ဇာတ်ကောင်များ၏ ဇာတ်ကောင်များ
”ဇာတ်ကောင်များ၏ ဇာတ်ကောင်များ”
——————————————–
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါ မြင်၏ ။
အဘယ်သို့နည်း ဟူမူကား…
ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ….
(ဓမ္မသစ် ဆာလံနှင့် သုတ္တံကျမ်း၊ စာမျက်နှာ ၃၃ဝ ၊ ဗျာဒိတ်ကျမ်း-အခန်း ၂၁၊ အပိုဒ် ၁ )
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တိတ်ဆိတ်ခြောက်သွေ့သော နွေမနက်ခင်းတစ်ခုကို တောင့်တနေရသည့် မိုးသည်းထန်သော ဝါခေါင်နေ့ရက်တစ်ခုတွင် …
သူတို့ ထိပ်တိုက်ဆုံဖြစ်ကြသည်။
သူတို့သည် လွန်းထားထား(ဆေးတက္ကသိုလ်)တို့ ၊ ပုညခင်တို့ရေးသော ဝတ္ထုများထဲမှ ဇာတ်ကောင်များလို
နုဖက်ချောမွှတ်နေသူများ မဟုတ်ပါ။ သို့သော် သူတို့သည် ဝတ္ထုတစ်ပုဒ်ထဲမှ ဇာတ်ကောင်များတော့ ဟုတ်မှန်ပါသည်။
သူတို့သည် ဇာတ်လမ်းဇာတ်အိမ်ကျယ်ပြန့်သော ကလျာ(ဝိဇ္ဇာ/သိပ္ပံ)ရေးသည့် ဝတ္ထုထဲကလို ဇာတ်ကောင်မျိုးလည်း မဟုတ်။
ဆွေလှိုင်ဦး၊ တက္ကသိုလ်တင်မြင့်၊ နိုကိုဇူးဇင်တို့၏ ဝတ္ထုများထဲကလို ဖိုက်တင်ခန်းများ၊ လှုပ်လှုပ်ရှားရှားဇာတ်ကွက်များကို သရုပ်ဖော်ရခြင်းလည်း မရှိ။
ထို့အပြင် ဒဂုံရွှေမျှားနှင့် မင်းသိင်္ခ၊ တြိစက္ကတို့ ရေးသည့် ဝတ္ထုများထဲမှ ဇာတ်ကောင်များလို ဂမ္ဘီရဆန်ဆန် ဇာတ်ရုပ်၊ ဇာတ်ကောင်များလည်း မဟုတ်ပါ။
ဂျူး၏ ဝတ္ထုများထဲကလို မိုးပျံအောင် တတ်၊သိ၊တော်၊ကောင်းနေသော မိန်းမဇာတ်ကောင်များလည်း မဟုတ်သလို၊ ခပ်ညံ့ညံ့ ခပ်တုံးတုံး ယောကျာ်းများလည်း မဟုတ်ရေးချ မဟုတ်ပါ။
အီတာလျံစာရေးဆရာ Alberto Moravia ၏ ဝတ္ထုများထဲမှ ဇာတ်ကောင်များလို တစ်ခါတစ်ရံနားလည်ရခက်သော…၊ တစ်ခါတစ်ရံ သိမ်မွေ့နက်ရှိုင်းသော ဇာတ်ကောင်များ ဖြစ်သည်ဟု ဆိုလျှင် ရမည်လားမသိ။
သို့သော် တစ်ခါတစ်ရံမှာတော့ Anton Chekhov ၏ ဝတ္ထုတိုများထဲမှ ဇာတ်ကောင်များလို (ဝတ္ထုသာ ဆုံးသွားရော ထွေထွေထူးထူး ဘာမှ
ဖြစ်ပျက် မပြလိုက်ရသည့်) ဇာတ်ကောင်များလည်း ဖြစ်သွားတတ်သေးသည်။
