မြန်မာ့တပ်မတော်ကို အမှန်အတိုင်း ရှုမြင်ခြင်း – (တင်မ် ဟိန်းမန်း ရေးသည့် ဧရာဝတီပါ ဆောင်းပါးတစ်ပုဒ်)

Travis ZawMarch 27, 20151min3389

(Tim Heinemann သည် အမေရိကန်ကြည်းတပ် အထူးတပ်ဖွဲ့မှ အငြိမ်းစား ဗိုလ်မှူးကြီးတဦး ဖြစ်ပါသည်။ US Army Command and General Staff College တွင် ပညာရှင်ဆိုင်ရာ ဌာနမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ယခုအခါ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်သင်တန်းပေးသူ တဦးအဖြစ် တာဝန်ထမ်းနေပါသည်။ ၂၀ဝ၃တွင် အီရတ်ရှိ လူနည်းစု တိုင်းရင်းသားများကို အာဏာခွဲဝေရေး သူ၏အယူအဆ မအောင်မြင်ခဲ့ပါ။ သို့သော် များမကြာမီက အီရတ်မြောက်ပိုင်းတွင် ISIS ကို ထိန်းချုပ်ရန် ကာ့ဒ်လူမျိုးများအား ထောက်ပံ့ ကူညီရေး တာဝန်ပေးခြင်း ခံရသည်။)

 

Asia Times online တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖော်ပြခဲ့သည့် Tim Heinemann ၏ Misunderstanding Myanmar’s military ကို ဆီလျော်အောင် ဘာသာပြန်သည်။

 

 

မြန်မာ့တပ်မတော်ကို အမှန်အတိုင်း ရှုမြင်ခြင်း

မြန်မာနိုင်ငံ ခံစားနေရသည့် ဝေဒနာများကို အလုံးစုံ ပျောက်ကင်းသွားစေနိုင်သည့် ဖြေဆေးမှာ မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်တခု ဖြစ်လာအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက အခိုင်အမာ ပြောနေကြသည်ကို လတ်တလော ကြားနေရခြင်းက စိတ်မသက်သာစရာ ဖြစ်သည်။ တကယ်တမ်းတွင်မူ ဗမာလူမျိုး အများစုက ကြီးစိုးထားသည့် တပ်မတော်ကို ရက်စက်သည့် လက်နက်ကိုင် စီးပွားရေးလုပ်ငန်း တခု အဖြစ်နှင့်ရော၊ အကျိုးအမြတ် ရှာဖွေသည့် စစ်ရေးယန္တရားတခု အဖြစ်နှင့်ပါ မြင်ခဲ့ကြရပြီး ဖြစ်သလို ဆက်လက်၍ လည်း တွေ့မြင်နေရဆဲ ဖြစ်ပါသည်။

ကနေဒါက စစ်ရေးသုတေသီ အဒမ်ပီမက်ဒေါ်နယ် (Adam P.MacDonald) ပြောသလို “ခေါင်းဆောင်ပိုင်းကို ပညာပေးခြင်း အားဖြင့် မှောင်မိုက်သည့် လမ်းဟောင်းများမှ ခွဲထွက်နိုင်ရေး” ဆိုသည်မှာ ကမ္ဘာက မြင်တွေ့ ခဲ့ရပြီး ဖြစ်သော အီရတ်နှင့် အာဖဂန်နစ္စတန်တွင် နိုင်ငံတကာ၏ စွက်ဖက်မှု ကျရှုံးခဲ့ရခြင်းနှင့် အလားသဏ္ဌာန်တူ မိုက်မဲမှု ဖြစ်သည်။ သူတို့ကိုယ် သူတို့ မြန်မာနိုင်ငံကို ကယ်တင်ရန် ရောက်ရှိလာသည်ဟု ယူဆထားကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဆိုပါ လမ်းကြောင်းပေါ်တွင် အလားတူ ရောက်နေပြန် ပါသည်။

ပထဝီနိုင်ငံရေး အရ ဗျူဟာမြောက်သည့် နေရာတွင် ရှိပြီး လူသားနှင့် သဘာဝ အရင်းအမြစ်လည်း ကြွယ်ဝသည့် နိုင်ငံ ဖြစ်သော မြန်မာပြည် အတွက် ထိရောက်အောင်မြင်သော အဖြေများ ရရှိနိုင်ရန် စစ်တပ် ပြုပြင်ပြောင်းလဲရေး သို့မဟုတ် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform (SSR) နှင့် ပတ်သက်၍ ရင်ဆိုင်ရမည့် အရေးပါသော ပကတိ အမှန်တရား အမြောက်အမြား ရှိနေပါသည်။ အဆိုပါ နားလည်မှုသည် တပ်မတော်သည် အာဏာရှိခဲ့သူများသာ ဆက်လက်၍ အာဏာရှိနေဆဲ ဖြစ်သည့် ပြင်းထန်စွာ ဖိနှိပ်အုပ်ချုပ်မှု၏ ပင်မ အစိတ်အပိုင်း တခုဟု သိမြင်ထားခြင်းကို အခြေခံရမည် ဖြစ်သည်။

အလွယ်ဆုံး ပြောရလျှင် ဗမာစစ်ဗိုလ်ချုပ်များက စစ်တပ်ကို တိုင်းရင်းသား လူနည်းစုများကို လွှမ်းမိုးနိုင်ရန် အုပ်ချုပ်ရေး ယန္တရား၏ အဓိက အစိတ်အပိုင်း တခုအဖြစ် အားထုတ် ပုံဖော်ခဲ့သည်၊ ချုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ စီးပွားရေး၏ အခြေခံများ ဖြစ်သည့် သဘာဝအရင်းအမြစ် အများစု ရှိနေသော၊ ရေအားလျှပ်စစ် ထုတ်ယူရန် အလားအလာ ကောင်းသည့် နေရာများ၊ နိုင်ငံတကာနှင့် ကုန်သွယ်ရန် အတွက် နယ်စပ်များကို ပိုင်ဆိုင်ထားသော တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင် မြေများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် တပ်မတော်သည် ကာကွယ်ရေး အတွက် မဟုတ်ဘဲ အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်သည့် အစိုးရနှင့် ဆက်စပ်နေသော လက်နက်ကိုင် တပ်ဖွဲ့သာ ဖြစ်ခဲ့သည်။ စစ်ခေါင်းဆောင်များကို အသိပညာ ပြည့်ဝ၍ တာဝန်သိသူများ ဖြစ်လာအောင် ပြုလုပ်ရေးသည် ထိုအမှန်တရားနှင့် ချိတ်ဆက်ရန် မလွယ်ပါ။

မြန်မာပြည်တွင်း ခြေချပြီးနေသော နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ယင်းတို့သည် စိတ်မသက်သာစရာ ဖြစ်သည် နှင့် အမျှ ပြောင်းလဲ မရနိုင်သည့် အကြောင်းမှန်များကို ရင်ဆိုင်ရန် ဖြတ်လမ်းနည်း မရှိပါ။ ကျော်ဖြတ်နိုင်ပြီ ဆိုလျှင်တော့ မြန်မာနိုင်ငံမှ များပြားသည့် တိုင်းရင်းသားများ၏ သဘာဝကို အလေးထားသည့် ထိရောက်သော အဖြေများ ရရှိကောင်း ရရှိနိုင်လိမ့်မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ပထမဦးဆုံး ပြုပြင်ရမည့် အမှားမှာ ဗမာနှင့် ဗမာ မဟုတ်သည့် တိုင်းရင်းသားများ ဆိုသည့် အယူအဆမှ ဝေးကွာ ကင်းလွတ်နေမှု ဖြစ်သည်။ ယင်းသည် မည်သည့်ဘက်တွင် ရပ်တည်နေစေကာမူ တစုံတယောက်၏ စိတ်အလိုပေါ် မူတည်ပြီး ဖြစ်လာသော လူဆိုး လူကောင်း သတ်မှတ်ခွဲခြားမှု အမြင်ကို မြှင့်တင်ပေးနေသည်။ ယနေ့ မြန်မာနိုင်ငံတွင် အဓိက လုပ်ဆောင်ရမည်မှာ တိုင်းရင်းသား ပြည်နယ်များ၏ အခွင့်အရေးကို အသိအမှတ်ပြုရေးသည် သာလျှင် ရေရှည်တည်တံ့ပြီး အောင်မြင်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာရန် တခုတည်းသော အခြေခံ အချက်ဖြစ်ကြောင်း အစိုးရက အသိအမှတ် ပြုရန် ဖြစ်သည်။

ပထမဆုံး အနေဖြင့် “နိုင်ငံရေးတွင် တပ်မတော်က ပါဝင်နေခြင်း” အပေါ် သုံးသပ်ရှုမြင်ရာတွင် မေ့လျော့ကျန်နေသည့် အချက်များ ရှိနေခြင်း ဖြစ်သည်။ တပ်မတော်အလိုကျ အခြေခံဥပဒေကို ရေးဆွဲခြင်း၊ စစ်ဗိုလ်ချုပ်များကို အရေးယူ အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ လွှတ်တော်နှင့် အခြားသော အစိုးရ၏ ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် စစ်တပ်၏ ထိန်းချုပ်မှုကို ခိုင်မာအောင် လုပ်ခြင်း အစရှိသည့် ထင်ရှားသော လက္ခဏာများ အားလုံးသည် တိုင်းရင်းသားများ၏ ဒေသကို ထိန်းချုပ်ရန်ဟု ညွှန်ပြနေသည်။ တပ်မတော် သီဆိုနေသော တေးသွားသည် တိုင်းရင်းသား လူနည်းစု ဒေသများကို ထိန်းချုပ်ပြီး စီးပွားရေး အကျိုးအမြတ် ရှာရန် ဖြစ်သည်။

