ်ရီပေါ်မှာ ဖတ်နေရင်း မနေနိုင်လို့ သူငယ်ချင်းတွေကို အသံထွက်ဖတ်ပြရင်း မျက်ရည်ကျလာခဲ့တယ်.. ဆက်တောင် မဖတ်နိုင်တော့ဘူး.. ဘေးက သူငယ်ချင်းကလည်း မျက်ရည်တွေဝဲလို့..
အဲ့ဒီလောက်ထိတောင် ဖြစ်ခဲ့ပါတယ်လို့.. :'(
CharTooLan
December 17, 2014 at 10:02 am
ဟိဟိ 😀
ဒဂဲ့ဟာကို
အတွင်းကျကျ စေ့စေ့ပေါက်ပေါက်
ဘာမှမသိလို့ ဘာမှမပြောဒေါ့ဝူး ခိခိ 😀
အောင် မိုးသူ
August 4, 2015 at 2:25 pm
ကောင်းလိုက်တာနော်….