Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဇူလိုင် ၂၀၂၄

kaiJuly 30, 20244min5320

အမေရိကားတွင် ပုံနှိပ်သတင်းစာစတင်ထုတ်ဝေခဲ့ရာတွင် ယခုဇူလိုင်လ၌ ၁၈နှစ်တင်းတင်းပြည့်ပါသည်။ အယ်ဒီတာ့သင်ပုန်းပေါင်း ၁၈၇ပုဒ်ရေးခဲ့၏။
ဖြတ်သန်းခဲ့သော ဤခရီးမနီးပါ။ မြန်မာစာပေသမိုင်း /ဇာနယ်ဇင်းလောကတွင် ဤသို့လည်းမရှိစဖူးပါ။
ပုံနှိပ်သက်တမ်းကြာလာသည်နှင့်အမျှ ဖက်ဒရယ်နှင့်ပြည်နယ်အစိုးရတို့မှ အသိအမှတ်ပြုလာသလို အဆက်အသွယ်များလည်း ရလာပါသည်။
သတင်းစာမှဦးစီး၍ မြန်မာ-အမေရိကန်လူထုနှင့်ပွဲတချို့လုပ်လာ နိုင်သလို တခြားလူမျိုးခြားအမေရိကန်များနှင့်လည်း ပိုမိုဆက်သွယ်မှုထူထောင်လာနိုင်သည်။
မြန်မာ့ဂဇက်သည် အမေရိကားတွင်စတင်တည်ထောင်ခဲ့၍ မြန်မာ-အမေရိကန်တို့သတင်းနှင့် အကျိုးစီးပွားကိုသာ ရည်ရွယ်သဖြင့် ဤအမိမြေနှင့်နိုင်ငံတော်အတွက်သာ အဓိကဖြစ်ပါသည်။ အဖမြေမြန်မာပြည်ကိုလည်း ပစ်ပယ်ထားသည်မဟုတ်ပါ။ သင်ပုန်းတိုင်း၌ အမိမြေ/အဖပြည်ဆက်စပ်ရေးသား၍ အားထည့်လျှက်ရှိပါ၏။

လွန်ခဲ့သော ( ၂၄၈)နှစ် ဇူလိုင် ၄ရက်နေ့တွင် အမေရိက လွတ်လပ်ရေးရခဲ့သည်။ ဤသင်ပုန်းရေးချိန်သည် အမေရိက၏ရွေးကောက်ပွဲ နိုဝင်ဘာ ( ၅) သို့ ရက်၁၀၀ တိတိလိုရက် ဖြစ်သည်။
အမေရိကန် ၂၄၄သန်းမဲပေးခွင့်ရှိနေသည့် လာမည့်ရွေးကောက်ပွဲသည် အမေရိကပြည်ထောင်စုသာမက ကမ္ဘာကိုပါ ပြောင်းလဲသွားနိုင်သည်ဟု နိုင်ငံရေးတတ်သိပညာရှင်များက ဆိုကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံကို ကြီးစွာပြောင်းလဲမှုဂယက်ရိုက်ပါလိမ့်။
အမေရိကား၏ ယခုနှစ်ဇူလိုင်သည် သမိုင်းကျန်ရစ်မည့်အဖြစ်များဖြင့်ပြည့်နှက်နေပါသည်။ အစပိုင်းက လက်ရှိသမ္မတနှင့် သမ္မတဟောင်းတို့၏ ပြိုင်ပွဲဖြစ်သော်ငြား လက်ရှိသမ္မတမှာ ရွေးကောက်ပြိုင်ခြင်းမှ ရုတ်တရက်နှုတ်ထွက်လိုက်သဖြင့် အမျိုးသမီး ဒုသမ္မတနှင့် သမ္မတဟောင်းတို့၏ ပွဲဖြစ်သွားခဲ့သည်။


“ဒီမိုကရက်တစ်ပါတီ၏သမ္မတလောင်းလျှာ”

