ဓမ္မစကြာသုတ်

Yin Nyine NwayAugust 28, 20101min1140

ဓမ္မစကြာသုတ်

ဗြဟ္မာ နတ် လူ သုံးဘုံသူ တို့၏ ပူဇော် အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူ ပေ ထသော  သစ္စာဉေယျ ဓမ္မအပုံအလုံးစုံကို အကုန်မကျန်မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း ထင်ပေါ် သိမြင်တော်မူပေထသော ဣဿရိယဓမ္မယသ သီရိကာမပယတ္တ တည်း ဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုးခြင်းသည် ဖြစ်စေပါသတည်း ဘုရား။
(၁) တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ်အပေါင်းတို့၏ သက်ဆင်းရာ သား သမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံး နေတော်မူ၏။ ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍည အမှူး ငါးဦး အစုအဝေးရှိကုန်သော ရဟန်းတို့ကို ခေါ်တော်မူ၏။
(၂)ချစ်သားရဟန်းတို့ သာသနာတော်ထမ်း ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် နှစ်ပါးကုန်သော အစွန်းသမုတ် အယုတ်ခေါ်ငြား ဤတရားတို့ကို မမှီဝဲအပ်ကုန်။(အစွန်းအယုတ်ဟု သမုတ်အပ်ကုန်သော)  တရားနှစ်ပါးတို့သည် အဘယ်တရားတို့နည်း။ (ချစ်သားရဟန်းတို့) ယုတ်မာသော ရွာသူရွာသား မြို့သူမြို့သားတို့၏ လက်ကိုင်ဖြစ်သော ပုထုဇဉ်
သတ္တဝါတို့၏ အလေ့အမူအရာ ဖြစ်သော အရိယာ ပုဂ္ဂိုလ်တို့နှင့်မဆိုင်သော အကျိုးတစုံတရာနှင့်မျှ မစပ်ယှဉ်သော လောကီအာရုံ ကာမဂုဏ်တို့၌ ကာမချမ်းသာကို သာယာ တုံငြား လိုက်စားအားထုတ်မှု ဟု ဆိုအပ်သော အကြင်အစွန်းသမုတ် အယုတ်တရားမျိုးသည်လည်း ရှိလေ၏။ ကိုယ်ချမ်းသာမဖက် ဆင်းရဲမှုသက်သက်မျှသာ ဖြစ်သော အရိယာ ပုဂ္ဂိုလ်တို့နှင့်မဆိုင်သော အကျိုးတစုံတရာနှင့် မစပ်ယှဉ်သော ရေချိုးမီးလှုံ ဆူးပုံ၌အိပ်ခြင်း အစရှိသည့် မိမိကိုယ်ပင်ပန်းအောင်သာ လွန်စွာကြိုးပန်းလေ့ရှိသော အကြင်အစွန်း သမုတ် အယုတ်တရားမျိုးသည်လည်း ရှိလေ၏။
(၃) ချစ်သားရဟန်းတို့ စင်စစ် နှစ်ပါးကုန်သော ထို် အစွန်းသမုတ် အယုတ်တရားတို့ကို မကပ်မရောက်မူ၍ ငါဘုရားသည် အကြင်အလယ်လမ်းဟု ဆိုအပ်သော အကျင့်မြတ်ကို သဗ္ဗညုတဉာဏ်တော်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူအပ်လေပြီ။ (ထို အလယ်လမ်း ဟု ဆိုအပ်သော အကျင့်မြတ်သည်) သစ္စာလေးပါးကို မြင်စေနိုင်ဘိသော ပညာ မျက်စိ ကိုလည်း  ပြုပြင်စီရင်တတ်ပေ၏။ အသိဉာဏ်ပွင့်လင်းမှုကိုလည်း ပြုပြင်စီရင်တတ်ပေ၏  ကိလေသာမီး အပြီးချုပ်ငြိမ်းစေခြင်းငှါ ဉာဏ်ကွန့်မြူး၍ အထူးသိစေခြင်းငှါ မဘောက် မပြန် မှန်ကန်ကောင်းမွန်စွာ သိစေခြင်းငှါ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းစေခြင်းငှါ ဖြစ်၏။ ချစ်သားရဟန်းတို့ ငါဘုရားသည် အကြင်အလယ်လမ်းဟု ဆိုအပ်သော အကျင့် မြတ်ကို သဗ္ဗညုတဉာဏ်တော်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူအပ်လေပြီ။ (ထို အလယ်လမ်း ဟု ဆိုအပ်သော အကျင့်မြတ်သည်) သစ္စာလေးပါးကို မြင်စေနိုင်ဘိသော ပညာမျက်စိကိုလည်း ပြုပြင်စီရင်တတ်ပေ၏။ အသိဉာဏ်ပွင့်လင်းမှုကိုလည်း ပြုပြင်စီရင်တတ်ပေ၏။ ကိလေသာမီး အပြီးချုပ်ငြိမ်းစေခြင်းငှါ ဉာဏ်ကွန့်မြူး၍ အထူးသိစေခြင်းငှါ
မဘောက်မပြန် မှန်ကန်ကောင်းမွန်စွာ သိစေခြင်းငှါ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းစေခြင်းငှါ ဖြစ်၏။ ထို အလယ်လမ်း ဟု ဆိုအပ်သော အကျင့်မြတ်သည် အ ဘယ် နည်း။ အရိယာပုဂ္ဂိုလ်တို့၏ လက်ကိုင်ဖြစ်၍ မြင့်မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဤ မဂ္ဂင်ရှစ်ပါး  တရားသည်ပင်လျှင်တည်း။
ဤ မဂ္ဂင်ရှစ်ပါး တရားဟူသည် အဘယ်နည်း။
ကောင်းစွာ မြင်ခြင်း ကောင်းစွာ ကြံခြင်း ကောင်းစွာ ပြောဆိုခြင်း ကောင်းစွာ ပြုလုပ်ခြင်း ကောင်းစွာ အသက်မွေးခြင်း ကောင်းစွာ အားထုတ်ခြင်း ကောင်းစွာ အောက်မေ့ခြင်း
ကောင်းစွာ တည်ကြည်ခြင်း
ချစ်သားရဟန်းတို့ ဤအလယ်လမ်းဟု ဆိုအပ်သော အကျင့်မြတ်ကို ငါဘုရားသည် သဗ္ဗညုတ ဉာဏ်တော်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူအပ်လေပြီ။ ဤအလယ်လမ်း ဟု ဆိုအပ်သော အကျင့်မြတ်သည် သစ္စာလေးပါးကို မြင်စေနိုင်ဘိသော ပညာမျက်စိကိုလည်း ပြုပြင်စီရင်တတ်ပေ၏။ အသိဉာဏ်ပွင့်လင်းမှုကိုလည်း ပြုပြင်စီရင်တတ်ပေ၏။
ကိလေသာမီး အပြီးချုပ်ငြိမ်းစေခြင်းငှါ ဉာဏ်ကွန့်မြူး၍ အထူးသိစေခြင်းငှါ မဘောက်မပြန် မှန်ကန်ကောင်းမွန်စွာ သိစေခြင်းငှါ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းစေခြင်းငှါ ဖြစ်၏။
(၄)ချစ်သားရဟန်းတို့ ဤ ဆင်းရဲခြင်း သဘော ဟု ဆိုအပ်သော မဘောက်မပြန် မှန်ကန်သော အရိယ သစ္စာ တရားသည် ရှိ၏။(အဘန်ဘန်) ပဋိသန္ဓေနေရမှုကြီးသည်လည်း ဆင်းရဲ၏။ (အဘန်ဘန်) အိုရမှုကြီးသည်လည်း ဆင်းရဲ၏။ (အဘန်ဘန်) နာရမှုကြီးသည်လည်း ဆင်းရဲ၏။ (အဘန်ဘန်) သေရမှုကြီးသည်လည်း ဆင်းရဲ၏။
