မန်းရွှေစက်တော် ရောက်ခဲ့စဉ်တခဏ

ေမာင္ရိုးMarch 25, 20171min7969

ညရှုခင်း

မန်းချောင်းရင်ခွင်မှာ

 

 

မန်းစက်တော်ရာဘုရားပွဲကို ရီဗျူးရေးမယ်လို့ ကြံရွယ်ခဲ့ပေမယ့် ပွဲတော်ရက်သာကုန်တော့မယ် အခုထိမရေးနိုင်သေး . . . ။
.
.
အခုတော့ ရွှေစက်တော်ဘုရားပွဲရဲ့အပြောင်းအလဲလေးတွေကိုကြည့်ရင်း ရေးချင်လာမိပါတယ် ။
တကယ်တော့ မန်းစက်တော်ရာဆိုတာ အခုချိန်မှ ထင်ရှားတာမှမဟုတ်ဘဲလေ ။အင်းဝခေတ်စာဆိုတော်ကြီးရှင်မဟာရဋ္ဌသာရနုစဉ်ကတည်းက “ရွှေစက်တော်သွား တောလား ” ရယ်လို့ စာတစ်ဆောင်ပေဖွဲ့နဲ့ ခေတ်ကြေးမုံကိုပြခဲ့သေးတာမဟုတ်လား . .
“. . . တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍၊ သံကြူးမြည်စည်၊ စက်ရိပ်လည်၍၊ နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မခေါ်လျက် . . . ”
.
အခုလည်း ကျေးငှက်သာရကာသံတွေဆိတ်သုန်းနေပေမယ့် . . .
စိမ်းစိုမှိုင်းညို့နေတဲ့ သစ်ပင်တောတန်းတွေမရှိတော့ပေမယ့် . . .
အေးမြတဲ့မန်းချောင်းရေကတော့ စီးဆင်မြဲစီးဆင်းနေလျှက်ပါလေ . . .
ရွှေစက်တော်လို့ပြောလိုက်ရင်ပဲ စက်တော်ရာနှစ်ဆူကိုဦးခိုက်ဖူးမျှော်ရင်း စိမ်းကြည်နေတဲ့ မန်းချောင်းရေတွေရယ် ၊ ခြေရာမဲ့စွာပျံသန်းလာတဲ့ လေနုအေးတွေရယ် ပြီးတော့ မြေလတ်ဒေသရဲ့ အလွန်ကြီးကျယ်ခန်းနားတဲ့ သဘာဝပွဲဈေးတန်းတွေက စိတ်ဝိညာဉ်ကို ညှို့ယူနိုင်စမြဲမဟုတ်ပါလား . . .
.
.
ဒီလိုနဲ့ဘဲ မန်းရွှေစက်တော်ခရီးစဉ်လေးကို ပြန်ပြောရမယ်ဆိုရင်ဖြင့် . . .
.
.
နှစ်စဉ်ကျင်းပမြဲဖြစ်သောတပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ပေါင်း (၈၀)ကျော် ကျင်းပသည်ဖြစ်၍ အချိန်တိုတောင်းသော်လည်းတစ်နှစ်ထက်တစ်နှစ် ပို၍ပင်စည်ကားလှသည် ။ ရာသီဥတုနှင့်နေရာဒေသအခြေအနေအရဒီအချိန်လေးအတွင်းသာကျင်းပရသည်မို့ အနယ်နယ် အရပ်ရပ်မှဘုရားဖူးလာသူများ စုံလင်လှပေသည်။ ကိုယ်ပိုင်ကားများနှင့်တမျိုး ၊ ဘုရားဖူးလိုင်းကားများနှင့်တသွယ်စုဝေးရောက်လာကြသည်မို့ ရုံးပိတ်ရက်နှင့် စနေ၊တနင်္ဂနွေနေ့များဆိုလျှင် မန်းချောင်းနံဘေးမှ တဲတန်းကြီးများတွင် နေရာမရတတ် …။အလုအယက်နေရာယူရ အခန်းရှာကြရတော့သည်။