ဒီမိုကရက်တစ်ပါတီဖက်မှ သမ္မတလောင်းအဖြစ်ဝင်ပြိုင်မည့်သူမှာ (တရားဝင်ရွေးချယ်ခံရခြင်းမရှိသေးသော်လည်း) လက်ရှိဒုသမ္မတ ကမလာဟဲရစ်ဖြစ်သည်။
သူမသည် ပထမဆုံးသော Gen X မျိုးဆက်။ ဂျမေကန်လူမည်းဖခင်နှင့် အေးရှန်းအိန္ဒိယန်း မိခင်တို့မှ ကယ်လီဖိုးနီးယားပြည်နယ် ဥက္ကလံမြို့တွင်မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။ J.D. ဘွဲ့ကို University of California မှ ရထားသည်။ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်အဖြစ် ၆နှစ် ၊ စိနိတ်တာအဖြစ် ၄နှစ် တာဝန်ထမ်းဆောင်ပြီးနောက် သမ္မတဘိုင်ဒန်၏ရွေးချယ်တာဝန်ပေးမှုအရ အမေရိကရာဇဝင်တွင် ပထမဆုံးအမျိုးသမီး ဒုသမ္မတအဖြစ် ၄နှစ်ထမ်းဆောင်နေသူဖြစ်သည်။ မိဘအပါအဝင် ပညာတတ် အသိုင်းအဝိုင်းမှဖြစ်ကာ အိမ်ထောင်ဖက်မှာ လူဖြူ /ဂျူးရှေ့နေတဦးဖြစ်သည်။ အိမ်ထောင်ဖက်မှပါလာသော အသက် ၃၀နှင့် ၂၅နှစ်ရှိ သမီး၂ဦးရှိသည်။


“ဒုသမ္မတ၏ ဒုသမ္မတလောင်းများ”

လက်ရှိအခြေအနေအရ အရေးကြီးသောရွေးချယ်မှုဖြစ်ပါသည်။ သူမသည် လူမည်း-အေးရှန်းနွယ် အမျိုးသမီးဖြစ်၍ ယိမ်းပြည်နယ်မှ လူဖြူအမျိုးသားကို ရွေးချယ်ရမည်ဟူ၍ ကန်ပိန်း၏သဘောတရားတို့က ဆုံးဖြတ်ထားသည်။ လက်ရှိ၃ဦးစကာစစ်ထားပြီး Pennsylvania Gov. Josh Shapiro, Sen. Mark Kelly, D-Ariz., Minnesota Gov. Tim Walz တို့ဖြစ်၏။ ရေတပ်တွင် ကက်ပတိန်အဖြစ်အမှုထမ်းပြီး၍ အာကာသယာဉ်မှုးအဖြစ်လည်း ထမ်းဆောင်ခဲ့သည့် စိနိတ်တာ ကယ်ရီ ၏အိမ်ထောင်ဖက်မှာ ၂၀၁၁ ကသေနတ်သမား၏လုပ်ကြံမှုကြောင့် အာရီဇိုးနားပြည်နယ် ဟောက်စ်-အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အနားယူလိုက်ရသည့်သူ ဖြစ်သည်။ ပန်ဆန်ဗေးနီးယားဂါဗနာ ရှပ်ပီရိုမှာမူ ဘီလီယံနာ ဘလုမ်းဘတ်ဂ်၏အနီးကပ်လူဖြစ်ကာ ရန်ပုံငွေအရှာကောင်းသူ ပရိုအစ္စရေးဖြစ်လည်းဖြစ်၏။ ။ Minnesota Gov. Tim Walz မှာ သမဂ္ဂတို့၏အချစ်တော် အနီရင့်ရင့်ပြည်နယ်တွင် နေရာရှိသူဖြစ်ကာ အသက် ၆၀နှစ် နှင့် နိုင်ငံရေးအတွေ့အကြုံများသူပါတဲ့။
ကမလာဟဲရစ်သည် အမည်ပေါက်ပြီးတပါတ်အတွင်း အောက်ခြေလူတန်းစားတို့မှ သန်း၂၀၀ ရန်ပုံငွေစံချိန်တင်ရှာနိုင်ခဲ့၏။


“ထရမ့်ရလိုက်သော ကျည်တတောင့်”

