နတ်သမီးမသိတဲ့နှင်းတစ်စက်
(၁)
“ဟေး… မောင်”
အိုး။ သူ အနည်းငယ် အူမြူးသွားပြီး လက်ဖျစ် တစ်ချက်ပင် တီးလိုက်မိသည်။ အွန်လိုင်းပေါ်သို့ နတ်သမီး ရောက်လာပြီ။ ထို့နောက် သူ့လက်ချောင်းများက ကွန်ပျူတာ ကီးဘုတ် လက်ကွက်များပေါ်မှာ တဖြောက်ဖြောက် ရွေ့လျားနေတော့သည်။
“စောင့်နေတာ ကြာပြီဟ”
“ဆောရီး မောင်။ မ အလုပ် နည်းနည်း ရှုပ်နေလို့ပါ”
“တော်ပါ မမရာ။ မမက မောင့်ကို မချစ်ပါဘူး”
“အာ…။ မောင်ကတော့ ရစ်ပြီ။ တကယ် မအားလို့ပါ ကလေးရဲ့။ စိတ်မဆိုးနဲ့နော် ချစ်တယ်”
“ဟာ”
အရေးထဲကျမှ Connection က ကျသွားပြန်ပြီ။ သူ စိတ်တိုတိုနှင့် အသံထွက် ဆဲရေး ပစ်လိုက်တော့ အနားရှိစက်မှ ကောင်မလေးက ဘုမသိ ဘမသိ ကြောင်ကြည့်သည်။ သိပ်တော့မကြာပါ။ စောစောက G-Talk ပေါ်မှ ပျောက်သွားသော မီးလုံးလေး ပြန်စိမ်းလာသည်။
“Connection သိပ်မကောင်းဘူးကွာ မောင်”
“အင်း။ ဟုတ်ပါ့။ မောင်လည်း ထွက်တော့ မလို့။ ဗုဒ္ဓဟူးနေ့ လာမှာနော်”
“အင်းပါ”
“မဟာဗန္ဓုလပန်းခြံလမ်းက Mr. Brown ကော်ဖီဆိုင်နော်။ ဘာအရောင် ဝတ်လာမှာလဲ”
“အင်း… ပန်းရောင် အကျႌနဲ့ လာမယ်။ ရုပ်ကတော့ ဓာတ်ပုံထဲက အတိုင်းပဲ။ အဟင်း… မောင်ကရော”
“လည်ခေါင်းတုံးနဲ့ ဘောင်းဘီရှည်”
“အိုကေ။ ဘိုင့်… အာဝါးနော်”
“အင်း… အာဝါး။ ချစ်တယ် မမ”
G-Talk ကို Singout လုပ်၍ ပြန်ထွက်လိုက်ပြီး အချိန် ရသေးတာရော Connection အနည်းငယ် ကောင်းနေသေးတာရောကြောင့် စုဘူးဝက်ဘ် ဆိုက်မှာ ကဗျာတစ်ပုဒ် ရေးသွားရန် အကြံရပြီး အင်တာနက်ဖွင့်ကာmysuboo ထဲ ဝင်လိုက်သည်။
မနေ့က သူ တင်ထားသည့် ကဗျာလေး အောက်တွင် မျှော်လင့်ထားသော မှတ်ချက်လေး တစ်ခုက ဆီးကြိုနေသည်။
ကောင်းပါတယ်။ ဖတ်ရတာ တစ်မျိုးလေးပဲ။ အားပေးနေတယ်နော်။ နှင်းမြူသူ သဘောကျစွာ ပြုံးမိပြန်သည်။ သူ့ကဗျာတွေအောက်မှာ မှတ်ချက်လေးတွေ ထားသွား တတ်သော နှင်းမြူ ဆိုသည့် အမည်လေးကို သူ သတိပြုမိတာ ကြာပါပြီ။ နှင်းမြူ၏ Blog ဖိုင်လေး ထဲဝင်ကြည့်လိုက်တော့ နှင်းမြူဆိုတာ ၁၉ နှစ်အရွယ် အင်္ဂလိပ်စာ ကျောင်းသူလေး တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။