ရွှေစက်တော်ဘုရားပွဲ၏မြင်ကွင်းသည်ကား တော်တော်များများပြောင်းလဲနေပေပြီ ။သန့်ရှင်းသောရေလောင်းအိမ်သာများနှင့်လျှပ်စစ်မီးလည်းထိန်ထိန်ငြီးနေပါပြီ ။အထက်စက်တော်ရာသို့ တောင်တက်ကားများနှင့်လည်း သွားလို့ရနေပြီဖြစ်သည် ။
တချိန်က သုနာပရ န္တ တိုင်းအဖြစ်ထင်ရှားခဲ့သောဤဒေသသည် ဘုရားပွဲတော်ချိန်ရောက်တိုင်းအထူးစည်ကားလှသည်။ “ရွှေစက်တော်အစ ၊ ကျောင်းတော်ရာက ၊ကျောင်းတော်ရာအစ မဟာပုဏ်ဏက “ဟုစာဆိုရှိသည့်အတိုင်း …ရွှေစက်တော်ဘုရားဖူးရင်း သမိုင်းအရဆက်စပ်နေသော မကွေးမြသလွန်စေတီ ၊ မင်းဘူးစကိ္ကန်းတဲစေတီ ၊နဂါးပွက်တောင်နှင့်လယ်ကိုင်းမြို့အနီး ဝါဏိဇ္ဖဂါမရွာစန္ဒကူးကျောင်းတော်ရာသို့သွားရောက်ဖူးမြော်နိုင်ပါသည် ။
တောရိပ် တောင်ခွင်နှင့်ခွေခေါက်၍စီးဆင်းနေသောလွမ်းမောဖွယ် မန်းချောင်းသည်ဘုရားပွဲတော်အားတစ်နည်းတဖုံအရောင်တင်ပေးလျှက် ကြည်နူးဆွတ်ပျံ့ဖွယ်ရှိချေတော့သည်။

~~~~~~~~~~~~~~~~~~~~~~
**ကြည်ညိုဖူးမျှော် မန်းစက်တော်သို့ **

ခါနွေဆန်းကာစ လွမ်းငွေ့ဝေဝေ မြူတွေဆိုင်းသော မတ်လ၏အစပိုင်းတစ်ရက်တွင် ကျနော်တို့အဖွဲ့မန်းရွှေစက်တော်ခရီးစဉ်စတင်ခဲ့ပါတော့သည် ။
သီးသီးသန့်သန့်သွားလိုသဖြင့် ကားအငှါးလုပ်ငန်းတစ်ခုမှ စင်းလုံးငှါးမော်တော်ယဉ်တစ်စီးငှါးရမ်းခဲ့သည် ။
ကျနော်အပါအဝင် ခုနှစ်ယောက်သာလိုက်ပါမည်ဖြစ်သော်လည်း ချောင်ချိသက်သာစေရန် ၁၄ ယောက်စီး တစ်စီးငှါးလိုက်သည် ။
မိတ်ဆွေအပေါင်းအသင်များအတွက်လည်း အညာလက်ဆောင်လေးများ ဝယ်ရဦးမည်ဆိုတော့ အပြန်တွင်ကားသိပ်ချောင်လှမည်မထင်ပေ။

ရန်ကုန်မှစတင်ထွက်ခွါချိန်သည် ည (၁၀)နာရီ ။
ယခင်ရောက်ခဲ့ဖူးသော ပုသိမ် မုံရွာလမ်းမှ သွားမည်ထင်ခဲ့သော်လည်း ထောက်ကျန့်လမ်းဆုံကိုတည့်တည့်ဖြတ်၍ အမြန်လမ်းဆီသို့ဦးတည်လိုက်သဖြင့် ဒရိုင်ဘာအစ်ကိုကြီးကို တအံ့တဩမေးကြည့်မိသည် ။
ဪ . . . ရွှေစက်တော်ဘုရားပွဲသည်သာမက ခရီးလမ်းပန်းဆက်သွယ်ရေးတွေပါပြောင်းလဲနေပြီပဲ ။
ရွှေစက်တော်သို့ရန်ကုန်မှသွားမည်ဆိုလျှင် ဦးစွာပထမ အမြန်လမ်းမိုင်တိုင် ၂၂ဝ သို့အရင်သွားရမည်ဖြစ်သည် ။
ထိုနေရာမှ အနောက်ဘက်သို့လမ်းခွဲအတိုင်းဆင်းလေသော် လမ်းနှစ်သွယ်ကိုတွေ့ရမည်ဖြစ်သည် ။
ပထမလမ်းကြောင်းကား နေပြည်တော် – တောင်တွင်းကြီးလမ်းဖြစ်ပြီး ဒုတိယလမ်းသည်ကား နေပြည်တော် – ကန်ပြားလမ်းဖြစ်လေသည် ။
ကျနော်တို့ရွေးချယ်သောလမ်းသည် နေပြည်တော်ကန်ပြားလမ်းဖြစ်ပြီး ထိုနေရာမှ ၇၉ မိုင်ခန့် ကွာဝေးလေသည် ။
ပဲခူးရိုးမ၏ တောင်စွယ်ကုန်းတန်းများကိုကျော်ဖြတ်ရမည်ဖြစ်သဖြင့် အတွေ့အကြုံရှိသော ယဉ်မောင်းများဆိုပါကအခက်အခဲရှိမည်မဟုတ်ပေ ။
တောင်ပေါ်လမ်း အဖြစ် မိုင်၃ဝကျော်ခန့်စီးနင်းရမည်ဖြစ်သဖြင့် မူးတတ်သူများဖြစ်ပါက ကြိုတင်၍ ကာကွယ်ထားသင့်သည် ။

ကျနော်တို့အဖွဲ့ကတော့ ရိုလာကိုစတာစီးနေရသလိုပျော်ရွှင်နေသဖြင့် တောင်ပေါ်လမ်းအား တိုတောင်းလှသည်ဟုပင် ထင်မိနေပြန်သေးသည် ။ယခင်က ထိုလမ်းသည် အတန်ငယ်ကျဉ်းမြောင်းသည်ဟုသိရသည် ။ယနေ့တွင်မူ . . ကားနှစ်စီး လွတ်လပ်စွာရှောင်နိုင်ပြီဖြစ်သည်။
ထို ၇၉ မိုင်ခရီးအား လမ်းရှင်းပါက နှစ်နာရီခန့်သာမောင်းရသည် ။
လမ်းတလျောက်တွင်တော့ သစ်ငုတ်တိုများသစ်ခြောက်ပင်များနှင့် တန်ဆာဆင်အပ်သော တောင်ကတုံးများကိုတွေ့မြင်ရပေမည်။
ကန်ပြားရွာကိုရောက်တော့ မကွေးမြို့သို့ (ရ )မိုင် ဆက်မောင်းရပြန်သည်။ ဤသို့ဖြင့် ကြဇုဖန်ခါးသီးတို့၏ ဇာတိမြေဖြစ်သော မကွေးမြို့တော်သို့ နံနက် (၆) နာရီခန့်တွင်ရောက်ရှိခဲ့ပါတော့သည် ။

ဖန်ခါးမြို့တော်မကွေးမြို့၏ နံနက်ခင်းသည် ခတ်စိမ့်စိမ့်လေး အေးနေသေးသည် ။မြသလွန်စေတီပေါ်မှ မြင်ရသောဧရာဝတီသည် မြူနှင်းများဝေလျှက် တိတ်ဆိပ်ငြိမ်သက်နေလေသည် ။
ဒဏ်ရာဒဏ်ချက်များကိုကြိတ်မှိတ်ခံရင်း သူမ၏ရင်နှစ်မွှာကို ခွဲရက်လေသော အလယ်ကျွန်း များကိုမချိတင်ကဲကြည့်ရင်း အားတင်းထားနေသယောင် . . . ။