ပထမကမ္ဘာစစ်ကြီးသည် ဖရန်စစ်ဖာဒီနန်ကို လုပ်ကြံပစ်ခတ်လိုက်သော ကျည်တတောင့်ကြောင့် မီးပွားကျထပေါက်ကွဲဖြစ်ပွားခဲ့သည်ဟု သမိုင်းကဆိုသည်။ ကျည်တတောင့်သည် ကမ္ဘာ့နိုင်ငံရေးကို ပြောင်းဆန်သွားအောင် ပြောင်းနိုင်စွမ်းရှိကြ၏။
ကျည်ထိပြီးနောက် ဒူးထောက်မကျ ရဲရင့်စွာ လက်ထောင်မြှောက်၍ “fight” ဆိုခဲ့ရကား နောက်ခံအမေရိကန်အလံတော်လွင့်လွင့်ဝယ် မျက်နှာသွေးကြောင်းစီးနေသော ထရမ့်၏ပုံရိပ်သည် အမေရိကန်လူထုသာမက ကမ္ဘာလူ့ထုနှလုံး သိမ်းကြုံးသွားနိုင်သည် ဆိုရမည်။
ကံကြမ္မာကို မြင်သာအောင် ကိန်းဂဏန်းဖြင့် ပြရလျှင် ထိုထိုအချိန်သည် ၁၀၀ အပြည့်ဆိုပါစို့

နောက်တရက်ခြားကာ ထရမ့်ခန့်အပ်ထားသည် ဖလော်ရီဒါဖက်ဒရယ်တရားသူကြီးမှ နိုင်ငံ‌တော်လျှို့ဝှက်ချက်ဖိုင်များ အား မလျှော်မကန်ကိုင်တွယ်သိမ်းဆည်းမှု ဖြင့် စွဲထားသည်အမှုအား ဖွဲ့စည်းပုံနှင့်မညီသော အစိုးရဆွဲချရှေ့နေခန့်အပ်မှုဟု အကြောင်းပြကာ အမှုကိုပယ်ဖျက်ပစ်လိုက်သည်။ ဤသည်ကို အနှုတ် ၂၅မှတ်ဟု ဤသူဆိုမည်။
လုပ်ကြံခံရစဥ်က ထရမ့်မှာသမ္မတရာထူးလက်ရှိမဟုတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရမှုအလွန်နည်းခြင်း။ -၅မှတ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ အီလွန်မတ်စ်မှာ လုပ်ကြံမှုအပြီးတွင် ထရမ့်၏သမ္မတအဖြစ်အားထောက်ခံလိုက်ခြင်း။ -၅မှတ်
ထရမ့်မှ စစ်တပ်ထွက် လူရွယ်တန်း စိနိတ်တာဂျေဒီဗန့်စ်အား ဒုသမ္မတလောင်းအဖြစ်ရွေးချယ်လိုက်ခြင်း။ -၁၀မှတ်
သမ္မတကိုယ်ရံတော်တပ်SS ဒါရိုက်တာမှ လုပ်ကြံခံရမှု အကြောင်းပြုနှုတ်ထွက်ခြင်း။ -၅မှတ်
သမ္မတဘိုင်ဒန် ရွေးကောက်ပွဲဝင်ပြိုင်ခြင်းမှ နှုတ်ထွက်လိုက်ပြီး ဒုသမ္မတအမျိုးသမီးဖြစ်သူ ကမလာဟဲရစ်မှ ပြိုင်ဖက်သမ္မတလောင်းအဖြစ်တက်လာသည်တွင် ထရမ့်၏ ကံအမှတ်လက်ကျန်ကုန်သည်ဟု ဤသူမြင်ပါသည်။ -၅၀ မှတ်
မီဒီယာတို့တွင် ထရမ့်အကြောင်းလျှော့ကျပျောက်ကွယ်သွားကာ ကမလာဟဲရစ်အကြောင်းတို့လွှမ်းမိုးလာသလို ခန့်မှန်းတွက်ဆဂဏန်းများတွင်လည်း ထရမ့်၏အသာရနေသောအမှတ်တို့ကို ကမလာဟဲရစ်စ်ကယှဥ်လာလေသည်။
နိုင်ငံရေးသည် သဘာ/ဝါလွန်စွာ စကားပြောပေ၏။ သမ္မတထရမ့်သည် ရသောအခွင့်ကို အပြည့်မယူလိုက်နိုင်သလို ဒီမိုကရက်ဖက်မှ ပယ်ချေလိုက်နိုင်သည်ဟုမြင်သည်။


