ဒီလိုလူတွေ ခပ်များများ… တွေ့ဖူးပါတယ်ဗျား…
.ဘေးဘယ်ညာက အိမ်အမိုးစွန်းတွေ ရပ်ထားတဲ့ဆိုက်ကားတွေ စက်ဘီးတွေ
ဘာတွေညာတွေနဲ့ ကျနော်မောင်းတဲ့ကားရဲ့ ဘက်မှန်တွေနဲ့ လက်နှစ်လုံးစာလောက်ကလေးဘဲ
ကပ်ကပ်သပ်သပ် လွတ်တယ်ဆိုရုံ
အင်မတိအင်မတန် ကျဉ်းတဲ့လမ်း. . .
အဲ့ဒီလို လမ်းကြိုကြားထဲအထိမှ ဝင်မပေးရင် တစ်လမ်းလုံးစီးလာတဲ့အဖိုးအခ ပိုက်ဆံကို မပေးဘူးဆိုတဲ့အထာမျိုး. . .
ချိုးရက်နိုင်တဲ့ ခရီးသည်တွေကိုလည်း အံ့ဩတယ်။
အဲ့ဒီလောက် ကျပ်သပ်နေတဲ့လမ်းထဲမှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း လမ်းမအလည်ဘက် ခြေဆင်းထိုင်နေတဲ့လူလည်းရှိသေးတယ်။
ဒါ့ထက် အံ့ဩတာက ကျနော်မောင်းတဲ့ကားရဲ့ ညာဘက်အခြမ်းမှာ ရှေ့ဆန့်ထုတ်ထားတဲ့ သူ့ခြေထောက်ကို မထိအောင် ရှောင်လိုက်ရင် ကားရဲ့ဘယ်ဘက်အခြမ်းက ဘက်မှန်နဲ့. . . လမ်းပေါ်ချထားတဲ့ အုတ်တိုင်ကီကြီးနဲ့ ထိမှာ သေချာသမို့ သူ့ခြေထောက်ကလေးကိုလည်း ထိမရ/ ဟိုဘက်က အုတ်တိုင်ကီကိုလည်း ပွတ်ဆွဲမရနဲ့. . .
.ရှေ့ဆက် မောင်းလို့မရတာကို ကုလားထိုင်ပေါ်ကနေ ခပ်တည်တည်ခပ်တင်းတင်းကြည့်နေတာာာများဗျာာာာာာာ. . .
လမ်းပေါ်ဆန့်ထုတ်ထားတဲ့ သူ့ခြေထောက်ကလေးကို ဆန့်ထားရာကနေ ကုလားထိုင်အတွင်းဘက်ထဲ သိမ်းလိုက်လို့ ဘာမှ အပန်းမကြီးတာလေးကိုတောင် ကပ်သပ်ပြီး ပေတေ ကြည့်နေနိုင်တဲ့လူ/
ညသန်းခေါင်နီးပါးအချိန် ကိုယ့်အိမ်ရှေ့ကလမ်းထဲ ကိုယ်ကြိုက်သလိုနေနိုင်တယ်ဆိုတဲ့ အချိုးနဲ့ ဖယ်မပေးတော့ ဘာဖြစ်လဲဆိုတဲ့ မိုက်ကြေးခွဲသလို မျက်နှာပေး. . .
သူ့ခြေထောက်ကို သုံးလက်မစာလောက် ရုတ်ပေးရင်တောင် ကျနော့်ကား ဆက်သွားလို့ရပါတယ်။
အဲ့လောင်ကလေးတောင် သဘောထားကြီးပြီး ရွှေ့မပေးနိုင်တဲ့စိတ်ထားရှိသူပါလား. . .