~~~~~~~~~~~~~~~~~~~~~~~~~
ယခင်က မင်းဘူးသို့ဇက်ဖြင့် ကူးရသည် ။ယခုသော် . . တံတားကြီးဖြင့် သက်တောင့်သက်သာ ကူးနိုင်ပြီဖြစ်သည် ။
မင်းဘူးရောက်တော့ ရှင်ပင်စကိ္ကန်းတဲစေတီနှင့် နဂါးပွက်တောင်သိူ့ ဝင်ရောက်ဖူးမျှော်ကြပြန်သည် ။
ပြီးမှ ရွှေစက်တော်သို့ ခရီးဆက်ကြသည် ။
ရွှေစက်တော်သို့ ဝင်ရောက်ရာလမ်းကြောင်းမှာ သုံးခုရှိလေသည် ။
ယခင်ကာလများက ပုသိမ် မုံရွာလမ်းကလာသောအခါ ပဒါန်းလမ်းဆုံသို့ရောက်သည် ။
ထိုမှတဆင့် ၈ မိုင်လမ်းခွဲမှ ဝင်လေ့ရှိသည် ။
ထိုလမ်းကြောင်းသည် အဆင်အတက်များပြီး မော်တော်ယဉ်များမတော်တဆအဖြစ်များကြသည် ။ထိုလမ်းကိုယခုချိန်တွင် အသုံးပြုသူအလွန်နဲသွားပြီဖြစ်လေသည် ။
ဒုတိယလမ်းကြောင်းမှာ ပုသိမ်မုံရွာလမ်းကြောင်းမှတဆင့် ငဖဲမြို့သို့သွားရသည် ။ငဖဲ မှ ရွှေစက်တော်သို့ ပုံမှန်သုံးလေ့ရှိသော ရွာလမ်းရှိလေသည် ။
သို့သော် ဒေသခံများမှလွဲ၍ဘုရားဖူး ဧည့်သည်များ အသုံးနဲလှသည် ။
တတိယလမ်းကြောင်းသည်ကား မင်းဘူး – အမ်းလမ်း အတိုင်းလာ၍ မိုင် ၂ဝ ကျော်ခန့်တွင် ပုသိမ်မုံရွာလမ်းသို့ဖြတ်ဖေါက်ထားသော ၁၁ မိုင်လမ်းခွဲကိုတွေ့ရပေလိမ့်မည် ။
ထိုမှတဆင့် ပုသိမ် မုံရွာလမ်းကိုကူး၍ ၃ မိုင်လမ်းခွဲဖြင့် မန်းစက်တော်ရာသို့ ဝင်ရောက်ရပါမည် ။
ထိုလမ်းသည် ယခင် ၁ဝ စုနှစ် နှစ်ခုခန့်က တောလမ်းသာသာ အဖြစ်သာရှိပြီး ကားကြီးများ သွား၍မရနိုင်ပေ။
ယနေ့တွင်မူ ကတ္တရာခင်းလမ်းမကြီးအဖြစ် ခန့်ခန့်ထည်ထည်ဖြစ်နေပေတော့သည် ။
ကျနော်တို့အပါအဝင် ဘုရားဖူးကားအများစုသည် ၁၁ မိုင်လမ်းခွဲမှ ရွှေစက်တော်သို့ ဝင်ရောက်ခဲ့ကြပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~
** မန်းချောင်းရင်ခွင်ဆီသို့ **