“ရီပါ့ဗလစ်ကန်ပါတီ၏သမ္မတလောင်းလျှာ”

သမ္မတထရမ့်သည် လုပ်ကြံခံရပြီးမှ သူ၏ဒုသမ္မတလောင်းကို စိတ်ကြိုက်မျှခြေမလိုက် လက်တန်းရွေးထားပေရာ ရွေးပြီးမှ သမ္မတဘိုင်ဒန်နှုတ်ထွက်လိုက်၍ အခြေအနေတို့ပြောင်းကုန်ရာ နောင်တရသည်ပင် အသံတချို့ထွက်လာသည်။ ဒုသမ္မတလောင်းဂျေဒီဗန့်စ်မှာ အောက်ခြေကော်လာပြာလူဖြူဇာတိ ဖြစ်သော်ငြား ကက်တလစ်ဘာသာသို့ပြောင်းထားသူ အိမ်ထောင်ဖက်မှာ အေးရှန်းအိန္ဒိယန်းစစ်စစ် ဟိန္ဒူဘာသာဝင်ဖြစ်သဖြင့် ထရမ့်၏ အီဗန်ဂျလစ်ကယ်အခြေခံ ခရစ်ယန်အသိုင်းအဝိုင်းကို လွှမ်းခြုံရာတွင် အနည်းငယ်မျှ ထိခိုက်နိုင်သည်။
ဂျေဒီဗန့်စ်သည် သူ၏နောက်တွင် စီလီကွန်ဗယ်လီမှ ဘီလီယံနာ Peter Thiel ရှိသော်လည်း ထရမ့်အား ‘America’s Hitler’ ဟုဆိုဖူးသူဖြစ်သည်။


“ရွေးကောက်ပွဲ၏ အဆုံးအဖြတ် အချက်အလက်”


လက်ရှိသမ္မတဘိုင်ဒန်မှ ရုတ်တရက်နှုတ်ထွက်လိုက်သဖြင့် နိုင်ငံရေးရေချိန်တို့ ရုတ်တရက် ပြောင်းလဲသွားသည်တို့ရှိသော်ငြား အောက်ပါတို့သည် မဲပေးသူတို့အတွက် အရေးကြီးအချက်များပါ။
စီးပွားရေး ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့နှုန်း ၊ လူဝင်မှုကြီးကြပ်ရေး၊ ကမ္ဘာ့ဥတုရာသီအစွန်းရောက်မှု၊ တရားမဝင်ဝင်လာသူများ နှင့် ရာဇဝတ်မှု/မူးယစ်ဆေးဝါးမှု။ တိုင်းပြည်လုံခြုံရေး၊တို့ဖြစ်သည်။
စီးပွားရေးသည် အားကောင်းမောင်းသန် တက်လျှက်ရှိ၏။ အမေရိကားကို ယခုဆယ်စုနှစ်အတွင်း ကျော်လွန်မည့်စီးပွားရေးရှိဟန်ပြုခဲ့သော ချိုင်းနားသည် ပြုတ်ကျန်ရစ်ခဲ့လေပြီ။