သူမရဲ့ Email လိပ်စာကိုတော့ မရေးထားတာကြောင့် သူ မတင်မကျလေး ဖြစ်ရသည်။ suboo wibsite မှာ ကဗျာလေး တစ်ပုဒ် ရေးပြီးတာနှင့် အင်တာနက် ကဖေးထဲမှ သူ ပြန်ထွက် လာခဲ့သည်။
(၂)
အကျႌကော်လာကို နေသားတကျ ဆွဲဆန့်ပြီး Mr. Brown ကော်ဖီဆိုင်ထဲသို့ ဝင်လာခဲ့သည်။ သူမနှင့် တူတာ တစ်ယောက်မှ မတွေ့ရ။ ဝိုင်းတိုင်းမှာ အတွဲတွေချည်းပဲ ဖြစ်သည်။ ချောင်ကျကျ စားပွဲတွင် ကောင်မလေး တစ်အုပ်သာ တီတီတွတ်တွတ်နှင့် လေပန်းနေကြသည်။ နတ်သမီး ရောက်မလာသေးတာ ဖြစ်မည်။ ကော်ဖီ တစ်ခွက် ယူပြီး ဝိုင်းအလွတ် တစ်ခုမှာ ဝင်ထိုင် နေလိုက်သည်။ ဆိုင်အတွင်းတွင် Lဆိုင်းဇီ၏ မိုးရာသီထဲ သီချင်းကို မတိုး မကျယ်လေး ဖွင့်ထား၏။ ဆိုင်အပြင်ဘက်မှာ မိုးတွေ ခပ်ဖွဲဖွဲလေး ကျလာသည်။
“စင်ရော်လားဟင်”
အမျိုးအမည် မသိသော ရနံ့ သင်းသင်းနှင့် အတူ ဖုန်းထဲတွင် နားယဉ်နေသော စကားသံ ချိုချိုလေး။ မော့ကြည့်လိုက်တော့ နူးညံ့သော အပြုံးနှင့် မျက်မှန် တဝင်းဝင်း ကောင်မလေး တစ်ဦး။ နတ်သမီး။
“မမ နတ်သမီး”
“အင်း”
ခေါင်းညိတ်၍ လက်ထဲမှ အအေးခွက်ကို ချကာ ခုံဆွဲထိုင်သည်။
“စောင့်နေတာ ကြာပြီလား”
“ဟင့်အင်း။ မကြာသေးပါဘူး”
“မောင်…”
“ညောင်…။ အဲ… ဗျာ”
“အပြင်မှာ တွေ့ကြပြီလေ။ ဘာမှ မပြောတော့ဘူးလား”
“အဲ… အဟဲ”
သူက Chatting ထဲမှာသာ စကားတွေ ဖောင်ဖွဲ့အောင် သွက်လှသူဖြစ်၏။ အပြင်မှာ ပထမဆုံး နဖူးတွေ့ ဒူးတွေ့ဆုံရတော့ စကားတွေက ဆွံ့အနေသည်။ နတ်သမီးနှင့် သူ စဆုံတာ Online ပေါ်မှာဖြစ်သည်။ suboo မှာရေးထားသော သူ့ gmail Account မှတစ်ဆင့် သူ့ဆီကို သူမ ရောက်လာခဲ့သည်။ အွန်လိုင်းပေါ်မှာ နောက်ကြ၊ ပြောင်ကြနှင့် စကားတွေ မထပ်အောင် ပြောကြသည်။
အစက မထပ်ခဲ့သော စကားတွေက နောက်တော့ ထပ်လာသည်။ ဘာစကားမှ မရိုက်ထည့် ကြတော့။ “ချစ်တယ်” ဟူသော စကားတစ်ခွန်း ကိုသာ ထောင့်ပေါင်းစုံမှ လှည့်ပတ် ပြောဆိုလာ ကြသည်။ နှစ်လခန့်ကြတော့ ထူးထူးခြားခြား သံယောဇဉ်တွေ တွယ်လာသယောင် ရှိသည်။ နတ်သမီးက သူမဓာတ်ပုံကို G-Talk မှာတင်သည်။ သူကလည်း သူ့ဓာတ်ပုံကို ပြန်တင်ပြသည်။ G-Talk ပေါ်မှ သူမပုံသည် မျက်မှန် တဝင်းဝင်းနှင့် သင်းသင်းလဲ့လဲ့ လှပနေလေသည်။
