ကျွန်တော်နဲ့ Dead Body (0:1)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော့်လိုမျိုး
ကျွန်တော်တစ်ယောက်တည်း ကြုံဖူးတာတော့ မဟုတ်လောက်ဘူး ထင်တာပါပဲ။ ပြန်တွေးမိမှပဲ ကျောထဲ တစိမ့်စိမ့်နဲ့ ကြက်သီးထလာတယ်။ ဘာလို့ ပြောပြချင်နေရတာလဲဆိုတာ ဒီစာကို ပြီးအောင် ဖတ်ကြည့်ရင် သိလာမှာပါ။
×××
အဲဒီ အဖြစ်အပျက်က ဒီလို။
ကျောချမ်းရမယ့်ကိစ္စကို သတ္တိမရဲတရဲလောက်နဲ့ လွန်ခဲ့သော 1998 က
ကြုံခဲ့ရတာပါ။ အဲတုန်းက ရမည်းသင်းခရိုင် အသက် ၁၆ နှစ်အောက် လက်ရွေးစင် ဘောလုံးသမားအဖြစ် မိတ္ထိလာခရိုင်နဲ့ ဗိုလ်လုပွဲ ကစားအပြီး အိမ်ပြန်လာတဲ့နေ့။ ရွာမှာက အရေးကြီးတဲ့ အလုပ်ကိစ္စရှိနေလို့ မပြန်မဖြစ် ပြန်ရမှာ။
ပြန်ရမှာက ပျဉ်းမနားမြို့နယ်၊ တောင်ညိုရွာကို။ ပျဉ်းမနားကနေ တောင်ညိုကို ဆက်ရမယ့်ခရီးကလည်း မသေး။ မိုင် 23 မိုင်ကျော်ကျော်။ မိတ္ထီလာကနေ ရွာအရောက်ဆို ခရီးက မိုင်ပေါင်း 95 – 100 ကျော်လောက်။
ဘောလုံးပွဲက ညနေ ၅ နာရီကျော်မှ ပြီးတာ။ အဲဒီတော့ အိမ်အပြန်က မှောင်ပြီလေ။ မိတ္ထီလာက ညနေ 6 နာရီလောက် လိုင်းကားက စပြီး ထွက်တယ်။ အဖော်က မပါဘူး။
အခြား သူစိမ်းခရီးသည်တွေနဲ့ပေါ့။ ပျဉ်းမနားကို ည 11:45 လောက်ရောက်ကရော။
အဲဒါက ပြဿနာစတာပဲ။
ပျဉ်းမနား နဲ့ တောင်ညို ဆွဲတဲ့ လိုင်းကားက 5 စီးပဲ ရှိတာ။ ညနေ 6 နာရီလောက်ဆို ကားက အကုန်သိမ်းပြီ။ ကျွန်တော် ပြန်ရောက်တဲ့အချိန်က အတော့်ကို လွန်နေပြီ။
ဘယ်မှာ ကားရှိပါတော့မလဲ။
ပျဉ်းမနားကားကွင်းကတော့ တစ်ညလုံး သက်ဝင် လှုပ်ရှားနေပေမယ့် တောင်ညိုဘက်ကို ဆွဲမယ့် ကားဆိုတာကတော့ ဘီးရာတောင်မရှိတော့။ ပျဉ်းမနားရောက်ပြီဆိုတာနဲ့ စီးလာတဲ့ ကားပေါ်က ဆင်းပြီး ရွာဘက်ကို ဆက်ရမယ့် ခရီးကိစ္စ စဉ်းစားကြည့်တယ်။ ဘာကားမှ မရှိရင် ကားလမ်းအတိုင်း ခြေလျင်လျှောက်မယ်လို့ အစကတည်းက တွေးထားပြီးသားပါ။
( ဒိအရင်ကလည်း ကားမရှိတော့လို့ လျှောက်ခဲ့ဖူးပါတယ်) ခရီးမဆက်ခင် ညလုံးပေါက် ဖွင့်တဲ့ စားသောက်ဆိုင်တစ်ခုက ဟာနေတဲ့ ဝမ်းကို ဖြည့်ဖို့ လုပ်တယ်။
စားသောက်ဆိုင်ကလေးက မြင်းရုပ်ကြီးဘေးက ရန်နိုင် စားသောက်ဆိုင်။ ( ခုတော့ ဆိုင်ကြီး ဖြစ်နေပြီ)။
ဆိုင်ထဲမှာကလည်း လူသိပ်မရှိလှ။ စားပွဲနှစ်ဝိုင်းတွင်သာ လူရှိနေတယ်။ လွတ်နေတဲ့ စားပွဲကိုထိုင်လိုက်ပြီး ထမင်းမှာစားလိုက်တယ်။