မှန်ကန်စွာ ဖော်ပြရလျှင် “နိုင်ငံရေးတွင် စစ်တပ် ပါဝင်နေခြင်း” ကြောင့်မဟုတ်ဘဲ “စီးပွားရေး အကျိုးအမြတ် ရှာဖွေရာတွင် စစ်တပ်က ပါဝင်နေခြင်း” ကြောင့် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ကျန်အရာများတွင် စစ်တပ်နှင့် စီးပွားရေး အင်အားကို ထိန်းချုပ်သူများ အတွက် ဆုလာဘ်များ ဖြစ်နေ သောကြောင့် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ယနေ့ အခိုင်အမာ အမြစ်တွယ်နေသည့် ဖိနှိပ်ကန့်သတ်လိုသည့် စိတ်ဓာတ်၊ နည်းလမ်းများနှင့် ယန္တရားတို့ကို ဖော်ထုတ်ဖြေရှင်းရေးသည် “ပရော်ဖက်ရှင်နယ် တပ်မတော်” ဖြစ်လာရေးထက် များစွာ ပို၍အရေး ကြီးပါသည်။ နိုင်ငံရေးသည် စီးပွားရေး အကျိုးအမြတ် အတွက် အထောက်အကူသာ ဖြစ်နေပြီး လက်အောက်ခံသာ ဖြစ်သည်။

ဒုတိယ အနေဖြင့် အမေရိကန်နှင့် နို်င်ငံတကာ အသိုင်းအဝိုင်း၏ အနောက်တောင် အာရှတွင် လွန်ခဲ့သော ၁၃ နှစ် ကတည်းက အားကောင်းပြီး ဗဟိုက ထိန်းချုပ်သည့် အစိုးရများ၊ စစ်တပ်များကို အလိုအလျောက် အားပေးခဲ့သည့် အမှား များစွာနှင့် ပါဝင်ပတ်သက်နေမှုကိုလည်း သဘောပေါက်သင့် ပါသည်။ အာဖဂန်နစ္စတန်နှင့် အီရတ်တွင် စုံလင် ကွဲပြားသော တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေခြင်းကို ဂရုမစိုက်ခဲ့ကြပါ။

ဗဟိုအစိုးရ လွှမ်းမိုးမှုအား တန်ပြန်ထိန်းညှိ ထားနိုင်သည့် ပြည်နယ်များ၏ အခွင့်အရေးကို လေးစားရာကျသော မျှတပြီး ဟန်ချက်ညီသည့် လမ်းကြောင်း အဖြစ် နိုင်ငံအစိုးရများ၊ ဒေသဆိုင်ရာ အစိုးရများ၊ လက်နက်ကိုင် တပ်ဖွဲ့များကြား ဖန်တီးတီထွင်မှုရှိရှိ ဆက်ဆံရန် နောက်ဆက်တွဲ ကျရှုံးမှုသည် မြန်မာနိုင်ငံအတွက် အပြည်ပြည် ဆိုင်ရာက နောက်ခြေလှမ်းများ လှမ်းနိုင်ရန် ပုံစံထုတ်ရာတွင် အနည်းဆုံး အသုံးဝင်နိုင်ကောင်း ပါသည်။

တတိယ အနေဖြင့် တပ်မတော်က လုံခြုံရေးတာဝန်ကို ထမ်းရွက်ခြင်းမှာ လုံးဝ တရားဝင်သည်ဟု နိုင်ငံတကာက ကြိုတင် လက်ခံထားသည် မှာလည်း ယုတိ္တဗေဒ အရ အငြင်းပွားဖွယ် လမ်းချော်မှုတခု ဖြစ်သည်။ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းကို ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့သည့် အပေါ် ယခုအချိန်အထိ စုံစမ်းစစ်ဆေးခြင်း မရှိသေးသလို တာဝန်ခံခြင်းလည်း မရှိသေးသော တပ်မတော်သည် နိုင်ငံ တနိုင်ငံ၏ ကာကွယ်ရေး တပ်ဖွဲ့တခုက စံထားလိုက်နာရမည့် အခြေခံစည်းမျဉ်းများနှင့် မကိုက်ညီပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဆက်လက် တိုက်ခိုက်နေရာတွင် လွန်ခဲ့သော ဆယ်စုနှစ်များနှင့် အလားတူပင်။ အများက ယုံကြည် လက်ခံနိုင်ရေး အတွက် အနည်းငယ်မျှသာ လုပ်ပြနိုင်ခဲ့ပါသည်။

တိုင်းရင်းသား ဒေသများကို ချုပ်ကိုင်နိုင်မှု ပိုမို အားကောင်းစေရန် အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ် ဆွေးနွေးရေးကို အသုံးချခြင်း၊ ရှေ့တန်းစခန်းများကို အင်အားဖြည့်ပြီး ပိုမို ခိုင်မာစေရန် ပြုလုပ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက် ခြင်းနှင့် တိုင်းရင်းသားများ ဒေသကို ထိုးဖောက်နိုင်ရန် အတွက် ထောက်လှမ်းရေးနှင့် ကင်းထောက် စစ်ဆင်ရေးများ ပြုလုပ်ခြင်း အားလုံးက ပြုပြင်ပြောင်းလဲရေးတွင် ရိုးသားစွာ လုပ်ဆောင်နေသည်ဟု ယုံကြည်ရန် မဖြစ်နိုင်သော သံသယ ဖြစ်မှုများ ပိုမိုများလာစေသည့် ညွှန်းကိန်းများ ဖြစ်သည်။ အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲရေး ဟူသည် ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်များ ရနေမှုကို ခြိမ်းခြောက်လာနေသည် ဟု ထင်မှတ်ယုံကြည်နေပြီး အကျိုးဆက် အနေဖြင့် အာဏာနှင့် နိုင်ငံရေးကို ထိန်းချုပ်ရန် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော် အပေါ် တိမ်းညွှတ် အရေးပေးသည့် အမူအရာများ သိသိသာသာ ပေါ်ထွက်လာသည့် အချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍကို ဘေးဖယ် ထုတ်လိုက်ခြင်းက လက်ရှိ ဖြစ်တည်မှုနှင့် သမိုင်းကြောင်း အပေါ် ကောက်ယူမှု လွဲမှားနေကြောင်းကို ဖော်ပြနေသည်။ မြန်မာနိုင်ငံတွင် မူလကတည်းက နေထိုင်ခဲ့ကြသည့် ဗမာ မဟုတ်သော တိုင်းရင်းသား လူမျိုးအချို့သည် ဗမာများထက် နှစ်ပေါင်း ၂၀ဝဝ ခန့်စော၍ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။

တိုင်းရင်းသား အများအပြားက ဒီမိုကရေစီ သဘောတရားများ အတွက် ရပ်တည်ကာကွယ်ပေးခဲ့ ကြသလို ဒုတိယ ကမ္ဘာစစ် ကာလတွင်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့ဘက်မှ ရပ်တည်ပြီး ဒီမိုကရေစီ အတွက်ပင် အသက်ပေးခဲ့ကြသည်။ သူတို့ အများဆုံး သေဆုံးခဲ့ကြရသည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တိုက်ပွဲကာလ တလျှောက်လုံး သူတို့၏ ဘိုးဘွားပိုင်မြေနှင့် မိသားစုများကို ကာကွယ်ရင်း အာဏာရှင် အစိုးရကို ဆန့်ကျင်သည့် စစ်ပွဲများတွင် ဖြစ်သည်။ ဗမာစစ်ဗိုလ်ချုပ်များမှာ ထိုကဲ့သို့ ရပ်တည်မှုများ မရှိခဲ့သည်ကို ထင်ရှားစွာ တွေ့နိုင်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေသခံတိုင်းရင်းသား အုပ်ချုပ်ရေး အဖွဲ့များနှင့် ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့များကို အားပေးမှု၊ ကူညီမှု၊ အလေးအနက်ထားမှုနှင့် ကြီးမားသော ဆက်ဆံမှု မရှိဘဲ တပ်မတော်ကို အလိုအလျာက် မျက်နှာသာ ပေးနေခြင်းသည် တိုင်းရင်းသား လူမျိုးစု အသိုင်းအဝိုင်း အဖွဲ့အစည်းများ အတွက် “စစ်မှန်သော လက်တွေ့ နိုင်ငံရေး” ၏ အခြေခံအချက်များကို အခိုင်အမာ မဖြစ်ထွန်း စေပါ။ ထိုသို့ မညီမျှခြင်းက ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး အတွက် အန္တရာယ် ဖြစ်စေပါသည်။

