ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်းသိသလောက်

badbabylay09@gmail.comOctober 7, 20101min1941

ဆရာကြီး သခင် ကိုယ်တော်မှိုင်းလို့ အသံကြားရတိုင်း ကြည်ညိုစိတ်၊ လေးစားစိတ်၊ ချစ်ခင်စိတ် ပေါ်လာသည်ချည်း။ ‘ကွမ်းအစ်တစ်လုံး သျှောင်တစ်ထုံးနှင့် ရင်ဖုံးအင်္ကျီ ဖျင်ပင်နီနှင့် ယောထည်ပုဆိုး
မင်ကြောင်ထိုးနှင့် အဘိုးကဝိ ပညာရှိ’ ဆိုတဲ့ ကိုယ်ရေးတဲ့ ကဗျာပိုဒ်ကလေးကို
ကိုယ့်ဘာသာ သီဆိုရင်း ကြည်နူးပီတိနဲ့ မြင်ယောင်လာသည်ချည်း။ (၁၉၅ဝ)ခုနှစ်က
မန္တလေးဘုရားကြီး (၄၅)တာကွင်းကြီးမှာ ဆရာကြီး မှိုင်းကို
ကိုယ်တိုင်မြင်ခဲ့ဖူးတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆရာကြီးဟာ
တစ်နိုင်ငံလုံးလှည့်ပြီး တရားဟောစဉ်ကပါ။ ဆရာကြီးရဲ့
ခန့်ညားပြီး ကြည်ညိုဖွယ်ရာ ဥပဓိရုပ်၊ အောင်မြင်ပြီး ကရုဏာသံ မေတ္တာသံပါတဲ့
အသံဩဇာ တို့ဟာ နှလုံးသားမှာ စွဲထင် နေရစ်ခဲ့တယ်။ ‘ဆရာမသေခင်
ငြိမ်းချမ်းရေး ရတာကို မြင်ချင်တယ်’ လို့ မိဘရဲ့ မေတ္တာစမ်းရေသံကို
မမေ့နိုင်ဘူး။ ‘ကောင်းကျိုး အထွေထွေရယ်နဲ့ ချွန်စေမြစေသော်၊ ဒေါင်းအိုး
ဝေရယ်လို့ တွန်စေကစေသော်’ဆိုတဲ့ ဆရာကြီးရဲ့ တိုင်းပြည်အပေါ်မှာ ထားတဲ့
စေတနာကို ‘ရွှေမြတောင်သာတဲ့ တိုက်ဆီက နေလနှစ် ဆောင်ပါတော်မူတဲ့ အခိုက်’ က
ကိုယ်တွေ့ဇာတ်လမ်းကို လွမ်းမောတသဖွယ် မိန့်ဆိုခဲ့တယ်။ ဆရာကြီးနဲ့
တပည့်တွေဟာ နိုင်ငံလွတ်လပ်ရေးအတွက် အဆင်းရဲခံ၊ အငတ်အပြတ်ခံပြီး စိတ်ညီလက်ညီ
ဆောင်ရွက်ခဲ့ကြတဲ့ အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်း အောင်းမေ့တယ်။
ရေနံချောင်း တို့ဗမာညီလာခံသွားရင်း တောင်တွင်းကြီး နယ်ဘက် ဘုရားတွေ
လျှောက်ဖူးကြတော့ တောင်တွင်းကြီးနယ်က ဘုရားတွေမှာ ထူးထူးဆန်းဆန်း
ခေါင်းလောင်းသံ ဆည်းလည်းသံ တိတ်နေတာကို သတိပြုမိတယ်။