ဒီအချိန်မှာပဲ အခြားစားပွဲဝိုင်းဆီက အသံတစ်ချို့ ကြားမိသွားတယ်။ ကျွန်တော့်အတွက်တော့ မျှော်လင့်ချက် အတော်တောက်ပတဲ့ အလင်းတစ်ပွင့်ပေါ့။ ဒါ နတ်ဒေဝါတွေ မတာပဲဗျ။ ချောင်းနက်ရွာဆိုတာ ကျွန်တော့်တို့ရွာကို လွန်ပြီးမှ ရောက်မယ့်ရွာကိုး။
ကြည့်လေ။
“ချောင်းနက် အထိဆိုရင် အတော်ကလေးတော့ ဝေးတယ်ကွ”
“ဝေးလည်း လက်ခံပြီးပြီဆိုတော့ မောင်းရတော့မှာပဲကွာ”
“အေးကွာ။ ပိုက်ဆံရလို့သာ လက်ခံမိတာ ငါ သိပ်တော့ မလိုက်ချင်ဘူး”
“ဟိုကွာ …. ဘာအရေးလဲကွ ။ မင်း ငွေလိုချင်တယ် မဟုတ်လား”
ခဏမျှ အသံတိတ်သွားပြီးမှ….
“သောက်စရာရှိတာ သောက်ကွာ ။ ခရီးဆက်ရ အောင်”
ကျွန်တော်လည်း အားရှိသွားပြီး ထိုလူစိမ်းတွေရဲ့စားပွဲဝိုင်းကို ထ သွားတယ်။ ပြီးတော့….
“အစ်ကိုကြီးတို့ ခင်ဗျ။ ချောင်းနက်ကို ခရီးဆက်မှာ ကားနဲ့လားဗျ”
တစ်ယောက်က ငဲ့ကြည့်ပြီး
“အေးလေကွာ။ ဘာကိစ္စရှိလို့လဲ”
“ဟို လမ်းကြုံလေးများ လိုက်လို့မရဘူးလား ခင်ဗျာ”
သူတို့နှစ်ဦးသား တစ်ဦးမျက်နှာတစ်ဦး ကြည့်ပြီး
“ညီလေးက ဘယ်ကို အကြုံလိုက်ချင်လို့လဲကွ”
“တောင်ညိုရွာကိုပါ။ အစ်ကိုကြီးတို့ခရီးလမ်းမှာပါပဲ”
“လိုက်ကော လိုက်ချင်လို့လား။ အေး လေ…. မင်းမှာ အခက်အခဲရှိနေရင်တော့ လိုက်ခဲ့ပေါ့”
ကျွန်တော်လည်း လျင်မြန်စွာပဲ
“ဟုတ်ကဲ့။ လိုက်ချင်ပါတယ် ခင်ဗျာ။ ကျွန်တော် ကားစီးခ ပေးမှာပါဗျ”
“ဟာ .. မလိုပါဘူးကွ။ မင်း လိုက်ချင်စိတ်ရှိရင် ပြီးတာပဲ”
အို … ပျော်လိုက်တဲ့ဖြစ်ခြင်း။
“ဟိုးက ဗန်ဒါပင်အောက်မှာ ရပ်ထားတဲ့ကားပဲ။ လိုက်ခဲ့ကွာ”
ညွှန်ပြတဲ့ကားကိုကြည့်လိုက်တော့
ဟိုင်းလတ်ကား အဖြူလေးပါ။ ကျွန်တော် အရမ်းပျော်သွားတာပေါ့။
××××
ခဏနေတော့ ခရီးဆက်ဖို့ ပြင်ဆင်ကြပါတယ်။
ဒီအချိန်ကျမှ ခရီးစဉ်မှာ အမျိုးသမီးတစ်ဦးပါနေမှန်း ကားထွက်ခါနီးမှ ထပ်သိလိုက်ပါတယ်။ စောစောပိုင်းက ဘယ်နားသွားနေနေတာလဲတော့ မသိ။ အမျိုးသမီးရဲ့အသက်က ခန့်မှန်း ၃၅ လောက်။
အဲဒီ အစ်မကြီးရယ် ၊ ကျွန်တော်ရယ်က ကားနောက်က တက်စီးကြပါတယ်။ အစ်ကိုကြီး နှစ်ယောက်ကတော့ တစ်ဦးက ကားမောင်း၊ တစ်ဦးက အကူပေါ့။
“မောင်းတော့မယ်ဟေ့ တက်ကြတော့”
ကျွန်တော့်မှာက ကျောပိုးအိတ်တစ်လုံးသာ ပါပါတယ်။ အလွယ်တကူပဲ ကားနောက်ဘက်မှာ တက်ထိုင်လိုက်ပါတယ်။
အဲဒီညက လမသာသလို အချိန်ကလည်းလင့်လာပြီမို့ အလင်းက သိပ်မရှိတော့ပါဘူး။ ကားပေါ်မှာ သဲသဲကွဲကွဲ မမြင်ရပါဘူး။ ဒါပေမယ့် ပစ္စည်း ပစ္စယ၊ အထုပ်အပိုးတွေကြားမှာ လူတစ်ယောက် ပက်လက်အိပ်နေတာကိုတော့ ထပ်တွေ့လိုက်ရပြန်ပါတယ်။ စောင်တွေလည်း ခြုံထားတယ်။ မြန်မာလကတော့ တပေါင်းလဆန်းပိုင်းမို့ အနည်းငယ်တော့ အေးသက်သက်လေ။ ဒါကြောင့် စောင်ခြုံအိပ်နေတာ ထင်ပါရဲ့ပေါ့။ တက်မနင်းမိအောင် ထိုင်ရင်း နောက်ဘက်မှာ ပေါင်း ၃ ယောက်ဆိုပါတော့။
ကားက စထွက်ပါပြီ။
××××
လောကကြီးက လမ်းတစ်ဝက်လောက်အထိတော့ အဆင်ကိုချောလို့။ ပလက်အိပ်နေသူကလည်း ငြိမ်ချက်သားကို ကောင်းပ။ အစ်မကြီးကလည်း ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ကားနောက်နားမှာ ထိုင်လို့။
ဟော…. ပြဿနာစပါပြီ။
တစ်လမ်းလုံး စကားမပြောဘဲနေလာတဲ့ ကားနောက်ခန်းမှာ စကားစပြောလာသူက အစ်မကြီး…
“ငါ့မောင်က ဘယ်ကပြန်လာတာလဲကွဲ့”
“ကျနော် မိတ္ထီလာက ပြန်လာတာပါ”
“အော်… ”
ဘာမှထပ်မပြောတော့ပြန်ဘဲ တိတ်ဆိတ်သွားပြန်တယ်။
ခဏနေတော့ စကားပြောလာပြန်တယ်။
“အစ်မ မောင်လေးထိုင်တဲ့ဘက် ကူးလာခဲ့မယ်။ အစ်မ နောက်ကျော မလုံလို့”
“ဗျာ!”
ကျွန်တော် အစ်မကြီးစကားကို နားမလည်ပါ။
ဘာ အဓိပ္ပါယ်ပါလိမ့်ပေါ့။
ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ဘက်ခြမ်းကို ကူးလာပါတယ်။
ပြီးတော့
“မပြောရင်မပြီးဘူးကွယ်။ ဒါ အစ်မ အမျိုးသား ဆုံးသွားလို့ ဆေးရုံးက ကားငှါးပြီး ပြန်တိုက်လာတာပါ”
“ဗျာ….. ! ဆုံးသွားလို့ ပြန်တိုက်လာတာ…”
ကျွန်တော် အကြီးအကျယ် လန့်ဖြန့်သွားတယ်။
ကြောက်ရွံ့မှုကလည်း ပြောမပြတတ်တော့။
ဒီအခါ ပက်လက်တင်လာတဲ့ အလာင်းကောင်(Dead body) ကြီးကို ကြောက်ကြောက်ရွံ့ရွံ့ လှမ်းကြည့်မိတယ်။
ဟိုက်!
လှုပ်နေတာလားမသိ။ ထ ထိုင်ဖို့ များလား။
ငေါက်ကနဲ ထထိုင်လိုက်မှဖြင့်
စတဲ့ တောင်တောင်အီအီ ကြောက်လန့်သကြား စဉ်စားမိလာတော့တယ်။
နောက်ကျောဘက်ဆီကများ ဘွားခနဲ လက်အေးအေးကြီးနဲ့ လာထိလေမလား။
ကြောက်တာကတော့ အတော်ကြီးကို ကြီးစိုးလာပါတယ်။ ဘယ်လိုမှကို မနေရဲတော့ပါ။
အစ်မကြီးနဲ့လည်း အသားချင်းထိကပ်နေပါပြီ။
သူလည်း အတော့်ကို ကြောက်နေပုံရပါတယ်။
အသားတွေ တုန်နေတာက သက်သေပါ။
ကျွန်တော်ကကော။
အမလေးလေး!..