လုပ်ဆောင်သင့်သည်များ

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပိုမိုဆွဲဆောင် စည်းရုံးသင့်သည်မှာ အားလုံးပါဝင်သည့် လုံခြုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး ဖြစ်ပြီး တပ်မတော်တခုတည်း ပရော်ဖက်ရှင်နယ် ဖြစ်လာရေး မဟုတ်ပါ။ လုံခြုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး (SSR) တွင် ဗမာနှင့် ဗမာ မဟုတ်သူ တိုင်းရင်းသားများ အပါအဝင် စစ်တပ်၊ ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲ့များ ဟန်ချက်ညီစွာ ပါဝင်ရမည် ဖြစ်သည်။

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိနေကြောင်း အခိုင်အမာ ပြောကြားခဲ့သဖြင့် ယခုအခါ ဗမာစစ်ဗိုလ်ချုပ်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက တရားဝင် အသိအမှတ်ပြုမှုများ ရှိလာသည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် တပ်မတော်၏ ဖိနှိပ်မှုများကို မျက်မြင် တွေ့ခဲ့ကြပြီး ဖြစ်သလို ဗမာများ အလွန်တရာ ချမ်းသာကြွယ်ဝလာပြီး အာဏာရှိလာသည်ကို သိရှိကြကြောင်း နားလည် သဘောပေါက်ရပါမည်။

ယင်းသည် တိုင်းရင်းသား ကျေးရွာများကို ဆယ်စုနှစ်နှင့် ချီ၍ တပ်မတော်က တိုက်ခိုက်ခဲ့သည်ကို ဆန့်ကျင် တွန်းလှန်ခဲ့သည့် သူများနှင့် အကျိုးအမြတ် အတွက် တိုင်းရင်းသား နယ်မြေများကို ထိန်းချုပ်နေသော ဗမာစစ်ဗိုလ်ချုပ်များကို ဆက်လက် ခုခံကာကွယ်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် အနည်းဆုံးတော့ စိတ်ရှုပ်ထွေးဖွယ်ရာ အခြေအနေဟု ပြောရမည်။ သရဲမရဲစီးမှုနှင့် အမြတ်ထုတ်မှု ဆက်လက် ဖြစ်ပွားနေသော နေရာတွင် ပရော်ဖက်ရှင်နယ် ဖြစ်အောင်လုပ်ခြင်း မဟုတ်ဘဲ ပြောင်းလဲဖွဲ့စည်း ဖြစ်ထွန်းရေးသည်သာ တကယ် လိုအပ်နေမှုဖြစ်သည်။

မည်သို့ဆိုစေ ပိုမိုကြီးမား ကျယ်ပြန့်သော ကိစ္စမှာ ဗမာနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများသည် အချက်တခု အပေါ်တွင် အခြေခံသည့် သူမတူသော အခွင့်အရေးတခုကို အကျိုးမဲ့အောင် ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။ ယင်းအချက်မှာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ကျယ်ပြန့်သော အောင်မြင်မှု ရရှိနိုင်ရန် အလားအလာ အကောင်းဆုံး ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တခြားနိုင်ငံ အများအပြားတွင် မရရှိနိုင်သည့် ပထဝီ၊ ရာသီ ဥတုနှင့် လူသား အရင်းအမြစ် စုံလင်ကွဲပြားမှုများ ကို ပိုင်ဆိုင်ထားသည် ဟူသော အချက်ပင် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံတွင် အလားအလာ ကောင်းများ ရှိနေသည်။ ထို့ကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမေရိကန် အတွက် ၎င်းတို့၏ အပြုသဘော ဆောင်သော ဆက်သွယ်မှုကို အလေးပေးရန် လိုအပ်နေခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ အမှောင်ခေတ်မှ ပြောင်းလဲလာသည့် အချိန်တွင် ဖြစ်နိုင်ခြေရှိသည့် ရွေးချယ်စရာ များမှ အားလုံး အကျိုးရှိနိုင်သည့် အလားအလာကို အကောင်းမြင်စိတ်ဖြင့် ရှာဖွေဖော်ထုတ်ရမည့် အစား အကျိုးအမြတ် တချို့တလေ ရရှိနိုင်ရန် ချဉ်းကပ်လာခြင်းက အများစု ဖြစ်သည်။

အမြတ်ထက် ပိုသော ချမ်းသာကြွယ်ဝခြင်း

တပ်မတော် တခုတည်းကိုသာ ပရော်ဖက်ရှင်နယ် ဖြစ်လာရေးသည် လက်နက်အင်အား ကောင်းသည့် တိုင်းရင်းသား လူနည်းစုများကို ဗမာများက ဆက်လက် ခုတုံးလုပ် အသုံးချသွားရန် သေချာသွားမည့် အပြင် အနာဂတ်တွင်လည်း ပဋိပက္ခများ ပိုမို ဖြစ်ပွားစေနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ညစ်ထေးနေသော အရှိတရားမှာ “အရာရာသည် မြေကြီး၊ မြေကြီးကို ထိန်းချုပ်ပြီး ရွှေသီးနိုင်ရေး” ဆိုသည့် အချက်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် သူတို့ အလုပ်ကို သူတို့ လုပ်နိုင်ကြသော်လည်း ထိုအမှန်တရားကို ကြာရှည် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

နိုင်ငံတကာ အသိုင်းအဝိုင်းက ဆွေးနွေးမှုများ၊ သဘောတရား အယူအဆများ၊ ဗမာနှင့် ဗမာမဟုတ်သူများ အားလုံး၏ အခွင့်အရေးအပေါ် ဟန်ချက်ညီမျှမှုနှင့် အပြန်အလှန် လေးစားမှုကို ဖြစ်စေသည့် လက်တွေ့ ဆောင်ရွက်မှုများ အတွက် အကောင်းဆုံး အကူအညီ ပေးနိုင်ပါသည်။ အစီအစဉ်တကျ အထက်မှ စီစဉ်သော အကူအညီပေးရေး စနစ်နှင့် လက်ရှိ ကျင့်သုံးနေသည့် ဖွံ့ဖြိုးရေး၊ စီးပွားရေး ဆောင်ရွက်မှုများက ဗမာများ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေဆဲ ဖြစ်ပြီး အောင်မြင်စွာ ရှေ့ဆက်သွားနိုင်ရန် ခက်ခဲနေသည်။

ဖက်ဒရယ် ပြည်ထောင်စု တခုအတွင်း သူတို့ ပြည်နယ်များ၏ အခွင့်အရေးကို လေးစားခြင်း အားလျော်စွာ တိုင်းရင်းသားများကို အားပေး မြှင့်တင်ရာ ရောက်စေသည့် အပြင် မျှဝေနိုင်၊ မွေးမြူနိုင်၊ စမ်းသပ်နိုင်သော စီးပွားရေးနှင့် ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးများ ပါဝင်သည့် စံနမူနာများ ကမ္ဘာတွင် အများအပြား တည်ရှိပြီး ဖြစ်ပါသည်။

အဆိုပါ အခွင့်အရေးများကို ၁၉၃၃ ခုနှစ် ဒီဇင်ဘာလတွင် ဥရုဂွေးနိုင်ငံ မြို့တော်၊ Montevideo ညီလာခံ သဘော တူညီချက်ပါ “ပြည်နယ်များ၏ အခွင့်အရေးများနှင့် တာဝန်များ” အခန်းတွင် အသေးစိတ် ဖော်ပြထားသည်။ အဆိုပါ သဘော တူညီချက်သည် တိုင်းပြည် တည်ထောင်ရေး ရှိသင့် ရှိအပ်သော အခြေခံ စံသတ်မှတ်ချက်များဟု နိုင်ငံ တကာက အသိအမှတ်ပြု ထားသည်။

ယနေ့ မြန်မာနိုင်ငံတွင် ဆွေးနွေးနေခြင်းများ အတွက် လိုအပ်သည့် အနေအထားလည်း ပါဝင်သည်။ ပြည်နယ်များ၏ အခွင့်အရေး တရပ်မှာ ဗဟိုအစိုးရ၏ အာဏာကို ဟန်ချက်ညီမျှအောင် တန်ပြန် ထိန်းကျောင်းနိုင်ခြင်း ဖြစ်သည်။ ဗမာ နှင့် ဗမာမဟုတ်သော တိုင်းရင်းသားများ ဟူ၍ ကွဲပြားမှုကို အခြေ မခံပါ။

၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး ကြေညာ စာတမ်းတွင်လည်း ကြည့်ရှုနိုင်ပါသည်။ ကြေညာ စာတမ်း၏ အပိုဒ် (၁) တွင် ဖွံ့ဖြိုးရေး၏ အခြေခံအချက်များကို ရှင်းလင်းရာ မြန်မာနိုင်ငံတွင် အဓိက ဖြစ်နေသည့် နယ်မြေထိန်းချုပ်ခြင်းလည်း ပါဝင်သည်။

အခန်း (၁)

၁။ ဖွံ့ဖြိုးတိုးတက်ရေးသည် ပယ်ဖျက် မရနိုင်သည့် လူသားအခွင့်အရေး ဖြစ်သည်။ လူ့အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များကို အပြည့်အဝ အသိအမှတ်ပြုပြီး လူသားတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ခွင့်၊ ပူးပေါင်းလုပ်ဆောင်ခွင့်နှင့် ခံစားခွင့်ရှိသည်။