.နောက်ဆုံးတော့ သူ့ရှေ့မှာ တစ်လက်မမှ ရွှေ့မပေးတဲ့ သူ့ခြေထောက်ကြောင့် ကျနော်က ကားစက်ကို သတ်ပြီး ရပ်ပစ်လိုက်တယ်။
စက်သတ် ရပ်ပြီး သူ ကျနော့်ကို ကြည့်နေတဲ့ မိုက်ကြည့်မျိုးနီးပါး ခပ်တည်တည်နဲ့ တည့်တည့်ပြန်ကြည့်လိုက်ပြီး ကျနော် ကားထဲကနေ ပုခုံးတွန့်ပြလိုက်တယ်။
အဲ့လောက် သဘောထားသေးသိမ်တဲ့လူတစ်ယောက်ရှေ့မှာ ကားကို ရပ်ထားရတာ
ကား ”သန”ပါတယ်။
ပါးစပ်ပါ သနမှာစိုးလို့
ဘာစကားမှ မပြောလို. . . ကြည့်ပဲနေလိုက်တယ်။
စိတ်ထဲက ဖြစ်နေတဲ့ ဒေါသတလူလူကိုတော့ မျက်နှာပေါ်မှာ အရိပ်မပေါ်စေနဲ့ သူရ. . .
အသက်ရှူသံတောင် မပြင်းထန်နဲ့စမ်း၊ ။ ။
ဒါပေမဲ့ ကျနော့်ညာဘက်လက်ကတော့ ထိန်းချုပ်မရဘဲ ဘေးတံခါးကြားအံထဲ ထည့်ထားတဲ့ သံချောင်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိပြီ။
အသိစိတ်ကနေ ”ခွေးနဲ့ဖက် ကိုက်ရင် ကိုယ်လည်း ခွေးအဆင့်ပဲ”လို့ ကိုယ့်ကိုယ်ကို သတိပေးနေလို့ တည်တည်ငြိမ်ငြိမ်ပဲ ကားပေါ်မှာ ရှိနေဆဲ။
.ကြည့်စမ်းပါးအုန်း။
သူ့ရှေ့မှာ. . . သူ့ခြေထောက်နဲ့
လွတ်/မလွတ် ? ကြည့်လိုက်. . . ရှေ့ဆက်သွားဖို့ ချိန်ဆလိုက်နဲ့ လုပ်နေတဲ့ ကားတစ်စီး. . . နော့. . .
သူ့ခြေထောက်နဲ့ ကားဘီးနဲ့
မလွတ်မှန်း သိလို့ ဘယ်လိုမှ ဆက်သွားလို့မရတော့တဲ့အဆုံး. . . စက်သတ်ပြီး ရပ်ပစ်လိုက်တဲ့ ကားတစ်စီးလုံး . . .
ရပ်နေတာ ငါးမိနစ်လောက် ကြာနေပြီ။
သူ့ခြေထောက်ကို သုံးလက်မလောက် ရွှေ့ပေးဖို့ လုံးဝပဲ . . .
သူ့ဘက်က မလျှော့ဘူး။
”ငါ့ခြေထောက်ကို ထိရဲထိကြည့်”ဆိုတဲ့ပုံစံနဲ့ပဲ။
အဲ့လိုလူကို
”please . . ခင်ဗျားရဲ့ ခြေထောက်ကလေး နည်းနည်း နေရာရွှေ့ပေးပါလားခင်ဗျာ”လို့. . . တောင်းပန်ဖို့ ကျနော် ဝန်လေးမိတယ်။
အဲဒါ ကျနော် မှားသလား. . .
ဒါလောက်ကလေးတောင် သဘောထားကြီးမပေးနိုင်တဲ့လူတစ်ယောက်ကို ကျနော် အောက်ကြို့ရဦးမှာလား။
ဒါ သူ့ရပ်ကွက် . . .သူ့လမ်း. . .
သူ့”ကွင်း”ထဲ ကိုယ်က အညံ့ခံမှတဲ့လား.
