ရွှေချိန်ခွင်နှင့်လယ်တီဆရာတော်(အပိုင်း-၂)

Good IdeaAugust 18, 20101min1271

ရွှေချိန်ခွင် အဆို – ၃

(က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တဂရုဏာ ရှိသည်ဆို၏ ။

(ခ) ဗုဒ္ဓဘာသာကလည်း ဆို၏။
(က) အပြစ်ရှိသော သူသည် အကျွတ်တရားကိုရ၍ နောင်ထပ်မံ မပြုမကျင့်ပါပြီ၊ ပြုမိသော ဒုစရိုက်အပြစ်အတွက် ချမ်းသာပေးသနားတော်မူပါဟု ခွင့်တောင်းလျှင် အနန္တဂရုဏာတော် ရှိသည်ဟု ဆိုသည့်အတိုင်း ဘုရားကခွင့်လွှတ်သည်ဟု ခရစ်ယာန်ဘာသာက ဆို၏။
(ခ) ဗုဒ္ဓဘာသာက မလွှတ်၊ လွတ်လည်း မလွတ်နိုင်ဆို၍ ဘုရား၌ အနန္တဂရုဏာတော် ရှိသည်ဟု ဆိုချက်နှင့်မညီ၊ အနန္တတန်ခိုးတော် ရှိသည်နှင့်လည်း မညီ။

ဆရာတော် ရှင်းလင်းချက်

“ထာဝရဘုရားသည် အနန္တဂရုဏာတော်လည်းရှိသည်။ ၊ အနန္တတန်ခိုးတော်လည်း ရှိသည်နှင့်အညီ ဒုစရိုက်အပြစ်ရှိသောသူအား လွန်သမျှဝန်ချ၍ ခွင့်တောင်းလျှင် ဒုစရိုက်အပြစ် လွတ်ခွင့် ပေးနိုင်သည်” ဟူသော စကား၌ –

အနန္တ တန်ခိုးတော်ရှင်ဖြစ်၍ မတတ်နိုင်သည် မရှိ မှန်ပါလျှင်

၁။ ကမ္ဘာပေါ်တွင် ဒုစရိုက်အပြစ်ဟူ၍ မရှိရအောင် ပြု၍ထားလျှင် မပြီးပါလော။

၂။ အကျွတ်တရားကိုရ၍ ခွင့်တောင်းလာမှ ခွင့်လွှတ်နိုင်သည် ဆိုသောကြောင့် အကျွတ်တရား မရသူကိုလည်း ပြုမိသောဒုစရိုက်မှ လွတ်ခွင့်မပေးနိုင်။
၃။ အကျွတ်တရားကိုပင် ရပါသော်လည်း ခွင့်မတောင်း မိသော သူကို လွှတ်ခွင့်မပေးနိုင် ။
“အနန္တတန်ခိုးတော်ရှင်ဖြစ်၍ မတတ်နိုင်သည်မရှိ”မှန်ပါလျှင် ကျွတ်ခွင့်ကို မရသောသူကိုလည်း လွတ်ခွင့်ပေးနိုင်ရမည်။ ကျွတ်ခွင့်ကိုရသည့်သူမှသော၊ ခွင့်တောင်းသည့်သူမှသော စကား မရှုပ်သင့်။ “မတတ်နိုင်သည် မရှိ”ဟူသော စကားနှင့်မညီ။
ဒုစရိုက်ဟူသောအပြစ်သည် –