တကမ္ဘာလုံး၏အဓိကငွေမာများနှင့်ချိန်ဆလျှင် ဒေါ်လာသည်ခိုင်မာလျှက်ရှိသည်။ အလုပ်လက်မဲ့နှုန်းမှာ ၄.၁%ဖြစ်၍ လူအများစုအလုပ်အကိုင်ရှိ/ဝင်ငွေရှိကြရကား ငွေကြေးဖောင်းပွမှုကြောင့် အခြေခံစားသောက်ကုန်စျေးနှင့်အရာရာ ယခင်ထက်စာလျှင်ဆချီတက်နေငြား စားသောက်ဆိုင်များပြည့်လျှက် ပြည်တွင်း/ပြည်ပ ခရီးသွားနှုန်းတက်လျှက်ရှိသည်။
သန်းချီသော တရားမဝင်ခိုးဝင်လာသူများကြောင့် မြို့ကြီးများတွင် သိသာစွာများလာသည့် အိမ်ခြေယာမဲ့များနှင့် လက်တီနို/နာများကို ပိုမြင်နေကြရသည်။ နယူးယောက်၏ဇိမ်ခံဟော်တယ်ကြီးများတွင် ခိုးဝင်များကခေတ္တတက်နေကြသည်လည်းရှိရာ ကုန်ကျငွေကို အမေရိကန်အခွန်ထမ်းများကကျခံရသဖြင့် ဒေါသတို့ထွက်ကြသည်လည်းရှိ၏။
ဇူလိုင်၂၅ က ကမ္ဘာမူးယစ်ပြန်ပေးနာမည်ကြီးဂိုဏ်း၏ အဓိကရခေါင်းဆောင်ကြီး ၂ဦးကို FBIမှဖမ်းမိလိုက်ပေရာ ခိုးဝင်နှင့်မူယစ်မှုများ အတိုင်းအတာတခုအထိ ဖြေလျှော့ကျလာမည်ထင်ရပါသည်။ လက်ရှိတွင် အမေရိကန်စစ်သားများပါဝင်ဆင်နွဲနေသော ပြည်ပစစ်ဟူ၍မရှိနေ။ အမေရိကအခွန် ငွေကြေးပုံအောထားသည့် စစ်စရိပ်တို့ဖြင့် တပါးနိုင်ငံများတွင် စစ်ကြီးများဖြစ်နေသည်။ ပိုမိုကျယ်ပြန့်လာမည့်သဘောမြင်ရ၏။
ခြုံဆိုရလျှင် အမေရိကန်အများစုသည် ဒီမိုကရက်သမ္မတဘိုင်ဒန်၏ပေါ်လစီကို မျက်နှာသာပေးထားသည်ဆိုမည်။