သူ့ကွင်းထဲ ဝင်လာတဲ့သူကို ”သူ့ရန်သူမဟုတ်မှန်း ခွဲခြားမသိ” အလကားနေရင်း သဘောထားသေးသိမ်ရန်လိုနေတဲ့သူရှေ့ မှာ ကျနော်က ဒူးထောက်တောင်းပန်လိုက်ရမှာလား. . .
သွားစမ်းပါကွာ. . .
တောင်းပန်မဲ့အစား . . .
သူ့ကြောင့် ကားဆက်မောင်းမရလို့ ရပ်ထားရတာကို သူ ပျော်/မပျော်? စောင့်ကြည့်လိုက်စမ်းမယ်။
အုံနာကြေးရော ဆီဖိုးပါ ရပြီးပြီမို့ ကိုယ့်အတွက် ကျန်အောင် ထပ်မရှာရလည်း နေပါစေတော့. . .
သူ့ ခြေဖျားလေး ၃ လက်မလောက် ရွှေ့မပေးတာကြောင့် ဒီနေရာမှာ မိုးလင်းတဲ့အထိ အိပ်နေပစ်တော့မယ်ဆိုပြီး ကျနော် ဆုံးဖြတ်လိုက်တယ်။
အဲလို ဆုံးဖြတ်တာ ကျနော် မှားသလား/ မှန်လား ? မတွေးအားဘူး။
.ဒေါသကို အတန်တန် ထိန်းနေရလို့။
ကျနော့်ကား စက်သတ်လိုက်ပြီး သူ့ကို ဘာစကားမှ မပြောဘဲ ခပ်တည်တည်ပြန်ကြည့်နေတာ ၃ မိနစ်လောက်ကြာတော့မှ . . .
သူ့ဘက်က လျှော့လေရဲ့။
အော်. . . သူ့ခြေထောက်ကလေး
၃ လက်မလောက်ကို (အတန်ကြာ တင်းထားပြီးမှ)သိမ်းပေးဖော်တော့. . . ရသေးသားဟ။
ဒါပေမဲ့ သူ့မျက်နှာမှာက သိပ်မကျေနပ်တာတွေ အထင်းသား။
သူ့ခြေထောက်ကြောင့် ရပ်ထားရမှန်း
သူ ပိုသိအောင် . . .
ကျနော်က သူ့ခြေထောက် ရုတ်တာကို တွေ့တာနဲ့ ချက်ချင်းစက်နှိုးပြီး လီဗာကိုအပြင်းဆုံးနင်းပြီး ဝေါခနဲမောင်းထွက်ပစ်လိုက်တယ်။
ဥပဒေသာ မရှိရင်. . .
ဒါမှမဟုတ် ကျနော်သာ လျော်နိုင်ရင်. . .
ဒါမှမဟုတ် ကျနော်သာ သူတပါးခြေထောက်နာကျင်သွားမှာကို ကိုယ်ချင်းမစာတတ်သူဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
.နောက်နာရီ အနည်းငယ်မှာတော့ စိတ်ကို ငြိမ်အောင်ထားလိုက်နိုင်ပါတယ်။
အဲ့ဒီတော့မှ ကိုယ့် ”ကိုယ်”ကို ပိုးစိုးပက်စက် အံ့ဩပစ်လိုက်တယ်။
. . .
. . .
Alinsett @ မောင်သူရ
05/08/2015/19:08
21 comments
kai
August 6, 2015 at 2:45 am
ကားပေါ်မှာ.. အဝါခြုံတပါး..။ အစိမ်းဝတ်တယောက်… ထိုင်နေရင်…
တကယ်တော့..