အဲဒါနဲ့ တောင်တွင်းကြီး နတ်မှီတောရဝင်ပြီး အရှင်ဥက္ကဋ္ဌ ကိုဝတ်ပြုတော့ အဲဒီနယ်က ဒကာတွေနဲ့ လက်ဖက်ရည်ကြမ်းဝိုင်းမှာ အာလာပသလ္လာပစကား ဆိုဖြစ်ကြတယ်။ အဲဒီမှာ ဘုရားစေတီ တွေမှာ ခေါင်းလောင်းသံ ဆည်းလည်းသံ ဆိတ်ရခြင်းအကြောင်း
မေးမိသတဲ့။
ဒီတော့မှ မင်းကြီးရွှေလရောင် အကြောင်း လေးစားဖွယ် သိလာရတယ်။
အင်္ဂလိပ်နယ်ချဲ့သမားကို ခုခံတိုက်ခိုက်ဖို့ လက်နက်လိုတော့
မင်းကြီးရွှေလရောင်က ဘုရားစေတီတွေထံ ခွင့်ပန်ပြီး ခေါင်းလောင်းတွေ၊
ဆည်းလည်းတွေဝေ မစချီးမြှောက်တော်မူပါဘုရား။ သူ့ကျွန်ဘဝက လွတ်မြောက်ရင်
ခေါင်းလောင်းတွေ ဆည်းလည်းတွေ ဝေနေအောင် လှူဒါန်းပါ့မယ်ဘုရားလို့
လျှောက်ထားပြီး ခေါင်းလောင်းတွေ၊ ဆည်းလည်းတွေဖြုတ်၊ အရည်ကျိုပြီး
ပန်းပဲဖိုမှာ လက်နက်တွေ လုပ်ခဲ့တယ်ဆိုပဲ။ အဲဒီလို ခုခံတိုက်ခိုက်နေတော့
တောင်တွင်းကြီး တစ်နယ်လုံး အင်္ဂလိပ်က မသိမ်းပိုက်နိုင်ဘဲ ဖြစ်နေတယ်။ ဒီတော့
မင်းကြီးရွှေလရောင်ခေါ် ဗိုလ်မင်းရောင်ရဲ့ ခေါင်းကို ဆက်နိုင်ရင် ဆုတော်ငွေ
ဘယ်ရွေ့ဘယ်မျှ ချီးမြှင့်မယ်လို့ ကြေညာရသတဲ့။ ဒီတော့ အင်္ဂလိပ်ကပေးတဲ့
ဆုတော်ငွေကို လိုချင်မက်မောတာနဲ့ ကိုယ့်တပ်ထဲက ကမြင်းမသား စစ်ဗိုလ်တချို့က
မင်းကြီးရဲ့ဦးခေါင်းကို ဖြတ်ပြီး အင်္ဂလိပ်နယ်ချဲ့လက်ကို အပ်လိုက်သတဲ့။
ဒါကြောင့် ‘ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်တချို့ရယ်က
ကိုယ့်ဖို့အလွတ်ရုန်းရော့ထင်၊ တောင်ကုန်း သာသာယာယာ မြင်းမဏိစခန်းဆီက
တရှောင်ရှောင်ပုန်းကာ မင်းအမိအရ ဖမ်းချင်ကြတဲ့ပြင်’ လို့ ဆရာကြီးမှိုင်းက
မှတ်တမ်းတင်ခဲ့ပါတယ်။
အဲဒီအခါ ရွာကဒကာတွေက အဲ . . .ဗိုလ်မင်းရောင်ရဲ့ မြေးကလေး အခုရှိပါသေးကော၊
ရန်ကုန်တက္ကသိုလ်မှာ စာသင်နေတယ်ဆို ထင်ပါရဲ့ လို့လည်း ပြောလိုက်ရော
ဆရာကြီးမျက်စိထဲမှာ ဌာနချုပ် တို့ဗမာအစည်းအရုံးမှာ အမြဲလာနေတဲ့ မှုန်တေတေ
အကောင်လေး ဖြစ်ရော့မလားလို့ စဉ်းစားမိလိုက်သတဲ့။ ရန်ကုန်ရောက်ရင်တော့
ဒီကောင်ဆိုတာ ကလေးကို မေးစမ်းကြည့်ရဦးမယ်လို့ စိတ်ထဲ မှတ်ထားလိုက်တယ်။
သူ့နာမည်က အောင်ဆန်းဆို ထင်ပါရဲ့လို့ လူကြီးတွေက ပြောလိုက်သတဲ့။
ဒီလိုနဲ့ ဆရာကြီးမှိုင်းဟာ အောင်ဆန်းအကြောင်း၊ အောင်ဆန်းတို့အဘိုး
ရွှေလရောင်ခေါ် ဗိုလ်မင်းရောင် အကြောင်း၊ ဒီအောင်ဆန်းဆိုတဲ့ ကောင်လေး
ဦးစီးခေါင်းဆောင်ပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့ကို တိုက်ပွဲဝင်ခဲ့ကြောင်း၊
အောင်ဆန်းကျဆုံးတဲ့ အခါကျတော့ သီလသမာဓိရှိပြီး စိတ်ကောင်း၊နှလုံးကောင်း
ရှိတဲ့ မောင်နုကို ခေါင်းဆောင်တင်ကြကြောင်း၊ နားထောင်ချင်စဖွယ်
ခင်းကျင်းပြောပြပါတယ်။ မောင်နုကတော့ ဦးဆောင်နိုင်တဲ့ စွမ်းရည် နည်းရှာတယ်။
ဒါပေမဲ့ လူကောင်းတစ်ယောက်မို့ ခေါင်းဆောင် တင်မြှောက်ရတာမို့
ပုံခပ်ရိုင်းရိုင်းပြောရရင် ဗြဟ္မာ့ဘုံ နွားခုန်တက်သလိုပေါ့ကွယ်လို့
ပြောလိုက်တော့ ပရိသတ်တွေ တအုန်းအုန်း ရယ်မောကြပါတယ်။ ဒီတော့ သူမနာကိုယ်မနာ
သင်ပုန်းချေပြီး ငြိမ်းချမ်းအောင် ဆောင်ရွက်ကြဖို့ ဆရာကြီးက တိုက်တွန်း
လှုံ့ဆော်သွားခဲ့ပါတယ်။ ဆရာကြီးဟာ သားသမီးတွေ မညီမညွတ် ရန်စစ်ခင်းနေကြတာကို
မြင်ရတဲ့မိဘရဲ့ စေတနာမျိုးနဲ့ အိုကြီး အိုမပေမယ့် တကြောင့်ကြကြ
ဆောင်ရွက်ခဲ့တာပါ။
‘ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ စိုးနဲ့သန်းကိုလည်း
တစ်မျိုးကွဲလွမ်းသူ၊ ဆရာဖအေမှာဖြင့် မာပါစေသာပါစေ ဆုမွန်တောင်းတဲ့ အပြင်
ကမ္ဘာ အေးစေတီ ဒါယကာ မောင်ရွှေနုကိုလည်း အောင်ဇေယျတု အောင်ဇေယျတုနဲ့
မေတ္တာပို့လိုက်တဲ့ ဆိုတဲ့အတိုင်း သုပုန်နဲ့ အစိုးရအကြား
ပြည်တွင်းစစ်မီးမပွားအောင် အားကြိုးခနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
ဆရာကြီးမှိုင်းဟာ အလွန်ဖြူစင်သန့်ရှင်းတဲ့ သူတော်စင် ပညာရှင်ကြီးပါ။
သူ့ကိုယ်ကျိုး၊ သူ့အရေး၊ သူ့အတွက် တစက်ကလေးမျှ စဉ်းစားသူမဟုတ်ပါ။ ဒီလို
ကိုယ်ကျိုးစီးပွားကို လုံးဝ မထားနိုင်အောင် စွန့်လွှတ်ခဲ့တဲ့အတွက်
မြင့်လည်းမြင့်မြတ်၊ မှန်လည်းမှန်ကန်၊ စေတနာအမှန်နဲ့ ဦးဆောင်မှု
ပေးနိုင်ခဲ့တဲ့ နိုင်ငံတော်ရဲ့ မီးရှုးတန်ဆောင် ဖြစ်ရခြင်းပါပဲ။
မြန်မာနိုင်ငံမှာ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့
ရဲဘော်သုံးကျိပ်ဝင်တချို့ စတဲ့ ကိုယ်ကျိုးမဖက်၊ မေတ္တာ စေတနာသက်သက်နဲ့
ဆောင်ရွက်တဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။