မချစ်မနှစ်သက်အပ်ကုန်သော သူတို့နှင့် အတူတကွ ပေါင်းသင်း၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။ ချစ်နှစ်သက်အပ်ကုန်သော သူတို့နှင့် ကွေကွင်းခွဲခွါ၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။ အကြင် တောင့်တခြင်း အလို ရှိခြင်းကိုလည်းမရ၊ ထို လိုအင်ဆန္ဒဖြင့် တောင့်တတိုင်း မရမှုကြီးသည်လည်း ဆင်းရဲ၏။
အကျဉ်းချုပ်အားဖြင့် ဥပါဒါန်တရားတို့၏ စွဲလမ်းရာ ဖြစ်ကုန်သော ခန္ဓာ ငါးပါးတို့သည် ဆင်းရဲ အစစ်တို့ သာတည်း။
(၅)ချစ်သားရဟန်းတို့ ဤဆင်းရဲခြင်း၏ အကြောင်းရင်း ဖြစ်သော မဘောက်မပြန် မှန်ကန်သော အရိယ သစ္စာတရားသည် ရှိ၏။ အကြင် သာယာနှစ်သက်မှုကြီးဟု ဆိုအပ်သော တဏှာဓာတ်သည် ဘဝ အသစ်အသစ်ကို တဘန် ဖြစ်စေတတ်သော သဘောရှိ၏။ နှစ်သက်ခြင်း တပ်မက်ခြင်းဖြစ်၍ နေ၏၊ ထိုထို အာရုံတို့၌ မြူးခုန်ပြေးလွှား ကျက်စား သာယာ ၍နေ၏။ ဤတဏှာသည် အဘယ်နည်း။ ကာမအာရုံ တို့၌ ခုံမင်တပ်မက်၍ နေသော တဏှာ၎င်းမြဲသည် ဟု အယူရှိ၍ သဿတဒိဋ္ဌိ နှင့် ယှဉ်သော တဏှာ၎င်း မမြဲ ဟု အယူရှိ၍ ဥစ္ဆေဒဒိဋ္ဌိ နှင့် ယှဉ်သော တဏှာ၎င်း ဤ တဏှာသဘော သုံးပါးပင်လျှင်တည်း။
(၆) ချစ်သားရဟန်းတို့ ဤ ဒုက္ခခပ်သိမ်းတို့၏ ချုပ်ငြိမ်းမှု သဘောကြီး ဖြစ်သော မဘောက်မပြန် မှန်ကန်သော အရိယသစ္စာ တရားသည် ရှိ၏။ ထို တဏှာ လောဘ၏သာလျှင် အကြင် အကြွင်းမဲ့ ပယ်ပျောက် ချုပ်ဆုံးမှုသည်၎င်း၊ အကြင် စွန့်လွှတ်မှုသည်၎င်း၊ အကြင် ဝေးစွာစွန့်လွှတ်မှုသည်၎င်း၊ အကြင် ကျွတ်လွတ်ထွက်မြောက်မှုသည်၎င်း၊ အကြင် မငြိမကပ်မှုသည်၎င်း (ဤ နိဗ္ဗာန် သဘောတရားကြီးပင်လျှင်တည်း)
(၇) ချစ်သားရဟန်းတို့ ဤ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းမှု နိဗ္ဗာန်သို့ ဆိုက်ရောက်ကြောင်း အကျင့်မြတ် သဘောကြီး ဖြစ်သော မဘောက်မပြန် မှန်ကန်သော အရိယ သစ္စာတရားသည် ရှိ၏။ အရိယာပုဂ္ဂိုလ်တို့၏ လက်ကိုင်ဖြစ်၍ မြင့်မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဤ မဂ္ဂင်ရှစ်ပါးတရား သည်ပင်လျှင်တည်း။ (ဤ မဂ္ဂင်ရှစ်ပါးတရားဟူသည်) အဘယ်နည်း။
ကောင်းစွာ မြင်ခြင်း ကောင်းစွာ ကြံခြင်း ကောင်းစွာ ပြောဆိုခြင်း ကောင်းစွာ ပြုလုပ်ခြင်း ကောင်းစွာ အသက်မွေးခြင်း ကောင်းစွာ အားထုတ်ခြင်း ကောင်းစွာ အောက်မေ့ခြင်း
ကောင်းစွာ တည်ကြည်ခြင်း (ဤ မဂ္ဂင်ရှစ်ပါး တရား အကျင့်လမ်းကြီးပင်လျှင်တည်း)
(၈) ချစ်သားရဟန်းတို့ “ ဤ တေဘုမ္မက ဝဋ်တရားစုသည် ဆင်းရဲစင်စစ် အမှန် ဖြစ်သော အရိယာ သစ္စာကြီး တပါး ဟူ၍ ”