လူသားချင်းတန်းတူမှုဆိုတာကို… စိတ်အတွင်းထဲက.. နားလည်လိုက်နာကြဖို့…အရမ်းအရေးကြီးပါတယ်..။
ဒါကိုဖျက်ဆီးထားရင်.. လူ့ယဉ်ကျေးမှုဟန်ချက်အကုန်ပျက်…
Alinsett @ Maung Thura
August 6, 2015 at 3:25 am
ဗမာ့ယဉ်ကျေးမှုကတော့ဟန်ချက် ပျက်သွားပြီလားလို့
အဲ့လို ကပ်သီးကပ်ဖဲ့လူတွေ ရပ်ကွက်ထဲ အတော်များများ တွေ့လာရတယ် သဂျီးရေ။
ထီမထင်တဲ့ ပုံစံတွေနဲ့
.မြို့ထဲက အသားအမည်းရောင်တွေ အနေများတဲ့ လမ်းတွေထဲမှာဆို ကားဝင်လာလို့များ
လမ်းလျှောက်နေသူတွေက ဖယ်ပေးမယ်မထင်နဲ့။
လမ်းဘေး ကပ်ဘေးလိုက်ရမှာလေးကိုတောင် ဝန်လေးတာ
ကား ဟွန်းလေး အသာတီးကြည့်. .
ခပ်တင်းတင်းနဲ့ လှည့်ကြည့်ပြီး တိုက်ရဲရင်ဝင်တိုက်စမ်းဆိုတဲ့ ပုံစံတွေနဲ့ လမ်းကို တမင်ဖယ်မပေးတာ
လှိုင်သာယာဘက်ဆို ပိုဆိုး
လမ်းခလည်မှာ ဆိုင်ကယ်တွေ ရပ်ထားပြီး ဖယ်မပေးလို့ ကားရပ်ထားရဖူးသေးတယ်။
ဗမာတွေ ဘာဖြစ်နေပြီလဲ
ကိုပေါက်(မန္တလေး)
August 6, 2015 at 12:10 pm
ကိုခိုင်ရေ
အရှင်းဆုံးပြောရင်တော့ မြန်မာပြည်သူပြည်သားက
အခွင့်အရေး
ဒါမှမဟုတ်
အကြောက်တရားနဲ့ ထိန်းချုပ်မှရတယ်ဆိုတာပါဘဲ
လူ့အခွင့်အရေးလို့အာပေါက်အောင် လူကြားကောင်းအောင်တောင်းဆိုနေပေမယ့်
မိမိကိုယ်တိုင်က သူများကိုမထိခိုက်အောင်နေနိုင်တဲ့စိတ်ဓါတ်တွေမရှိသေးတာအမှန်ပါဘဲ
အောင် မိုးသူ
August 6, 2015 at 9:24 am
ငါကားမောင်းရင်တော့ စိတ်ထိန်းနိုင်မှာမဟုတ်ဘူး တစ်ခါတစ်ခါ စဉ်းစားမိတယ် ငါ့စိတ်နဲ့ ဖြစ်ပါ့မလားလို့။
မောင်းလည်း မောင်းချင်လည် မောင်းလည်း မမောင်းချင်ဘူး။
Mike
August 6, 2015 at 9:24 am
.မှာတယ်လို့ဆိုချင်တယ်ဒညင်းဝက်ရေ
.ကြုံ ဖူးတယ်..ဒီလိုအခြေအနေမှာ ကားသမားကပဲမျက်နှာချိုသွေးပြီး နဲနဲဖယ်ပေးဖို့မေတ္တာရပ်ခံရတာပါပဲ
.ကားမောင်းရင်သည်းခံစိတ်မွေးနိုင်မှတော်ကာကျမယ်ကွ
Alinsett @ Maung Thura
August 7, 2015 at 5:59 am
.ပြောပြချင်သေးတယ် ဦးကြီးရယ် ဖယ်အပေးခိုင်း ကောင်းလို့
ချိုင်းထောက်နဲ့ လိုက် အရိုက်မခံရရုံအဖြစ်တစ်ခု. .
