ချစ်မိသွားပြန်ပြီ…
ကျနော် ငယ်ငယ်(အသက် ၁ဝ နှစ်လောက်)တုန်းက ရခိုင်ရိုးမတောင်တန်းကြီးပေါ်ကို ဖြတ်သန်းဖူးတယ်။
အခု အသက် ၂၈ နှစ် ပြည့်ပြီးချိန်မှာတော့ … ရှမ်းရိုမ တောင်တန်းကြီးတွေပေါ်ကို ရောက်ခဲ့ပြန်ပြီ။
ကျနော်ငယ်ငယ်က ဖြတ်သန်းဖူးတဲ့ ရခိုင်ရိုမတောင်တန်းကြီးနဲ့… အခု ရှမ်းရိုးမတောင်တန်းကြီးဟာ…
တောင်တွေရဲ့ သဘောသဘာဝအရ… အကွေ့အဝိုက် အမြင့်အနိမ့်တွေ ထူးခြားပြီး ကွာခြားမနေပါဘူး ။
သစ်ပင်ကြီးတွေရဲ့ ထိပ်ဖျားကို ကိုယ်က အမြင့်ကြီးကနေ ငုံ့ကြည့်ရတာလည်း… ဘယ်ရိုးမပေါ်ဖြတ်ဖြတ်…အတူတူပဲ… ။
.တောင်ပေါ် ပတ်လမ်းကျဉ်းကျဉ်းကလေးမှာ ကွေ့ကာဝိုက်ကာ သွားနေတဲ့ ကားပေါ်မှာ … ကိုယ့်ရဲ့ တစ်ဖက်မှာ… တောင်နံရံကြီး..
ကိုယ့်ရဲ့ နောက်တစ်ဖက်မှာတော့… ချောက်ကမ်းပါးကြီး…
ဒါလည်း… ဘယ်ရိုးမတောင်တန်းတွေဖြစ်ဖြစ်… ထူးခြားပြီး..ကွာခြားမနေဘူး မဟုတ်လား ။
ဒါဖြင့်… ဘာကများ.. ထူးခြားသွားလို့… ဒီလိုပြောနေရတာလဲ… ။
ဟုတ်ပါတယ်။
ထူးခြားသွားတာက.. ကျနော့် စိတ်ခံစားမှုပါ။
ကျနော် ငယ်ငယ်က အဲဒီလောက် တောင်တန်းအမြင့်ကြီးပေါ်မှာ သိပ်မကောင်းလှတဲ့ကားကြီးနဲ့ သက်စွန့်ဆံဖျား တက်ရောက်ရခြင်းကို
မကြောက်ရွံ့ခဲ့ဘူး။
ကျနော့် ဘေးမှာ သိပ်ကို မြင့်မားမက်စောက်လှတဲ့ ချောက်ကမ်းပါးကြီး ရှိနေလျက်နဲ့တောင်….
ပြီးတော့ … ကျနော်စီးလာတဲ့ကားဟာ …. ဘွားခနဲ ပေါ် ပေါ်လာတဲ့ အကွေ့တွေမှာ… အရှေ့က အကွေ့ချောက်ထဲ…
ထိုးဆင်းသွားတော့မလိုမျိုး..
.ချောက်ထဲ ကျခါနီးဆဲဆဲမှာမှ… ဖျက်ခနဲ ချိုးကွေ့လိုက်တဲ့အခါမျိုးမှာလည်း… ကြောက်ရွံ့ခြင်း မဖြစ်ခဲ့…
အဲဒီ ကလေးငယ်ဘဝတုန်းကဖြင့်… အရာရာဟာ အံ့ဩစရာ..မြင်ကွင်းတွေအဖြစ်…
စိတ်ပါဝင်စားစွာ… ကြည့်မြင် ခံစားနေခဲ့တာ…
အဲဒီတုန်းက ကျနော့်မှာ… သေရမှာ ကြောက်တဲ့ စိတ်တွေ မရှိခဲ့ဘူး။
.သေခြင်းတရားကို ကြောက်ခြင်း မကြောက်ခြင်း…ဆိုတဲ့ ခံစားချက်တွေ မရှိခဲ့ဘူး။
အခု အသက် ၂၈… လူတစ်ယောက်ရဲ့ ဘဝမှာ လှုပ်ရှား သွားလာလို့ အကောင်းဆုံးအချိန်…
စိတ်ပိုင်းဆိုင်ရာ ကိုယ်ကာယပိုင်းဆိုင်ရာ… လှုပ်ရှားမှုတွေအနေနဲ့ အသန်မာဆုံး အခိုင်ခံ့ဆုံးလို့တောင် ပြောရမယ့်အချိန်….