One comment

  • kai

    October 7, 2010 at 11:43 pm

    မင်းကြီးရွှေလရောင်က ဘုရားစေတီတွေထံ ခွင့်ပန်ပြီး ခေါင်းလောင်းတွေ၊ဆည်းလည်းတွေဝေ မစချီးမြှောက်တော်မူပါဘုရား။ သူ့ကျွန်ဘဝက လွတ်မြောက်ရင်
    ခေါင်းလောင်းတွေ ဆည်းလည်းတွေ ဝေနေအောင် လှူဒါန်းပါ့မယ်ဘုရားလို့လျှောက်ထားပြီး ခေါင်းလောင်းတွေ၊ ဆည်းလည်းတွေဖြုတ်၊ အရည်ကျိုပြီး ပန်းပဲဖိုမှာ လက်နက်တွေ လုပ်ခဲ့တယ်ဆိုပဲ။

    သေသေချာချာဖတ်ပြီး … အတွေးနယ်ချဲ့သင့်တဲ့စကားပါ။
    တရုတ်ပြေးမင်းလက်ထက်ကလည်း ပုဂံကို မွန်ဂိုတွေဝင်တော့ စေတီပုထိုးတွေက အုပ်ခဲတွေ၊ ဌာပနာတွေအသုံးပြုပြီး မြို ့တော်မကျအောင် ခုခံခဲ့တယ်လို့ ဖတ်ဖူးတယ်။

    အခုခေတ်အခါကျတော့လည်း .. လူငယ်တွေကအစ ဘာသာရေးနဲ့ပါတ်သက်ပြီး အစွန်းတွေရောက်ကုန်တာတွေရှိတယ်..မြင်မိပါတယ်။
    အစွန်းဆိုတာ .. အလွန်အကျွံဖြစ်ကုန်တာကို ပြောတာပါနော..။

Leave a Reply