မျက်စိလည်းမမှိတ်ရဲ။ ဖွင့်လည်း မကြည့်ရဲတော့။
ငါ့နှယ်…
မသာတိုက်တဲ့ ကားကိုမှ စီးလာမိပါပေါ့။
ဘုရား ဘုရား…..
ဣတိပိသော
ဣတိပိသော
စိတ်ထဲမှာ ဘယ်လောက်တောင်ကြောက်နေလဲဆိုရင် ဣတိပိသော ကို အောတောပိတိ လို့ အမှားမှား ရွတ်နေမိတယ်အထိ။
ဒါ ဘယ်နားရောက်နေပြီလဲ မသိဘူး။ ဒီကားပေါ်က ဆင်းပြေးချင်စိတ်ကို ပေါက်နေပြီ။
ဟော…..
နားထဲမှာ အသံတစ်ခု ကြားလိုက်တယ်။
သံတံတား တစ်ခုကို ဖြတ်နေတဲ့ အသံ။
ဟုတ်ပြီ။
ဒါ ကျွဲရှင်း တံတား။ ဒါဆို မကြာခင် တောင်ညိုရောက်တော့မှာ ။ နောက်ထပ် ၅ မိုင်ပဲ ကျန်တော့တာ။
ဒီအချိန်မှာပဲ …..
“တူ ••••••တူ•••••••”
“အောင်မလေးဗျ”
“အမေရေ”
ရုတ်တရက် စူးရှတဲ့ ဥဩဆွဲသံကြောင့် အစ်မကြီးရော ကျွန်တော်ပါ ကြောက်အားလန့်အားနဲ့ ငယ်သံပါအောင်
ထအော်မိကုန်တယ်။ ကားမောင်းသမားတွေလည်း ကြောက်အားလန့်အားနဲ့ ကားကို ဘရိတ်ထိုးအုပ်ပစ်လိုက်ရာ…..
အစ်မကြီးရော ကျွန်တော်ပါ အီနာရှားသဘောအတိုင်း မသာကြီးပေါ်ကို ဝရုန်းသုန်းကား လဲကျကုန်တော့တယ်။
ကျွန်တော်က အလဲအထကို ဘောလုံးသမားပီပီ ကြိမ်ဖန်များစွာလေ့ကျင့်ထားတာကြောင့် ကားအရပ်မှာ ချက်ချင်းပင် ပြန်ထပြီး ကားပေါ်က ဆင်းပြေးပါတော့တယ်။ အစ်မကြီးကတော့
“အမလေး ဆွဲလဲပါပြီတော့” ဟု အော်ကာ အသံတိတ်သွားပါတယ်။ ကားသမားနှစ်ယောက်လည်း ကားပေါ်မှဆင်းပြီး ကားနောက်ခန်းကို ကမန်းကတန်းသွားကြည့်ပါတယ်။
ကျွန်တော်ကတော့ သစ်စက်မီးရောင်အောက်ကို ရောက်နေပါပြီ။ သစ်စက်ဆိုလို့ ရှင်းပြပါရစေဦး။
ဟုတ်ပါတယ်။
စောစောက တူ….တူ… ဆိုတဲ့ ဩဥဆွဲသံဟာ မနက် ၄ နာရီအရောက်တွင် ဘွိုင်လာမှ ရေနွေးငွေ့ရရန်အတွက် သစ်စက်အလုပ်သမားများကို နိုးထစေသော စူးရှကျယ်လောင်လှတဲ့ အချက်ပေး ဩဥသံဖြစ်ပါတယ်။ အခုရောက်နေတဲ့နေရာဟာ အမှတ် (21) သစ်စက်၊ ကျွဲရှင်းဆိုတဲ့ အစိုးရ သစ်စက်ကြီး ရှေ့နားမှာပါ။
ပြန်ဆက်ပါမယ်။