တကယ်တမ်း သူတို့ ဖြစ်ချင်သည်ကတော့ E.M Forster ၏ ဝတ္ထုများထဲမှ ဇာတ်ကောင်များလို နိမိတ်ပုံများ၊ သင်္ကေတများနှင့် ဖော်ညွှန်းပြဆိုရသည့် အဆန်းတကြယ် ဇာတ်ကောင်များသာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ…. သည်နေ့တွင်တော့ သူတို့သည် ဝတ္ထုရေးသူက ခံစားမှုများ မစတင်မီ အချိန်ကလေးမှာ အလွတ်သဘောဖြင့် ခဏတာ ဆုံတွေ့မိကြသည်။
သူတို့ ဝတ္ထုထဲ ဘာတစ်ခုမှ သရုပ်ဖော် မပြရသေးခင်ကလေးမှာ ဆုံတွေ့ခြင်း ဖြစ်သည်။
ဝတ္ထုထဲတွင် ဘယ်သူက ဘယ်ဇာတ်ကွက်ကို သရုပ်ဖော်ရမည်ဟု ခပ်ရေးရေး ရိပ်မိထားပြီဖြစ်ပြီး ဝတ္ထုသဘောတရားအရ သူတို့သည် ဇာတ်ကောင် တစ်ကောင်နှင့်တစ်ကောင် အားပြိုင်မှုများ ၊ တိုက်ခိုက်မှုများ ရှိလာနိုင်သော်လည်း ယခုလို ဝတ္ထုပြင်ပတွင်
တွေ့ဆုံချိန်မှာတော့ မိတ်ဟောင်းဆွေမွန်တွေလို ကြည်မြေ့ရွှင်သာသော ဆက်ဆံရေးနှင့် ဆက်ဆံကြပါသည်။
======================
အကယ်၍ သင်သည်သာ ထိုဇာတ်ကောင်များ စကားပြောနေရာအနီးတွင် ရှိနေပါက….
၎င်းတို့ ပြောဆိုနေသော စကားသံများကို ကြားသိ ခံစားမိပါလိမ့်မည်။
ဇာတ်ကောင်မှာ စုစုပေါင်း လေးယောက် ဖြစ်ပါသည်။ မည်သူက မည်မျှ အရေးပါသည် မပါသည်ကို အသာထားပြီး
ဇာတ်ကောင်များကို A , B , C , D စသည်ဖြင့် အမှတ်စဉ်တပ်ကြည့်ပါ။
ဇာတ်ကောင် A ဖြစ်သူ၏ ပြောစကားများအရ … သိရမည်မှာ .. ဇာတ်ကောင် A သည် အမျာအမြင်မှာ လူတော်လူကောင်းအဖြစ်
ထင်မြင်ရလောက်အောင် ဟန်ဆောင် မျက်နှာဖုံးစွပ်ထားသော လူလိမ်တစ်ယောက်အဖြစ် ထိုဝတ္ထုတွင် ပါဝင်ရမည်ဖြစ်သည်။
တကယ်တော့ A သည် သူကိုယ်တိုင်က ဘာအရည်အချင်းမှ မရှိသော…
စိတ်ထားမကောင်းသည့်အပြင် စိတ်ယုတ်မာပင် ရှိသော….
အတ္တလည်း ကြီးသော…
တကိုယ်ကောင်းသမားလည်း ဖြစ်သော …
ကိုယ်ကျိုးသာ ကြည့်တတ်သည့် အဖွဲ့အစည်းတစ်ခု၏ ဩဇာခံ …
ကြိုးဆွဲရာ ကပြနေသည့် ရုပ်သေးတစ်ရုပ်သာ ဖြစ်သည်။
A သည် ဤဝတ္ထုအတွင်းတွင် အနှစ်သာရမရှိသော စကားလုံးများကိုသာ လူကြားကောင်းရုံ အသံကောင်းဟစ်ကာ ပြောဆိုနေရမည်
ဖြစ်သည်။
A အတွက် ဤဝတ္ထုအတွင်း နောက်ထပ် လုပ်ပြရမည့် သရုပ်ဖော်မှုမှာ သူ့ကို မယုံကြည်ကြသူအများစု၏ ဆဲဆိုလှောင်ရယ်မှုများကို
အရှက်မရှိစွာ မျက်နှာပြောင်တိုက်ကာ ပြောချင်ရာ ဆက်ပြော လုပ်ချင်ရာ ဆက်လုပ်ရမည် ဖြစ်ပြီး ၎င်းဖြေရှင်းသင့်သည့် ပြဿနာများ ပေါ်လာသည့်အခါမှာလည်း