၂။ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးသည် ပြည်သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အပြည့်အဝ အသိအမှတ်ပြုပြီး လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်များတွင် ဖော်ပြထားချက်များနှင့် အညီ နေထိုင်ခွင့်နှင့် ပယ်ဖျက် မရနိုင်သည့် အခွင့်အရေး ဖြစ်သော သူတို့၏ သဘာဝ အရင်းအမြစ်များကို အပြည့်အဝ စီမံခန့်ခွဲခွင့် ရှိသည်။

အတိတ်ကရော လက်ရှိမှာပါ တပ်မတော်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်းကို မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး၏ ဗဟိုအဖြစ် အခိုင်အမာ ပြောဆိုနေကြခြင်း များသည် နေရာ အနည်းငယ်တွင်သာ မှန်ကန်ပါသည်။ ဗမာ မဟုတ်သည့် လူနည်းစုများ အပြည့်အဝ ပါဝင်ပြီး ပြည်နယ်တခု၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အနေအထားသို့ အလုံးစုံ ရောက်ရှိနိုင်မည် မဟုတ်ပါ။

အဆိုပါ အားထုတ်မှုများသည် ဗဟိုအစိုးရနှင့် ပြည်နယ် အာဏာရှိသူများကြား ရေရှည်တည်တံ့ ခိုင်မြဲသည့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အဓိက အချက်ဖြစ်သည့် နယ်မြေထိန်းချုပ်ရေး ကိစ္စကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိပါ။

ခွဲဝေယူကြရမည့် ဖွံ့ဖြိုးသော ချမ်းသာကြွယ်ဝမှု၏ လုံခြုံရေးတွင်မူ ဘက်ပေါင်းစုံအား ချမ်းသာကြွယ်ဝရေး အတွေးအမြင် တခုတည်း အတူတကွ ဖြစ်လာစေရန် ပိုလှုံ့ဆော်နိုင်သော အကြောင်းအရာ တခု ဖြစ်လာမည့် အလားအလာ ရှိနေသည်။ ယင်းအမြင်သည် ရှားရှားပါးပါး နိုင်ငံရေး ဆွေးနွေးမှုများကို မျှော်လင့်နေခြင်းနှင့် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစုံ၏ လုံခြုံရေး ကဏ္ဍမှ အစိတ်အပိုင်း တခုတည်းကိုသာ ကွက်ပြီး ပရော်ဖက်ရှင်နယ် ဖြစ်လာစေရန် ပြုလုပ်နေခြင်းများထက် ပိုပါသည်။

အဆုံးတွင် ဘက်အသီးသီးမှ အောင်မြင်မှု ရရှိနိုင်မည့် ဟန်ချက်ညီမျှသည့် နယ်မြေ လုံခြုံရေးနှင့် နယ်မြေ ထိန်းချုပ်ရေးအတွက် ကြားပွဲစား စေ့စပ်ညှိနှိုင်း ပေးသူများ မဟုတ်ဘဲ စစ်ရေး အာဏာရှိသူများကြား မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရန် အရေးကြီးလာ ပါလိမ့်မည်။ ယင်းသည် ဟန်ချက်ညီမျှသော ပရော်ဖက်ရှင်နယ် ဆန်မှုနှင့် နိုင်ငံတော် အဆင့်နှင့် ပြည်နယ်အဆင့် ရဲတပ်ဖွဲ့များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ ထောက်လှမ်းရေး အဖွဲ့များကို လုပ်ပိုင်ခွင့် အာဏာပေးခြင်း တို့နှင့်လည်း ချည်နှောင်ပြီးသား ဖြစ်လာလိမ့်မည် ဟု ယူဆပါသည်။ ပြည်ထောင်စု အဆင့်နှင့် ပြည်နယ် အဆင့်မှ စီးပွားရေးနှင့် နိုင်ငံရေး အာဏာများ ကိုလည်း ၂ ဦး ၂ ဖက်စလုံးမှ ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါ လိမ့်မည်။

ထို့ကြောင့် တပ်မတော်က ပရော်ဖက်ရှင်နယ် ဖြစ်လာရေးနှင့် ပတ်သက်၍ လုပ်စရာကိစ္စ အနည်းငယ်သာ ရှိပါသည်။ တိုင်းရင်းသား ပြည်နယ်များ၏ အခွင့်အရေးကို လေးစားသည့် အားလုံး ပါဝင်နိုင်သော အကျိုးအမြတ် ခွဲဝေရေးသို့ ဦးတည် ပြောင်းလဲသွားရန် လုပ်ဆောင်ခြင်း သည်သာ အရာရာပင် ဖြစ်တော့သည်။

9 comments

  • ခင်ဇော်

    March 27, 2015 at 10:28 am

    ၂၂ နှစ်တာ ကာလအတွင်း တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား

    (မောင်အောင်မျိုးစာကို အရှင်ပန်ဆီမှ ကူးယူသည်)