ဒီအချိန်မှာတော့… ကျနော်.. သေရမှာကို တွေးကြောက်နေခဲ့ပြီ… ။
ရန်ကုန်ကနေ … အမြန်လမ်းတောက်လျှောက် … ကားပေါ် ထိုင်လိုက်လာတဲ့အထိတော့… သိပ် မတုန်လှုပ်ခဲ့ဘူး။
ကျနော် စီးလာတဲ့ … ကားက အသစ်နီးပါး ကောင်းမွန်လှတဲ့ ကားကြီး.. ။ ပြီးတော့ မောင်းသူကလည်း… ကျွမ်းကျင်မှု ရှိပုံရပါရဲ့.. ။
ဒါပေမဲ့… အမြန်လမ်းဟာ… ရှင်းလင်းနေတဲ့လမ်းကြီးလည်း ဖြစ်ပြီး… သတ်မှတ်မြန်နှုန်းထက်သာ ပိုပြီး မမောင်းရင်…
သတိခိုင်ခိုင်သာ ထားပြီး မောင်းသွားရင်… အန္တရာယ် မဖြစ်လောက်ဘူးဆိုတဲ့ ယူဆချက်နဲ့… ကျနော် သိပ် စိုးရိမ်စိတ် မဖြစ်မိ… ။
ရှမ်းရိုးမ တောင်တန်းတွေဆီ စတင် တက်လာချိန်ဟာ…
ည သန်းခေါင်ကျော် ဖြစ်ပါတယ်.. ။
ကျနော်… အိစက်နေတဲ့ ထိုင်ခုံကြီးမှာ… သက်တောင့်သက်သာ ထိုင်နေလို့ မရတော့ပါဘူး။ .ဘေး ဘယ်ညာက …ချောက်ကမ်းပါးကြီးတွေကို ကြည့်လိုက်…
ကားမောင်းသူများ…အိပ်ငိုက်သွားလေးမလားလို့… တွေးပြီး..အရှေ့ကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်နဲ့ပေါ့…
.နောက်ပြီး… တစ်ခုခု ဖြစ်တဲ့အခါ… ကားထဲ ညပ်ပြီး ပိတ်မိသွားရာကနေ ထွက်လို့ရနိုင်ဖို့… နည်းလမ်းတွေ ကြို ရှာထားမိ…
ကျနော့်ဘေးက ကားပြတင်းမှန် ထောင့်လေးမှာ.. မှန်ကို အလွယ်တကူ ခွဲဖို့အတွက် ကိရိယာလေး…အရေးပေါ် အခြေအနေအတွက် ထား ထားတာတွေ့တယ်။
အရေးကြုံရင်… အဲ့ဒါလည်း သုံးချင် သုံးရလိမ့်မယ်.. ။
နောက်ပြီး.. တစ်ခုခု ဖြစ်ရင် အရေးပေါ် ဆက်သွယ်လို့ ရနိုင်မယ့် ဖုန်းနံပါတ်တစ်ခုကို ကြို ရှာထားလိုက်တယ်။
ကျနော် ဒီတောင်ပေါ်မှာ တစ်ခုခု ဖြစ်ရင်… အမြန်ဆုံး ဆက်သွယ် ကူညီပေးနိုင်မယ့် တစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို
ဖုန်း Contacts list ထဲမှာ ပွတ်ပြီး ရှာနေစရာ မလိုအောင် ကြို ရှာထားလိုက်တယ်။
တစ်ချက် ကလစ်လိုက်တာနဲ့ သူ့ဆီ ဖုန်း ဝင်လိမ့်မယ်။
ဒါပေမဲ့…. တောင်တန်းပေါ်မှာ…. ဘာ ဖုန်းလိုင်းမှ… မမိတော့တဲ့အခါ…
ဖုန်း အဆက်အသွယ်ကို ကျနော် အားကိုးလို့ မရတော့ဘူးလို့ သိလိုက်တယ်။
မိုးလင်းလို့ တောင်ကြီး မြို့ကို ဝင်လာတော့မှပဲ… ကျနော့်ရင်ထဲက ပူပင်သောကလုံးကြီး… ကျသွားပါတယ်။
ဘုရားရှင်ရဲ့ မေတ္တာတော်ကြောင့် ကျနော် ဘေးရန်ကင်းကင်းနဲ့… ရှမ်းမြေကို ချေချခွင့်ရခဲ့တယ်။
ဘုရားရှင်ရဲ့ မေတ္တာတော်ကို ၅ဝ % ကျေးဇူးတင်ပြီး.. ကားမောင်းသူကို ၅ဝ % ကျေးဇူးတင်လိုက်ပါတယ်။
ကျနော့်ရဲ့ သေရမှာ ကြောက်တဲ့စိတ်ဟာ … ဒီလောက်နဲ့ ရပ်မသွားပါဘူး။
ကျနော် တည်းခိုရာ အေးသာယာဆိုတဲ့ နယ်မြေထဲကနေ တောင်ကြီး မြို့ပေါ်ကို…သွားရတဲ့အခါမှာတော့…
ပိုလို့တောင်… ကြောက်မိပါလေရော..
ကျနော် စီးရတဲ့ ကားကိုလည်း ကြည့်ဦးလေ…
အင်မတန်မှ ဟောင်းနွမ်းနေပြီလို့ ယူဆရတဲ့ ဒိုင်နာ ကားကြီးဖြစ်ပါတယ်။
အနောက်ဘက်မှာ ထိုင် လိုက်ဖို့ကို ကြည့်လိုက်တော့… အနောက်မှာက…လူတွေ ပြည့်ကျပ်လို့…
ဒီကြားထဲ ကုန်တွေက တင်ထားသေးတယ်။
ဆိုတော့… သက်တောင့်သက်သာများ ရှိလေမလားဆိုပြီး.. သိပ်လည်း ဈေးပိုမပေးရတဲ့ ခေါင်းခန်းက လိုက်ခဲ့ရပါတယ်။
အဲဒီအခါ… ပို စိုးရိမ်သောက ရောက်ရပါလေရော… ။
.တောင်ကြီးမြို့ဟာ အေးသာယာကနေ လှမ်းမြင်နေရတဲ့ တောင်ထိပ်ပေါ်မှာပါ…။
တောင်ထိပ်ဘက်ကို ောတင်ပတ်လမ်းကနေ ကွေ့ကာ ဝိုက်ကာနဲ့ တက်ရမယ်ဆိုပါတော့ ။
သိပ် မြင့်မားမက်စောက်နေတဲ့ တောင်ပတ်လမ်း မဟုတ်ပါဘူး။
ဒါပေမဲ့ … မောင်းနေတဲ့ ကားသမားနဲ့ စကားလက်ဆုံကျလာရင်း…
ဒီကားဟာ ရုတ်တရက် ဘရိတ် ပျောက် ပျောက်သွားတတ်တယ်…လို့ သိလိုက်ရတယ်။
ဘုရား…..