ရွှေစက်တော်ဘေးမဲ့တောကိုဖြတ်၍ ၃ မိုင်လမ်းခွဲမှဝင်လိုက်သည်နှင့်စိတ်လှုပ်ရှားနေမိသည် ။
စက်တော်ရာနှစ်ဆူကိုဖူးမျှော်ကြည်ညိုရင်း မန်းချောင်းရဲ့အထိအတွေ့ကိုခံစားရတော့မည်ဖြစ်၍ ရွှင်ပျကြည်နူးနေပြန်သည် ။
စက်တော်ရာ တဲကျောင်းတွေကိုတွေ့လိုက်သည်နှင့် ထပ်မံအံ့ဩရပြန်သည် ။
ယခင်ကထက် ၄ ဆခန့်ပိုလာသော တဲကျောင်း (ဝါး/ဓနိတို့ဖြင့်ဆောက်ထားသောတဲငယ်)များနှင့်တကွ ယမန်နှစ်က ကြားဖူးထားသောဈေး၏သုံးပုံတစ်ပုံခန့်သာပေးရသောအခန်းငှါးခများကိုကြည့်ရင်း ကျနော်ပါးစပ်အယောင်းသားဖြင့် ငေးနေမိပြန်သည် ။
မန်းချောင်းရေပြင်ကိုဖြတ်သန်းလာသောလေနုအေးသည်ကား ကျနော့်ကိုကျီစယ်နေလေပြီ။
အညာစာလွှာ အညာစာလေးများကိုရောင်းချနေသောဈေးသည်လေးများထံမှလည်း ဝယ်ယူအားပေးရပေဦးမည် ။
မျှစ်ခြောက်၊ ထန်းလျှက် ၊ ပေါက်ပေါက်ထန်းလျှက် ၊ မကျီးတော်ဖီ ၊ မုန့်လေပွေ ၊ ကြက်ဥမြေပဲ ၊ စသည် စသည်များးးး . . . ။