    ဒီမေးခွန်းမှာ ပထမဆုံးစပြီးရှင်းပြရမယ့် အချက်ကတော့ ၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော်ရဲ ့အခြေအနေနဲ ့ ၂၀၁ဝ နောက်ပိုင်း တပ်မတော်ရဲ ့အခြေအနေပဲ ဖြစ်ပါတယ်…
    ၁၉၈၈ ခုနှစ် မတိုင်မီက တပ်မတော် ရဲ ့အင်အားဟာ တိုက်ခိုက်ရေး တပ်မ ၈ခု နဲ ့ တပ်ဖွဲ ့ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက်၊ ရတပ်မှာ ၈,၀၆၅ ယောက် နဲ ့ လေတပ်မှာ ၆, ၅၈ရ ယောက် တို ့ဖြစ်ပါတယ်..။တပ်ဆင်ထားတဲ ့လက်နက်၊ စစ်ယာဉ်တွေဟာလဲ ဒုတိယ ကမာ္ဘစစ် က သုံးခဲ့တဲ ့ လက်နက်အမျိုးအစား အများစု နဲ ့ ၁၉၆ဝ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ ့လက်နက်အမျိုးအစား တစ်ချို ့သာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး စနစ် နဲ ့ထောက်ပံ့ ပို ့ဆောင်မှု စနစ်တွေဟာ အရွယ်အစားသေးငယ်တဲ ့ စစ်ဆင်ရေး မျိုးတွေကိုသာေထောက်ပံ ့နိူင်စွမ်းရှိပြီး ရေတပ်ဟာ မြစ်တွင်း နဲ့ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ်…။ လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ ့များကို သာ အထောက်အပံ ့ပေးနိူင်စွမ်းရှိပြီး အင်အားနည်းပါးလွန်းလှပါတယ်…။
    ဒါပေမယ့် ၁၉၉ဝ ခုနှစ် နှစ်ဦးမှာတော့ ခေတ်သစ် တပ်မတော် တစ်ခုရဲ ့ အနာဂတ်ဟာ စတင် ပုံလောင်း သွန်းဆစ်လို ့ ခံရပြီ ဖြစ်ပါတယ်..။ တပ်မတော် အနေနဲ ့ ပထမဆုံး ပြုပြင်ပြောင်းလဲဖို ့ကြိုးစားတာကတော့ ကာကွယ်ရေး သိပံ္ပ နဲ ့ နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ်..။
    .
    .
    တပ်မတော်ထုတ် လက်နက်ငယ်များ
    ————————————-
    ၁၉၉ဝ ခုနှစ် နောက်ပိုင်း မြန်မာနိူင်ငံ အလယ်ပိုင်း ဒေသအချို ့က တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ တပ်မတော်ရဲ ့လက်ရှိ အသုံးပြုနေတဲ့အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး G3 မောင်းပြန်ရိုင်ဖယ် တွေကို အစား ထိုး နိူင်ဖို့အတွက် ၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ ့ခြေလျင်တပ်သုံး လက်နက်မျိုးစုံတို ့ကို အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ်..။ လက်နက်ပုံစံ အသစ်တွေဟာ ၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ ့အဆင့်ကို ရောက်ရှိလာပြီး ၁၉၉၈ ခုနှစ် ဝန်းကျင်မှာတော့ တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို စတင် လှဲလှယ်တပ်ဆင် ပါတော့တယ်..။ အဲဒီ လက်နက်တွေကတော့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ ့ MA series မောင်းပြန်ရိုင်ဖယ်များ၊ စက်သေနတ်များ ၊ မော်တာများ ၊လောင်ချာများ ၊ မိုင်းများ အစရှိတဲ့လက်နက်တွေပဲ ဖြစ်ပါတယ်…။
    .
    .
    တင့်နှင့် သံချပ်ကာတပ်ဆိုင်ရာ
    ——————————–
    အလားတူ ၁၉၉ဝ ခုနှစ် နှစ်ဦးပိုင်းမှာပဲ တပ်မတော် ရဲ ့ သံချပ်ကာတပ်ဖွဲ ့တွေဟာ ခေတ်မီတိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ်။ ပြည်ပ ကာကွယ်ရေးဆိုင်ရာ ဝက်ဘ်ဆိုဒ်တွေရဲ ့အဆိုအရ ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ မြန်မာ့တပ်မတော် ဟာ-
    T-72S ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး …. ( ယူကရိန်း ၊ ရုရှား )
    Type-59D ပင်မ တိုက်ပွဲဝင် တင့် ၂၈ဝ စီး + …. ( တရုတ် )
    Type-69 II ပင်မ တိုက်ပွဲဝင် တင့် ၁၉ဝ စီး + … ( တရုတ် )
    Type-80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
    Type-85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
    T-55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိနိ္ဒယ )
    Type-63 အပေါ့စား တင့် ၁၅ဝ စီး + ….. ( တရုတ် )
    BTR-3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀ဝ စီး + ….
    ( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် )
    Type-85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅ဝ စီး …. ( တရုတ် )
    Type-90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄ဝ စီး …. ( တရုတ် )
    EE-9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄ဝ စီး … ( ဘရာဇီး )
    AML-90 Armoured Cars ( ×× ) စီး … ( တောင်အာဖရိက )
    72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) …
    တို ့ကို လက်ခံ ရရှိခဲ ့တယ်လို ့ ဆိုပါတယ်…။
    .
    .
    အမြောက်နှင့် ဒုံးတပ်ဖွဲ့ဆိုင်ရာ
    —————————–
    ဒါပေမယ့် အကြီးမားဆုံး ပြောင်းလဲသွားတာကတော့ အမြောက်တပ်ဖွဲ ့ ပဲဖြစ်ပါတယ်။ အမြောက်တပ်ဖွဲ ့ဟာ ၁၉၉ဝ နှစ်ဦးပိုင်းက စတင်ပြီး ၁၅၅ မမ နဲ ့ ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအဝင် MLRS အတွဲလိုက် ဒုံးပစ် စနစ်များ၊ ရာပေါင်းများစွာ ရှိတဲ ့ အမြောက် ၊ စိန်ပြောင်းများကို စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ်..။ အဲဒီထဲမှာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ ့ မြောက်ကိုရီးယား နိူင်ငံထုတ် လက်နက်တွေ အဓိက ပါဝင်တယ်လို ့လဲ ဆိုပါတယ်…။ 
    အမြောက်တပ်ဖွဲ ့ ရဲ ့အောက်မှာ ဒုံးတပ်ရင်းများ စတင်ဖွဲ့စည်းလာပြီး ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို ့ရဲ ့အဆိုအရ ယိုးဒယား-မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး ၂၀၀၃ နဲ ့ ၂၀၀၄ ခုနှစ် ဝန်းကျင်လောက်မှာ ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိူင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ ့မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို အများအပြား စတင် လက်ခံရရှိခဲ့တယ်လို ့ဆိုပါတယ်။ တောင်ကိုရီးယား သတင်းဌာန ရဲ ့၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ တပ်မတော် အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ Daewoo ကော်ပရေးရှင်း နဲ ့ အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန် ဒုံးပျံ နည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို လက်မှတ် ရေးထိုးခဲ့တယ်လို ့လဲ သိရပါတယ်..။
    ၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ တရုတ်နိူင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ ့ တာတိုပစ် ဒုံးပျံ M11 ( DF 11 A ) နဲ ့ M9 ( DF 15 ) ( အရေအတွက် မသိရ ) တို ့ကို လက်ခံရရှိခဲ့ပြီး DF 11 A ဟာ 500kg ဒုံးထိပ်ဖူးတစ်ခု နဲ ့ကီလိုမီတာ ၅၀ဝ – ၇၀ဝ အကွာအဝေးကို ပစ်ခတ်နိူင်ကာ DF 15 ဟာ ကီလိုမီတာ ၆၀ဝ အကွာကို ပစ်ခတ်နိူင်စွမ်း ရှိပါတယ်..။ ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး လွယ်ကူစွာ ရွှေ ့ပြောင်း သယ်ယူနိူင်တာမို ့ အချိန်တို အတွင်း တစ်နိူင်ငံလုံးမှာ တပ်ဖြန် ့ နေရာချထားနိူင်တယ်လို ့ ဆိုပါတယ်…။
    .
    .
    လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ
    ——————————————
    ၁၉၈၈ ခုနှစ် ဝန်းကျင်က မြန်မာ့တပ်မတော် ဟာ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ ့ဆိုလို ့ မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ ့ တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ်။ ဒီ တပ်ခွဲဟာလဲ ၄ဝ မမ ဘိုဖာ အမြောက်၊ ၃.ရ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ ့၂ဝ မမ M 38 လေယာဉ်ပစ်အမြောက် အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး အနိမ့်ပျံလာတဲ ့ လေယာဉ်တစ်ချို ့ကိုသာ တိုက်ခိုက်နိူင်စွမ်း ရှိပါတယ်..။ လက်ရှိအချိန်မှာ ပြန်ပြောရင်တော့ မြန်မာ့ တပ်မတော်ရဲ့ ၁၉၈၈ ခုနှစ်က လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေးဟာ စစ်သမိုင်း ပြတိုက်ကို ရောက်ရှိနေခဲ့ပါပြီ..။
    .
    .
    တပ်မတော်ထုတ် ပုခုံးထမ်း ဒုံးပစ်လောင်ချာများ
    —————————————————
    လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ့ ကွပ်ကဲမှုအောက်မှာ လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃ဝ ကျော် နဲ ့ဖွဲ ့စည်းထားပြီး ဖြစ်နေပါပြီ..။ တပ်မတော် အစိုးရ တက်လာပြီးတဲ ့ နောက်ပိုင်း ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လက်နက်ဟာ စကာင်္ပူနိူင်ငံမှ တစ်ဆင် ့ ဝယ်ယူခဲ့တဲ ့ ယူကေ နိူင်ငံထုတ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ်။ အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့ တရုတ်နိူင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ်..။ ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး အမြင့်မီတာ ၃၀၀ဝ ၊ အကွာအဝေး မီတာ ၃၀၀ဝ အကွာကို လူ နှစ်ဦးတည်းနဲ ့ ပစ်ခတ်နိူင်စွမ်းရှိပါတယ်..။
    ၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ့ ဖော်ပြချက်အရ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိူင်ငံကနေ SA-16 Gimlet ( Igla – 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ အများအပြား ဝယ်ယူခဲ့ပါတယ်..။  ဒီ ဒုံးပျံတွေဟာ အမေရိကန် နိူင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ ့ အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀ဝ က ပျံသန်းလာတဲ ့ လေယာဉ်ကို မီတာ ၅၂၀ဝ အကွာအဝေးကနေ ပစ်ချနိူင်စွမ်း ရှိပါတယ်..။
    ၂၀၀ဝ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့ ရုရှား နဲ ့ အရှေ ့ဥရောပ နိူင်ငံတွေက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ်..။ ဒီလက်နက်တွေထဲမှာ ရေဒါနဲ ့ ပစ်ခတ်နိူင်တဲ ့ Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး လက်ရှိ ရုရှား နဲ ့ အရှေ့ ဥပရောပ နိူင်ငံတွေမှာ ဖြန် ့ချထားတဲ ့ လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ်…။
    တစ်ခါ ၂၀၀ဝ ခုနှစ်အတွင်းမှာပဲ ယူကရိန်း နိူင်ငံက 36D6 လေကြောင်းရန်ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး တစ်ချို ့သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မြန်မာနိူင်ငံမှာ ရုရှားလုပ် P37 နဲ ့ 1L – 117 ရေဒါ အမျိုးအစားတွေကို တပ်ဆင်ထားပြီး ဖြစ်တယ်လို ့သိရပါတယ်..။
    ၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ ့ ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာတော့ တပ်မတော် ဟာ ရုရှား ရဲ ့လက်ရှိ အသုံးပြုနေတဲ ့ SA – 15 ( Tor M1 ) နဲ ့SA – 17 ( BUK M1 – 2 ) လို လက်နက်မျိုးတွေ စတင်ရရှိလာပါတယ်…။ ဒီလက်နက်တွေဟာ ခေတ်မီတာဝေးပစ် အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး SA – 17 ဟာ အမြင့်မီတာ ၁၅၀၀ဝ ကနေ ပျံသန်းလာတဲ ့ ပစ်မှတ်ကို ၄၅ ကီလိုမီတာ အကွာကနေ ပစ်ချနိူင်စွမ်း ရှိပါတယ်..။ လက်ရှိ အခြေအနေမှာတော့ မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ ့အနေနဲ ့ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ ့
    SA 2 ,SA-5,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 နှင့် Pechora 2M လို လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို ့သိရပါတယ်..။ ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ ့ ၁.၁၀.၁၉၆၆ ကနေ ၃၁ ၃.၁၉၆၉ အတွင်း မြန်မာ့ လေပိုင်နက်ထဲကို အမျိုးအမည်မသိ လေယာဉ် ၁၀ဝ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ ့ သမိုင်းကို ပြည်ဖုံးကား ချလိုက်တာလဲ ဖြစ်ပါတယ်…။
    .
    .
    ရေတပ်ဆိုင်ရာ
    —————–
    ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင်တဲ ့ အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့ အခြေအနေဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ..။ ၁၉၉ဝ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့ ရေမိုင် ၃ဝ အထိ မောင်းနှင်နိူင်တဲ့ PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ် ( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ်…။
    ဒုတိယထပ် ရောက်လာတာကတော့ ၅၉ မီတာအရှည် Hainan အမျိုးအစား Type 037 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ပါ။ ၁၉၉၁ ဇန်နဝါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး ( UMS 441 – UMS 450 ) တို့ ကိုလက်ခံ ရရှိခဲ့ပါတယ်….။ ၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ ၆၃ မီတာအရှည်ရှိတဲ ့ Houxin အမျိုးအစား ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး ( UMS 471 – UMS 476 ) ကို ဝယ်ယူဖို ့ တရုတ်နိူင်ငံ နဲ ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်..။ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ ့ ၁၉၉ရ ခုနှစ်တွေမှာ တပ်မတော်ရေ က လက်ခံရရှိခဲ ့ပြီး တပ်မတော်ရေ ရဲ ့ပထမဆုံး YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ ့ စစ်သင်္ဘောတွေ ဖြစ်လာပါတယ်…။ 
    .
    .
    ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်
    —————————————————
    ၁၉၉၅ ခုနှစ်မှာတော့ တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ ့မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ တရုတ် နည်းပညာ အထောက်အပံ ့တွေကို အမြောက်အများ ရရှိလို ့နေခဲ့ပါပြီ…။ အဲဒီ ၁၉၉ဝ ကနေ ၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့ တပ်မတော်ရေတပ် သင်္ဘောကျင်းဟာ ၅ဝမီတာ အရှည်ရှိတဲ ့အမြန်ကင်းလှည့်ရေယာဉ် ၆စီး ( UMS 551 – UMS 556 ) ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၂ရ ပေ အရှည်ရှိတဲ ့မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး ( ငမန်း ၁ – ငမန်း ၁၄ ) နဲ ့ အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို ့သိရပါတယ်…။
    ရေတပ်သင်္ဘောကျင်း ရဲ ့ အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ ၂၀၀ဝ ပြည့်နှစ်မှာ အင်ပြည့်အားပြည့် စတင်ပါတယ်…။ ၇ရ မီတာ အရှည်ရှိတဲ ့ ကော်ဗက် စစ်ရေယာဉ် ( UMS 771 – UMS 772 ) နှစ်စီးကို တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဖရီးဂိတ် စစ်သင်္ဘောတွေကို စတင်ထုတ်လုပ်နိူင်တဲ ့ အဆင့်ကို ရောက်ရှိလာပါတယ်..။ လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ ဒုံးပျံတင် ဖရီးဂိတ် နဲ ့ကောဗက် စစ်ရေယာဉ်များ အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ကမ်းတက်ရေယာဉ်များ မိုင်းရှင်း ရေယာဉ်များနဲ ့ သယ်ယူပို ့ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ ့ ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်…။
    .
    .
    လေတပ်ဆိုင်ရာ 
    ——————–
    ၁၉၉ဝ ခုနှစ် မတိုင်မီက မြန်မာ့လေတပ်ဟာ ၁၉၆၂ ခုနှစ် နဲ ့ ၁၉၇ဝ ခုနှစ် ဝန်းကျင်က ဝယ်ယူခဲ့တဲ ့ ဟောင်းနွမ်းနေတဲ ့ လေယာဉ် နဲ ့ ရဟတ်ယာဉ် မျိုးစုံ ၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ်။ လေတပ်ဟာ အရွယ်အစားသေးငယ်ဆင်းရဲ ပြီး သယ်ယူပို့ ့ဆောင်ရေး၊ထောက်ပံ ့ရေး နဲ ့ ကြည်းတပ်ရဲ ့စစ်ဆင်ရေး တစ်ချို ့လောက် ကိုသာ အထောက်အကူပြုနိူင်တဲ ့အနေအထားလဲ ဖြစ်ပါတယ်။
    ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ လေတပ်ကို အဆင့်မြှင့်တင်ဖို့ ့ဘယ်လိုစာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့် ၁၉၉ဝ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေဟာ F7 2k ကြားဖြတ်တိုက်ခိုက်ရေး  လေယာဉ် ၁ဝ စီး GAIC FT – 7 Trainers လေယာဉ် ၂စီး PT 6 အမောင်းသင်လေယာဉ် အစီး ၃ဝ ကို စတင် ရရှိခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိူင်ငံက G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး ၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ်။ ၁၉၉၅ , ၁၉၉ရ နဲ ့ ၁၉၉၉ ခုနှစ်တွေမှာ တပ်မတော်လေ အနေနဲ ့ ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ အများအပြား ဖွဲ ့စည်းထားနှင့် ပြီးပါပြီ..။