တစ်ချက်တစ်ချက် ဘရိတ်ပျောက်သွားတယ်ဆိုတာ ကျနော် မကြုံဖူးပါဘူး။
သူ ့မောင်းတာကို ကြည့်ရင်း သိရတာက…
ဒီကားဟာ ဘရိတ်ကို ထိလိုက်တာနဲ့ အရှိန် လျော့မသွားဘူး။ အဆုံးထိလုနီးပါး နင်းမှ အရှိန်လျော့ပြီး ရပ်လို့ရတယ်။
ဆိုတော့… ဘရိတ် မမိဘဲလည်း ဖြစ်သွားတတ်သေးတယ်တဲ့ ။
အဲ့ဒီအခါ ဂီယာကို သုံးပြီး.. အရှိန် အတိုး အလျှော့ လုပ်ရတယ်တဲ့။
ဘရိတ်ကို သုံးလေးချက်လောက် နင်းလိုက် လွှတ်လိုက် လုပ်ရင်တော့ ပြန်ကောင်းသွားပြန်ရော..တဲ့ ။
ဒီလို တောင် အတက်အဆင်း အကွေ့အဝိုက် လမ်းမှာ… စိတ်ချလက်ချ ယုံကြည်လို့ မရတဲ့
ဘရိတ်မကောင်းသော ကားတစ်စီးပေါ်မှာ…
ကျနော် ရောက်နေပါလားဆိုတဲ့ အသိက…. ကျနော့်ကို ထိတ်လန့်စေပါတယ်။
ကျနော် ထိုင်နေတဲ့ အရှေ့ခန်း ထိုင်ခုံမှာ ခါးပတ် မရှိပါဘူး။
ကားမောင်းသူရဲ့ ထိုင်ခုံမှာတော့ ခါးပတ်ပါတယ်။ ဒါပေမဲ့… သူ …ပတ်မထားဘူး။
ကျနော်… အနီးနားမှာ ရှိတဲ့ လက်ကိုင်ကို သေချာကိုင်ထားပြီး… သရဏဂုဏ်ကို ရွတ်ဆိုမိတယ်။
ကျနော် မသေချင်သေးဘူး။
အခုအချိန်မှာ သေဖို့ တွေးတောင် မတွေးရဲဘူး။
ကျနော့်ကို အားကိုး မှီခိုနေတဲ့ မိအိုဖအို ၊ ပညာတစ်ပိုင်းတစ်စဖြစ်နေတဲ့ ညီငယ်တို့ အတွက်…
ကျနော် အသက် ဆက်ရှင်နေရဦးမယ်လေ…။
.ပြီးတော့… ကျနော့်မှာ…ပေးထားတဲ့ ကတိ…တည်ရမယ့် ကတိတွေနဲ့…
လုပ်ကို လုပ်ရဦးမယ် အလုပ်တွေ…
လူတစ်ယောက်အဖြစ် ဒီကမ္ဘာမြေပေါ် ရောက်လာရကျိုးနပ်စေမယ့် အရာတွေ… မလုပ်ရသေးဘူး။
လုပ်ခဲ့ချင်…ဖြစ်ခဲ့ချင်သေးတယ်… ။
ဒီအချိန်မှာသာ ဖျတ်ခနဲ သေသွားလို့ကတော့ ကျနော်… ရှုုံးပြီ… ။
ဘယ်သူနဲ့မှ မယှဉ်ပြိုင်ရတဲ့ လူဖြစ်ရှုံးခြင်းအနေနဲ့ ရှုံးမှာ… ။
ကျနော့် စိတ်တွင်းမငြိမ်းချမ်းမှုဟာ ပူသည်ထက်ပူလောင်နေခဲ့တယ်။
ဒါပေမယ့်… သေကံမရောက်သေးတဲ့အတွက်…
ကျနော် … တောင်ပေါ်ကို ချောချောမောမော ရောက်ခဲ့ပါတယ်။
အဲ့ဒီအတွက်လည်း ဘုရားရှင်ရဲ့ မေတ္တာတော်နဲ့ ကားမောင်းသူတို့ကို ၅ဝ % စီ ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုထားခဲ့ပါတယ်။
============
သန့်ရှင်း သပ်ရပ်လှပါသော… မြို့တောင်ကြီး… ရှမ်းမြေ..