၎င်းနှင့် မဆိုင်သကဲ့သို့ ခေါင်းရှောင်ရဦးမည်ဖြစ်ကြောင်း သိရပါလိမ့်မည်။
ဇာတ်ကောင် B ကတော့ ဇာတ်ကောင် A တို့အဖွဲ့အစည်း ဘာတွေ လိမ်လည် လှည့်ဖျားသည် ဖြစ်စေ …
ဘာတွေ ရက်စက်ယုတ်မာသည်ဖြစ်စေ…
ကိုယ့်ထမင်းကို ကိုယ်တိုင်ရှာစားနေရတာ… ဘယ်သူ ဘာပြောပြော ဂရုစိုက်မနေအားဘူး ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ကာ… ရုန်းရင်းကန်ရင်း မွဲတေနေသည့် လူအများစုကို ကိုယ်စားပြုကာ သရုပ်ဆောင်ရမည် ဖြစ်သည်။
ဇာတ်ကောင် C ကလည်း B နှင့် သိပ်မထူးခြားသော ဇာတ်ကောင်အမျိုးအစားတစ်ခု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် C သည် B နှင့် လည်ပင်းဖက် ပေါင်းသင်းနေသော မိတ်ဆွေကဲ့သို့ လူတန်းစားများကို ကိုယ်စားပြုခြင်းကြောင့် ဖြစ်သည်။
C က B ထက် သာသည့်အချက်တစ်ခုတော့ ရှိသည်။
ထို အားသာချက်မှာ C သည် မျှော်လင့်ချက်ရှိနေသည့် အချက်ပင် ဖြစ်သည်။ C နှင့် အပေါင်းအပါတစ်စုသည် A တို့ အဖွဲ့အစည်းမှ ပြောဆို/ လုပ်ဆောင်မှုတိုင်းကို အမှားအမှန် ဝေဖန်ပိုင်းခြားလိုသော သတိဖြင့် စောင့်ကြည့်နေတတ်သည်။
၎င်းတို့ကိုယ်တိုင် တစ်စုံတစ်ခုကို ထလုပ်ဖို့ဆိုသည်ကတော့ အချိန်အခါ မကျသေးဘူး ဆိုသော အကြောင်းပြချက်ဖြင့်
ဝန်လေးနေတတ်ပြန်သည်။
ဘာပဲ ဖြစ်ဖြစ် A , B , C တို့ အားပြိုင်မှုကို ဝတ္ထုထဲတွင်သာ တွေ့ရလျှင် မည်မျှ စိတ်ဝင်စားစရာ ကောင်းမည်ကို မှန်းကြည့်ရုံနှင့် ရင်ခုန်ရပါသည် ။
ထိုဇာတ်ကောင်များ ထိုင်စကားပြောနေရာတွင် စကားဝိုင်းထဲသို့ တော်ရုံ ဝင်မပြောဘဲ တိတ်ဆိတ်နေသူတစ်ယောက် ရှိပါသည်။ ထိုသူသည D ဖြစ်သည်။
D ကို ကြည့်ရသည်မှာ လှျို့ဝှက်နက်ရှိုင်းသော ချောက်ကမ်းပါကြီးတစ်ခုကို ကြည့်နေရသလိုပင် ဖြစ်သည်။
D သည် တိတ်ဆိတ်သည်နှင့်အမျှ တစ်စုံတစ်ခုကို သိုဝှက်ကောက်ကျစ်ပြီး ကြံစည်နေတတ်သူတစ်ယောက်အဖြစ် ဝတ္ထုဇာတ်လမ်းအတွင်း ပါဝင်ရမည် ဖြစ်သည်။
သို့သော် သူ၏ သရုပ်ဖော်မှု အခန်းကဏ္ဍကတော့ နည်းပါသည်။
ဝတ္ထုဇာတ်လမ်း ဆုံးကာနီးမှ ဘွားခနဲ ပေါ်လာရမည် ဖြစ်သည်။