အစ်မကြီးက သူ့ယောက်ျားအလောင်းဘေးမှာ အကြောက်လွန်ပြီး မေ့မြောသွာတာပါ။ ကားဆရာနှစ်ယောက်လည်း ခြေမချိုးသူက ချိုး၊ အဝတ်နဲ့ ယပ်ခတ်သူကခတ်နဲ့ မကြာခင် ပြန်သတိလည်လာပါတယ်။ ကျွန်တော်လည်း အတော့်ကို တုန်လှုပ်ချောက်ချားနေမိတာ အမှန်ပါ။ ဒီလောက် ကြောက်စရာကောင်းလွန်းတဲ့ ကားကို ဘယ်လို သတ္တိနဲ့ စီးရဲတော့မလဲ။ အိမ်ရောက်ဖို့က နောက်ထပ် ၅ မိုင်ခန့် လိုသေးတယ်။
ကားဆရာတွေထဲက တစ်ဦးက
“ဒီလိုလုပ်ဗျာ! ငါ နောက်ဘက်က စီးလိုက်ခဲ့တော့မယ်။ မင်း ရှေ့က တစ်ယောက်တည်း ဖြစ်လား”
“အဲလိုပဲလုပ်ရတော့မှာပေါ့ ။ ကဲ ခရီး ဆက်မယ်ကွာ”
ဒီလိုနဲ့
ကားနောက်ပိုင်း လူဦးရေက များသွားပြန်ပါတယ်။ ယောက်ျားရင့်မာကြီး တစ်ဦးပါနေမှတော့ အနည်းငယ်တော့ ရဲလာပြန်ပါတယ်။ စောစောကလို အစ်မကြီးနဲ့တင်ဆိုရင်တော့ မလိုက်ရဲတော့တာတော့ သေချာပါတယ်။ သူကလည်းကြောက်နေ ကျွန်တော်က
လည်းကြောက်နေ ဆိုတော့ အခြေအနေက သေရုံ ရှိတော့တာပါ။
ကား စထွက်ပြန်ပါပြီ။
လူဆိုတာက ကြောက်စရာဆိုရင် မတွေးချင်လည်း အလိုလို တွေးတောနေမိတတ်တယ် မဟုတ်လား။
ကျွန်တော့်အထင် ဒီမသာက အစိမ်းသေလား။ ရိုးရိုသေတာလား။ တွေးနေမိပြန်တယ်။
အစိမ်းသေဆိုရင်ရော..
ကြားဖူးနားဝ စကားအရဆိုရင် မကျွတ်မလွတ်တဲ့။
အမေလေး… တွေးနေရင်းက ကြက်သီးတွေ ဖျန်းကနဲ ထ လာပြန်တယ်။
မတွေးတော့ဘူးဆိုကာမှ အတွေးထဲကကို ထွက်မရ။ တွေးချည်းတွေးနေမိတာပါပဲ။
ဒီလိုတွေးနေချိန်မှာပဲ နောက်ထပ် အစိုးရသစ်စက်ကြီးတစ်ခု အမှတ် (52) သစ်စက် ကိုရောက်လာပါတယ်။ မကြာမီ ကျွန်တော် ဆင်းရတော့မယ့်နေရာ ရောက်တော့မှာပါ။ ဒီတော့မှ ကျွန်တော့် ကျောပိုးအိတ် ဘယ်နားရောက်နေမှန်း မတွေ့ရပြန်ဘူး။
ဟိုက်!
ကားဘရိတ်အုပ်တုန်းက မသာခေါင်းရင်းဘက်ကို ရွေ့သွားတာနေမှာ ။
သွား မယူရဲဘူး။ ဆင်းခါနီးမှ ဘေးက အစ်ကိုကြီးကို အယူခိုင်းရတော့မယ်။
အဲ အဲ
ကားက ကြီးပွားကို ရောက်လာပြီဟ။
“ဟိုး….. ကားဆရာ ။ ကားဆရာ ။ ကျွန်တော်ဆင်မယ့်နေရာရောက်ပြီဗျ။”
ခေါင်းခန်းက မကြားပါ။ ထပ်အော်ပြောတယ်။
မကြားပါ။
ဘေးက အစ်ကိုက မသာခေါင်းရင်းနားမှ ကပ်ပြီး ခေါင်းခန်းနဲ့နောက်ခန်း ခြားထားတဲ့ မှန်ကို တဘုံးဘုံး ပုတ်ကာ သတိပေးလိုက်ရာ….