ထို့နောက် ဖုန်းနံပါတ်တွေ အပြန်အလှန် ပေးကာ ဖုန်းတွေ ပြောကြ၏။ မနက် မိုးလင်းတိုင်း လေလှိုင်းပေါ်မှ ဖုန်းခေါ်သံ ချိုချိုလေးကို သူ စောင့်မျှော် တတ်ခဲ့သည်။
လွန်ခဲ့သော နှစ်ရက်က အပြင်မှာ တွေ့ဆုံကြဖို့ သူမက စတင် ချိန်းဆိုလာသည်။ သူ ဝမ်းသာ မိသော်လည်း ဒီ့ထက် သံယောဇဉ် ခိုင်တွယ်လာမှာကို စိုးရွံ့နေပြန်သည်။ တကယ်တော့ သူနှင့် နတ်သမီးတို့သည် သမားရိုးကျ ဆန်သော ချစ်ဇာတ်လမ်း တစ်ခုမှ မရုန်းထွက်နိုင်ကြသူတွေ ဖြစ်၏။ Online ပေါ်တွင် သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်ကြစဉ်ကတည်းက သူမမှာ အိမ်မှ စေ့စပ်ထားသော မချစ်မနှစ်သက်သူ တစ်ဦးရှိပြီး ယခု အချိန်တွင် ပင်လယ်ရပ်ခြား နိုင်ငံ တစ်ခုသို့ ရောက်ရှိနေကြောင်း၊ နောက်ဆုံး သုံးလခန့်တွင် ပြန်လာတော့မည် ဖြစ်ကြောင်း သိခွင့်ရခဲ့သည်။
သို့ရာတွင် အွန်လိုင်းပေါ်မှ စသလိုနောက် သလို စကားစုလေးများသည် သူတို့ရင်ကို လှုပ်ခတ်နိုင်စွမ်း ခဲ့သည်။ သို့ဖြင့် သူနှင့် နတ်သမီးတို့ လွယ်ကူစွာ ချစ်သွားကြသည်။ ဖုန်းပြော စဉ်က သူမ မေးဖူးသည်။
“မောင် မမကို ခွဲနိုင်ပါ့မလား”
“အိုး… ခွဲနိုင်ပါတယ်။ ဖြစ်မှာပါ”
သူ ပြုံးရွှင်ရယ်မောစွာ ပြောလိုက်တော့ သူမက ခပ်သွဲ့သွဲ့ရယ်သည်။
နတ်သမီးနှင့် စကား ပြောနေရသော နေ့ရက်များသည် သူ့အတွက် ကြည်နူးဖွယ်အတိ ဖြစ်သည်။
“မောင်… ဘာတွေတွေးနေတာလဲ”
အသိပြန်ဝင်လာတော့ သူ့ကို ရွှန်းရွှန်း စားစား စိုက်ကြည့်နေသော နတ်သမီး၏ မျက်ဝန်းများနှင့် တစ်ဒင်္ဂ ဆုံသည်။ ထိုတစ်ဒင်္ဂ လရောင်အောက်မှာ မေတ္တာပန်းတွေ တဖျပ်ဖျပ် ပွင့်ကြ။ ခဏခဏ ပြောခဲ့ဖူးသော စကားကို အပြင်မှာ ပထမဆုံး တွေ့စဉ် ပထမဆုံး ပြောမိသည်။
“ချစ်တယ်”
ဆိုင်အပြင်ဘက်တွင် မိုးစဲသွား၏။
(၃)
ချက်တင် လောကသည် ကွေ့ကောက် ထွေပြားလှသည်။ ကောင်းကျိုးနှင့် ဆိုးကျိုးများစွာ ဒွန်တွဲလျက် ရှိသည်။ များသောအားဖြင့် အွန်လိုင်းပေါ်တွင် တွေ့ကြသော လူငယ် အများစုမှာ အသိ မိတ်ဆွေများမှ လွဲ၍ ကိုယ့်အကြောင်း၊ သူ့ အကြောင်း ကွယ်ဝှက် ထားကြသည်ချည်း ဖြစ်၏။ အမှန်တရားသည် အွန်လိုင်းပေါ်တွင် မရှိဟု ဆိုရလောက်အောင်ပင် လူငယ် အချင်းချင်း မုသာ ဝါဒ သံစဉ်များနှင့် အပြန်အလှန် တေးသီကြ၏။