ရုတ်တရက် ဘွားခနဲ ပေါ်လာရမည့် သရုပ်ဖော်မှုနည်းနည်းကလေး ဆိုသော်လည်း သူ့အခန်းနည်းနည်းကလေးကပင်လျှင် ဝတ္ထုတစ်ပုဒ်လုံး၏ ညွှန်းဆိုမှုနှင့် လားရာကို ဝုန်းခနဲ ကွေ့ချ ပြောင်းလဲသွားစေမည့် လုပ်ရပ်ကို သရုပ်ဖော်ရမည် ဖြစ်ကြောင်း သိရသည်။
ကြားရသည်မှာ ကြက်သီးထလောက်စရာ …ထို့အပြင် … ဘုရား တလောက်စရာ ဖြစ်သည်။ D ဖြစ်သူ လုပ်ရမည့် လုပ်ရပ်သည်…မြင်ရ ကြားရသည်မှာ အလွန်တရာလှပခန့်ထည်သည့် စကားလုံး ဖြစ်သော်လည်း သက်ရောက်မှုကတော့ မယုံနိုင်လောက်အောင် အံ့ခနဲဩောသွားစေရမည် ့ ‘ကယ်တင်မှု’‘ ဆိုတာကြီး ဖြစ်သည်။
D သည် A , B , C တို့ကို ကယ်တင်မှု ဆိုသည့် စကားလုံးသုံးကာ ဖြောင်းခနဲ ရိုက်ချ…
သိမ်းပိုက် အနိုင်ယူလိုက်မည့် ဇာတ်ရုပ်ကို သရုပ်ဖော်မည် ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ….
ထိုဝတ္ထု…. ရေးသား ပြီးစီးသွားတော့မှာ…. ထို့နောက် မဖြစ်မနေ ဖတ်မိ ခံစားမိသွားမှာကိုပင် … ထိတ်လန့်လာပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဩဂုတ်လ ၂ဝ ။ ၂၀၁၅ ။
11 comments
အောင် မိုးသူ
August 20, 2015 at 2:05 pm
ဖတ်သွားတယ် ဖတ်သွားတယ် စဉ်းစားတယ် စဉ်းစားတယ် တွေးတယ် တွေးတယ်။
Alinsett @ Maung Thura
August 20, 2015 at 2:33 pm
.တွေးမိတာကို ချရေးကွယ်… ရေးလာရင်… ထပ် ဖတ်မယ်..
ဇီဇီခင်ဇော်
August 20, 2015 at 2:49 pm
အဲဒီ အေဘီစီဒီ ကို လုပ်ကြံမဲ့ ဇာတ်ကောင် အီး လေး ကို ဖန်တီးပေးဘာချင့်!!!
:k:
Alinsett @ Maung Thura
August 20, 2015 at 2:57 pm
ဇာတ်လမ်း ရေးသူဆီ စာပို့ရမယ်…
:k:
ဝင့်ပြုံးမြင့်
August 20, 2015 at 4:44 pm
. ဟိုအရင်ခေတ်က ဝတ္ထုဆိုရင် ရေးချင်သလောက်ရေး၊ ရှည်ချင်သလောက်ရှည်၊ စာရေးဆရာ စိတ်လွှတ်ချင်တိုင်းလွှတ် အဲလို။ အခု ဒီခေတ်မှာ အဲလိုမျိုး မရတော့ဘူး။ တန်းမဝင်တော့ဘူး။ ဝတ္ထုရေးနည်းကို ရှိတယ်။ ပြည်ပမှာ အဲဒါ ကိုသင်ကြားရတယ်။ အကုန်ကွက်တိ၊ အပိုအလို မရှိစေရ။ အဲဒီ ဝတ္ထု ရေးနည်း စာအုပ် အမမှာ ရှိတယ်။
အခု အထက်က ကိုသူရ ခင်းကျင်းပြသလိုပဲ၊ အားလုံးကွက်တိသွားရတာ။
Alinsett @ Maung Thura
August 21, 2015 at 8:14 am
အစ်မတော်ပြုံး
ကျနော် ဝစ်ထုရေးနည်းဆိုတာတွေ နည်းနည်း ဖတ်ခဲ့ဖူးတယ်
