တွေးမိရာတွေ ရေးမိပါတယ်-၁

လင်းဝေSeptember 2, 20101min2124

ဒီနေ့ နည်းနည်းအားနေတော့ အင်တာနက်ပေါ် ဟိုဟိုဒီဒီ လျှောက်ကြည့်ဖြစ်တယ်။

ဟောင်ကောင်မှာ ဆန္ဒတွေပြကြတာလည်းကြည့်လိုက်ရတယ်။ ဟောင်ကောင်လူမျိုး ရယောက် မနီလာမှာသေသွားတဲ့ကိစ္စကို မကျေနပ်လို့။ ဖိလစ်ပိုင်ရဲတွေ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပါတ်သက်လို့ဒေါသထွက်နေကြတဲ့ ဟောင်ကောင်လူမျိုးတွေ လမ်းမပေါ်မှာ ဘုတ်တွေကိုင်ပြီး စာတန်းတွေကိုင်ပြီး လမ်းလျှောက်ကြတာပါ။ ဖိလစ်ပိုင်သံရုံး က ဟောင်ကောင်မှာ ရှိလားမရှိလားမသိပါဘူး။ သတင်းထဲမှာ လည်း သတိမထားမိလိုက်ဘူး။ ဆက်စပ်ပြီး Discovery ရုပ်သံ ရုံးချုပ်မှာ သေနတ်သမားက ဝင်ပြီး ဓားစာခံတွေ ဖမ်းထားတာကို ရဲက နှိမ်နင်းလိုက်နိုင်တဲ့သတင်းလည်းတွေ့မိတယ်။ သေနတ်သမားကိုတော့ အသေပစ်သတ်လိုက်တယ်လို့ပြောပါတယ်။ တော်လိုက်တဲ့ လက်ဖြောင့်တွေ။ မနီလာမှာတော့ ဘာတွေလုပ်နေမှန်းကို မသိတာ။ ရဲတွေက ကြောက်ကြောက်နဲ့ လျှောက်ပစ်တာနေမှာပါပဲ။ တီဗွီထဲမှာ မြင်ရကတည်းက အားမရတာ နောက်ဆုံး ရယောက်တောင်သေတယ်ဆိုတော့ တော်တော်ကြီးကို အံ့အားသင့်မိသွားတယ်။ နောက် အဲဒီမှာ အပိုင်စီးသူကလည်း ရဲအရာရှိဟောင်း သူတောင်းဆိုတာကလည်း ဘာမှ ကြီးကျယ်တဲ့ကိစ္စ မဟုတ်ဘူး။ သူ့ကို မတရားအလုပ်ဖြုတ်တာကို ပြန်ခန့်ဖို့လို့ပြောတာလေ။ ညှိပေးလို့ရတာပဲ။ စေ့စပ်ဆွေးနွေးမှုကောင်းကောင်းလုပ်ပေးရမှာကို ဘယ်လိုဖြစ်လို့ ပြီးစလွယ်လုပ်လိုက်တာလည်း နားမလည်မိဘူး။ အကွီနို က သူကိုယ်တိုင် မကိုင်တွယ်လို့လား။ တကယ်ဆိုရင် အဲဒီ ရဲအရာရှိ ရဲ့အမှုကို ပြန်စစ်ဆေးပေးသင့်တာပေါ့။ နောက်မှ တစ်ခါ အခုလို ပြန်ပေးဆွဲမှုနဲ့ သပ်သပ် သူ့ကို ရုံးတင်လိုက်လေ။ တစ်ခါတစ်ခါ အတွေးအခေါ်နဲ့ ယဉ်ကျေးမှု က လုပ်ပုံကိုင်နည်းတွေကိုပါ ထင်ဟပ်တာ အဲသလို ထင်ထင်ရှားရှားမြင်ရတယ်။