(၁) ယခုမျက်မှောက်၌ ခံရသောအပြစ်၊
(၂) သေပြီးသော နောက်မှခံရသော အပြစ်ဟူ၍ နှစ်ဌာန ရှိသည်။
ထိုနှစ်ဌာနတွင် – သေပြီးသည့်နောက်မှ ခံရသော အပြစ်မှာ သေသောသူက ပြန်၍ မပြောလာသောကြောင့် လွတ်ခွင့်ရသည် မရသည်ကို သက်သေမရှိသဖြင့် ထိုအရာကို -ရှိစေဦး။ ယခုမျက်မြင်၌ ခံရသောအပြစ်မှာ ခရစ်ယာန်ဘာသာကို ဝင်သောသူသည် လူတစ်ယောက်ကို သတ်ပြီးလျှင် အကျွတ်တရားယူ၍ နောင်မသတ်ပါပြီ၊ ယခုသတ်မိသော ဒုစရိုက်အပြစ်ကို လွတ်ခွင့်ပေးပါဟု ထာဝရဘုရားထံမှာ ခွင့်တောင်းလျှင် မင်းဒဏ်မင်းပြစ် လွတ်ပါ၏လော။
နိုင်ငံရှင်မင်းတို့ကို ပုန်ကန် ပုန်စားပြုပြီးလျှင် ကျွတ်ခွင့်ယူ၍ ဘုရားထံခွင့်တောင်းသော်လည်း၊
ဓားပြလုပ်ပြီးလျှင်၊ သူခိုးလုပ်ပြီးလျှင် သူ့မယားကိုခိုးပြီးလျှင် အရှင်မင်းဧကရာဇ် ဥပဒေအာဏာကို လွန်ကျူးကျော်နင်းပြီးလျှင် မင်းပြစ်မင်းဒဏ် မပေးမီ အကျွတ်တရားယူ၍ လွတ်ခွင့်တောင်းသော်လည်းကောင်း ဘုရားက လွတ်ခွင့်ပေးနိုင်ပါမည်လော။
“ မျက်မြင်၌ ခံရသောအပြစ်ကို လွတ်ခွင့်ပေးနိုင်သည် ” မှန်ပါလျှင် သေပြီးသောနောက်မှ ခံရသော အပြစ်ကိုလည်း ပေးနိုင်ပေရာ၏ ဟုမှတ်ယူရန်ရှိ၏၊ ယခုမျက်မြင်၌ ခံရသောအပြစ်ကို ထာဝရဘုရား လွတ်ခွင်ပေးနိုင်သည် အမှန်မျက်မြင်ဖြစ်၍ သေပြီသောနောက်မှ ခံရသော အပြစ်ကို ထာဝရာဘုရား လွတ်ခွင့်ပေးနိုင်သည်ဟူသော စကားသည် မဟုတ်စင်စစ်သာ ဖြစ်၏။

“ အနန္တတန်ခိုးတော် ရှင်ဖြစ်၍လည်း မတတ်နိုင်သည်မရှိ ၊ အနန္တဂရုဏာတော်ရှင်ဖြစ်၍လည်း သတ္တဝါအများကို ရင်ဝယ်သားကဲ့သို့ သနားခြင်းကြီးလှသည် ” မှန်ပါလျှင် ဒုစရိုက်အပြစ်ကို မဆိုထားဘိဦး၊ ယခုမျက်မြင်၌ မျက်စိကန်း၍ သနားဖွယ် ကောင်းလှသောသူ၊
နားပင်း၍ ခြေလက်ကျိုး၍ ရောဂါဆိုး အနာမိ၍ မင်းပြစ်မင်းဒဏ်သင့်၍ သနားဖွယ်ကောင်းလှသောသူ၊ ဥစ္စာပစ္စည်း ပျက်စီးပြုန်းတီး၍ သနားဖွယ်ကောင်းလှသော သူများသည် လောက၌ အနန္တ များပြားပါသည်။

(ထိုသူတို့ကို ထာဝရဘုရား မမြင်သလော၊ သနားဂရုဏာ မရှိသလော၊ မတတ်နိုင်၍ နေရသည်အမှန် မဟုတ်လော။)

ဂေါတမဘုရားရှင်၏ အနန္တဂရုဏာတော်များ

ငါတို့ဘုရားသည် အနန္တကရုဏာတော် ရှိသည်မှန်၏။ သတ္တဝါများကို ရင်ဝယ်သားကဲ့သို့ သနားတော်မူလှသောကြောင့် သတ္တဝါများအတွက်နှင့် ၄သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး သူတစ်ပါးတို့ မကြံဝံ့လောက်သော ဆင်းရဲတွေကို ခံတော်မူ၍ ဘုရားဖြစ်အောင် အားထုတ်တော်မူပေသောကြောင့် ပိဋိကတ်သုံးပုံ တည်းဟူသော တရားတော်တွေကို ဟောနိုင်ပေသည်။