ငါဘုရားသည် ရှေးဘုရား မဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။  ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၉) ချစ်သားရဟန်းတို့ “ ဆင်းရဲစင်စစ် အမှန် ဖြစ်သော ဤအရိယသစ္စာတရား ကို ပိုင်းပိုင်း ခြားခြား ပိုင်ပိုင်နိုင်နိုင် သိအပ်သိထိုက်၏-ဟူ၍ ” ငါဘုရားသည် ရှေးဘုရားမဖြစ်မီ
ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၀)ချစ်သားရဟန်းတို့ “ ဆင်းရဲစင်စစ် အမှန် ဖြစ်သော ဤအရိယသစ္စာတရား ကို ပိုင်းပိုင်း ခြားခြားပိုင်ပိုင်နိုင်နိုင် သိခြင်းကိစ္စ ပြီးစီးလေပြီ ”-ဟူ၍ ငါဘုရားသည်
ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၁) ချစ်သားရဟန်းတို့ “ ဤ တပ်မက်သာယာသော တဏှာလောဘသည် ဆင်းရဲခြင်း ၏ အကြောင်းရင်း ဖြစ်သော အရိယာသစ္စာကြီး တပါး ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၂) ချစ်သားရဟန်းတို့ “ ဆင်းရဲခြင်း ၏ အကြောင်းရင်း ဖြစ်သော ဤ အရိယ သစ္စာတရားကို ကြွင်းမဲ့ဥဿုံ အလုံးစုံ ပယ်သင့်ပယ်ထိုက်၏ ” ဟူ၍ ငါဘုရားသည် ရှေးဘုရား မဖြစ်မီ  ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ မောဟ မှောင်ကြီး ဖျက်ဆီး ထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၃) ချစ်သားရဟန်းတို့ “ ဆင်းရဲခြင်း ၏ အကြောင်းရင်း ဖြစ်သော ဤ အရိယ သစ္စာတရားကို ကြွင်းမဲ့ဥဿုံ အလုံးစုံ ပယ်ခြင်းကိစ္စ ပြီးပြီ ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ် ၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၄)
ချစ်သားရဟန်းတို့ “ဤ နိဗ္ဗာန်သည် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် ဖြစ်သော
အရိယသစ္စာတပါး ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ
မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၅)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် ဖြစ်သော ဤ
အရိယသစ္စာတရားကို ကိုယ်တိုင် ဆိုက်ရောက် မျက်မှောက် ပြုအပ် ပြုထိုက်၏ ” ဟူ၍
ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော
တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၆)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် ဖြစ်သော ဤ
အရိယသစ္စာတရားကို ကိုယ်တိုင် ဆိုက်ရောက် မျက်မှောက် ပြုခြင်းကိစ္စ ပြီးပြီ ”
ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော
တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၇)
ချစ်သားရဟန်းတို့ “ဤမဂ္ဂင်ရှစ်ပါးတရားအစုသည် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ
အမှန် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းလမ်းမှန် ဖြစ်သော အရိယ
သစ္စာကြီးတပါး” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ
မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၈)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် နိဗ္ဗာန်သို့
ရောက်ကြောင်း အကျင့်ကောင်းလမ်းမှန် ဖြစ်သော ဤ အရိယသစ္စာတရားကို ဘာဝနာ
အလုပ်ဖြင့် အားထုတ်ကြိုးစား ပွါးများအပ် ပွါးများထိုက်၏ ” ဟူ၍ ငါဘုရားသည်
ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၉)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် နိဗ္ဗာန်သို့
ရောက်ကြောင်း အကျင့်ကောင်း လမ်းမှန် ဖြစ်သော ဤ အရိယ သစ္စာတရားကို
ပွါးများခြင်း ကိစ္စ ပြီးပြီ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌
တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည်
ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၂၀)
ချစ်သားရဟန်းတို့ အကြင်မျှလောက်သော ကာလပတ်လုံး ငါဘုရားအား လေးပါးကုန်သော ဤ မဘောက်မပြန်
မှန်ကန်တုံလတ် အရိယ သစ္စာမြတ်တို့၌ ဤသို့ ပြဆိုအပ်ပြီးသောအတိုင်း သစ္စဉာဏ်
ကိစ္စဉာဏ် ကတဉာဏ်အားဖြင့် စက်လည်ပုံ သုံးပါးရှိသော သုံးပါး လေးလီအားဖြင့်
အခြင်းအရာ တဆယ့်နှစ်ပါးရှိသော ဟုတ်မှန်သောအတိုင်း ပိုင်းခြားထင်ထင်
ဉာဏ်အမြင်သည် စင်စင်ကြယ်ကြယ် မဖြစ်ပေါ်လာသေး။
ချစ်သားရဟန်းတို့ ထိုမျှလောက်သော ကာလပတ်လုံး ငါဘုရားသည် နတ်ပြည်နှင့်တကွ ဖြစ်သော မာရ်
နတ်လွှမ်းခြုံ ဝသဝတ္တီဘုံနှင့်တကွဖြစ်သော ဗြဟ္မာ့ဘုံနှင့်တကွဖြစ်သော အနန္တ
စကြာဝဠာ ကမ ္ဘာ လောကဓာတ်တိုက်ဘောင်အတွင်း၌ ရဟန်းပုဏ္ဏားနှင့်တကွဖြစ်သော နတ်လူ
နှင့်တကွ ဖြစ်သော သတ္တဝါများအလယ်၌ “အတုမရှိသော ဘုရားဖြစ်ရန် သဗ္ဗညုတ
ရွှေဉာဏ်ကို ပိုင်ပိုင်ရရှိ ထိုးထွင်း၍ သိတော်မူပြီ” ဟူ၍ ဝန်ခံတော် မမူသေး။
(၂၁)
ချစ်သားရဟန်းတို့ အကြင်အခါ၌သာလျှင် ငါဘုရားအား လေးပါးကုန်သော ဤ မဘောက်မပြန် မှန်ကန်တုံလတ်
အရိယ သစ္စာမြတ်တို့၌ ဤသို့ ပြဆိုအပ်ပြီးသောအတိုင်း သစ္စဉာဏ် ကိစ္စဉာဏ်
ကတဉာဏ်အားဖြင့် စက်လည်ပုံ သုံးပါးရှိသော သုံးပါး လေးလီအားဖြင့် အခြင်းအရာ
တဆယ့်နှစ်ပါးရှိသော ဟုတ်မှန်သောအတိုင်း ပိုင်းခြားထင်ထင် ဉာဏ်အမြင်သည်
စင်စင်ကြယ်ကြယ် ဖြစ်ပေါ်၍လာ၏။
ချစ်သားရဟန်းတို့ ထိုအခါ၌သာလျှင် ငါဘုရားသည် နတ်ပြည်နှင့်တကွ ဖြစ်သော မာရ်နတ် လွှမ်းခြုံ ဝသဝတ္တီဘုံ