ကားမောင်းဆရာက လန့်ဖျန့်ပြီး ဘရိတ်အုပ်လိုက်ပြန်တယ်။
ပြောစရာကို မလိုတော့ဘူး။
စောစောက တကြိမ်အတိုင်း မသာကြီးပေါ်ကို အတုန်းအရုန်း ပြိုလဲကုန်ပြန်ပါတယ်။
အောင်မလေး ကျမယောက်ျားက ဆွဲပြန်ပြီတော့ ဟု ငယ်သံပါအောင် အော်ဟစ်ကာ သတိလစ်သွားပြန်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် စောစောကလို ကားပေါ်က ဆင်းမပြေးမိတော့ပါ။ အစ်မကြီးအား သတိလည်စေရန် ဝိုင်းဝန်းပြုစု ပေးလိုက်ပါတယ်။ မကြာခင် သတိပြန်လည် ပြန်ပါတယ်။ အစ်မကြီး သတိရလာသောအခါ ကျွန်တော် ဆင်းတော့မှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ် ။ မကြာခင် မိုးစင်စင်လင်းတော့မှာလည်း ဖြစ်ကြောင်း၊ အစ်မကြီး အဲလောက်ကြီး မကြောက်သင့်ပါကြောင်း ၊ အားပေးစကားတွေ၊ လမ်းကြုံလိုက်ခွင့်ရခဲ့ခြင်းအပေါ် ကျေးဇူးလည်း တင်ပါကြောင်း ၊ အမျိုးမျိုး ပြောဆို နှုတ်ဆက်ပြီး ကားပေါ်က ဆင်းလိုက်ပါတယ်။
ကားမောင်းသမားကို နောက်ဘက်က အစ်ကိုကြီးက မောင်းတော့ဟု ပြောသော်လည်း ရှေ့ပိုင်းက စက်နိုးသံမကြားရ။ ကျွန်တော်လည်း ခေါင်းခန်းဘက်သွားကာ ပြောမည်အပြု….
“ဟိုး••••နောက်ခန်းက အစ်ကိုနဲ့ အစ်မ ဒီမှာ ကားဆရာ သတိလစ်နေတယ်ဗျ။ လာကြပါဦး”
အားလုံး ပျာပျာသလဲ ဖြစ်ကုန်ကြပြန်ပါတယ်။ ခြေမဖဲ့ ၊ ယပ်ခတ်လုပ်ပေးလိုက်မှ သတိပြန်လည်လာကာ။
“ငါနောက်က ကားမှန်ကို လက်နဲ့ ပုတ်သံကြားတယ်ကွ။ ငါ တစ်ယောက်တည်း ကားမမောင်းရဲတော့ဘူး” ဟူသတတ်။
ကြောက်စိတ်၏ ကြီးစိုးမှုအောက်မှာ ဘာမျှှ ဆင်ခြင်တုံးတရား မရှိတတ်တော့ကြောင်း ဒီအဖြစ်အပျက်လေးက ကျွန်တော့်ဘဝတစ်လျှောက်လုံးစာ သင်ပေးခဲ့ပါတော့တယ်။
ကားဆရာတို့လည်း အာရုံကျင်းအလင်းပွင့်ကာမှ ကားကို ခရီးဆက်မောင်းသွားကြပါတော့တယ်။
××××
ကျွန်တော့်မှာသာ အတွေးတို့ဖြင့် ခရီးမဆက်နိုင်ခဲ့သေးဘဲ စိတ်အလျင်က ဒီကားနောက်သို့ လိုက်ပါသွားလေသတည်း။
ကိုစစ်(ရူပဗေဒ)
(ဖြစ်ရပ်မှန်အား တင်ပြပါသည်)
ိ
22 comments
etone
January 17, 2017 at 10:07 am
ကိုစစ်ရေ
ပို့စ်တပုဒ်လုံး တထိုင်ထည်း ဖတ်မိတာ ကိုယ်ပါ မသာကားထဲရောက်သွားတဲ့ ဖီလင်မျိုးလေး ခံစားလိုက်ရတယ် ။
ဖြစ်ရပ်မှန်ကို ရေးလို့ရော စာရေးတာ တော်လို့ရော ကိုယ်ပါ ဇာတ်လမ်းထဲရောက်သွားတယ် ။
တကယ်ဆို ဒီမိန်းမက သူ့ယောက်ကျားသေတာ ဂလောက် ကြောက်ရလားနော် …. ။
အရင်ကတော့ လူသေရင် ရွာထဲ အဝင်မခံဘူးကြားဖူးတယ် … ။
