ငါးမျှားချိတ်ကို မမြင်သော ရွေးကောက်ပွဲဝင်ပါတီများ (အပိုင်း – ၁)

Good IdeaNovember 12, 20101min2265

ကဲ ရွေးကောက်ပွဲကြီး ပြီးသွားပါပြီ။ နအဖကလည်း မီးကုန် ယမ်းကုန်ကို အရှက်မရှိ ညစ်ပတ်ခဲ့ပါပြီ။ ရွေးကောက်ပွဲ မလုပ်ခင်က ဒါဟာ အခွင့်အရေးဖြစ်တယ်။ ရတဲ့အပေါက်က လွှတ်တော်ထဲ ဝင်ကြမယ် ဘာညာ။ ပြည်သူ့ဆန္ဒကို ခံယူမယ် ဆိုတဲ့ အမတ်လောင်းကြီးများ ခုတော့ ဘာများတတ်နိုင်တော့သနည်း။
နအဖက ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ၂၀၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီမှာ နိုင်ငံတကာ ပညာရှင်တွေရော၊ မြန်မာ့ နိုင်ငံရေးသမားတွေရော ပြောကြ သတိပေးကြပါတယ်။ “အာဏာရှင်တွေဟာ ဘယ်တုန်းကမှ အလိုအလျောက် အာဏာစွန့်ရိုး ထုံးစံမရှိပါ”။ ဒါဟာ နိုင်ငံတကာမှာ မျက်နှာပြလို့ ကောင်းအောင်၊ စစ်တပ်ဗိုလ်ကျတဲ့ နိုင်ငံရေး သက်ဆိုးရှည်အောင် လုပ်တဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲသာဖြစ်တယ်လို့ ပြည်တွင်းရော ပြည်ပရော အားလုံးက ဝိုင်းပြောကြ၊ သတိပေးကြပါတယ်။
ဒါပေမယ့် အာဏာလိုချင်သော နိုင်ငံရေးသမားတွေက ငါးစာသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်ကြတော့။ လွှတ်တော်တွင်း တယောင်ဝင်နိုင်လျှင် အမြတ်။ စစ်တပ်က တဖြည်းဖြည်း နောက်ဆုတ်သွားမယ့် ဆုတ်လမ်းကို ပြင်နေတာ၊ လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းပဲ ယူမှာ။ ကျန်တာက ငါတို့ အရပ်သားတွေကို အခွင့်အရေးပေးထားတာ။ ငါတို့မှ မယူရင် လူမိုက်ဖြစ်မပေါ့ ဘာညာနဲ့ တွက်ရေးနဲ့ စက်သူဌေးလုပ်ပြီး ရွေးကောက်ပွဲ ဝင်ကြဖို့ ပြင်ကြပါတယ်။
၂၀၀၈ ကနေ ၂၀၀၉ နှစ်ကုန်အထိ စစ်ဗိုလ်ချုပ်တချို့တွေ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်နေကြပြီ။ နေရာတွေ ခွဲဝေနေကြပြီ၊ ကြံဖွံ့အသင်းကလည်း ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်လိမ့်မယ် ဆိုတာကို ပြည်ပမီဒီယာတွေက သတိပေး ဖော်ထုတ်ခဲ့ကြပါတယ်။ ဒါကိုလည်း မြန်မာ့နိုင်ငံရေးသမားတွေက ဂရုမစိုက်ခဲ့ကြပါ။

နောက်တော့ နအဖက ၁၉၉ဝ ခုနှစ် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD ၊ ဒုတိယ အနိုင်ရပါတီ SNLD ပါတီတွေအတွက် မမျှတတဲ့၊ မတရားတဲ့၊ စာနာထောက်ထားခြင်း မရှိဘဲ လုံးဝကို အရှက်တရား ကင်းမဲ့စွာနဲ့ ၂၀၁ဝ မတ်လ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။ တည်ဆဲပါတီတွေ ထပ်ပြီး မှတ်ပုံမတင်ရင် ဖျက်သိမ်းပစ်မယ်တဲ့။

ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဖျက်ဆီးပစ်လိုက်တာပါ။ ပြည်သူရဲ့ အသည်းကြားက မဲပြားတွေကို နင်းချေပစ်လိုက်တာပါ။ ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပါတီများသည် အဘယ့်ကြောင့် နောက်တကြိမ် ထပ်ပြိုင်ရဦးမည်နည်း။
တကြိမ်ပြိုင်ခဲ့တယ်။ နိုင်ပြီးပြီ။ ဆုမပေးသေး။ ဆုမရသေး။ ဒါကိုပင် နောက်တကြိမ် ဝင်ပြိုင်ပါဦး။ ဒီတခါတော့ တကယ်ဆုပေးမှာပါလို့ ထပ်ပြောနေသလို ဖြစ်နေပါတယ်။
ရွေးကောက်ပွဲ ဥပဒေတွေဟာ NLD ၊ SNLD အပါအဝင် ၉ဝ ခုနှစ် ကိုယ်စားလှယ်လောင်းတွေအပေါ် မတရားဘူး ဆိုတာကို ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ ပါတီတွေ သိကြပေမယ့် ဘာမှ မပြောဘဲ ခပ်မဆိတ်ပဲ နေကြပါတယ်။ ဝံသာနု NLD က ခေါင်းဆောင်တဦးဆိုရင် NLD ကို သနားမိပါတယ်လို့ ဆိုသဗျ။
သူတို့ယူဆတဲ့ ပုံစံက ဒင်းတို့ NLD တို့ SNLD တို့တတွေ မိုက်လို့ ရူးလို့ ရွေးကောက်ပွဲ မဝင်ကြတာ။ စစ်အစိုးရဆို မကောင်းပြောဖို့။ အတိုက်အခံလုပ်ဖို့ပဲ သိကြတာ။ ကိုယ့်အတွက် ပြည်သူ့အတွက် (ဒီစကားကတော့ မကောင်းတတ်လို့ အားနာနာနဲ့ ထည့်ပေးတာပါ) ပြောနိုင်ဆိုနိုင်တဲ့ နေရာလေးတခုရအောင် လက်တွေ့ကျတဲ့ ရွေးကောက်ပွဲ ဝင်တဲ့ နိုင်ငံရေးကို မလုပ်ချင်ကြဘူး။ ခေါင်းရှောင်တယ် ဘာညာပေါ့လေ။
အပေါ်က ရေးတဲ့ စာသားတွေကို တကယ်ပဲ ပါးစပ်ကနေ ထုတ်ဖော်ပြောတဲ့ ပါတီခေါင်းဆောင်တွေလည်း ရှိသဗျ။ မကောင်းတတ်လို့ မပြောတော့ပါဘူး။
ဒီမှာတင် NLD ၊ SNLD တို့က ဘာမှ ဝေဝါးမနေဘဲ ရွေးကောက်ပွဲ နောက်တကြိမ် ထပ်မဝင်ဘူးလို့ ယတိပြတ် ဆုံးဖြတ်လိုက်ကြပါတယ်။ သိပ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒီလို ဆုံးဖြတ်တဲ့အတွက် ပါတီတွေကို ဖျက်သိမ်းကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။ အဲတော့ တရားမဝင်တဲ့ စစ်အစိုးရ သတ်မှတ်ထုတ်ပြန်ထားတဲ့ ဥပဒေတွေ အရတော့ ဒီပါတီတွေ တရားမဝင်တော့ဘူး။ ဖျက်သိမ်းခံခဲ့ရပြီးပြီပေါ့။
ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကတော့ NLD ၊ SNLD တွေ ဖျက်သိမ်းခံရတာ သူတို့အလုပ်မဟုတ်။ ကိုယ်ညံ့လို့ ကိုယ်ခေါင်းမာလို့ ကိုယ်ခံရတာဆိုပြီး ရေငုံနှုတ်ပိတ် နေကြပါတယ်။ ပါတီထောင်ရေး လုံးပမ်းကြပါတယ်။ ဆက်ရရင် မတ်လ ၈ ရက်နေ့က ရွေးကောက်ပွဲ ဥပဒေထွက်တော့ ပါတီတွေ တည်ထောင်ခွင့်လျှောက်ကြ၊ ပါတီဝင်တွေစုကြ၊ ရံပုံငွေတွေ ရှာကြနဲ့ ရှုပ်နေကြတာပေါ့။
အဲ…ဧပြီလကုန်ပိုင်းလည်းကျရော ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ် ၂ဝ ကျော်က ရွေးကောက်ပွဲ ဝင်ဖို့အတွက် ယူနီဖောင်းတွေ ချွတ်လို့ ပုဆိုးတွေ ပြောင်းဝတ်လိုက်ပါပြီ။ နောက်တော့ ကြံ့ဖွံ့ပါတီဆိုပြီး တည်ထောင်ခွင့်လျှောက် ကြံ့ဖွံ့လည်း ပါတီအဖြစ်ပြောင်းလိုက်ပါတယ်။ နောက်ပိုင်းမှာ ရွှေမန်းတို့ တင်အောင်မြင့်ဦးတို့လို အကောင်ကြီးတွေပါ ကြံ့ဖွံ့ဖြစ်ကုန်ပါတော့တယ်။

ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး ပုဆိုးဝတ်တော့လည်း ပါတီတွေက ဒီလိုတွေးကြပြန်တယ်။ “လာခဲစမ်း။ စစ်ဗိုလ်စုတ်တွေ။ ပြည်သူ့ဆန္ဒမဲပြားတွေနဲ့ နာရင်းကို နာနာအုပ်ပစ်လိုက်မယ်”ပေါ့။ ဒီစစ်ထွက်တွေ ဝင်ပြိုင်လည်း ပြည်သူဆန္ဒခံရင် ရှုံးသွားမှာပါ။ ဘာညာပေါ့။

နောက်တော့ အရပ်သားပါတီတွေကို ဟိုဥပဒေ ဒီဥပဒေတွေနဲ့ ညစ်ထား၊ ချုပ်ချယ်ထား။ ကြံ့ဖွတ်ကိုတော့ အထူးအခွင့်အရေးပေး ပစားပေး။ နိုင်ငံတော် ဘဏ္ဍာတွေနဲ့ မဲဆွယ်၊ လုပ်ချင်ရာတွေလုပ်။ ပါတီတွေ ငုတ်တုတ်မေ့နေတာပေါ့။ ဒါပေမယ့် ပေါက်တဲ့နဖူး မထူးချေဘူးဆိုပြီး ရွေးကောက်ပွဲဆီ ခရီးဆက်ကြပါတယ်။

ဆက်လက်ဖော်ပြပါမည်။…

5 comments

  • Cedric Diggory

    November 13, 2010 at 12:36 am

    ကြက်ဖသီချင်းလိုပဲပေါ့။ ငါးမျှားချိတ်မိတဲ့ငါးဆိုတာထက်ငါးမျှားချိတ်မှာအချိတ်ခံရတဲ့ငါးစာနဲ့ပိုတူနေတာ။

  • မောင်မိုးညို

    November 13, 2010 at 1:42 am

    ရွေးကောက်ပွဲဝင်အတိုင်အခံ”အမည်ခံ”ပါတီများကဒီနေ့အထိလူထုအကျိုးရှိမဲ့ကိစ္စလုပ်တာရယ်လို့ယောင်လို့တောင်တစ်ခုမှမတွေ့သေးပါဘူး။ ဝါဒသဘောထားကြေငြာချက်တွေကယေဘူယstandard တွေသာဖြစ်ပြီးအနှစ်သာရဘာတခုမှမတွေ့ပါဘူး။ ခုထက်ထိလည်းအရွေးခံရရေးကိစ္စတွေနဲ့သာလုံးပန်းနေတာဘဲတွေ့ပါတယ်။ ရှက်စရာကောင်းတာကမဲရုံမှူးလို၊ ရပ်ကွက်/မြို့နယ်ကော်မရှင်ရုံကရုံးစာရေးလိုလူတွေကတောင်အဖက်လုပ်ခြင်းမခံရတာတွေကြားရတော့ရှက်ဒေါသတောင်ဖြစ်မိပါတယ်။ ဒီလိုလူရာအသွင်းခံရတဲ့ဘဝမှာ (ရွေးချယ်ခံပြီးတာတောင်) မရှိတဲ့အမတ်တွေကလူထုအတွက်ဘယ်လို အကြိုးစီးပွားဖြစ်အောင်လုပ်ပေးနိုင်မှာလဲ…။