ဒီနေ့ တစ်ခုပြောဖြစ်တာ က တိုင်းပြည်နဲ့လူမျိုးအကြောင်းပါပဲ။ တိုင်းပြည်ဆိုတာ လူမျိုး၊ လူအဖွဲ့အစည်း တစ်ခု နေထိုင်ရာ နယ်မြေဖြစ်တယ်။ ထိုလူ့အဖွဲ့အစည်းဝင်များက ထိုနယ်နမိတ်အတွင်းနေထိုင်ရာမှ ကိုယ်ပိုင် ဓလေ့ထုံးတမ်း ယဉ်ကျေးမှုနဲ့ တန်ဖိုးထားမှုများဖြစ်တည်လာပြီး ထိုထုံးတမ်းများတန်ဖိုးထားမှုများနဲ့ယှဉ်လို့ လူ့အဖွဲ့အစည်းအတွင်း လုပ်ကိုင်စီမံပုံ၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံတွေ က ဖြစ်လာတာပါ။ အဲဒီမှာ လူကိုတန်ဖိုးထားသလား၊ အသိဉာဏ်ပညာကို ဘယ်လိုအလေးထားတယ်၊ ပြည်သူ့ဘဏ္ဍာကို ခိုးမစားပဲကောင်းစွာ လုပ်ကိုင်တာ၊ သက်ကြီးရွယ်အိုတွေကို ဘယ်လို ပြုစုဆက်ဆံတာ စတာတွေဖြစ်လာတာပါ။ အဲသလိုကောင်းတာတွေရယ် ( မကောင်းတာတွေရယ်ကောပေါ့လေ) လုပ်ကိုင်နေကျ ပုံစံလေးတွေ၊ စားသောက်နေထိုင်ပုံအပါအဝင်၊ အဲဒီတိုင်းပြည်ရှိရာ နယ်မြေက သဘာဝပတ်ဝန်းကျင် ရာသီဥတုတွေနဲ့ နေသားကျနေတာကနေပြီးတော့ တိုင်းပြည်ကို ချစ်စိတ် သံယောဇဉ်ဆိုတာဖြစ်လာတာပါပဲ။ ( ဒီထက်ပိုတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အရ တိုင်းပြည်ကိုချစ်တယ်ဆိုတာတွေလည်းရှိပါသေးတယ်)။အခုတော့ ပေါ့ပေါ့ပါးပါးပြောချင်လို့ အခြေခံအကျဆုံးလေးတွေကိုပဲ နည်းနည်းပြောပါရစေ။ ဒီလိုနဲ့ တိုင်းပြည်ကို ကာကွယ်တယ်၊ ကိုယ့်လူ့အဖွဲ့အစည်းကို စောင့်ရှောက်တယ်ဆိုတာဖြစ်လာပြန်ပါတယ်။ ဒီနေရာမှာ တစ်ခါ ကာကွယ်စောင့်ရှောက်တာနဲ့တင်မရပါဘူး။ တိုင်းပြည်ကို အမြဲတိုးတက်ပြီး လန်းဆန်းတက်ကြွနေအောင် လည်း လုပ်သင့်ပါသေးတယ်။ မျှော်လင့်ချက်တွေအပြည့်နဲ့ လှပတဲ့အနာဂတ်ကို မျိုးဆက်သစ်တွေ ရပြီး သူများတကာနဲ့ယှဉ်နိုင်အောင်လည်းလုပ်ပေးရပါဦးမယ်။ အမြဲလုပ်နေရမယ့် မရပ်မနားကိစ္စပါ။ တိုင်းပြည်ကို ကာကွယ်တတ်ယုံလေးဆိုရင်တော့ နောက်တန်းမှာပဲလူရှိတဲ့ ဘောလုံးအသင်းလိုသူများကို ဂိုးသွင်းဖို့မရှိပဲ တစ်ချိန်မဟုတ် တစ်ချိန်ဂိုးပေါက်ပြီး ရှုံးသွားနိုင်ပါတယ် ။ ဆိုတော့ လူတိုင်းက တိုင်းပြည်ကို ( ကိုယ့်ရဲ့ လူ့အဖွဲ့အစည်း ကို )တန်ဖိုးထားမှုစံနှုန်း၊ ယဉ်ကျေးမှု၊စည်းကမ်းတွေ မြှင့်တင်ဖို့ စဉ်းစားရင် လုပ်ရင်၊ တစ်ပိုင်းကလည်း  ရလာတဲ့ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုတွေကို ကာကွယ်စောင့်ရှောက်ရင် အကောင်းဆုံးဆိုတာတွေ ဖြစ်လာမှာပါ။ ကာကွယ်စောင့်ရှောက်တယ်ဆိုတာ စစ်တပ်ကြီးနဲ့လုပ်နေမှ မဟုတ်တာကိုလည်းသဘောပေါက်မယ်ထင်ပါတယ်။ကာကွယ်စောင့်ရှောက်မှုဆိုတာ ပေါ်ပေါ်တင်တင် စစ်တိုက်လာတဲ့ရန်သူတွေ ကနေကာကွယ်ရမှာဖြစ်သလို အခြားနည်းလမ်းနဲ့ဝင်လာတာတွေကလည်းကာကွယ်ရမှာပါ။ တိုက်စစ်ဆိုတာ ညာတောင်ပံကချည်းပဲလာမှာမဟုတ်သလို ဘယ်တောင်ပံကချည်းပဲလာမှာ မဟုတ်ပါဘူး။ ထောင့်ကန်ဘောယူပြီး ခေါင်းတိုက်သွင်းသွားတာလည်း ခံလိုက်ရနိုင်တာပါပဲ။အာလုံးညီညွတ်စွာ နဲ့ တာဝန်တွေကို မှန်ကန်စွာ ဆောင်ရွက်ဖို့သာ အဓိကပါ။ စိတ်ဓါတ်နဲ့ အတွေးအခေါ် မှန်ကန်ဖြောင့်မတ်ဖို့ပြောချင်တာပါပဲ။