“မျက်နှာမလိုက် ငွေအကြိုက်”

ကမ္ဘာ့လောင်းကစားဝိုင်းကြီးများသည် ရွေးကောက်ပွဲအရှုံးအနိုင်ခန့်မှန်းရာတွင် လွန်စွာအရေးပါသည်။ ငွေကြေးဟူသည် လူသားကဲသို့ ဘက်လိုက်ခြင်း အစွဲမရှိ အရှုံးအနိုင်သာရှိသည်မဟုတ်ပါလား။
ဝိုင်းအားလုံးတွင် သမ္မတထရမ့်မှ အသာစီးရလျှက်ရှိသည်။ ယခင်သမ္မတဘိုင်ဒန်နှင့်လောင်းကြေးတွင် များစွာပြတ်သားသော်ငြား ယခုဒုသမ္မတကမလာဟဲရစ်နှင့်ထရမ့် လောင်းကြေးတွင်မူ သိပ်မကွာ။ မကွာငြားလည်းကစားဝိုင်းအားလုံးမှာ ထရမ့်ဖက်မှပုံအောထားဆဲပါ။
ထရမ့်၏ပေါ်လစီတို့ကို အသစ်ဟုမြင်ရန်မလို သက်တမ်း၄နှစ်ပြုပြီးရကား အကယ်၍ရွေးကောက်ခံရခဲ့လျှင် လာမည့်၄နှစ်သည် ပြီးခဲ့သောသက်တမ်း၏အဆက် အဆုံးသတ်ရာသာဖြစ်ပေမည်။ သို့ဆိုသော် ကမ္ဘာ့အာဏာရှင်နတပိုင်း နိုင်ငံများဖြစ်သည့် ရုရှား၊ ချိုင်းနား၊ မြောက်ကိုရီးယားနှင့် ဆော်ဒီအာရေးဗျတို့နှင့်ညှိနှိုင်း ဆက်လုပ်သွားမည့်ကိုမြင်ရသည်။ တနည်းအားဖြင့် အမေရိကား၏ မူလသမိုင်းအဆက်ဆက် ရန်သူတော် နိုင်ငံများနှင့်မိတ်ဖက်ပြုမည့်သဘောဖြစ်ရာ ဆိုင်ရာစစ်ပွဲကြီးများရပ်ဆိုင်းပြီးပြတ်သွားမည့်သဘောပါ။ ထရမ့်မှ ဖြစ်လတ္တံ့သော တတိယကမ္ဘာစစ်ကို ရပ်ပစ်နိုင်မည်ဟုပင်ကြွေးကျော်ထား၏။ နေတိုးနိုင်ငံများအပါအဝင် ထိုင်ဝမ် ဂျပန် တောင်ကိုရီးယား စသောနိုင်ငံများ အမေရိကား၏စစ်ရေးအရအကာအကွယ်လိုချင်ပါသလား။ ထိုက်တန်သည့် စရိပ်ကျသင့်ငွေပေးပါတဲ့။ သို့နှင့် ငြိမ်းချမ်းသော ကမ္ဘာကြီးကိုမြင်ရမည်လော။
ရေနံများအစွမ်းကုန်တူးထုတ်မည်ဖြစ်ရာ ကမ္ဘာ့စွမ်းအင်ထုတ်လုပ်မှုမှာ အမေရိကပထမဖြစ်လာမည်ဖြစ်သတည်း။ ထိုမှအကျိုးဆက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်မှုများ အဆများစွာတိုးတက်လာမည်ဖြစ်ရာ ဥတုရာသီအစွန်းရောက်ကြမ်းတမ်းမည်တည်း။
ငွေမရှိသူနိုင်ငံများ နေရစ်ခဲ့ကြရန်သာ။
အလုပ်မလုပ်သူ သက်ကြီးရွယ်အိုများအပါအဝင် တရားမဝင်နေသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတတ်နိုင်သလောက်လျှော့ပစ်မည်သာ။ နိုင်ငံတော်တွင်တာဝန်မရှိ ကိုယ့်တာဝန်ကိုယ်ယူကြရန်သာဖြစ်၏။ စွမ်းသူကျန် ဖြစ်သည်မဟုတ်ပါလား။
ထရမ့်သည် ရီပါ့ဗလစ်ကန်ပါတီ၏ အစွမ်းဆုံးခေါင်းဆောင်ဖြစ်ပြီး သူ၏အယူအဆပေါ်လစီများမှာ မူလ နှင့်မတူခြားနား၏။ ပြင်ဆင်ထားသော ၏လုပ်ထုံးလုပ်ငန်းစဉ်များအရသော်လည်းကောင်း ကန်ပိန်းနှုတ်ထွက်ကတိများအရသော်လည်းကောင်း တရားမဝင်နေသူများအနေနှင့် ချောင်မည်မထင်။ သမိုင်းတွင်မည့် တွင်ပါသွားကြမည့်အလားအလာရှိ၏။ ပြည်ဝင်ခွင့်ကိုလည်းတင်းကြပ် ခရစ်ရှန်မဟုတ်သူများ အထူးသဖြင့် အစ္စလမ်ဘာသာဝင်များ (ပြီးခဲ့သည့် ၄နှစ်သက်တမ်းအတိုင်း) နိုင်ငံအလိုက် ရွေးချယ်၍ ပြည်ဝင်ပိတ်ပစ်မည်သာတည်း။


“အမျိုးသားရေးနှင့် ဘုရားသခင်၏ နိုင်ငံတော်”