နှင့်တကွဖြစ်သော ဗြဟ္မာ့ဘုံနှင့်တကွဖြစ်သော အနန္တ စကြာဝဠာ
ကမ ္ဘာ လောကဓာတ်တိုက်ဘောင်အတွင်း၌ ရဟန်းပုဏ္ဏားနှင့်တကွဖြစ်သော နတ်လူ နှင့်တကွ
ဖြစ်သော သတ္တဝါများအလယ်၌ “အတုမရှိသော ဘုရားဖြစ်ရန် သဗ္ဗညုတ ရွှေဉာဏ်ကို
ပိုင်ပိုင်ရရှိ ထိုးထွင်း၍ သိတော်မူပြီ” ဟူ၍ ဝန်ခံတော် မူပြီ။
(၂၂)
ချစ်သားရဟန်းတို့ ငါဘုရား၏ ဟုတ်တိုင်းအမှန် အမြင်သန်သော ပစ္စဝေက္ခဏာ ဉာဏ်တော်သည်
ထင်ရှားဖြစ်ပေါ်၍လာပြီ။ ငါဘုရား၏ အရဟတ္တဖိုလ် ဉာဏ်တော်သည် မပျက်မစီးနိုင်
ခံ့ခိုင်တည်တံ့လေပြီ။ ငါဘုရား၏ ဤ ဘဝ အဖြစ်သည် အဆုံးစွန်သော အဖြစ်ပေတည်း။
ယခု အခါ၌ ဘဝ အသစ် တဘန်ဖြစ်ဘို့ အရေးသည် မရှိတော့ချေ။ ဤသို့ ဉာဏ်အမြင်သည်
ထင်ရှား ဖြစ်ပေါ်၍လာပြီ။
(၂၃)
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤ ဓမ္မစက္က ပဝတ္တန သုတ္တန်ကို ပဌမ လက်ဦး မြွက်ကျူး ဟောကြားတော်မူလေ၏။
ကောဏ္ဍည အမှူး ငါးဦး အစုအဝေးရှိ ကုန်သော ရဟန်းတို့သည် ဘုန်းတော်ကြီးသော
မြတ်စွာဘုရား၏ ဟောတော်မူ အပ်သော တရားတော်ကို အရိယသစ္စဉာဏ် ထက်သန် ပွင့်လင်း
ဝမ်းမြောက်ခြင်း ရှိကြကုန်သည် ဖြစ်၍ ရွှင်လန်းအားရ နှစ်သက်ကြလေကုန်သတည်း။
(၂၄)
ဂါထာမဖက် စုဏ္ဏိယ သက်သက် ဖြစ်သော ဤ ဓမ္မစက္က ပဝတ္တန သုတ်တော်ကြီးကို ဟောတော်မူအပ်သည်
ရှိသော် ရှည်သော အသက်တော်ရှိသော အရှင် ကောဏ္ဍည မထေရ်အား ကိလေသာ မြူတို့မှ
စင်ဖြူကင်းဝေးသော မှောက်မှားဒိဋ္ဌိ အညစ်အကြေး မရှိသော သောတာပတ္တိမဂ်ဉာဏ် ဟု
ဆိုအပ်သော တရားမျက်လုံးသည် ထင်ရှားစွာ ပေါ်ပေါက်လေ၏။
“အလုံးစုံသော တေဘုမ္မကဝဋ်ဒုက္ခတရားစုသည် ဖြစ်ပေါ်ခြင်းလျှင် အကြောင်းရင်းရှိ၏။
ထိုအလုံးစုံသော တေဘုမ္မကဝဋ်ဒုက္ခတရားစုသည် မကြွင်းမကျန် အမှန်ချုပ်ဆုံးခြင်း
သဘောရှိ၏။” (ဤသို့ ဟုတ်တိုင်းမှန်သိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။)
(၂၅)
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဓမ္မစကြာသုတ်တော်ကြီးကို ဟောတော်မူ အပ်ပြီးသည် ရှိသော်ကား
ဘုမ္မစိုးနတ်တို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တပြိုင်နက်
ကြွေးကြော်ကြလေကုန်၏။
“အို နတ်များအပေါင်းတို့ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ သားသမင်အပေါင်းတို့ကို
ဘေးမဲ့ပေး၍ မွေးရာဖြစ်သော ရသေ့ သူမြတ် အပေါင်းတို့၏ ဆင်းသက်ကျရောက်ရာ
ဖြစ်သော မိဂဒါဝုန်တောကြီး အတွင်း၌ အတုမရှိသော ဤ ဓမ္မစကြာတရားတော်မြတ်ကို