    ပြည်ပ စစ်ဖက် သတင်းအရင်းအမြစ်တွေရဲ ့အဆိုအရ တပ်မတော်လေ ရဲ ့ ပထမဆုံး ဗုံးကြဲ တိုက်လေယာဉ် A5 တွေကို ၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို ့ ဆိုပါတယ်…။ ၈ နှစ်အတွင်းမှာ A5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၈ နဲ ့ ၁၉၉၉ ခုနှစ်တွေမှာတော့ K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ အများအပြား စတင်ရောက်ရှိလာ ပါတယ်…။ လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး ကျွမ်းကျင် လေသူရဲတွေ အများအပြား ရုတ်တရက်လိုအပ်လာတဲ ့ ပြသနာကို ဖြေရှင်းနိူင်ဖို ့ တပ်မတော် အစိုးရဟာ ၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင် လေသူရဲ ဗိုလ်လောင်း ၂၅ဝ ကို သီးသန် ့ စတင်ခေါ်ယူခဲ့ပါတယ်…။ ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင် လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကို သွားရောက် သင်ကြားရပြီး နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ ပါတယ်။ ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ တပ်မတော်လေ ရဲ ့ အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ..။ နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို ့မှာလဲ ဒီအစီအစဉ်အတိုင်း လေသူရဲ့ ဗိုလ်လောင်း အတော်များများကို သီးသန် ့ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို ့သိရပါတယ်။
    ၁၉၉ဝ ကနေ ၂၀၀ဝ ခုနှစ်အတွင်း တပ်မတော်လေ ရဲ ့ ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာ အစားထိုးဖို ့စတင်ရောက်ရှိလာတာကတော့ SAC Y8D အမျိုးအစား သယ်ယူပို ့ဆောင်ရေးလေယာဉ်တွေ ဖြစ်ပါတယ်..။ ပိုလန်နိူင်ငံက ဝယ်ယူလိုက်တဲ ့ PZL W3 Sokol အမျိုးအစား ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ ့ Mi 2 ရဟတ်ယာဉ် အစီး ၂ဝ ကို လက်ခံရရှိပြီးတဲ ့နောက် ရုရှားနိူင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ်..။ ၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ ့နောက် အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့ ခေတ်မီ MiG 29 B ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး ၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ ့ ရုရှား ခရီးစဉ်အပြီးမှာ MiG 29 ဂျက်လေယာဉ် အမြောက်အများ ထပ်မံရောက်ရှိလာခဲ့တယ်လို ့လဲ သိရပါတယ်..။
    ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထားဝယ် နဲ ့ မော်လမြိုင်မှာရှိတဲ ့ လေယာဉ်ကွင်းတွေကို အဆင့်မြှင့်တင် တိုးချဲ့ ့တည်ဆောက်မှု များ တောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ ့ရပြီး လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ စတင် ဖွံဖြိုးလာတာကို တွေ ့ရှိရ ပါတယ်..။ ပြည်ပ စစ်ဘက် နည်းပညာ သတင်းအရင်းအမြစ်တွေ ရဲ ့အဆိုအရ ၂၀၀၂ ခုနှစ် နဲ ့ ၂၀၀၅ ခုနှစ်တွေမှာ တပ်မတော် လေ ဟာ အပေါ့စားလေယာဉ် တစ်စီးစီကို အောင်မြင်စွာ စမ်းသပ်တပ်ဆင်နိူင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစား အပေါ့စားလေယာဉ်  တစ်စီးကို အောင်မြင်စွာ တပ်ဆင် ပျံသန်းနိူင်ခဲ့တယ်လို ့သိရှိရပါတယ်…။ 
    အခု ကျွန်တော် တင်ပြခဲ့တာတွေဟာ တပ်မတော်ကို လက်နက်တပ်ဆင် အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့တာတွေကို အကြမ်းဖျင်း ဖော်ပြထားတာ ဖြစ်ပါတယ် မဟာဗျူဟာ တပ်နေရာချထားမှု အစီအစဉ်တွေကို မဖော်ပြတော့ပေမယ် ့ ၁၉၉ဝ ခုနှစ်က ၂၀၀ဝ ခုနှစ် အတွင်း မှာပဲ တစ်နိူင်ငံလုံးမှာ တိုက်ခိုက်ရေး ခြေမြန်တပ်မ ၂၅ ခုလောက် အသစ် တိုးချဲ ့ဖွင့်လှစ်ခဲ ့တာကို ထောက်ရင် တပ်ဖွဲ ့များ နေရာချထားမှု အစီအစဉ်ဟာ အတော်ကို ကြီးမားကျယ်ပြန် ့တယ်လို ့ ခန် ့မှန်း သုံးသပ်နိူင်မှာ ဖြစ်ပါတယ်..။ ၁၉၈၈ ခုနှစ် မတိုင်ခင်က တပ်မတော် ရဲ ့ အစွန်အဖျား အကျဆုံး တပ်ရင်းတွေဟာ ၂၀၀ဝ ပြည့်နှစ် အရောက်မှာ သူ ့ထက် အစွန်အဖျားကျတဲ ့ တပ်ရင်းပေါင်း ၅၀ဝ လောက် အသစ် တည်ဆောက်ထားတဲ ့ အောက်မှာ ပျောက်ကွယ်လို ့နေ နေ ပါတယ်..။ပြောရရင်တော့ ဘယ် အစိုးရ အဆက်ဆက်ကမှ ခြေမချနိူင်ခဲ့တဲ ့ နယ်စပ်ဒေသ အမည်းရောင်နယ်မြေတွေ အားလုံးမှာ တပ်မတော် ရဲ ့ အခိုင်အမာ တပ်ရင်းတွေ ရာနဲ ့ချီပြီး တည်ဆောက် တပ်စွဲ နေရာယူနှင့်ပြီး ဖြစ်နေပါပြီ…
    ၂၀၀ဝ ပြည့်နှစ် ဝန်းကျင်က စခဲ့တဲ ့ဒီတပ်ရင်းတွေဟာ ၂၀၁၄ ခုနှစ် ၁၄ နှစ်ကြာပြီးချိန်မှာ အဲဒီဒေသတွေမှာ အသားကျနေတဲ ့ တပ်ရင်းအဟောင်းတွေ ဖြစ်နေပြီလဲ ဖြစ်ပါတယ်…။  ဒီလောက်ဆိုရင်တော့ ၁၉၈၈ ခုနှစ်က တပ်မတော် နဲ ့ ၂၀၁ဝ ခုနှစ် နောက်ပိုင်း တပ်မတော်ကို နိူင်းယှဉ်လို ့ ရနိူင်ပြီ ဖြစ်ပြီး ၂၂ နှစ်တာ ကာလ အတွင်း တပ်မတော် ကို တကယ် တည်ဆောက်ခဲ့သလားဆိုတဲ ့ အဖြေကို ကျွန်တော် ဖြေပြီး ဖြစ်မယ်လို ့ထင်ပါတယ်…။
    ဒီနေရာမှာ တစ်ခု မေးစရာရှိတာက ဒါဆိုရင် တပ်မတော် က စစ်သည်တွေ ရဲ ့ချပ်ဝတ်တန်ဆာ ရိက္ခာ စစ်အသုံးအဆောင်တွေရဲ ့အရည်အသွေးကို ဘာလို ့မမြှင့်တင်ရသလဲ ဆိုတဲ ့မေးခွန်းတစ်ခုပေါ်လာ ပါတယ်။  
    ဒီနေရာမှာ ရှင်းပြစရာ အချက် ၂ ခု ရှိပါတယ် ပထမ တစ်ခုက ဘယ်အရာကို အရင် ဦးစားပေးလုပ်မလဲ ဆိုတာပါ..။
    ကျွန်တော် အပေါ်မှာ တင်ပြခဲ့တဲ ့ စစ်လက်နက် ပစ္စည်း ဝယ်ယူဖြည့်တင်း မှုတွေစစ်အင်အားတိုးချဲ့ ့မှုတွေဟာ အရပ်သား အစိုးရ တစ်ခုရဲ ့လက်ထက်မှာ လုံးဝ ခွင့်ပြုနိူင်ဖွယ် မရှိပါဘူး။ ရတဲ ့အချိန်လေး အတွင်း အမြန်ဆုံးဦးစားပေး အကောင်အထည်ဖော် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်..။ တပ် အသစ်တွေ တည်တာလဲ ထိုနည်း လည်းကောင်းပါပဲ ဒိနေရာမှာ တပ်တည်ထား လူ ၂၀ဝ လောက် ပို ့ထား နောက် ၁ဝ နှစ် ဆို အခြေကျသွားလိမ့်မယ် လိုတဲ ့ လူအင်အား စစ်ဝတ်တန်ဆာ ရိက္ခာ နောက်ပိုင်း ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်လို ့ရတယ်။ အရပ်သား အစိုးရ လက်ထက် ဒါတွေ လုပ်လို ့မရနိူင်တော့ဘူး အရေးကြီးတာ အရင်လုပ် ဒီ သဘော ဖြစ်ပါတယ်..။
    နောက်တစ်ချက် ကတော ့ လက်ရှိ တပ်မတော် မှာ စစ်သည် ငါးသိန်း ဆိုပါစို ့ ရိက္ခာ တစ်ယူနစ် (ရဲဘော်တစ်ယောက် တစ်ရက်စာ ) ဟာ ငွေ ၅၀ဝ ကျတယ် ဆိုပါစို ့ တပ်မတော် ရဲ ့တစ်ရက် ကုန်ကျစားရိတ်ဟာ ၅၀၀,၀၀ဝ ယူနစ် × ၅၀ဝ ကျပ် = ၂၅၀,၀၀၀,၀၀ဝ ကျပ် ( သိန်း ၂၅၀ဝ ကျပ် ) ဖြစ်ပါတယ်…။ ရိက္ခာ အရည်အသွေးကို တစ်ရက်ကို ၁၀၀ဝ ကျပ် အထိ အဆင့်မြှင့်တင် ပေးရင် တစ်ရက်ကို သိန်း ၅၀၀ဝ ကျသင့်မှာ ဖြစ်ပါတယ်..။ စစ်ဝတ်တွေလဲ ထိုနည်းလည်းကောင်းပါပဲ တောစီး စစ်ဖိနပ် တစ်ရံ ရဲ ့သက်တမ်းဟာ ၁၂ လ သတ်မှတ်ထားပါတယ် ၁၂ လပြည့်တိုင်း အသစ် ထပ်မံထုတ်ယူဖို ့ လုပ်ရပါတယ်။ တောစီးဖိနပ်တစ်ရံ ရဲ ့တန်ဖိုးဟာ ၃၀၀ဝ ကျပ်ရှိတယ် ဆိုကြပါစို ့.။ ဒီဖိနပ်ကို အဆင့်မြှင့်တင်လိုက်လို ့ ၅၀၀ဝ ကျပ် ကျသင့်လျှင် အင်အား ၅၀၀၀၀ဝ × ၅၀၀ဝ ကျပ် = ၂,၅၀၀,၀၀၀,၀၀ဝကျပ် ( သိန်း ၂၅၀၀ဝ ကျပ် ) ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တစ်နှစ်ပြည့်တိုင်း တပ်မတော် တစ်ခုလုံးအတွက် တောစီး ဖိနပ် ဖိုး သိန်း၂၅၀၀ဝ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်..။ ကျန်တဲ ့ စစ်ဝတ် ပစ္စည်း ၂၂ မျိုးလုံးလဲ သူ ့သက်တမ်း အတိုင်း လဲလှယ်ကုန်ကျသွားမှာ ဖြစ်ပါတယ်။အဆင့်မြှင့်ပေးပြီးမှတော့ ပြန်လျော့လို ့မရပါဘူး.. တပ်မတော်ကြီး တည်ရှိ နေသရွေ ့ တောက်လျှောက် ကုန်ကျနေမှာ ဖြစ်ပါတယ်…။
    ဒီပစ္စည်းတွေဟာ နိူင်ငံခြား နည်းပညာ မလို ပြည်ပ ပိတ်ဆို ့မှု ဂရုစိုက်စရာ မလို ဘတ်ဂျက် အင်အားတောင့်တာ နဲ ့ ချက်ချင်းထုတ်ပေးလို ့ရတဲ ့ ပစ္စည်းတွေ ဖြစ်ပါတယ်..။ ဒါကြောင့် အရင် စစ်အစိုးရ လက်ထက်မှာ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုတွေနဲ ့ စစ်အင်အား တိုးချဲ့ ့ခြင်းကို ဖိဖိစီးစီး ဦးစားပေးလုပ်ခဲ့ပြီး စစ်သည်တွေ ရဲ ့ချပ်ဝတ် တန်ဆာပလာ ရိက္ခာတွေကို ဦးစားပေး မဆောင်ရွက်ခဲ့တာ ဖြစ်မယ်လို ့ ယူဆရကြောင်းပါ ခင်ဗျား …။
    နောက်ဆက်တွဲ ။ ။ ၂၀၁၂ ခုနှစ်မှာ တပ်မတော် တစ်ခုလုံးကို အရည်အသွေးမြှင့် စစ်ဖိနပ်များ စတင်လဲလှယ် ထုတ်ပေးခဲ့ပြီး အအေးပိုင်းဒေသ တပ်များအတွက် အရည်အသွေးမြင့် စစ်ဂျာကင်တွေ စတင် ပြောင်းလဲ ထုတ်ပေးခဲ့ပါတယ်..။ ရိက္ခာယူနစ် မှာလဲ တီးမစ်များ ၊ ဘီယာဘူးများ အာမီရမ် ပုံစံသစ်များ စတင် ပါရှိလာခဲ့ပါတယ်..။ ၂၀၁၅ မတိုင်မီ တပ်မတော် တစ်ခုလုံး ကျည်ကာ နဲ ့ ဟဲလမက်များ လူစေ ့တပ်ဆင်သွားမည်ဟု သိရကာ လက်ရှိ ထုတ်ပေးထားသော ကျည်ကာအကျင်္ ီတစ်ထည်၏ တန်ဖိုးမှာ ၂ သိန်းကျပ် တိတိ ဖြစ်ကြောင်း သိရှိရပါတယ်….။ သတင်းကောင်း တစ်ခုကတော့ ပုံစံသစ် Equiment များ မကြာခင် စတင်ထုတ်လုပ် လဲလှယ် တပ်ဆင်တော့မည်ဟု သိရှိရကြောင်းပါ ခင်ဗျား ….. ။
    ………………………………………….
    (သတင်း အချက်အလက်များအား စင်ကာင်္ပူ နိူင်ငံ INSTITUTE OF SOUTHEAST ASIAN STUDIES မှ ပုံနှိပ်ထုတ်ဝေသည့် Building the Tatmadaw Myanmar Armed forces Since 1948 By MAUNG AUNG MYOE ၏ ကျမ်းပြု စာတမ်း နှင့် ပြည်ပ ကာကွယ်ရေး websites များမှ ရယူပါသည်)