အမေရိကားသည် လူမျိုးအသီးသီးတို့ လာရောက်အခြေချရာ နိုင်ငံကြီးဖြစ်သဖြင့် လူမျိုးတိုင်းသည် ဆိုင်ရာ ကိုးကွယ်သည့် ဘာသာ၊ Race လူမျိုးရေး နှင့် လာရာမူလဇာတိနိုင်ငံ လူမျိုးတို့အကျိုးစီးပွားကို ထိပ်တန်းမှစဉ်းစားပြီး မဲပေးရာတွင်ဆုံးဖြတ်ကြ၏။
ယခုနှစ် အမေရိကရွေးကောက်ပွဲတွင် လူဖြူခရစ်ရှန်အမျိုးသားရေးသည် နောက်ကွယ်မှ အကြီးဆုံးမောင်းနှင်အားဖြစ်၏။ ဥရောပနိုင်ငံများတွင် ပြောင်းလဲကျဆုံးလာသော လက်ယာစွန်း အမျိုးသားရေးနှင့် ခရစ်ရှန်အမျိုးသားရေး ကို လူဖြူတို့၏နောက်ဆုံးခံတပ်ကြီးဖြစ်သော အမေရိကားတွင် တွန်းလှန်တောင့်ခံထားသည်ဟု ယူဆကြသည်မှာ ဖွင်ြမပြောကြသော သတင်းစကားတည်း။
သို့နှင့် ဘုရားသခင်မှရွေးချယ်ပေးထားသည်ဟု ယူဆကြသည် သမ္မတဟောင်းထရမ့်အား မျက်စိမှိတ်၍ပုံယုံအပ်ရန်ပြင်ဆင်ထားသူအများစုပါ။ အထူးသဖြင့် ယိမ်းပြည်နယ်များတွင် ထိုသ‌ဘော မပြောပဲလွှမ်းရကား ယခုနှစ်တွင်ထိုထိုပြည်နယ်များဤ ထရမ့်မဲအရများနိုင်၍ အီလက်တိုရယ်မဲအားဖြင့် သမ္မတအဖြစ်ရွေးကောက်ခံရမည်သဘောကို နိုင်ငံရေးသမားကြီးများအထင်းသားမြင်ကြရသည်။
သက်တမ်း၅၀ ကျော်နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးဖြင့်သာကြီးပြင်းလာသော “နိုင်ငံရေးသတ္တဝါ” ဆိုရမည့် သမ္မတဘိုင်ဒန်သည် ဤအချက်ကို ကောင်းစွာသုံးသပ်သိမြင်ပုံပေါ်ပါသည်။
ထရမ့်အား လုပ်ကြံမှုကြောင့် လူထု၏ သနားညှာတာမှုရေချိန် အတက်ဆုံးအချိန်ကိုက် ရုတ်တရက်နှုတ်ထွက်လိုက်ပြီး ဒုသမ္မတအား ထောက်ခံလိုက်ပေရာ ထရမ့်နှင့်သူ၏ကန်ပိန်း(ရွေးကောက်ပွဲအောင်နိုင်ရေး) အဖွဲ့မှ ဆင်ထားသည်ဂွင်တို့ ပျက်ကုန်သည်။

ယခုအခြေအနေတွင် ဘက်ညီနေရင်း နှစ်ဖက်ကံဇာတာချိန်ခွင်လျှာမှာ အလယ်တန်းနေသည်ဟု ဤသူမြင်ပါသည်။
ရက်၁၀၀ ကျန်သေးသဖြင့် မထင်မှတ်သည်တို့များစွာလာပါဦးမည်။ အထူးသဖြင့် ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးသည်မှာ “အောက်တိုဘာအံ့ဖွယ်” ခေါ် အောက်တိုဘာလတွင်းအဖြစ်အျပ်က်များဖြစ်သဖြင့် စောင့်ကြည့်ရပါလိမ့်။ထရမ့်တွင်ရှိနေသော ရာဇဝတ်မှု တို့ဂယက်လည်းရှိသေး၏။
ပဋိပက္ခနှင့် စစ်ကြီးများလည်းဖြစ်ပါဦးမည်။ ဥတုရာသီတို့အစွန်းရောက်၍ သဘာဝအားဖြင့်ဖျက်ချပြိုပစ်သည်များလည်း လာပါဦးမည်။
အာရှနှင့်ဥရောပတွင် ကိုးကွယ်ရာဘာသာတရားနှင့်ဘာသာဝင်များဦးရေကျဆင်းလျှက်ရှိသည်။ အစ္စရေး-ဂါဇာတွင် ဘာသာရေးအခြေခံသော စစ်ကြီးဖြစ်လျှက် အသက်ပေါင်းသောင်းချီသေကြေပျက်စီးနေ၏။ ထိုခေတ်ကာလမျိုးတွင်အမေရိကား၏ နိုင်ငံရေး၌ အီဗန်ဂျလစ်ကယ် ခရစ်ရှန်အမျိုးသားရေးလာရောက်ဆက်နွယ်နေသည်မှာ အံ့သြစရာပါ။ မြန်မာပြည်တွင်လည်း မြန်မာ့ နည်းမြန်မာ့ဟန်နှင့် ထို့အတူတည်း။