ပထမဦးစွာ တဲကျောင်းနှစ်ဆောင်ငှါးလိုက်သည် ။
ပြီးနောက် အောက်စက်တော်ရာသို့ ဝင်ရောက်ဖူးမျှော်ဦးတိုက်ပြန်သည် ။
ကာဗွန်နံ့ကင်းလေသော လေနုအေးကိုတဝကြီးရှူရှိုက်ရင်း အထက်စက်တော်ရာသို့ တောင်တက်ကားများဖြင့် တက်ရောက်ဖူးမျှော်ပြီး ရွှေစက်တော်တဲကျောင်းများနှင့် မန်းချောင်းကို အပေါ်စည်းမှကြည့်နေမိသည် ။
ချောင်းထဲတွင်တော့ ရွှေပွဲလာများရေစိမ်နေကြလေပြီ ။

အထက်စက်တော်ရာမှပြန်ဆင်းလျှင်တော့ မန်းချောင်းရေမှာစိမ်ရင်း ဘဝအမောတွေဖြေပါဦးမည် ။
ကြည်စိမ်းနေသော ချောင်းရေပြင်တွင်ကူးခတ်နေသည့် ငါးကလေးများကိုလည်း ရေတွက်ပါဦးမည် ။
ချောင်းရေပြင်အောက်ခြေမှ ကျောက်စရစ်ဖြူဖြူလေးများကိုလည်း အိမ်အပြန်လက်ဆောင်အဖြစ် သိမ်းဆည်းရမည် ။
တွေးရင်း . . တွေးရင်း. . . . ပြန်အဆင်းတွင် ကျနော်ခြေလှမ်းများ သွက်လက်နေမည်ဟု ဆိုပါလျှင် . . . . . ။

လေးစားလျှက်
မောင်ဆာမိ

 

9 comments

  • Thint Aye Yeik

    March 25, 2017 at 7:04 pm

    ရွှေစက်တော်ကို အခုထိ မရောက်ဖူးသေး။ ပုသိမ်ကနေ- ဥသျှစ်ပင် (ပြည်မြို့တောင် ဝင်လိုက်သေး)-မင်းဘူး-မကွေး ထိ… ပုသိမ် – မုံရွာလမ်းအတိုင်း ပဒါန်းတို့ ဘာတို့ကို ကျော်ပြီး မောင်းဖူးတယ်။ ပုသိမ်- မုံရွာလမ်း…လုံးဝ မကောင်း။ ကျဉ်းလည်းကျဉ်း… ဆိုးလည်းဆိုး။
    —-
    မကွေးကို နေပြည်တော်- တောင်တွင်းကြီး လမ်းကနေလည်း သွားဖူး။ နေပြည်တော်- ကန်ပြားလမ်းကနေလည်း သွားဖူးတော့ အဲဒီလမ်းအကြောင်း ဖတ်ရတာ… သွားဖူးတဲ့အချိန်လေးကို ပြန်အမှတ်ရပြီး လမ်းဘေး မြင်ကွင်းတွေ စိတ်ထဲ ပေါ်လာတယ်။
    —-