သူနှင့် နတ်သမီးတို့လည်း ဤဝဲဂယက် အတွင်းမှာပင် တစ်လခန့် တဝဲဝဲ လည်ခဲ့ကြသည်။ နတ်သမီး၏ Email မှာ natthamee ဖြစ်ပြီး သူမ၏ အမည်ရင်းကို တစ်လလောက် နေမှ သိခွင့်ရခဲ့သော်လည်း သူကတော့ နတ်သမီး ဟုသာ သုံးစွဲနေခဲ့သည်။ သူမကလည်း သူ့ အမည်ရင်းကို မခေါ်ဘဲ သူ့ Email ဖြစ်သော kanwayzinyaw@gmail.comThis e-mail address is being protected from spambots, you need JavaScript enabled to view it ကိုအစွဲပြု၍ “စင်ရော်” ဟု လည်းကောင်း၊ များသောအားဖြင့် “မောင်”ဟူ၍ လည်းကောင်း အခေါ်အဝေါ် ပြုလေသည်။
နတ်သမီးသည် သူ့ထက် အသက် သုံးနှစ်သာ ကြီး၏။ Mr. Brown ကော်ဖီဆိုင်တွင် တစ်ကြိမ် ဆုံပြီး နောက်တစ်ပတ် တနင်္ဂနွေနေ့ကို သူမက ထပ်မံ ချိန်းဆိုသည်။ ဖုန်းထဲမှာပင်ဖြစ်၏။
“ဟိုတစ်နေ့က ကော်ဖီဆိုင်မှာပဲ ဆုံရင် ကောင်းမလား မောင်”
“အာ… မကောင်းပါဘူး”
“ဘာလို့လဲ”
“အဲဒီဆိုင်က စားပွဲထိုးလည်း မရှိဘူး။ ကိုယ်သောက်ချင်တာ ကိုယ့်ဘာသာ ယူရတယ်။ သောက်ပြီး ထွက်ပြေးမှာ စိုးလို့ ပိုက်ဆံပါ ကြိုတင် တောင်းသေးတယ်။ မုန်းစရာကြီး”
“ဟောတော်။ ခစ်ခစ်…။ မောင်ကတော့ လေ။ ဒါဆို ဘယ်မှာ တွေ့မလဲ”
“လှည်းတန်းက IT လက်ဖက်ရည်ဆိုင်ကို လာခဲ့”
ထိုကဲ့သို့ သူနှင့် နတ်သမီးတို့သည် သုံးလခန့် တိုင်တိုင် ရန်ကုန်မြို့၏ ပန်းခြံများ၊ ရုပ်ရှင်ရုံများ၊ ကော်ဖီဆိုင်များ၌ ခြေရာချင်းထပ် ပျော်ရွှင်ခဲ့ကြသည်။ တစ်နေ့နေ့တော့ ခွဲရမည်။
(၄)
အချိန်ပြည့် မဟုတ်သော်လည်း ရုံးဆင်းချိန်များနှင့် အင်တာနက်ဆိုင် ထိုင်ဖြစ်သော အခါ များတွင် အွန်လိုင်းပေါ်သို့ သူ ရောက်နေတတ်သည်။ သူ့ Email Account ထဲတွင် သူငယ်ချင်း ယောက်ျားလေး နည်းပါးပြီး မိန်းကလေးက အများဆုံး ဖြစ်သည်။ သူကလည်း တစ်ယောက် တစ်မျိုး မရိုးအောင် ကျူနိုင်စွမ်း ရှိလေသည်။ သူ့နဂို ဗီဇကလည်း ပျော်ပျော်နေပြီး စိတ်ညစ်မခံ တတ်သော လူငယ်တစ်ဦး ဖြစ်၏။ သူနှင့် စကား ပြောလာသူ အားလုံး သူ့ဆီမှ ပျော်ရွှင်ခြင်း အကြည်ဓာတ် ကူးစက် သွားရသည်ချည်း ဖြစ်သည်။