ဟောတော်မူအပ်ပေပြီ။ ဤ ဓမ္မစကြာ တရားတော်မြတ်ကို ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း
နတ်သည်၎င်း မာရ် နတ်သည်၎င်း ဗြဟ္မာသည်၎င်း အနန္တ စကြာဝဠာ ဤ ကမ ္ဘာ လောကဓာတ် တိုက်ဘောင်
အတွင်း၌ တစုံတယောက်သော ပုဂ္ဂိုလ်သည် ၎င်း မဆီးတား မကန့်ကွက်နိုင်ချေ”
(ဤသို့ တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။)
ဘုမ္မစိုးနတ်တို့၏ ကြွေးကြော်သံကို ကြားကြကုန်သည်ရှိသော် စာတုမဟာရာဇ်နတ် အများတို့သည် ကောင်းချီးဆူညံ
ဟစ်ကြွေးသံကို တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။
“….. ….. ….. ….. ….. ….. …… ….. ….. ….. ….. ….. ….. …..”
စါတု မဟာရာဇ် နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
တာဝတိ ံသာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
ယာမာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
တုသိတာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
နိမ္မာနရတိ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
ပရ နိမ္မိတ ဝသဝတ္တီ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
ဗြဟ္မာအပေါင်းတို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။
“အို နတ် ဗြဟ္မာများ အပေါင်းတို့ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌
သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော ရသေ့ သူမြတ် အပေါင်းတို့၏
ဆင်းသက်ကျရောက်ရာ ဖြစ်သော မိဂဒါဝုန်တောကြီး အတွင်း၌ အတုမရှိသော ဤ
ဓမ္မစကြာတရားတော်မြတ်ကို ဟောတော်မူအပ်ပေပြီ။ ဤ ဓမ္မစကြာ တရားတော်မြတ်ကို
ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ် နတ်သည်၎င်း ဗြဟ္မာသည်၎င်း အနန္တ စကြာဝဠာ ဤ ကမ ္ဘာ
လောကဓာတ် တိုက်ဘောင် အတွင်း၌ တစုံတယောက်သော ပုဂ္ဂိုလ်သည် ၎င်း မဆီးတား
မကန့်ကွက်နိုင်ချေ”
(ဤသို့ တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။)
ဤသို့လျှင် ထိုခဏအတွင်း၌ ထိုလယအတွင်း၌ ထိုမုဟုတ်အတွင်း၌ အကနိဋ္ဌ ဗြဟ္မာ့ဘုံ တိုင်အောင်
ကျော်စောသော အသံသည် အဆင့်ဆင့် ပျံ့နှံ့၍ တက်လေ၏။
(၂၆)
ဤ စကြာဝဠာ အပေါင်း လောကဓာတ် တိုက်တသောင်းသည်လည်း အောက်သို့နိမ့်လျက် တသိမ့်သိမ့်
တုန်လှုပ်လေ၏။
အထက်သို့ခုန်တက်၍ တသွက်သွက် တုန်လှုပ်လေ၏။
အေးယဉ်လွှဲသကဲ့သို့ နွှဲကာ နွှဲကာ တုန်လှုပ်လေ၏။
(၂၇)