    မကွေးမှာ မြသလွန် မဝင်ခဲ့ဘူးလား။
    ဧရာဝတီ မြစ်ကမ်းဘေးက ငွေသောင်ယံကမ်းရဲ့အစပ်မှာ ရှိတဲ့ မြသလွန်က
    မင်းဘူးဘက် ကူးတဲ့ တံတားကြီးနဲ့ သိပ်မဝေးဘူးနော်။
    :k:

    မရောက်ဖူးတဲ့ နေရာတွေအကြောင်း ဖတ်ရရင် ခြေထောက်တွေက ဗိုက်ဆာလာတယ်
    :k:

  • surmi

    March 25, 2017 at 7:13 pm

    ရောက်တယ်
    နေ့လည်ဖက်ဆိုတော့ပူတယ်လေ
    မြသလွန်က ညရှုခင်းကောင်းတယ်

  • ဝင့်ပြုံးမြင့်

    March 26, 2017 at 8:20 pm

    ပို့စ်နဲ့တော့ မဆိုင်ဘူးပေါ့နော်။ မျှစ်ကြော်စိတ်ထဲမှာ အဲလောက်ကြီးတဲ့ ခြေတော်ရာတို့ စွယ်တော်တို့ဆိုတာ အမြဲစိတ်တွင်း ပဋိပက္ခဖြစ်တယ်။

  • kai

    March 27, 2017 at 4:24 am

    တိုင်းပြည်တိုးတက်လာရင်တော့.. ချောင်းဘေးတလျှောက်မှာတဲလေးတွေဆောက်သလို.. ဈေးရောင်းသလိုကို.. ခွင့်ပြုလိမ့်မယ်လို့ မထင်ဘူး..။
    သဘာဝကို သဘာဝအတိုင်းထားရတာမို့ပါ..။

    ဆိုတော့..
    သီဟိုကျွန်းမှာ အဲလိုခြေတော်ရာဆိုပြီး အဖုံးအုပ်ထား..။ တခါလှပ်ကြည့် ဒေါ်လာဘယ်လောက်ဆိုပြီး… ငွေရှာအလှူခံတာမျိုးလုပ်တယ်လို့ ဖတ်ဖူးတယ်..။
    အဲလိုကောက်လုပ်လိုက်ရင်.. ဒေါ်လာသိန်းချီထွက်လာမယ်..။ အဲဒီငွေကို.. မတည်ပြီး.. တောကြီးပြန်ဖြစ်လာအောင်.. အနည်းဆုံးဒေါင်း၊မျောက်၊သမင်လောက်တော့… မွေးသင့်.. ဘေးမဲ့တောလုပ်ထားသင့်..။ :k:

  • သျှားသက်မာန်

    March 27, 2017 at 2:21 pm

    ကောင်းပါတယ် တကယ်ကိုရောက်သွားတဲ့အတိုင်းပါပဲ..ကားမောင်းတဲ့သူဆိုတော့..ကားလမ်းအကြောင်းတွေပြောထား တာလည်း မိုက်ပါတယ်

  • ဂျစ်စူ

    March 28, 2017 at 2:47 pm

    ကေတီဗီ မာဆတ် နိုက်ကလပ် လစ်ရင်လစ်သလိုသွားတာကြတော့ မရေးရဲ ဘူး မလား

  • ဇီဇီ

    March 29, 2017 at 12:55 pm

    ဟိုတခါ ကွမ်းငုံရင်း ဇာတ်လမ်းဖစ်တာ မန်းစက်တော်မှာပဲ မဟုလား ငင်??
    ကျနော်က မရောက်ဖူးသေးဘူး

    :k:

  • manawphyulay

    April 21, 2017 at 3:46 pm

    ေ/ွှစက်တော်ကတော့ ဖြစ်နိုင်ရင် နှစ်စဉ် သွားရောက်ဖူးမြော်ချင်ပါတယ်။
    ခုတော့ မရောက်ဖြစ်တာ သုံး လေးနှစ်မကတော့ဘူး။ မန်းချောင်းလေးလည်းသတိရတယ်။

Leave a Reply