  • moethidasoe

    November 13, 2010 at 8:36 am

    ဦးမိုးညိုရယ် .. ငေါ့တာ မဟုတ်ဘူး ဆိုရင် ပြန်ရေးပြချင်လို့ပါ
    သူတို့ကို ဖွဲ့တော့လို့ ပေးတဲ့အချိန်ရယ် .. အရွေးခံကြလို့ သတ်မှတ်ပေးတဲ့ အချိန်ရယ် .. မဲပေးကြလို့ ပြောတဲ့ အချိန်ရယ် .. ဒီအချိန်ပိုင်းလေးအတွင်းမှာ လုပ်ခွင့်ရတဲ့ အပိုင်းလေးကိုပဲ လုပ်နိုင်သေးတယ်လေ .. အရွေးခံရပြီးတော့မှ လွှတ်တော် ဆိုတဲ့ ခန်းမကြီးထဲကို ရောက်တော့မှ ပြောချင်တာတွေ စုပြီး ပြောမယ် လို့ သူတို့ မောင်းတင်ထားတာပါ .. (မှတ်ချက် ။။ ဒါတောင် နေပြည်တော်ကို ရောက်တဲ့နေ့မှာပဲ ဆင်ကော် အကပ်ခံလိုက်ရလို့ ပါးစပ် ဖွင့်မရတော့ဘူးဆိုရင်တော့ …)
    ကျန်တဲ့အဖွဲ့က …

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 13, 2010 at 2:56 pm

    တစ်ခါတစ်လေကြတော့လည်း သူ ့ရဲ ့မူရင်း စိတ်က တွက်ချေမှားသွားတတ်တယ်
    ဘာဘဲဖြစ်ဖြစ်ပါ ရောက်ရှိနေတဲ့ အချိန်ကာလ တစ်ခုမှာ ကျုပ်တို ့အပြစ်တွေ ဖို ့ပြီး
    ဒေါသထွက်ကြမယ့်အစား ပြန်လည်းပေါင်းစီးပြီး ကျုုပ်တို ့မျက်နှာမှာပေနေတဲ့
    အိုးမဲတွေကို ဖျက်ပြီးတော့ ညီအကို မောင်နှမတွေ ဝမ်းသာအားရ ပြန်လည်စုံစည်းကြစို ့လားဗျာ။

