Confucius ကွန်ဖြူးရှပ် ဇာတိမြို့ ခရီးအမှတ်တရ (၂-က)
ကွန်ဖြူးရှပ် ဘုရားကျောင်း (Confucius Temple) (孔子庙)ပါ။ တရုတ်ပြည်နဲ့ တခြား ထိုင်ဝမ်၊ ဂျပန်၊ ကိုးရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတွေမှာလဲ ကွန်ဖြူးရှပ်ဘုရားကျောင်းတွေရှိပေမယ့် ဒီနေရာကတော့ အားလုံးထဲမှာ အကြီးဆုံးနဲ့ ရှေးအကျဆုံးလက်ရာတစ်ခုဖြစ်ပါတယ်။ အဲဒီကျောင်းကို ဘီစီ 478 ကွန်ဖြူးရှပ် သေဆုံးပြီး တစ်နှစ်အကြာမှာ အမှတ်တရ ဆောက်လုပ်ပြီး ကွန်ဖြူးရှပ်ကို ကိုးကွယ်ခဲ့ကြပါတယ်။ ကွန်ဖြူးရှပ်က ဘာသာရေးခေါင်းဆောင်တော့မဟုတ်ဘူး။ သူ့ရဲ့ အယူဝါဒ၊ အတွေးအခေါ်နဲ့ အဆုံးအမတွေက တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တွေ၊ တရားသူကြီးတွေနဲ့ တိုင်းသူပြည်သားတွေအတွက် အကျိုးရှိလို့ သူ့အယူဝါဒတွေကို တလေးတစားလိုက်နာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းက ဧက ၃၂၇.၅ ရှိပြီး မြောက်မှ တောင်သို့ ၁၁၂ဝ မီတာရှည်ပါတယ်။ ထောင့်မှန်စတုဂံပုံစံ ခြံဝင်းအတွင်းမှာ အကွက်ပေါင်း ၉ ကွက်နဲ့ အဆောင်ပေါင်းများစွာ ဆောက်လုပ်ထားတာ ရှေးဟောင်းနန်းတော်ကြီးတစ်ခုထဲကို ရောက်သွားသလိုပါပဲ။ အရမ်းပူတဲ့ ဇူလိုင်လမှာသွားပေမယ့် အေးမြတဲ့ခံစားချက်ကို ရပါတယ်။ မနက် (၁၀) ကနေစပြီး မနားတမ်းလမ်းလျှောက်ကြည့်တာတောင် နေ့လည် (၂) နာရီမှ အဲဒီကနေ ပြန်ထွက်လာနိုင်တယ်။ ခြေထောက်လဲညောင်း ဗိုက်လဲဆာပေါ့။ ဓါတ်ပုံတွေက များလွန်းလို့ (က) (ခ) နှစ်ပိုင်း ခွဲလိုက်ပါတယ်။
ကွန်ဖြူးရှပ် အဆိုအမိန့်ထဲက ထင်ရှားတာ တချို့ကတော့ …
知錯能改,善莫大焉
မိမိအမှားကို သိမြင်ပြီး ပြုပြင်နိုင်တာဟာ အမြင့်မြတ်ဆုံး ကိုယ်ကျင့်တရားဖြစ်ပါတယ် …
己所不欲,勿施於人。
ကိုယ်မလုပ်ချင်သောအရာ (ကိုယ်မကြိုက်တဲ့အလုပ်)ကို သူများကိုလဲ မလုပ်ပါနဲ့တဲ့ ..
疏食飲水,曲肱而枕,樂在其中矣。不義而富貴,於我如浮雲。
စားစရာ ဆန်ကြမ်းထမင်း၊ သောက်ဖို့ရေနဲ့ မှေးအိပ်စရာလက်မောင်းတစ်ခု ရှိရင် မပျော်ရွှင်နိုင်ဘူးလား? ချမ်းသာခြင်းနဲ့ဂုဏ်ပကာသနတွေကို မတရားသဖြင့် ရှာဖွေစုဆောင်းထားသူတွေအတွက်တော့ အဲဒါတွေက လွှင့်နေတဲ့ တိမ်တွေလိုပဲတဲ့ ..