ပြန်သယ်ချင်းသယ် မနက်မှ သယ်တာ မှုတ်ဘူး ။
ကိုစစ်လည်း တညလောက် အပြင်မှာ အိပ်လိုက်တာကမှ တော်သေး 😀
ko six
January 17, 2017 at 12:15 pm
အဲဒီ အမျိုးသမီးက ကြောက်နေတာတော့ တကယ်ဗျ။ နည်းနည်းပိုတာတော့ လက်ခံရမလားမသိဘူး။
ကြီးပွားဆိုတာကတော့ ရွာနာမည်တစ်ခုပါ။ အာ့ရွာကနေ သုံးဖာလုံလောက်လမ်းလျှောက်ရသေးတယ်။ ချောင်းနက်ရွာက တောင်တွင်းကြီးမြို့နယ်ဘက် ရောက်သွားတယ်။ dead body (0:2) ဆက်ရေးဦးမှာပါ။
ကျေးဇူးပါ။
manawphyulay
January 17, 2017 at 4:47 pm
အင်း ဒီဇာတ်လမ်းကို ဖတ်မိတော့ ဖေဖေ အက်စီးဒင့်ဖြစ်တုန်းက ပြန်သယ်လာတာ မျက်စိထဲ မြင်ယောင်မိတယ်။ အဲတုန်းကတော့ အစ်ကိုတွေကော ဦးလေးတွေကောက ဘယ်သူမှကြောက်လန့်စိတ်မဖြစ်ကြဘူး။ နာရေးကားနဲ့ နောက်ခန်းမှာ တူတူစီးလာခဲ့ကြတာပါပဲ။
ko six
January 18, 2017 at 3:09 pm
အစ်မရေ
ကျွန်တော်ကိုယ်တိုင်လည်း အဖေ့နာရေးမှာ သယ်ခဲ့ရတာပါပဲ။
မတူတာက လင်မယားဖြစ်နေတာကိုး။
ကြောက်တတ်တဲ့သူက ကြောက်ကိုကြောက်တာ
Thint Aye Yeik
January 17, 2017 at 5:10 pm
အမြန်လမ်းမှာ ညဆယ်နာရီလောက်တော့ တစ်ယောက်ထဲ ကားမောင်းဖူးတယ်။
ညဘက် တစ်ယောက်ထဲ မောင်းရင် ကား နောက်ကြည့်မှန်ကို မကြည့်မိအောင် ပြောင်းပြန်လှည့်ထားပါ ဆိုတဲ့ ရှေးက ကားဆရာတချို့ ပြောစကားကို ကြားယောင်မိတာပေါ့။
ရုတ်တရက် ကြည့်မိရင် တချို့တွေက မှန်ထဲကနေ…ကားအနောက်ခန်းမှာ ထိုင်လျက် လိုက်တာတဲ့… သရဲတစ္ဆေတွေကို မြင်ပြီး
လန့်သွားတတ်…. ကြောက်ပြီး… လမ်းဘေး ဆွဲချ..တိမ်းမှောက်တတ်တယ်…ဆိုပါတော့လေ။
—————
ဆရာစစ် အဖြစ်ကို ဖတ်ပြီး… ကိုယ်ပါ..ရောပြီး အဲဒီ မသိုးမသန့် ကြောက်သလိုလို လန့်သလိုလို ခံစားချက်ကြီး ရလာတယ်
ရေးတာ ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးနိုင်လို့ ဆိုပါတော့ ။
ko six
January 18, 2017 at 3:11 pm
အင်း အဲ
ပြန်တောင် ကြောက်ရမလိုလို။
နောက်ထပ် ဘော်လူး တူးကို ရေးသင့်မရေးသင့်။
Thint Aye Yeik
January 18, 2017 at 3:57 pm
ဆက်ရေးပါဗျ။
ဖတ်ဖို့ အသင့်ပါ။
ရွာထဲ ရသဆိုင်ရာ ပိုစ့်လေးတွေ တက်နေတာမြင်ရ ဖတ်ရရင် ပီတိဖြစ်တယ်
😆
ko six
January 18, 2017 at 9:49 pm
အိုကေ။
အာမခံပရိတ်သတ်ပဲကိုး။
လာထား
ဝင့်ပြုံးမြင့်
January 18, 2017 at 1:26 am
ရီလိုက်ရတာ အူကိုနာရော။
ko six
January 18, 2017 at 3:13 pm