.အေးစက် သာယာလှပါသော… ရှမ်းမြေရဲ့ မြို့တော် တောင်ကြီးကို…
.အပြေးအလွှား အလုပ်ကိစ္စ အပူသောကတွေနဲ့ လှုပ်ရှား သွားလာရင်းကပဲ…
ချစ်မြတ်နိုးတဲ့ စိတ်… ဖြစ်မိပါတယ်။
18 comments
kai
October 22, 2015 at 6:21 am
ဘုရားရှင်က.. ဘာလို့.. အတင်းဆွဲ.. ပါပါနေရသလဲသိချင်သား…။ အရာရာကို..ဖန်ဆင်းတဲ့ ထာဝရဘုရားသခင်များ ယုံကြည့်ကိုးကွယ်နေပြီးလားတော့..မသိ..။
ထားပါတော့…။
အဲဒီခရီးအစမှာ.. အသက်အာမခံလေးဝယ်ထားလိုက်.. နည်းနည်းစိတ်ချရမယ်… ထင်..။
အာမခံရှိရင်.. အာမခံသမားက.. ဘရိတ်မမိတဲ့ကားကို.. အာမခံမပေး…။
အဲဒီတော့.. အဲဒီကားသမား.. ခရီးသည်မရ..။
အဲဒီတော့.. ပြင်ရ…။
ဆိုတော့…
အာမခံစနစ်ကောင်းအောင်လုပ်ကြ..။ လုပ်သူကိုအားပေးကြ.. လို့..။ :k:
Alinsett @ Maung Thura
October 22, 2015 at 7:52 am
ကျနော်ပြောတဲ့ ဘုရားရှင်ဆိုတာ ဂေါတမ ဗုဒ္ဓကို ဆိုလိုပါတယ်ထည။
အခုတလော စိတ်ထဲ လောင်မြိုက်စရာတွေ ပုံပင်နေချိန်မို့ ဘုရားရှင်ရဲ့ မေတ္တာတရားနဲ့ စိတ်တွင်းငြိမ်းချမ်းမှုကို
.တွေးတော အားကျနေမိတယ် သူကြီးရေ။
ဘုရားရှင်ရဲ့မေတ္တာတော်ကြောင့် ကျနော် အသက်နဲ့ခန္ဓာ မြဲနေပါသေးတယ်လေ ဆိုတာလေး
အဲ့ဒါလေး နဲ့တင် အတော် ဟုတ်နေပါပြီလေ ဆိုပြီး ဖြေသာရာ ရချင်နေမိ. . .
ရန်ကုန်ကနေ တောင်ကြီး(မရောက်ခင် အေးသာယာ)ကိုသွားတဲ့ ကား ခရီးစဉ်က အာမခံ ပါ ပါသဗျားး
တစ်ခုခုဖြစ်ရင် (မတော်တဆမှုကြောင့် အသက်ပါသွားရင်)သိန်း ၃ဝ စီလောက် လျော်ကြေး ရနိုင်သဗျ။
.အေးသာယာကနေ တောင်ကြီးမြို့ပေါ် အတက် ကားကတော့ သာမန် ဒိုင်နာ Bus လိုင်းလေးမို့ထင်ရဲ့။
အာမခံမပါဘူး။
ယာဉ်စီးခပေးပါဆိုပြီး လာတောင်းတဲ့ စပယ်ယာကို ရော့ ဆိုပြီး ပေးလိုက်
ဝူးဆိုပြီး မောင်းထွက် ဒါပဲ။
အသက်အာမခံ ဆိုပြီး သီးသန့် ဝယ် ယူထားဖို့ကတော့ အင်းးးးး
ပိုက်ဆံတွေ သိပ် ပေါ နေတဲ့သူမှ ဖြစ်မယ်ဗျ။
ကျနော်တို့လို အခြေခံလူတန်းစား အယောက် ၁၀ဝ မှာ ၁၀၅ ယောက်က ကျန်းမာရေး အာမခံ
စီးပွါးရေး အာမခံ ဘာညာအာမခံ စတာတွေအနား သီသီလေးတောင် ကပ်နိုင်ဖို့ မရှိ ရေးချ မရှိ
ဇီဇီခင်ဇော်
October 22, 2015 at 8:25 am
တောင်ကြီးသားလေးတွေလည်း ချစ်စာလေးတွေပါညော်!!