ထိုသို့ ဟောနိုင်ပေသောကြောင့် သတ္တဝါတို့ ကြားရ နာရ သိကြရသဖြင့် ကောင်းစွာ ကျင့်နိုင်သူတို့ နိဗ္ဗာန်ဘုံသို့ ရောက်နိုင်ကြကုန်သည်၊
မကျင့်နိုင်သူတို့ မရောက်ကုန်၊ ကောင်းစွာ မကျင့်နိုင် သူတို့ကို မတတ်နိုင် ။

(သတ္တဝါအနန္တအတွက်နှင့် ဘုရားဖြစ်ရအောင် ရှည်မြင့်စွာကာလ၌ ကြီးစွာသောဆင်းရဲ အပင်းအပန်းကို ခံနိုင်တော်မူခြင်းသည် အနန္တကရုဏာတော်ရှင် ဖြစ်စေ၍ ခံနိုင်သည်။)

တတိယ ရွှေချိန်ခွင်အဆို ရှင်လင်းချက်ပြီး၏ ။

ရွှေချိန်ခွင် အဆို
၄-
(က) ခရစ်ယာန်ဘာသာဝင်တို့သည် ဘုရားမှာ အနန္တ တန်ခိုးတော်ရှိသည်ဟု         ဆိုသည့်အတိုင်း ယုံ၍ သုခဘုံ၌ အနိစ္စ ဒုက္ခ အနတ္တ မနိုင်သော ကိုယ်ခန္ဓာနှင့်မသေ မနာ မအို နိစ္စ ထာဝရ ခံစားရပါလို၏ ဟုဆုတောင်းကြ၏ ။

(ခ) ဗုဒ္ဓဘာသာဝင်တို့က ဘုရား၌ အနန္တကရုဏာတော် ရှိသော်လည်း မ-မနိုင်၊ အနန္တတန်ခိုးတော်ရှိသော်လည်း မ-မနိုင်၊
ဘုရားကိုယ်တော်တိုင်မှ ဝဋ်ဆိုက်သေရသည်ဟု အယူရှိသည့်အတိုင်း လူတစ်ခါပြန် မဖြစ်ရဘဲ နိဗ္ဗာန်၌ ခန္ဓာ နာမ်ဝိညာဏ်ပျောက်ပျက် အစဉ်သေနေရပါလို၏ဟု ဆုတောင်းကြ၏။

( ဆုတောင်းနှစ်ရပ် ကွဲလွဲကြသည်တွင် သုခဘုံ၌ ကိုယ်ခန္ဓာနှင့်တကွ
အမြဲစံစားခါ နေရပါလို၏ဟု ကရုဏာတော် တန်ခိုးတော်များကို ယုံကြည်အားကိုး၍ ဆုတောင်းကြသော အရာမှာ တန်ခိုးတော် ကရုဏာတော်များကိုပင် မယုံသာကြောင်း အားမသာကြောင်းကို အထက်၌ ထင်လင်းခဲ့ပြီ။)

“ သေပြီးသောနောက်၌ သုခဘုံမှာ အမြဲခံစား၍ နေရသည် ” ဆိုသည်မှာ ယခုမျက်မြင် ၌ပင် ထာဝရဘုရား မတတ်နိုင်၍
ခရစ်ယာန် ဘာသာဝင်လူတို့မှာပင်
မွေးဖွားကာစကာလ၌ သေသည်၊
တစ်လ နှစ်လ ၊ တစ်နှစ် နှစ်နှစ် စသည်၌ သေကြရသည်၊
နာကြရသည် အထင်အရှား ဖြစ်သည်၊
ကရုဏာတော် တန်ခိုးတော်များသည် ယခုမျက်မြင်မှာပင် မတတ်နိုင် မကယ်နိုင်ကြောင်း အထင်အလင်း သိသာပါလျှက်၊
သေပြီးနောက် သက်သေမရှိရာ သုခဘုံ၌ အမြဲနေရအောင် ကရုဏာတော် ဉာဏ်တော်များကို ယုံကြည်ကြခြင်းသည် ရှေ့တွင် အုန်းသီးတစ်လုံးမှ မခွဲနိုင်သော မျောက်ငယ်တကောင်က နောင်နှစ်ခါတိုင်ရောက်လျှင် ဟိမဝန္တာ တောင်ကြီးကို ငါခွဲ၍ ရတနာ ရွှေ ငွေ တွေကို သင်တို့အား ပေးမည်ဟု ဆိုသည်ကို ယုံကြည်အားကိုးလှ၍ မျောက်ငယ်မှာ ခစားသောသူတို့နှင့် ခြားနားဦးမည်လော ။

