လွမ်းမိသေးတယ်…Hippocrates (အပိုင်း-၄)

maungmoenyoOctober 14, 20101min1101

ဟစ်ပိုကရေတိစ်ကပြောသော…”သမား”ဆိုသည်မှာ

မောင်မိုးညိုသိရသလောက်ဆရာဝန်ဘွဲ့ယူကြသူတိုင်း(ကမ္ဘာတဝှမ်း) ဟစ်ပိုကရေတိ (Hippocrates Oath) ကျမ်းကိုကျိန်ကြရပါသည်။ ဟစ်ပိုကရေးတီစ်ဆိုသူကားဂရိလူမျိုးဆေးသမားတို့ဖခင်ဖြစ်သည်။ “ဂီလာနဆောင်ဝေဒနာရှင်အပေါင်းတို့အား၊ ဆင်းရဲချမ်းသာမရွေး၊အချိန်အခါမရွေး ၊မိမိတို့တတ်အပ်သောပညာဖြင့် အစွမ်းကုန်ပြုစုကုသပါမည်”ဟုကျမ်းကျိမ်ဆိုချက်တွင်ပါပါသည်။ ယနေ့မြင်နေရသည်မှာမြန်မာနိုင်ငံတွင်သာမက ကမ္ဘာတဝှမ်းတွင်ကျန်းမာရေးအာမခံမရှိသူတို့ကအလုံးစုံအိပ်စိုက်ငွေပေးချေကုကြရပြီး၊ အာမခံရှိသူတို့ကလည်း သူတို့အာမခံ coverage သက်သေမထူနိုင်သရွေ့ ဘယ်ဆရာဝန်၊ သူနာပြုတို့ကမျှလက်ဖျားနှင့်မတို့ကြတော့ပါ၊ ဟစ်ပိုကရေတိ ကိုပြန်အသက်သွင်း၍ယင်းဖြစ်ရပ်တွေလက်ညှိုး ထိုးပြရတော့မည့်အဖြစ်ပင်။ coverage မရှိသောလူနာစမ်းသပ်မိသူအပေါင်းမှာလဲဒုက္ခရောက်ကြ သည်ဟုကြားဘူးသည်။ ဒီကြားထဲ (HIPAA)ခေါ်ကာယကံရှင်၏ကျန်းမာရေးဆိုင်အတွင်းရေးအချက်အလက် များလျှို့ဝှက်ကာကွယ်ရေးဥပဒေ (၁၉၉၆ တွင်အမေရိကန်၌အတည်ပြုသောဥပဒေ)ကလူနာနှင့်လူနာရှင်များ အကြားအကျနေရာဝင်ပြီးယူနေ ပေပြီ။ တလောကကိုယ်အကိုအရင်းခေါက်ခေါက်၏ကျန်းမာရေးတိုးတက်မှုအခြေအနေကိုမေးမြန်းမိသော မြန်မာဆရာဝန်တယောက်အဖြေမရယုံမကယင်းHIPAA နှင့်ကိုင်အပေါက်ခံခဲ့ရသည်ကိုကြားဘူးပါသည်။ အင်္ဂလိပ်ဘာသာ စကားကိုရေလည်အောင်မပြောတတ်ကြသောစာရေးသူတို့မြန်မာများမှာယင်းHIPAA ဝဲဩဂတွင်ဘာအဖြေ မှမသိရဘဲ၊သောကပွားကြရသည်မှမနဲပြီ။ တလောကလဲပြောင်းခိုလာသူ တိုင်းရင်းသားrefugee အမျိုးသမီး တဦးဆေးရုံအရေးပေါ်တက်ရ၍ဆေးရုံကဆင်းလာပြီးရက်အနဲငယ်ကြာမှ သူ့မကိုဘာခွဲစိပ်ပေးလိုက်ကြောင်းသိရ မှခြုံးပွဲချငိုရသည့်အဖြစ်ကိုနဖူးတွေ့ဒူးတွေ့ကြုံခဲ့ရသည်။ အဖြစ်မှာ ထုံးစံအတိုင်းဆေးရုံကခင်ပွန်းကိုပင်ဆေးရုံပေါ်တက်ခွင့် မပေးဘဲ (ဆေးရုံမှပြောသမျှဘာမှနားမလည်သဖြင့် အရေးပေါ်တွင်သာကျန်ရစ်ခဲ့၇) မြန်မာစကားပြန်နှင့်ဖုံးပေါ် တွင်အမေးအဖြေလုပ်ပြီးခွဲခန်းထဲသွင်းသွားပါသည်။ ဆေးရုံဝန်ထမ်းတို့မသိသည်မှာမြန်မာတိုင်းရင်းသားတိုင်းမြန်မာစကားနားလည်ကြသည်မဟုတ်ဆိုသည်ကိုပင်။ ထိုကိစ္စကိုrefugee များနှင့်ပါတ်သက်သောဌာန ပေါင်းစုံပါသည့်အစည်းအဝေးတွင်စာရေးသူမှတင်ပြသောအခါ အစည်းအဝေးတက်ကြသူအားလုံးကရင်သပ်ရှု မောဖြစ်ကြသည်မှလွဲ၍တည်ဆဲဥပဒေကိုဘာမျှပြင်၍မရကြောင်း နားလည်မိကြသည်။ ဝမ်းသာစရာကောင်းသောကိစ္စတခုမှာ-အမေရိကနှင့်အခြားနိုင်ငံများအသီးသီးတွင် ရောက်ရှိနေထိုင်ဆရာဝန် အလုပ်လုပ်ကိုင်နေကြသောမြန်မာဆရာဝန်အများစု (အများစုဟုဆုတောင်းပါသည်) ကမိမိတို့နှင့်သက်ဆိုင် ဆက်စပ်သောမိတ်ဆွေဉာတကဆွေမျိုးများကိုကြုံရင်ကြုံသလိုတိုးတိုးဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်ဆွေတတ်အား သမျှရိုင်းပင်းကြသည်ဟုသိရသည့်အတွက်အားကိုးမျှော်ကြသောမြန်မာမိသားစု များအတွက်လွန်စွာဝမ်းမြောက် ခြင်းဖြစ်ရသည်ကားအမှန်။