  • Wow

    March 27, 2015 at 12:17 pm

    တွေ့ဖူးသလောက်တော့ ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသားတွေက ရိုးသားပြီး ထက်မြက်ကြတယ်ဗျ… ဗမာကတော့ (ဗိုလ်ချုပ်အောင်ဆန်းလိုအညာသားမပါ) နဲနဲညံ့တယ်၊ ပျင်းတယ်၊ အမျှော်အမြင်နဲတယ်၊ ရေသာခိုတယ်၊ အပျော်အပါးမက်တယ်..
    ကျိ တစ်မျိုးလုံးတစ်ဆွေလုံးစစ်တပ်က သတ်ထားလဲ သင်္ကြန်ပိတ်ရက် (၁၀)ရက်ပေး ပျော်ပွဲရွှင်ပွဲလေးလုပ်ပေး၊ နစ်နစ်နာနာပြောရရင် အရိုးလေးအရင်းလေး ပေးကိုက်လိုက်ရင် ကျေနပ်သွားတာပဲ…

    • ခင်ဇော်

      March 27, 2015 at 8:04 pm

      Credit to original uploader
      မြန်မာလူမျိုးတွေ စေတနာကောင်းပါတယ်…ဒါပေမယ့်
      ဘာလို့ ဆင်းရဲနေကြတာလဲ…

      ကောင်းလိုက်တဲ့ မေးခွန်း ဒါကို လူတစ်ယောက်က
      ဒီလိုဖြေသွားတယ်…

      ” အစိုးရကို အပြစ်ပုံမချပဲ လူတွေရဲ့စိတ်ဓာတ်ကိုပဲ
      ဝေဖန်ရမယ်ဆိုရင်ပေါ့…
      မြန်မာအများစုက TEAM WORK အားနည်းတယ်…
      မညီညွတ်ဘူး ဘေးကနေ သွေးခွဲရလွယ်တယ်…
      မနာလိုစိတ်များတယ် အချင်းချင်းလည်း ကိုယ့်ကို သာ
      သွားမှာ မလိုလားဘူး…
      မုဒိတာ မပွားနိုင်ဘူး…
      ကြိုးစားရမယ့်နေရာ အချောင်ခိုချင်တယ်…
      ပိုက်ဆံရရင် အဖြုန်းများတယ်…
      စီးပွားရေးလုပ်ရမှာ ကြောက်တယ်…သေချာပုံမှန်ရတဲ့
      ငွေကို ပိုမက်တယ်…ဝန်ထမ်းပိုလုပ်ချင်တယ်…
      အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှု နည်းတယ်…
      မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး…
      ပြောင်းလဲနေတဲ့ခောတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့
      ပညာရေးအားနည်းတယ်…
      ဝေဖန်တာကောင်းပြီး ဆောင်ရွက်မှုအားနည်းတယ်…
      အကြြံပုတာကောင်းပြီး စီမံမှုညံ့တယ်…
      ပုတ်ခတ်တာကို မတရားကြိုက်တယ်…
      ကိုယ်ကျရှုံးတိုင်း သူများလည်းကျရှုံးမယ်ဆိုတဲ့
      အမြင်ရှိတယ်…ရှုံးပြီးပြန်ထဖို့ ပျင်းတယ်…မအောင်မြင်
      ရင် ကံကိုပုံချတယ်…
      ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုတည်းနဲ့ အရာတော်
      တော်များများကို တဖက်သတ်သုံးသတ်တယ်…
      ကိုယ်နဲ့ အမြင်မတူရင် အားမပေးပဲ မတရားရှုံ့ချတယ်…
      ဘုရားရှစ်ခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး
      အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင်
      မလေ့လာပဲ ကျော်သွားတယ်…
      ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်…
      ကိုယ့်အကြောင်းထက် သူများအကြောင်းကို
      ပိုစိတ်ဝင်စားတယ်…
      လေကန်ပြီး အချိန်ဖြုန်းတာများတယ်…
      ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့ တိုးပွားအောင်လုပ်ဖို့
      စိတ်ကူးနည်းတယ်…
      ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုတ်ထားတယ် အကျိုး
      ရှိအောင်မရင်းနှီးဘူး…
      ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ်…
      ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး…
      ဒါတွေက ဆင်းရဲစေတာပါပဲ… ”

      ( ကြိုက်လို့ပြန်လည် မျှဝေလိုက်တာပါ… )
      ( မှုရင်းကို credit ပေးပါတယ်… )

  • Alinsett@Maung Thura

    March 27, 2015 at 12:40 pm

    ဒီဆောင်းပါး ဧရာဝတီထဲ ဖတ်ပြီးပါပေါ့
    ဘာပဲဖြစ်ဖြစ် ရှဲပေးတာ ကျေးဇူး

  • naywoon ni

    March 27, 2015 at 7:21 pm

    အဲ့ အဖွဲ့အစည်​းကို ပရို မြှင်​့တင်​ဖို့ …… ။ မထင်​ပါဘူး ။ မဖြစ်​နိုင်​ပါဘူး ။ စိတ်​ကူးယဉ်​တဲ့ အလုပ်​တစ်​ခုပါ ။ အဲ့ တစ်​ခု​တော့ ရှိတယ်​ ။ အခု လက်​ရှိ စီနီယာ တစ်​က ​နေ ငါးရာ ​လောက်​ထိ ဖယ်​လိုက်​ ။ ငါးရာ့တစ်​က​နေ ​အောက်​အဆင်​့ ကို​လေ့ကျင်​့​ပေး အဲ့သလိုဆိုရင်​​တော့ နဲနဲ ​မျှော်​လင်​့ချက်​ရှိတယ်​ ။ ရာနှုန်​းပြည်​့ ​အောင်​မြင်​မယ်​လို့ မ​ပြော​သေးဘူး​နော်​ ။ ၇၀% ​လောက်​ ဖြစ်​နိုင်​​ခြေရှိတယ်​ ။ လူ​သွေး​သောက်​ဖူးတဲ့ ကျားဟာ လူမြင်​ရင်​ ဆွဲချင်​သတဲ့ ​လေ

  • uncle gyi

    March 27, 2015 at 11:11 pm

    ဘာမှပရိုနေစရာမလိုပါ
    လူတိုင်းစစ်မှုထမ်းဥပဒေအရ
    လူတိုင်းစစ်မှုထမ်းလိုက်ရင်
    သူတို့တွေဒီလောက်မညီညွတ်နိုင်
    ဒါကြောင့်လည်းစစ်မှုထမ်းဥပဒေကို
    ရေးပြီးအသက်မသွင်းတာပါ

    • kai

      March 28, 2015 at 7:57 am

      မြန်မာပြည်မှာအလိုအပ်နေဆုံးအရာက.. အလုပ်တကယ်လုပ်တဲ့.. လူသားများသာပါပဲ..။
      ဒီလောက်ကျယ်ပြီ.. သယံဇာတပေါတဲ့မြေ… လူ ၅၁သန်းနဲ့.. ကြာလေလေ.. ဒုက္ခရောက်ကိန်းမြင်ပါတယ်…။
      နောင်၁ဝစု.. ၂-၃ခုလောက်မှာ.. တခြားတိုင်းပြည်တွေက.. ပေါက်ထွက်လာတဲ့လူတွေက.. ငွေထုတ်တွေပါကိုင်ပြီး.. မြန်မာပြည်ကိုသိမ်းကိန်းမြင်ပါတယ်…။

      အဲဒီအခြေအနေကြီးကို.. မိန်းမ,(တရားဝင်)မယူနိုင်တဲ့.. ဟိုပုဂ္ဂိုလ်တော်တွေက.. မိန်းမတရားဝင်ယူနိုင်သူတွေကို.. မနာလိုဖြစ်ပြီး.. တရားဝင်ကလေးတွေမွေးခွင့်.. လူဦးရေတိုးတက်နှုန်းကိုပါဝင်ရှုပ်နေကြပြန်သမို့…
      အိုဘယ့်.. ကျိန်စာ… လို့..။

Leave a Reply