ခန္ဓာဟူသော ဓာတ်၊ ဝိညာဏ်ဟူသော ဓာတ်တို့သည်။ ။
ဓာတ်ကြမ်း ဓာတ်ယုတ်တွေ ဖြစ်၍ ထိုခန္ဓာ ဝိညာဏ်တို့နှင့် မကင်းသမျှကာပတ်လုံး ဘယ်ဘုံမှာပင်နေသော်လည်း
အိုခြင်း
နာခြင်း
သေခြင်းနှင့် မလွတ်နိုင်၊
အနိစ္စ ဒုက္ခ အနတ္တတို့ လက်တွင်းမှ မလွတ်နှိင်၊
ထိုခန္ဓာဟူသော- ဝိညာဏ်ဟူသော ဓာတ်ကြမ်း ဓာတ်ဖြုန်း ဓာတ်သွံတွေကို အရှင်းစွန့်ပစ်၍ အတုမရှိ နူးညံ့သိမ်မွေ့လှစွာသော နှစ်သာရအတိဖြစ်သော အတုမရှိ ခိုင်ခံ့ကောင်းမြတ်လှစွာသော အသင်္ခတခေါ်သော ဓာတ်ကြီးတစ်ခုသည်ရှိ၏၊

ထိုအသင်္ခတဓာတ်သို့ ကူးနိုင်မှ
အိုခြင်း
နာခြင်း
သေခြင်း မရှိဘဲ၊
အမြဲနေရသည်ဟု ငါတို့မြတ်စွာဘုရား ဟောထားတော်မူသည်၊

ထိုဓာတ်ကြီးသို့ ကူးနိုင်အောင် ဓာတ်ပြောင်းနိုင်အောင်လည်း ဘုရားသခင်ဟောတော်မူသော တရားတော်ကို ကောင်းကောင်းကြီး ကျင့်လည်းကျင့်မှ၊
ဆုလည်းတောင်းမှ ဓာတ်ပြောင်းနိုင်သည် ။

အကျင့်သည်ကား။
လှေမှာ လှော်ရ ထိုးရ ခတ်ရသော အလုပ်နှင့်တူသည်၊

ဆုတောင်းခြင်းသည်ကား၊
ပဲ့ရသောအလုပ်နှင့်တူသည်၊ မလှော်မခတ်ဘဲ ပဲ့ကာမျှနှင့် လှေမဆန်၊
မပဲ့ဘဲ လှော်ကာ ခတ်ကာမျှနှင့် လိုရာရေကြောင်းသို့ ဖြောင့်ဖြောင့်မသွားနိုင်။
ကောင်းကောင်းမကျင့်သောသူကိုလည်း ဓာတ်ပြောင်းရအောင်
ဘုရားမတတ်နိုင်။ နိုင်ကောင်းသည့်အရာလည်း မဟုတ်ပေ။
အနန္တကရုဏာတော်ရှင် တန်ခိုးတော်ရှင် ဖြစ်သော်လည်း ဖြစ်ကောင်းသော အရာမှသာ တတ်နိုင်သည်၊
မဖြစ်ကောင်းသောအရာမှာ မတတ်နိုင် ။

ထာဝရဘုရားသည် မတတ်နိုင်သောအရာ မရှိဟူသောစကား မဟုတ်ကြောင်းကို ဆိုခဲ့လှပြီ

ကျမ်းကိုး –
လယ်တီဆရာတော်
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ
(နှာ- ၁၀၅, ၁၀၆, ၁၀၇, ၁၀၈, ၁၀၉, ၁၁၀)

ထေရဝါဒ တို့တိုင်းပြည်ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။

One comment

  • winne

    August 18, 2010 at 12:45 pm

    အပိုင်း ၂ အထိဘဲ ရှိတာလား ဒီမှာ တင်တာနဲ့ စောင့်ဖတ်နေတာ ရှိသေးရင် ဆက်တင်ပါအုန်း

Leave a Reply