အဟိ
ပိုစ့်တစ်ခုအနေနဲ့ ထပ်ပြောဖို့ အစ ရပြီ
:k:
ဟေသီ
August 6, 2015 at 1:04 pm
မနေ့က အိမ်အပြန်မှာ စာသင်သား ဦးပဉ္ဇင်း တစ်ပါးက လက်ထဲကနေ ထီးပြုတ်ကျတယ်၊ ပြုတ်ကျတဲ့က အသက် (၂၀) အရွယ်လောက် ရှိမယ့် ကောင်မလေး ခြေထောက်နားမှာ၊ ကောင်မလေးက ခပ်တည်တည်ပဲ ကားရပ်စောင့်မြဲ ရပ်စောင့်တယ်။ ဦးပဉ္ဇင်းကလေးက သူ့ဘာသာသူပဲ ကောင်မလေး ခြေထောက်နားက ထီးကို ကုန်းကောက်လိုက်ရတယ်။ ကောင်မလေးက ရုပ်တောင် မပျက်ဘူး။ နောက်ပြီး ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်ကို တိုက်သွားပြီး ချော်လဲတာတောင် လှည့်မကြည့်တော့တာ။ ဟိုတစ်နေ့က ကောင်မလေး တစ်ယောက်က သူ့သူငယ်ချင်း နေရာရအောင် လိုင်းကားပေါ်က ထိုင်ခုံကို စာအုပ်နဲ့တင်ပြီး နေရာဦးတာ (အမှန်မဦးထားရင် အဒေါ်ကြီးတစ်ယောက် ထိုင်ရမှာ)……….. မမြင်ချင်မှ အဆုံးရယ် စာရိတ္တ၊ ကိုယ်ကျင့်တရား၊ ဂါရဝ ဘာဆိုဘာမှ အလေးမထားတဲ့ သူတွေနဲ့ ဒီမိုး ဒီရေ ဒီလူတွေနဲ့ မြန်မာပြည် အတော်ကြီး ရုန်းနေရအုံးမယ် ထင်တယ်………
Alinsett @ Maung Thura
August 7, 2015 at 5:53 am
bus ပေါ်မှာ လူတစ်ယောက် ထသွားတာနဲ့ အဲ့နေရာကို ဝင်ထိုင်ချင်တဲ့ မတ်တတ်ရပ်နေသူ ရပ်နေရလို့ .ညောင်းနေသူတွေ ရှိနေလျက်နဲ့ .နေရာကျယ်သွားတာကို အခွင့်ကောင်းယူ .ဘေးတစောင်းလှည့် ထိုင်ပစ်တဲ့သူတွေ.. . .
ကိုယ့်ဘေးကကားတစ်စီး လမ်းကြောင်းပြောင်းချင်လို့ ဘေးကကား ရှင်းတဲ့အထိ စောင့်ရင်း မရှင်းနိုင်လွန်းလို့
ခေါင်းတည်ပြီး ဝင်တော့မယ့်တပြင်ပြင်ကို
လမ်းကြောင်းပေါ်က ကားက”ငါ လမ်းကြောင်းမှန်”ဆိုတဲ့ စိတ်နဲ့ ဟွန်းသာ စွတ်တီးပြီး အတင်းဝင်လာာာာာ
သုံးစက္ကန့်စာလောက် ဘရိတ်မှေးပြီး ဝင်ခွင့်ပေးဖို့ကို ဝန်လေးကြ. . .
.ပြောရရင်အများကြီးးးး
လူတော်တော်များများဆီမှာ သည်းခံခွင့်လွှတ်စိတ်တွေ ခေါင်းပါးလာသလားလို့။
ဘာမဟုတ်တာလေးကိုတောင် သဘောထားကြီးမပေးနိုင်တော့တာတွေ များလာသလားလို့. . .