  • maungmoenyo

    November 13, 2010 at 8:11 pm

    ကိုမိုက်ကယ်ရဲ့စကားက လမ်းစဉ်ပါတီခေတ်ရဲ့နောက်ဆုံးသမ္မတကြီးဒေါက်တာမောင်မောင်(သေရှာပြီ)နဲ့တူလိုက်တာ…။ “ရွေးကောက်ပွဲကြီးကျင်းပပြီး၊ တက္ကသိုလ်သမဂ္ဂအဆောက်အဦကြီးကိုတပျော်တပါးပြန်ဆောက်ကြရအောင်”ဆိုတာလေ..။
    မမိုးပြောသလို..ငေါ့သလိုဖြစ်သွားတာတော့အမှန်ပါ…။ နိုင်ငံရေးသမားဆိုတာစာကမ်းပန်းဝေဘဝကတက်ကြရတာပါ။ ဒါမှလဲအောက်သက်ကြေမှာပါ..။ ဒါပေမဲ့..ရလာမဲ့အကျိုးနဲ့အပြစ်ဘယ်ဟာကဘယ်လောက်သာသလဲ..၊ ပေါ်ထွက်လာမဲ့အကျိုးကလူထုတရပ်လုံးရဲ့ဘဝကိုဘယ်အတိုင်းအတာထိ အကျိုးထိရောက်စေမယ်ဆိုတဲ့အဖြေကိုကြည်ရပါမယ်…
    အခြေခံဥပဒေ(၂၀၀၈)ထွက်ကတည်းက.. ဒေါ်စုကလက်မခံကန့်ကွက်တဲ့စကားချက်ချင်းထွက်လိုက်တာ လုံလောက်တဲ့အကြောင်းရှိပါတယ်..။ ရှင်းပါတယ်။ စစ်တပ်က(၂၅%)ရာနှုန်းနေရာယူမယ်ဆိုကတည်းကဘယ်ကိုဦးတည်နေလဲဆိုတာ။ လူထုအတွက်အကျိုးတပြားသားမှမရှိပါဘူးဆိုတာသူမကချက်ချင်းတန်းသိပါတယ်။ နိုင်ငံတကာကဥပဒေဆိုင်ရာပညာရှင်တွေရောပြည်တွင်းက ရှေ့မှီနောက်မှီနိုင်ငံရေးခေါင်းဆောင်ကြီးတွေကချက်ချင်းတညီ တညွတ်ထဲထွက်လာတဲ့ကန့်ကွက်တဲ့လေသံတွေပါ……။
    ရွေးကောက်ပွဲဟာလူထုအတွက်၊အနာဂါတ်မြန်မာနိုင်ငံအတွက်တခုတည်းသော ထွက်ပေါက်မဟုတ်ပါဘူး (ထပ်ပြောပါရစေ…တခုတည်းသောအဖြေမဟုတ်ပါဘူး)။ အမှန်စင်စစ်တည်ဆဲအစိုးရကသဘောရိုးခဲ့ရင်.. သဘောထားရိုးသားတဲ့တွေ့ဆုံဆွေးနွေးရေးတွေချက်ချင်းလုပ်၊ လူထုကိုတိုက်ရိုက်အကျိုးဖြစ်မဲ့အစီအစဉ်တွေနေ့မီးညမီးနဲ့ဆွဲ၊ နိုင်ငံတကာတတ်/သိအကူအညီတွေယူ၊ ပြီးမှအခြေခံဥပဒေနဲ့ရွေးကောက်ပွဲကိုလုပ်ရမှာပါ။ ဒါကဒီကနေ့မြန်မာနိုင်ငံရဲ့လက်တွေ့လိုအပ်နေတာဘဲ..”လူထုသန်း (၆၀) ဗိုက်ဝဘို့ပါ”။ ခုကြည့်လေ…လွှတ်တော်ထဲရောက်အောင်ကြိုးစားပြီး ပြောင်းယူမယ်ဆိုတဲ့အတိုက်အခံခေါင်းဆောင် (ခေါင်းဆောင်ကိုဆိုလိုတာပါ) ဘ.်နှစ်ယောက်များအရွေးခံရလဲလို့။ အစိုးရကထုတ်ပြန်တဲ့စားရင်းထဲမှာကြံ့/ဖွံ့ကြားထဲကကြို့ကြား ဆိုသလောက်ဘဲတခြားပါတီတွေကအရွေးခံရတဲ့။ အရွေးခံရတဲ့သူတွေကလဲအတိုက်အခံ ပါတီအောက်ခြေပိုင်းကတွေသာပါပါတယ်။ လက်ညှိုးထောင်ခေါင်းညှိမ့်အဆင့်ဆိုပါတော့ (အထင်သေးစကားပြောတာမဟုတ်ပါဘူး) တိုက်ခန်းလေး၊ဆဲလ်ေုံးလေးတွေ၊မြေကွက်ကလေးတွေနဲ့ ပါးစပ်ပိတ်သွားလောက်မဲ့အဆင့်တွေဖြစ်နေတာတွေ့ရပါတယ်။
    ခုရွေးကောက်ပွဲကတကယ်ပြော၇ရင်..သမိုင်းတပါတ်လည်သွားပါပြီ..။
    ခုချိန်အာရုံစိုက်လုပ်ရမဲ့ကိစ္စက…”ဒုတိယပင်လုံညီလာခံ”ဖြစ်မြောက်ရေးပါ။
    (ဒီကိစ္စကျွန်တောသီးသန့်ဆောင်းပါရေးထားတာဒီ blog မှာရှိပါတယ်။လေ့လာပြီးဝေဖန်ပေးကြပါ)

Leave a Reply