အမှန်ဆိုရလျင်တိုးတက်လာသောခေတ်မှီနည်းပညာနှင့်ဆေးကုထုံးများနှင့်သူနိုင်ငါနိုင်အပြိုင်ကျဲနေသောဆေးကုသစရိတ်တို့၏အားပြိုင်မှုကိုအမေရိကနှင့်ခေတ်မှီနိုင်ငံများကယနေ့အလူးအလဲခံနေရချိန်ဆိုလျင်မမှားပါ။ ဆရာဝန်များအပါအဝင်ဆေးဘက်ဆိုင်ရာပညာရှင်များအားလုံးလိုလိုကလည်းမိမိစမ်းသပ်တွေ့ရှိမှုများအပေါ်ဘာရောဂါဖြစ်နေသည်ဟူ၍လူနာအားမပြောတော့ပါ။ ရောဂါအဖြေကိုဓါတ်ခွဲစစ်ဆေးမှုအပါအဝင်ကိရိယာနှင့်စမ်းသပ်သောအဖြေပေါ်တွင်သာအခြေခံပြီးအဖြေကိုပေးကြတော့သည်။ ဥပဒေကြောင်းအရတရားစွဲဆိုမှုတွေများလာသောခုခေတ်အခါတွင်ဆရာဝန်များကမိမိလူနာကိုဘာရောဂါလဲဟုမပြောတော့သည်မှာဝမ်းနဲဘွယရာအချက်ပင်မဟုတ်ပါလား။ Liability ခေါ်မိမိအဖြေပေါ်မှာအခြေခံသောတာဝန်ယူရမှုကိုရှောင်ကျဉ်လာကြသည်။ တနည်းအားဖြင့်ဆိုသောစက်ကိရိယာပေါ်တွင်းအားကိုးမှုများလာသည်။ မိမိ၏ကိုယ်ပိုင်ဆေးပညာကျောထောက်နောက်ခံကိုအသုံးမျတောမရှိသလောက်ဟုပင်ဆိုနိုင်ပါသည်။ ဆေးပညာ၏အံ့မခန်းအောင်မြင်မှုကိုကိုယ်တိုင်ကြုံတွေ့ရသည်မှာမှန်သော်လည်း၊ဆေးရုံကုတင်ပေါ်ထိုင်ရင်း၊ဝေဒနာကိုခါးဆီးခံစားနေရချိန်တွင်ဆေးအာမခံကုမ္ပဏီ (insurance carriers)များနှင့်ငြင်းရခုန်၇၊စာရွက်စာတမ်း များဖြင့်လုံးပမ်းရသောဒုက္ခအပေါင်းကိုလူတိုင်းညီးညူကြစိတ်ဆင်းရဲသောကရောက်ကြရသည်။ ယနေ့အလုပ်လုပ်နေကြရသော senior လူတန်းစား၏(၈၅)ရာနှုန်းကိုယခင်ကဝင်ငွေကောင်းသောအလုပ်ရှိပြီး ပင်စင်ယူအနားယူပြီးသော်လည်းဘာကြောင့်ဆက်အလုပ် (အချို့အချိန်ပိုင်း)လုပ်နေကြရသေးသလဲဟု မေးကြည့်ပါ။  အဓိကအဖြေတခုထွက်လာပါလိမ့်မည် – healthcare insurance မရှိလို့…။ မောင်မိုးညိုနှင့်ရင်းနှီးသောကင်ဆာရောဂါသည်လုပ်ဖေါ်တဦးဆိုလျင်ခံစားရသောဝေဒနာထက်၊ယင်းကုမ္ပဏီများနှင့်နေ့တဓူဝရင်ဆိုင်ဖြေရှင်းရသောစိတ်သောကကပိုမိုကြီးမားနေကြောင်းဝန်ခံခဲ့သည်။ မတတ်နိုင်တော့သည့် အဆုံး၊ အမ တဦးကိုအလုပ်မှနားယူခိုင်းပြီးယင်းကိစ္စဝိစ္စအားလုံးကိုလွှဲရတော့သည့်အခြေရောက်သွား ကြောင်းမယုံနိုင်ဘွယ်ကြားရသည်။ တတ်နိုင်သောမိသားစုအသိုင်းအဝန်းမို့ပင်။ ဒီလိုနိုင်ငံတွေအနေနှင့်က လည်းစနစ်နောက်ကြောင်းပြန်လှည့်ပြီး၊ခေတ်ဟောင်းကလို ကိုယ်ကုသမျှကိုယ်အကုန်ပေးရသော (total out-of-pocket) ခေတ်သို့ပြန်ဘို့ကမဖြစ်နိုင်တော့။ ရောက်နှင့်နေပြီးသောအနေအထားမှအကောင်ဆုံးဖြစ်နိုင်မည့်စနစ်နည်းလမ်းကိုရှာရမည်မဟုတ်ပါလား။ အစိုးရအနေနှင့်ဤနေရာတွင်အရေးပါယုံမကတာဝန်ဟူရသောအပိုင်းကဏ္ဍဖြစ်လာသည်။

One comment

  • michaelaungpu

    October 15, 2010 at 2:21 am

    (အမှန်ဆိုရလျင်တိုးတက်လာသောခေတ်မှီနည်းပညာနှင့်ဆေးကုထုံးများနှင့်သူနိုင်ငါနိုင်အပြိုင်ကျဲနေသောဆေးကုသစရိတ်တို့၏အားပြိုင်မှုကိုအမေရိကန် နှင့် ခေတ်မှီနိုင်ငံများကယနေ့အလူးအလဲခံနေရချိန်ဆိုလျင်မမှားပါ)
    ဒီစာပိုက်လေးကို အထူးနှစ်ခြိုက်မိပါတယ်

Leave a Reply