မင်း ခန့် ကျော်
August 6, 2015 at 2:45 pm
ဒါများ ခက်လွန်းလို့
ခေါင်းပြုု ပြီးးး
မီးးးးးးးးးးးး
မီးးးးးးးးးးးးး
မီးးးးးးးးးးးးးးး
–
–
–
မီးဘေးရှောင်
မလောင်ခင်တားးကြပါ
အဲ့သီချင်းဆိုလိုက်။
ကားတမောင်းစာလမ်းပွင့်သွားမှာပါ
Alinsett @ Maung Thura
August 7, 2015 at 6:02 am
အများပြည်သူကိုအထိတ်တလန့်ဖြစ်စေတယ် ဆိုပြီး အချုပ်ထဲ ရောက်ရင်
အနော့်ကို ငါးပိကြော်တို့ ဆေး ကွမ်းတို့ လာပေးပါ့မယ်ဘို့ ကတိအရင်ပေးပါလား
:k:
ဝင့်ပြုံးမြင့်
August 6, 2015 at 4:50 pm
.ဆက်ဆက်ရေ ကားသမားလုပ်တော့မယ်ဆိုရင် အဆဲ သင်ထား။ ပက်ပက်စက်စက် ဆဲပစ်လိုက်။ မဆဲပစ်လိုက်ရင် အဲဒီစိတ်အခံကြီးက ပါသွားမယ်။ အဲဒါကြီးပါသွားပြီး ကားဆက်မောင်းရင် ပြသနာ တက်နိုင်တယ်။ ဆဲတဲ့နည်းနဲ့ ဒေါသကို လွှတ်ထုတ်လိုက်ရတယ်။
Alinsett @ Maung Thura
August 7, 2015 at 6:04 am
ဆဲတဲ့ဖြစ်ရပ်တစ်ခုလည်း ပြောပြချင်သေးတယ်
ဒါလည်း ပိုစ့်တစ်ပုဒ်အနေနဲ့ ရေးအုန်းမယ်နော့
:k:
ဇီဇီခင်ဇော်
August 6, 2015 at 6:25 pm
ကိုယ်ဆို ဘယ်လိုပြောမိမလဲ
ဘယ်လို လုပ်မိမလည်း တွေးလို့မရဘူးတော့။
မလွယ်ပါ့လားးး;
:a:
Alinsett @ Maung Thura
August 7, 2015 at 6:07 am
မလွယ်ရေးချ မလွယ်တဲ့အလုပ်
စိတ်ကိုလည်း ကီလို 20 အောက် ထိ လျှော့ထားရ
😆
Ma Ma
August 6, 2015 at 7:32 pm
မနက်အစောကြီး ဘုရင့်နောင်သွားရင် သိရီမင်္ဂလာဈေးရှေ့မှာ လိုင်းကားတွေ လမ်းပိတ်ရပ်ပြီး လူ/ကုန်စောင့်တင်တာမျိုးတွေ အမြဲတမ်းကြုံနေရတော့……….
တစ်ဘို့တည်း မကြည့်နဲ့လို့ လူကြီးတွေပြောတာကို သွားသတိရမိတယ်။
Alinsett @ Maung Thura
August 7, 2015 at 6:12 am
မနက်ပိုင်း အစောချိန်တွေဆို အဲ့ဈေးရှေ့က ဖြတ်မသွားမိအောင် ရှောင်တော့တယ်။
ပါရမီပွိုင့်ကနေ ဗဟိုလမ်းကို ဖြတ်တက်ပြီး ဘုရင့်နောင်လမ်းကို ပြန်ဖြတ်ထွက်ဖို့ ရွာမကွေ့ဆီ ပြန်ဖောက်ထွက်တာပေါ့. . .