ဆရာမောင်သာရရဲ့ ရေးတတ်ရင်ဝစ်ထုဖြစ်တယ်ကစပြီး
ဆရာဝင်းငြိမ်း ဘာသာပြန်တဲ့ နှစ်ကြောင်းရေးတစ်ကြောင်းခြစ်အထိ
အခြား ဝစ်ထုရေးနည်းဆိုတာတွေရောပေါ့
အခင်း အခက် အဖြေ ဆိုတဲ့ စနစ်အတိုင်းရေးရမယ်တို့
ပိုစ့်မော်ဒန်အယူအဆအရ အတိုင်းအစမရှိ ပိုင်းစစိတ်မွှာပြီး ရေးသင့်တယ်တို့ စသည်ဖြင့်–
ဖတ်ဆော့ ဖတ်ခဲ့ လေ့တော့လေ့လာခဲ့တယ်
ဒါမယ့် တကယ်တမ်း ရေးဖြစ်ပြီဆိုတဲ့အခါကျတော့—-
စာအုပ်ထဲက နည်းလမ်းတွေကို ပြန်ကို မကြည့်ဖြစ်
ကြက်ဖဆိုတာ တွန်မယ့်တွန် အလွတ်တွန်တာကောင်းပါတယ်
စာအုပ်ကြီး ြကြည့်ကြည့်ပြီး တွန်နေရင် ဘယ် ဟုတ်မလဲ
😆
kai
August 21, 2015 at 9:04 am
ဆရာမောင်သာရကတော့.. ရသရေးမှစာရေးဆရာတဲ့..။
ဆိုတော့…
သူကိုယ်တိုင်ကျ.. ဟမ်းမင်းဝေးတို့ကို.. ကြည့်ရေးသလားတော့မသိ..
ကျုပ်ကတော့.. ဆရာဦးဝင်းဖေပြောတဲ့.. “အားနဲ့မလုပ်ရ”ဆိုတာလေးသဘောကျတယ်…
အနုပညာဆိုတာ.. ပါရမီ..
ပါရမီရှင်.. ရေးချင်ရာရေး.. ရသဖြစ်တယ်..။
kai
August 21, 2015 at 1:43 pm
သိသလောက်ပြောရရင်.. ဟောလိဝုဒ်ရဲ့.. အရောင်းရဆုံးရုပ်ရှင်တွေဖန်တီးရာမှာ.. အဲလို.. မင်းသား၊ မင်းသမီး၊ ဗီလိန်..။ အဖြည့်၁။ ၂။၃။၄ ကွက်တိလုပ်ကြတာ…။
ဝတ္တုသမားရယ်..။ ဇတ်ညွှန်းရေးတဲ့သူရယ်..။ ဒါရိုက်တာရယ်..။ မားကက်တင်းသမားရယ်.. စသဖြင့်အစည်းအဝေးထိုင်..။
မင်းသမီးထွက်.. ၊လူဆိုးထွက်..။ မင်းသားဝင်.. စသဖြင့်ကွက်တိ..တိုင်ပင်ကြတာ..
မားကက်တင်းသမား.. စိတ်ပညာသမားတွေက.. ဘာအရောင်ဝတ်..။ မိနစ်ဘယ်လောက်မှာဖြတ်.. စဖြင့် အကြံပေးတာ..။ ဒါရိုက်တာက.. ဇတ်ဖြစ်အောင်စုပေးတာ..။
ပွဲစပြီး.. ဘယ်နှမိနှစ်နေရင်.. ဘာကောင်ထွက်.. ဘာအသံထုတ်ကအထိ.. လိုက်စိစစ်တယ်..။
လူ(ပရိသတ်)ရဲ့.. သဘာဝတွေ.. အကျင့်တွေ..စရိုက်တွေပါထည့်တွက်..။
အကုန်ကွက်တိ..။
ငွေဖြစ်၏။
ဟေသီ
August 20, 2015 at 4:57 pm
ဝတ္ထုလို့ မမြင်မိလိုက်ဘူး။ မျက်လုံးထဲမယ် သူတို့ပဲ ပြေးပြေးမြင်လာတယ်…..
Alinsett @ Maung Thura
August 21, 2015 at 8:15 am
ဒါဆိုရင် ဒါ ဝစ်ထု ြဖြစ်ပြီ
Mike
August 21, 2015 at 1:08 pm
.မင်းရေးသမှ ျထဲမတော့ ဒီတစ်ပုဒ်အကြိုက်ဆုံးပဲကွ :))