:chit:
Alinsett @ Maung Thura
October 22, 2015 at 8:55 am
အင်းလးဘက် ရောက်တော့ ရေကြက်ကြော် ဆိုတာ စားခဲ့ရသဗျ။
စားနေရင်း မမဂျီးကို သတိရသဗျ။
မမဂျီးကို ပြမလို့ဆိုပြီး ရေကြက်ကြော်ပန်းကန်ကိုတောင် ဓါတ်ပုံလေး ရိုက်ထားသေး
အင်းလေးဘက် သွားတဲ့အကြောင်းတော့ နောက်တစ်ပုဒ် ရေးတင်အုန်းမဗျ
Mr. Pocket
October 22, 2015 at 11:42 am
တောင်ကြီးသူတွေက ပိုပြီးဂျစ်ဖို့ကောင်းတယ်ဗျ..
ဂျက်စပဲရိုး
October 22, 2015 at 8:33 am
ရှမ်းပြည်လမ်းတွေက သူ့ ကားဆရာ နဲ့ သူတော့ ဟုတ်နေရောဗျ။
အချိုးအကွေ့ နေရာတွေမှာ ဆိုရင် ကားကြီးတွေ ရဲ့ ဘီးရာ ကို မြင်ရတာ ကို က ကြောက်စရာ။
ဒီလမ်းမှာ ဘီး ၂လုံး ပူး နဲ့ မောင်းနေရာကနေ ဟိုရှေ့ ချောက်ကြီးဘေး အကွေ့လဲ ရောက်ရော ဘီးရာ က ချောက်အစွန်း မှာ တစ်ဘီး စာပဲ ပေါ်တယ်။
နောက် အပြင်ဘီး က လေထဲ မှာ။
အဲ့လိုတွေ။ း)
သို့ငြားလဲ ကားမှောက် ချောက်ထဲ ကျ တာကတော့ အမြန်လမ်း ထက် စာရင် အလွန်နည်းပါတယ်။
ကျနော် ဆို ကားမူးတတ်တော့ အဲဒီ တောင်တက်နေချိန် ဆို အိပ်နေတာ များတယ်။
သေကာမှ သေရော ဆိုပြီး း)
Alinsett @ Maung Thura
October 22, 2015 at 8:53 am
ဟုတ်ပါ့။ ကားတော့ အတော်မူးးးး
ကျနော် မမူးတတ်ဘူးဆိုတဲ့သူတောင် အဲ့ခရီးစဉ်မှာ မူးပြီး အန်လိုက်တာ ဒေါင်ချာစိုင်း
စုံစမ်းရသလောက်တော့ အဲ့လမ်းမှာ အတိမ်းအမှောက်လည်း သိပ်မရှိဘူးဆိုတာ ဟုတ်သဗျ။
Mr. Pocket
October 22, 2015 at 11:45 am
ကျွန်တော်လည်းအရင် ကုမ္ပဏီ မှာတုန်းက ရှမ်းပြည်ဘက်ခရီးသွားဖူးတယ်.. အပျော်ပါ.. အဲ့တုန်းက ကားစီးရတာထက် အင်းလေးကန်ထဲ လှေစီးရတာပိုကြောက်တယ်ဗျ.. ကိုယ်ကလေ ရေဆိုလုံးဝ အသေကြောက်…. လုံးဝမကူးတတ်.. ၊ကားစီးရတာမကြောက်ဆို.. မူးနေတာလေ.. ဟီး.. ဘာဆိုဘာမှကို မသိတာ..
Alinsett @ Maung Thura
October 22, 2015 at 1:00 pm
အင်းလေးမှာ ပြည်တွင်းနေသူတွေအကုန်လုံးက
ဒီအတိုင်း စီးနင်း သွားလာနေချိန်
နိုင်ငံခြားသားတွေကတော့ သက်ကယ်အကျီ င်္တွေ ဝတ်ပြီးမှ သွားလာကြတာ တွေ့ခဲ့တယ်
ဂျက်စပဲရိုး
October 22, 2015 at 4:27 pm
ငါးသေ အင်းသားစား
အင်းသားသေ ငါးစား ဆိုလား…. း)
Shwe Ei
October 22, 2015 at 3:53 pm
-ရှမ်းရိုးမဆိုလို့ .. လားရှိုးဈေးထဲ ရောက်တုန်း ဒတ်ပုံမရိုက်ခဲ့ရတာ နာတယ်အေ…
-ကို်ယ့်ဆီမှာ မြင်ဖူးဖို့ အလှမ်းဝေးလွန်းတဲ့…ဒေသထွက်အစား အစာဒေ ဆိုတာလေ..