နတ်အပေါင်း ဗြဟ္မာအပေါင်းတို့၏ တန်ခိုးအလုံးစုံကို သိမ်းခြုံလွှမ်းမိုး၍ စကြဝဠာ အပေါင်း လောကဓာတ်
တိုက်တသောင်း၌ အတိုင်းမသိ နှိုင်းယှဉ်ဘွယ်မရှိသော ကြီးကျယ် မွန်မြတ်သော
ရောင်လျှံထိန်ညီး အလင်းဓာတ်ကြီးသည် အဆန်းတကြယ် အံ့ဩဘွယ် ဖြစ်ပေါ်လာ၏။
(၂၈)
ထိုအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝမ်းမြောက်မြွက်ကြား ဤ ဥဒါန်းတော်
အမိန့်စကားကို ကျူးရင့်တော်မူလေ၏။
အို လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့ ငါ့ သားတော်ကြီးဖြစ်သော ကောဏ္ဍညသည် အသိဉာဏ် အလင်းပေါက်၍ သောတာပန်အဖြစ်သို့
ရောက်လေပြီတကား။
(ဤသို့ ဥဒါန်းကျူးရင့်တော်မူလေ၏။)
ဤ ဥဒါန်းစကားတော်အားဖြင့် ရှည်သောအသက်တော်ရှိသော အရှင် ကောဏ္ဍည မထေရ်
မြတ်ကြီးအား အညာသိ ကောဏ္ဍည ဟူ၍သာလျှင် ဤ အမည်ထူးသည် ဖြစ်လေသတည်း။
(၂၉)
ထို သောတာပန် ဖြစ်ပြီးသောအခါ၌ ရှည်သော အသက်တော်ရှိသော အရှင် အညာသိ ကောဏ္ဍညသည်
ကိုယ်တိုင် မြင်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်တိုင် ဆိုက်ရောက်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်တိုင် သိအပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်ပိုင်ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ယုံမှားခြင်း၏ တဘက်ကမ်းသို့ ရောက်အောင် ကူးမြောက်ပြီးသည် ဖြစ်၍
သို့လော သို့လော တွေးတောယုံမှားခြင်းမှ လွတ်ကင်းသည်ဖြစ်၍
ကြောက်ရွံ့မှုကင်းလျက် ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍
မြတ်စွာဘုရား၏ သာသနာတော်အတွင်း၌ သိမြင်ပြီးသော ဉာဏ် အစွမ်းအားဖြင့် သူတပါးတို့အား ယုံကြည်အားထားခြင်း
မရှိလေသောကြောင့် ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ဤသို့သော စကားကို
လျှောက်ထားတောင်းပန်လေ၏။
“အရှင်ဘုရား – တပည့်တော်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါသည်ဘုရား။ ပဉ္ဇင်းအဖြစ်ကို
ရလိုပါသည်ဘုရား။” ဤသို့ လျှောက်ထား တောင်းပန်လေ၏။
(၃၀)
မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။
“အို ရဟန်း လာလော့ ငါဘုရားသည် တရားတော်မြတ်ကို ကောင်းစွာ ဟောကြားတော် မူအပ်ပြီ။ သံသရာ ဝဋ်ဆင်းရဲ၏ ကိစ္စတုံး၍
အဆုံးတိုင်အောင် ပြုခြင်းငှာ ကောင်းစွာ မြတ်သော မဂ်အကျင့်ကို ကျင့်လေလော့”
ဤသို့ မိန့်တော်မူ၏။ ရှည်သော အသက်တော်ရှိသော ထို အရှင် ကောဏ္ဍညအား ထို ဧဟိဘိက္ခု –
ပဉ္ဇင်း အဖြစ်သည်သာလျှင် ဖြစ်လေသတည်း။
ဓမ္မစက္ကပ္ပဝတ္တန သုတ်သည် ပြီးပြီ။