4 comments

  • kopauk mandalay

    September 2, 2010 at 9:08 am

    မှန်ပါတယ် တိုင်းပြည်တစ်ခုကောင်းဘို့က အုပ်ချုပ်သူရော ပြည်သူပါ အပြန်အလှန်လေးစားဘို့လိုပါတယ်။
    အကြမ်းဖက်တဲ့ကိစ္စကို ရုတ်တရက်ဖြေရှင်းရတယ်ဆိုတာလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။
    ရှုုပ်ရှင်ထဲမှာသာ လွယ်ပေမယ့်တကယ့်လက်တွေ့မှာ အသက်နဲ့ရင်းရတာပါ။
    ဒီလောက်နဲ့ပြီးသွားတာကို ဘုရားသိကြားမတယ်လို့ ကျနော်ကတော့ထင်ပါတယ်။
    မြန်မာပြည်မှာ ဒါမျုးိတွေနောင်မကြုံပါစေနဲ့လို့ဆုတောင်းပေးပါတယ်၊

  • sususan

    September 2, 2010 at 10:18 am

    ရေးတာလေးရောတွေးတာလေးရော ကောင်းပါတယ်။

  • zawana

    September 2, 2010 at 3:08 pm

    ဖိလစ်ပိုင်က ကိစ္စကို ကျနော်လည်း အစကတည်းက ရင်တထိတ်ထိတ်နဲ့ တီဗွီရှေ့ကတောင် မခွာနိုင်အောင်ပဲ ကြည့်နေမိပါတယ်။ ကျနော့်အမြင်အရတော့ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ နဲတယ်လို့ ထင်ပါတယ်။ ရဲတွေက ကားတံခါးကို အတင်းဖွင့်ဖို့ ကြိုးစားကြတာတွေ မှန်တွေ ရိုက်ခွဲကြတာတွေ၊ အားလုံးဟာ မသပ်မရပ် နဲ့ပါ။ M – 16 ကိုင်ထားတဲ့လူကို အနီးကပ် လုံးထွေး သတ်ပုတ်ဖို့ စဉ်းစား နေကြပုံပဲ။ ထားပါတော့လေ၊ ပြီးခဲ့ပြီပဲ။
    သေဆုံးသွားရတဲ့ သူတွေ အတွက်တော့ အထူး စိတ်မကောင်း ဖြစ်ရပါတယ်။

  • japanesegirl

    September 13, 2010 at 9:00 am

    စိတ်ဓာတ်နဲ့ အတွေးခေါ် ရင့်ကျက်မှာသာ
    လူသားတိုင်းအတွက် အကျိုးထူးဖြစ်လာနိုင်ပါတယ်။

Leave a Reply