-ပြောရင်းနဲ့တောင် ပြန်မြင်ယောင်လာဘီ…ပလောက် ပလောက် 😛
-အိုက်တုန်းကတော့ ငတ်ကြီးကျဖို့တွေးနေတာနဲ့တင်… ဒတ်ပုံတောင်သတိမရပါဝူးလို့စ်..ခိခိခိခိ
Thint Aye Yeik
March 26, 2016 at 1:49 pm
.တောင်ကြီးမြို့ ဈေးထဲတော့ ပတ်ခဲ့နယ်။
အသီးအနှံတွေ အရွက်အခက်တွေတော့ စိမ်းစိုလတ်ဆတ်နေတာပဲ။
.နောက်ပြီး ထူးထူးခြားခြား စားစရာတွေလည်း ရောင်းနေတာ တွေ့ခဲ့တယ်
အသည်းအယားဆုံးက ခါချဉ်တွေကို နို့ဆီဗူးနဲ့ခြင် ရောင်းနေတာ
မစားရဲ
Thint Aye Yeik
March 26, 2016 at 1:49 pm
.တောင်ကြီးမြို့ ဈေးထဲတော့ ပတ်ခဲ့တယ်။
အသီးအနှံတွေ အရွက်အခက်တွေတော့ စိမ်းစိုလတ်ဆတ်နေတာပဲ။
.နောက်ပြီး ထူးထူးခြားခြား စားစရာတွေလည်း ရောင်းနေတာ တွေ့ခဲ့တယ်
အသည်းအယားဆုံးက ခါချဉ်တွေကို နို့ဆီဗူးနဲ့ခြင် ရောင်းနေတာ
မစားရဲ
Mike
October 27, 2015 at 11:16 am
.ချစ်တဲ့…ချစ်တဲ့…ရှမ်းရိုးမ…
.လူဆိုတာ ကြီးလာလေ သေရမှာကြောက်လာလေပဲကွ :))
Thint Aye Yeik
March 26, 2016 at 1:50 pm
အဟုတ်
အဲ့လိုကြီး ဖြစ်လာလို့
naywoon ni
October 27, 2015 at 8:33 pm
ဆက်ဆက်ရေ ညီလေးက ဟိုသီချင်းလေး မကြားဖူးဘူးလား ကြာတော့ သီချင်းစာသားတွေလည်းမှတ်မိတော့ပါဘူးကွာ သီချင်းက ဘိုဘိုဟန်ခေတ်ကပဲ ဘာတဲ့ မှတ်မိနေတာက ” ကားလေးတစ်စီး လောက်ဝယ်ရင် ဘရိတ်ပါပါစေ ” ဆိုတာလေး အချစ်ကို ကားနဲ့ တင်စားြပြီး ဆိုသွားတာကွ ။ ကားက တိုက်ခါနီးရင် ဘရိတ်အုပ်ရသလို အချစ်ကလည်း တစ်စုံတစ်ခုနဲ့ ထိခိုက်လာမယ်ဆို ဘရိတ်အုပ်ရတဲ့ သဘောမျိုးဆိုသွားတာ ဦးမိုက် တို့ ကိုဘလက်တို့ ကို အဲ့ သီချင်း မြေးပြီး နားထောင်ကြည့် သိလား ဘရိတ်မမိ တဲ့ ကားနဲ့ တောင်ပေါ်တက်တယ်ဆိုလို့ပါ သတိရတာလေး ရေးလိုက်တာ 🙂
Thint Aye Yeik
March 26, 2016 at 1:45 pm
အိုက်သီချင်း ကြားဖူးတယ် ဦးနီ
အခုနောက်ပိုင်း ပြန်ဆိုထားတာတောင် ရှိသေးတယ်လေ
Shar Thet Man
May 15, 2018 at 4:45 pm
ရှမ်းတောင်တန်းတွေကတော့ ဘာနဲ့မှမလဲနိုင်တဲ့ရတနာတစ်ပါးပါ…ရှုမ်းမြေကိုချစ်တယ်..အေးချမ်းတယ် တိတ်ဆိတ်တယ်