အလံတော်တလူလူ… တေးသံသာယာ၏

ကြေးမုံပြင်ကို ကြည့်နေရင်
ဘယ်တော့မှ အမှန်ကိုမြင်ရလိမ့်မယ် မဟုတ်ဘူး။
မြုံနေတဲ့ အခွင့်အရေးတကြော
အတွေးတွေ ဆူပွက်အော်ဟစ်
မက်လုံးပေးထားတဲ့ ရှိုက်ဖိုကြီးငယ်တွေကြား တစ်စစ နစ်မြုပ်
ည အပြာကြီးထဲ
တို့တွေ ဘာများ ဟုတ်ခဲ့ရလို့လဲ။
ငေးလိုက်
ပန်းကုံးစွပ်ပွဲတော်ကြီးကို ငေးလိုက်
သံချေးတက်နေတဲ့ သော့တွဲအဟောင်းနဲ့ လူကြီးမင်းကို ငေးလိုက်
ချော့မြူသံတလူလူနဲ့ မစ္ဆေရိယလက်တွေကို ငေးလိုက်
ဘာမှ ဘေးဝင်မပြောဘဲ ငေးပြီးရင်း ငေးလိုက်
ပြီး ….. မောလိုက်။
နောက်ကျနေတဲ့ အိပ်မက်ဆိုးအလယ်မှာ
မိုးချုန်းသံနဲ့ မီးခိုးငွေ့တွေ နီစွေးသွားတယ်
အစိမ်းရောင် ကျောက်တိုင်အိုတွေ
အစိမ်းရောင် ကန့်လန့်ကာတွေ
အစိမ်းရောင် မုသာဝါဒါတွေ
သံဆည်းလည်းခတ်သံ တချွင်ချွင်ကြား
ခေါင်းပေါင်းစ တလွှားလွှားနဲ့ ရှေ့ကြည့် နောက်ကြည့်။
ရိပ်သာထဲမှာ
တရားရှာသူတို့ရဲ့ အိမ်မပြန်အလွမ်းများက
ခမ်းနားကြီးကျယ်သော အဆီတဝေ့ဝေ့ တောဘုရင်များအား
ဆေးသားညံ့ညံ့ မိတ္တူအစောင်စောင်နဲ့ ထုပ်ပိုး
ကျွန်တော်တို့ နှလုံးခုန်သံတွေ ရိုးသားခဲ့ပါတယ်
အမေ……………..
တယ်လီဖုန်းခေါ်သံ ယဲ့ယဲ့ယိုင်ယိုင်
ကိုယ်တိုင်ရေးစာအိတ်ပုံပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်
သူတို့…. ထိုင်နေကြတုန်းပဲ။
ပါးဟပ်မဟဘဲ ရယ်ပစ်လိုက်ကြစို့ရဲ့
ပရိသတ်တို့ ရိုင်းစိုင်းနေပါပြီ ပြဇာတ်မင်းသားများ…..
စတိတ်စင်ကို ကျောခိုင်းသွားဝံ့ပါတယ်ဆိုရင်
သင်နဲ့ ကျွန်တော်တို့ သဘောတူ
ကွာရှင်းပြတ်စဲ လိုက်ကြပါစို့ခင်ဗျား။                 ။

ဥက္ကာကိုကို(သံတွဲ)

၂၃ ၊ စက်တင်ဘာ ၊ ၂၀၀၇။