“ကမ်းဝေးစင်ရော်” ဟူသော သူ့ Account ထဲမှာ မိန်းကလေး သူငယ်ချင်းတွေ တဖြည်းဖြည်း တိုးပွားလာသည်။ ထိုအထဲမှာမှ နတ်သမီး နှင့်သူက ချစ်သူတွေ ဖြစ်ခဲ့ပြီး ရွှေလမင်း ဆိုသော ကောင်မလေးနှင့် တောမရောက် တောင်မရောက် သူငယ်ချင်းများ ဖြစ်ခဲ့ကြလေသည်။
ယခုလည်း သူ ရွှေလမင်းနှင့် စကားပြောနေခြင်း ဖြစ်သည်။
“ဟဲ့… ကမ်းမမြင်လမ်းမမြင်တဲ့ကောင်”
“ဘာတုံး လစုတ်လပဲ့ လတစ်ခြမ်းရွဲ့ရဲ့”
“အောင်မာ ဟိုနေ့က နင် ငါ့ကို ဘာတွေ ပြောနေတာလဲ”
“အဟီး…။ ချစ်ကြောင်း ကြိုက်ကြောင်း လေဟာ”
“သေမယ် နင်တော့”
“နင်နဲ့ရပြီးမှ သေမယ်”
“အောင်မာ”
“တကယ်ပါ ရွှေလရဲ့။ နင့်ကို မချစ်မိခင် အချိန်ထိ ကိုယ့်ကိုယ်ကို ဒီလောက် ချစ်တတ်မှန်း ငါ မသိခဲ့ဘူး”
“ဟယ်… နင့် ဒိုင်ယာလော့ခ်လေးက လန်းလှချည်လား”
“လန်းမှာပေါ့။ ငါ့အစ်ကို နှစ်ဝမ်းကွဲ ကိုညီညီမိုး သင်ပေးထားတာလေ”
“ဟုတ်လား”
“ဟုတ်ပါ့။ အဲဒီလူကြီးက Chatting ဘုရင် ကြီးဟ။ သူနဲ့ Chat တဲ့ကောင်မလေးတွေဆို ကြွေကျကုန်တာ”
“ဘာတွေလဲ”
“………တွေလေ”
“အမ်… နင် မမိုက်ရိုင်းနဲ့နော်။ ငှက်စုတ် ငှက်ပဲ့”
သူတို့ ပြောကြသော စကားတွေက ဤသို့ပင် ဟိုရောက် ဒီရောက် ဖြစ်လေသည်။ အရည်မရ အဖတ်မရဟုလည်း ဝေဖန်နိုင်သည်။ သို့သော်လည်း ဒါကိုက ခေတ်လူငယ်တို့ရဲ့ စိတ်ထွက်ပေါက် တစ်မျိုး ဖြစ်သည်။ ရိုးသား ပွင့်လင်းမှု ဖြစ်သည်။ ရင်းနှီး နွေးထွေးမှုဖြစ်သည်။ ငြိမ်းချမ်း သာယာမှုဖြစ်သည်။ မွေ့လျော် စံပျော်ရာဖြစ်သည်။
Online လောကတွင် Chatting အမျိုးမျိုး ရှိသော်လည်း သူကတော့ G-talk တစ်မျိုးတည်း ကိုသာ စွဲစွဲမြဲမြဲ သုံးဖြစ်သည်။ သူ့အားလပ်ချိန်များ၏ တစ်စိတ် တစ်ဒေသကို G-talk ထဲတွင် Chat ခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။
လူငယ်ဟူသည် အစဉ် ပေါ့ပါးရွှင်ပျနေဖို့ လိုအပ်သည်ဟု သူ ခံယူသည်။
(၅)
အချိန်သည် ပြက္ခဒိန် စာရွက်များကို တစ်ရွက်ချင်း ဆွဲဖြုတ်သွားခဲ့ပြန်သည်။ ဆောင်းကာလသို့ နှောင်းခဲ့လေပြီ။
နှင်းများသည် တဝေ့ဝေ့ ကျဆင်းသည်။ ဆောင်းနုလေသည် တယွဲ့ယွဲ့တိုးဝှေ့သည်။ သူ့ လက်များသည် အအေးဓာတ်ကြောင့် လည်းကောင်း၊ ခွဲရတော့မည် ဆိုသောအသိကြောင့် လည်းကောင်း တဆတ်ဆတ် တုန်သည်။ ကန်ရေပြင်ကို ဖြတ်သန်းလာသော အင်းလျား လေညင်းသည် ရင်ထဲမှအပူကို မငြိမ်းနိုင်။