အဲ့ဈေးရှေ့ ပိတ်မိရင် ကိုယ့်ကား ထွက်လို့ရဖို့ ဇောချွေးပြန်အောင် တိုးရတာာာ
ဒီကြားထဲ အတင်း ခေါင်းထိုးထည့်တတ်တဲ့ကားတွေ ဂါလီ ဆိုက်ကားတွေကြောင့် စိတ်တွေတိုရ တောက်တွေခေါက်ရ
🙁
ဦးကျောက်ခဲ
August 6, 2015 at 9:24 pm
သဟာက “ဟိတ်” နဲ့ဆိုင်တယ်ဗျ…
ကိုရင့်နေရာမှာ ဓာတ်ရှင်လူကြမ်းဦးအံ့ကျော်လို လူမိုက်ရုပ်နဲ့ …
ဂျစ်ကားကို စက်သံပြင်းပြင်းမောင်းလာရင် ဒီလိုဖြစ်မယ်မဟုတ်…
ကိုရင်က ကြောင်မဲပျင်းထက်တောင် ကြောင်မဲပျင်းနဲ့တူတယ် ဆိုတော့လည်း… ခွိ
:k:
Alinsett @ Maung Thura
August 7, 2015 at 6:08 am
တိန်
.ကြောင်မဲပျင်းတဲ့
.သေပါရဇေ
.ဖွေးဖွေးနဲ့ဖက်ပြီးးးး
:k:
kai
August 7, 2015 at 7:38 am
အမေရိကားမှာ.. အဲလိုအခြေအနေကို အမေရိကန်တွေဘယ်လို တုံ့ပြန်မလည်းတွေးနေမိတယ်..
အဖြစ်နိုင်ဆုံးက.. ဒရိုင်ဘာက..ကားရပ်ပြီး .. စိန်ခေါ်ထိုးကြမယ်ထင်တယ်..။
ရှုံးတဲ့သူကို နိုင်တဲ့သူက ပြန်ထူ.. နှုတ်ဆက် ပြန်ကြတာမျိုးလည်း ဖြစ်နိုင်မယ်ပေါ့…။
ကားနဲ့တော့အတင်းတိုးမှာမဟုတ်..။
ဥပဒေအရ.. ကားနဲ့လူနဲ့ဆို.. ကားက အရှုံးလေ..။
လူကဆင်းပြီးထိုးကြရင်တော့.. ရဲက ခဏနေရောက်လာပြီးမေးမှာပေါ့..
ဘာဖြစ်တာလဲလို့..။
အဲလို လူအများသွားလမ်း.. ခြေထောက်ခံပိတ်ထားတယ်ဆိုရင်တော့.. ပိတ်ထားသူကို ဖမ်းမှာပေါ့..။
တစ်ကကက်ပေးမယ်..။ ဒဏ်ချမယ်..။ ဟိုမှာဖက်လူက.. ဆေးရုံစရိပ်တောင်းရင် ပေးလျှော်ရမယ်..။
=
တလောလေးကတင်.. ကား၂စင်းလမ်းမှာညှိကြပြီး.. ဒရိုင်ဘာ၂ယောက်(မိသားစုပါပါ) အပြန်အလှန်ဆဲကြ..
နောက်တော့.. ဒရိုင်ဘာတယောက်က.. တခြားတယောက်ကားနောက် တောက်လျှောက်လိုက်ပြီး.. ဆဲဆိုသတဲ့..။
အဲဒါရှေ့ကားက.. အိမ်အထိပြန်တဲ့နောက်လိုက်တာမို့.. ရှေ့ကားလူက အိမ်ရှေ့ကားရပ်.ကားထဲက သေနတ်ဆွဲထုတ်… ဆင်းလိုက်လာတဲ့.. နောက်ကဒရိုင်ဘာကို.. ပစ်ထည့်လိုက်ပါတယ်…
နောက်ကလိုက်တဲ့သူ.. သူ့မိသားစုရှေ့တင်..ရင်ဘတ်သေနတ် ၁ချက်.. နောက်ကျော ၃ချက်မှန်..သေပါရော…