သဘာဝထဲက မရည်ရွယ်ဘဲ ဟာသ ဖြစ်ခဲ့ရတာပါ။ အဲတုန်းကတော့ ရယ်ဖို့နေနေသာသာ လန့်နေတာက တအား။
ခုမှ ပြန်တွေးပြီး ရယ်နေမိတာ
Ma Ei
January 18, 2017 at 11:48 am
အဲ့လောက် ကြောက်နေသူတွေအကြောင်းဖတ်ပြီး ရီနေရတာ ငိုအားထက်ရယ်အားသန်ဆိုသလိုပါဘဲ
ko six
January 18, 2017 at 3:14 pm
ဟုတ်ကဲ့။
ရယ်သောသူ အသင်ရှည်၏တဲ့။
ကျေးဇူးပါ။
ဇီဇီ
January 18, 2017 at 2:06 pm
ဖတ်ပြီး လန့်တာရော ရီချင်တာရော ၂ မျိုး ခံစားရ
:mrgreenn:
ko six
January 18, 2017 at 3:15 pm
ရသ နှစ်မျိုးခံစားရတယ်ပေါ့
kai
January 19, 2017 at 6:05 am
အဲဒီကျန်တဲ့ ၃ယောက်ကပြန်ပြောရင်.. အင်မတန့်အင်မတန်ဆိုးတဲ့.. သရဲကြီးဖြစ်သွားလိမ့်မယ်…။
ဟိုအမျိုးသမီးဆိုရင်တော့.. သူ့ကိုငုတ်တုတ်ထထိုင်ပြီး.. ဆွဲပါတယ်ကိုပြောမှာ..။
ဆိုတော့..
ဟိုကားဆရာ.. ဘုမသိဘမသိနဲ့.. နောက်ကြည့်မှန်ကို ပြောင်းပြန်လှည့်မနေနဲ့ဦး..။
နောက်ကြည့်မှန်ဆိုတာ.. နောက်ကိုကြည့်ဖို့ထားတာ…။ 🙂
ko six
January 20, 2017 at 2:37 pm
နောက်ကြည့်မှန်က နောက်ကိုပဲကြည့်ရတာ။
အဲ
နောက်မီးကလည်း နောက်ဘက်မှာပဲ လင်းရတာလား။
စဉ်းစားနေမိတာ
ကျော်လွင်ဖြိုး
January 19, 2017 at 3:55 pm
သူပြောမှပဲ ရယ်လဲ ရယ်ချင်၊ လူ့စိတ်ကိုလဲ စဉ်းစားမိ။
၈တန်း ၉တန်း လောက်တုန်းက တောမှာ အဖွားဆုံးတော့ ပြန်တာ
အဲဒီတုန်းက နေရာမရှိလို့ဆိုပြီး အလောင်းက ကုတင်ပေါ် ကိုယ်က ကြမ်းပြင်မှာ အိပ်။
ခုနေပြန်စဉ်းစားမှ လန့်တန့်တန့် နဲ့ း)
ko six
January 20, 2017 at 2:38 pm
တစ်ခါတလေတော့လည်း ကြောက်စရာဆိုပေမယ့်
ရယ်စရာတွေ ဖြစ်ကုန်းတာ။
ko six
January 20, 2017 at 2:42 pm
စောရီးဗျာ။
စာအရေးမှားသွားတာ တောင်ပန်းပါတယ်။ ပြန်မဖျက်တတ်လို့
ကျော်လွင်ဖြိုး
January 22, 2017 at 1:38 am
အို ရပါတယ်။
အဲတုန်းက ဘာမှန်းကို မသိလိုက်တာပါ။
ကိုယ့်ဟာကိုယ်လဲ ပြန်တွေး ရယ်ချင်တုန်း
တောတွင်းပျော်
January 21, 2017 at 10:11 pm
ဟိုမှာ မန် ့မယ်ပြောပြီး ဒီမှာလာမန် ့တာ။
ပထမ အမျိုးသမီး သတိလစ်တာကတော ့ဖြစ်တတ်တာမို ့
ဒုတိယ ကားဒရိုင်ဘာပါထပ်လစ်တော ့ ရီချင်လိုက်တာမှ
ဒါနဲ ့ စကားမစပ် ဒီအဖြစ်အပျက်ကို မပေါက်ကြားစေနဲ ့နော်
မြနမာ ့ရုပ်ရှင်တွေ ဇာတ်လမ်းအသစ်တွေ ဘယ်လိုမှ မထွင်နိုင်တော ့တာမို ့ ဆွဲချသွားပါအုံးမယ်
ko six
January 26, 2017 at 3:21 pm
အဲဒါကတော့ တားမရဘူး မောင်ရေ