သူ့လက်ကို တခြား လက်တစ်ဖက်က လာရောက် ဆုပ်ကိုင်သည်။ ထို့နောက် လက်နှစ်စုံ တင်းကျပ်စွာ…။
“မောင် ခွဲနိုင်ပါတယ်လို့ ပြောခဲ့ဖူးတယ်နော်။ ခု အချိန် ကျလာပြီလေ။ မောင် သိပ်မခံစားပါနဲ့နော်။ ဆန္ဒကို ဦးနှောက်နဲ့ ထိန်းပေးနိုင်ခဲ့တဲ့ မောင့်ကို မမ ကျေးဇူးတင်ပါတယ်”
သူမအသံက အက်ရှ နေသည်။
“သံယောဇဉ် ဆိုတာ ချည်နှောင်ဖို့ လွယ်ကူ သလောက် ဖြတ်ပစ်ဖို့ ခက်ခဲတယ်နော်။ ဝေးရမှာကို သိပေမယ့် တကယ်တမ်းကျတော့ မခံနိုင်ဘူး။ ဒါပေမယ့် စိတ်ချပါ။ မောင် မေ့နိုင်အောင်နေမှာပါ။ မမလည်း ကြိုးစားပါ”
အင့်ခနဲ ရှိုက်သံနှင့် အတူ သူ့ရင်ခွင်ထဲ ခေါင်းဝှေ့လာသော နတ်သမီး၏ နဖူးလေးကို နောက်ဆုံး အဖြစ် နမ်းမိသည်။ တသိမ့်သိမ့်နှင့် အားရအောင် ငိုနေတာ မြင်ရပြန်တော့ သူ့ရင်ထဲ မကောင်းလှ။
“မောင် ပြန်ကြရအောင်နော်”
“အင်း”
“မောင့် Account ကို Block လုပ်လိုက်မယ်နော်”
“အင်း”
“ဖုန်းလည်း မဆက်နဲ့တော့။ အရက်တွေလည်း သောက်မနေနဲ့ဦးနော်”
စိုးရိမ်ပူပန်မှုနှင့် တတွတ်တွတ် မှာကြားနေသော နတ်သမီးကို သူ မျက်ရည် သုတ်ပေးရင်း စကားတစ်ခွန်း ပြောမိသည်။
“တကယ်တော့ မောင်တို့ နှစ်ယောက်စလုံးက ကိုယ့်ကိုယ်ကိုရော အရာ အားလုံးကိုပါ ညာနေခဲ့မိကြတာပါ”
အင်းလျား နံနက်ခင်းသည် နေရောင် တောက်စပြုလာသည်။ ကန်အတွင်းမှ ရေဘဲ တစ်ကောင် ထပျံသွားသည်။
(၆)
ညက ကျောင်းတုန်းက သူငယ်ချင်း တစ်ဦးနှင့် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ဘီယာတွေ တော်တော် သောက်ဖြစ်သွားသည်။ နိုးလာတော့ ခေါင်းတွေ အုံခဲလျက်ရှိသည်။ တနင်္ဂနွေ ရုံးပိတ်ရက် ဖြစ်တာမို့ မြို့ထဲ စောစောသွားပြီး အင်တာနက်ဆိုင် ထိုင်ရန် စိတ်ကူးရသည်။ ဘာလိုလိုနှင့် အွန်လိုင်းပေါ် မရောက်ဖြစ်တာ နှစ်ပတ်ခန့် ရှိပေပြီ။ နတ်သမီးနှင့် လမ်းခွဲပြီးကတည်းက ဖြစ်သည်။ သူ့နှလုံးသားလည်း ခေတ်လူငယ်ပီပီ အချိန် အနည်းငယ်ဖြင့် နေသားကျသွားခဲ့လေပြီ။
မြို့ထဲရောက်တော့ လမ်း ၄ဝ ထိပ်၊ စင်ထရယ်တာဝါ ၁ဝ လွှာရှိ Gold Net အင်တာနက်ဆိုင်သို့ တက်လာခဲ့သည်။ သူ ထိုင်နေကျ ဆိုင်ဖြစ်၏။ ကွန်ပျူတာ ဖွင့်ကာ အရင်ဆုံး Mail တွေစစ်လိုက်သည်။ ပြီးတော့ G-talk ကိုဖွင့်၍ Online ပေါ်မှာ ဘယ်သူငယ်ချင်းတွေ ရောက်နေသလဲ ကြည့်သည်။