အဲဒီအမှုက.. . လူသတ်မှုစစ်စစ်မမြောက်ဖူးတဲ့ဗျ..။ second-degree murder မို့.. ထောင်တော့ကျမယ်..။
တချို့ကိစ္စတွေက.. သည်းခံသည်းခံ.. ဆိုရင်.. ငါချည်းခံနေရတာမျိုး..။
အရာရာသည်းခံစနစ်နဲ့.. လူ့ယဉ်ကျေးမှုလည်း .. တိုးတက်လာမှုမရှိနိုင်..။
အဲလို..။
surmi
August 7, 2015 at 9:41 am
သဂျီးကတော့ လွှတ်မြှောက်ပေးနေပြန်ဘီ 🙂
ကျုပ်ထပ်မြှောက်ပေးရရင်တော့ မောင်ရင် ထောင်ကျကိန်းမြင်တယ်:mrgreen:
ကျုပ်အမြက်အရဆိုရင်တော့ ……
ဦးတည်ချက်နဲ့ ရည်မှန်းချက်ကိုအနှောက်အယှက်မဖြစ်စေတဲ့လမ်းမျ်ုးရွေးမှာဘဲ ။
ဥပမာ ဆင်းပြီးရန်ဖြစ်တာဖြစ်ဖြစ် သူ့ကိုတိုက်လိုက်တာဖြစ်ဖြစ် အဲ့ဒါဟာ ကိုယ့်ရဲ့ခရီး ခရီးသည်နဲ့ ကိုယ့်ဦးတည်ချက်ကို ပျက်ပြားစေနိုင်တာမို့ အပေါ်မှာဦးမိုက်ပြောသလို ညင်သာတဲ့ဖြေရှင်းနည်းနဲ့သာဖြေရှင်းမှာဘဲ ။
သိပ်စိတ်တိုတတ်ရင် သိပ်မိုက်ရင် သည်းမခံတတ်ရင် ဗမာပြည်မှာကားမမောင်းလေနဲ့ ။
လက်ဝှေ့ထိုး ၊ လူမိုက်လုပ်စား အဲ့ဒါကပိုကောင်းတယ် ။
လမ်းဘေးမှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်ကဝင်တိုက်ပြီးဆိုင်ကယ်သမားသေရင် အဲ့ဒီကားသမား ၃၀၄/က (လူသေမှု) နဲ့ထောင်ကျတဲ့ဥပဒေမျိုး ရှိနေတဲ့နိုင်ငံမှာ
သည်ခံတတ်အောင်အရင်လေ့ကျင့်ရမှာဘဲ ။
ဒါမှမဟုတ်ရင် ကားမမောင်းရုံသာရှိမယ်။
စိတ်ရှော့ပါကွာ ။
မောင်ရင်က မောင်းတာ လပိုင်းလောက်ဘဲရှိသေးတော့ အရာအားလုံးထူးဆန်းနေသလိုဖြစ်နေတယ် ။
ပြီးတော့ အခုချိန်မှာ ကားပေါ်ကနေထိုင်ပြီးမောင်းရတဲ့အခြေအနေမှာ မြေပေါ်ကလူတွေရဲ့ စိတ်အခြေအနေကို ထည့်တွက်ဖို့မမေ့ပါနဲ့ဥိီး။
ဥပမာ ညပိုင်းကားမောင်းတဲ့အခါ မြေပေါ်ကလူက ကားမီးထိုးရင်သူတို့ကိုကားသမားမြင်ဆယ်ထင်နေပေမယ့် မီးဆိုင်ထိုးရင် ကားသမားမီးကြောင်ပြီးမမြင်တာ သူတို့မသိဘူး ။
အဲ့သလိုမျိုးပေါ့ကွာ ။
အခုလည်း သူတို့စတ်ထဲမှာ ‘” လွတ်ရင်ကျော် တိုက်ရင်လျော် “” လို့ တွေးထားတတ်ကြတာဆိုတော့ ……
စိတ်လျှော့ :mrgreenn:
ဦးကြောင်ကြီး
August 7, 2015 at 12:14 pm
ကားဂေါင်းမောင်းကွ.. ဒါမှ လူအထင်ကြီးဒါ