သူ့ကို Invite လုပ်ထားသော Email တစ်ခုပေါ်လာသည်။ အမည်က နှင်းမြူ။
“အိုး… ဂရိတ်”
သူ အူမြူးစွာ လက်ဖျစ် တီးလိုက်မိသည်။ သူ Yes လုပ်ပြီး လက်ခံလိုက်တော့ ချက်ချင်းပင် နှင်းမြူ၏ မီးလုံးလေး စိမ်းလာသည်။
“မင်္ဂလာပါရှင်”
“ဟုတ်၊ မင်္ဂလာပါ။ suboo မှာ ကဗျာ ရေးတဲ့ နှင်းမြူလားဟင်”
“ဟုတ်ပါတယ်။ အစ်ကို့ Mail လိပ်စာကို suboo ကရလို့ Invite လုပ်လိုက်တာပါ”
“ဟုတ်ကဲ့ပါ။ ကျွန်တော်ကလည်း ကျွန်တော့် ကဗျာတွေကို အမြဲ အားပေးနေတဲ့ နှင်းမြူနဲ့ တွေ့ချင်နေတာပါ”
“ဟုတ်လို့လား”
“ဟုတ်ပါ့ဗျာ။ ဒါနဲ့ နှင်းမြူ ခု ဘယ်ဆိုင်က ဃ့အေ နေတာလဲဟင်”
“Gold Net မှာပါ”
“ဟာ ကျွန်တော်လည်း အဲဒီဆိုင်မှာပဲ”
“အယ်…။ ဟုတ်လား။ ခုံနံပါတ် ဘယ်လောက်မှာလဲ”
“ကျွန်တော်က ၃”
“ကျွန်မက ၄”
“အဲတော့”
“ဟောဗျာ”
သူ ဘေးခုံကို အမြန် လှည့်ကြည့်လိုက်တော့ တအံ့တဩ ပြုံးပြနေသော မျက်ဝန်း နက်နက်လေး တစ်စုံနှင့် ဒိုင်းခနဲ အကြောင်း ဆုံခွင့်ရလိုက်၏။
ဆိုင်အပြင်ဘက် မှန်တံခါးများ ပေါ်တွင် ဆောင်းနှင်း လက်ကျန်တွေ ကပ်ငြိနေဆဲပင်။ တနင်္ဂနွေနေ့သစ်သည် အချစ်သစ် တစ်ခု အစပျိုးရန် အဆင်သင့် ဖြစ်လျက် ရှိလေသည်။
4 comments
ghost
November 2, 2010 at 3:34 pm
ဟာ…အားကျလိုက်တာ..သင်တန်းဘယ်မှာဖွင့်ထားလဲပြော ပြပါ တက်ချင်လို့…
kopauk mandalay
November 2, 2010 at 4:06 pm
အရမ်းအားကျမနေနဲ့။
ဂျီတော့မှာခင် အပြင်မှာတွေ့တော့ ဂေးလ်ဖြစ်နေလို့ထွက်ပြေးခဲ့တဲ့အကြောင်းကို သူမရေးသေးဘူးနော်။
တို့က အတွင်းသိမို့ပြောပြတာ…………………………………………………….
Pa Pa
November 2, 2010 at 9:07 pm
အရေးအသားတွေက ကျွန်တော် အကြိုက်ပါ ဘဲ လူငယ်ဆန်တယ် လန်းဆန်းစေတယ် ပြန်ပြီး သတိရရှိ စေတဲ့ ရီးစား အဟောင်းတွေ၊လဘက်ရည်ဆိုင်တွေ၊သူငယ်ချင်းတွေ မြ်န်မာပြည်ရယ် လွမ်းစေတဲ့ စာစုတချို့ကြောင့်လေ ကို ပေါက်ပြော သလို GAy အကြောင်းတော့မပါဘူးေ နာ် ကန်တော့ပါသေးရဲ့…..။
နီလေး
November 3, 2010 at 4:24 am
ပို့စ်ကလန်းတယ်ကွာ လူငယ်တွေမှာအဲလိုပဲဖြစ်ပျက်နေကြပါတယ် တကယ် heart ထိတယ်