知之為知之,不知為不知,是知也.
ဗဟုသုတဆိုတာ သင်ဘာတွေကိုသိလဲဆိုတာနဲ့ သင်ဘာတွေမလုပ်သင့်ဘူးဆိုတာကို စုစည်းထားခြင်းပါပဲ …
學而時習之,不亦說乎?有朋自遠方來,不亦樂乎?人不知而不慍,不亦君子乎?
တစ်နေ့တာသင်ခန်းစာများကို ပြန်လည်ဆန်းစစ်ခြင်းက ပျော်စရာမကောင်းဘူးလား? အဝေးမှ သူငယ်ချင်းရောက်လာခြင်းကလဲ ကြည်နူးစရာမဟုတ်လား? တစ်စုံတစ်ယောက်ကို အထင်လွဲပြီး တစ်ခါတစ်ရံမှ စိတ်မဆိုးတတ်သူသည် ရိုသေလေးစားစရာအကောင်းဆုံး ပုဂ္ဂိုလ်မဟုတ်ပေဘူးလား?
တတ်သလောက် မှတ်သလောက် ကြိုးစားပြီး ဘာသာပြန်ကြည့်ထားခြင်းသာဖြစ်ပါသည်။ နောက်ထပ် အဆိုအမိန့်ပေါင်းများစွာရှိပါသေးတယ် …
အပိုင်း (ခ) မှာ ဆက်လက်အားပေးကြပါအုန်း …
5 comments
unclegyi1974
November 25, 2010 at 4:12 pm
စားစရာ ဆန်ကြမ်းထမင်း၊ သောက်ဖို့ရေနဲ့ မှေးအိပ်စရာလက်မောင်းတစ်ခု ရှိရင် မပျော်ရွှင်နိုင်ဘူးလား?
မဝေရေ ကွန်ဖြူးရှပ် တီဗီဂိမ်းမကစားဘူးလို့ပြောခဲ့တာ
နေမှာပါ
naywoonni
November 25, 2010 at 4:55 pm
အန်ကယ်ကြီးရေ……..မှေးအိပ်စရာလက်မောင်းသာရှိလို့ကတော့ဘာမှမလိုပါဘူး
ဟင့်…..ခုတော့မရှိလို့…..အနော့မှာ……အင်ရှာနက်ပေါ်ရောက်နေရတာ……….
နိုမို့…..မှေးအိပ်စရာလက်မောင်းပေါ်မှာအိပ်ပျော်နေလောက်ပြီ……ခုဆို11နာရီကျော်နေပြီလေ….
eros
November 26, 2010 at 2:06 am
“စားစရာ ဆန်ကြမ်းထမင်း၊ သောက်ဖို့ရေနဲ့ မှေးအိပ်စရာလက်မောင်းတစ်ခု ရှိရင် မပျော်ရွှင်နိုင်ဘူးလား? ချမ်းသာခြင်းနဲ့ဂုဏ်ပကာသနတွေကို မတရားသဖြင့် ရှာဖွေစုဆောင်းထားသူတွေအတွက်တော့ အဲဒါတွေက လွှင့်နေတဲ့ တိမ်တွေလိုပဲတဲ့”
အရမ်းကြိုက်တယ်။ မြန်မာမှာဒါမျိုးတွေ အများကြီးပဲ။
လွှင့်နေတဲ့တိမ်လိုပဲဆိုတာ ပိုပြီး ရှင်းပြစေချင်ပါတယ်။
weiwei
November 26, 2010 at 3:22 am
ဘာသာပြန်တာတိုက်ရိုက်ပြန်မိတော့ ခပ်တောင့်တောင့်ကြီးဖြစ်သွားတယ် ..
လွှင့်နေတဲ့တိမ်ဆိုတာကတော့ ခဏတာပဲ အမြဲမဟုတ်ဘူး … အမြဲဆုတ်ကိုင်ထားလို့ မရတာကို ဆိုလိုတာဖြစ်ပါလိမ့်မယ် …
eros
November 26, 2010 at 4:50 am
ကောင်းစွတကား။ မဝေရေ အစားအသောက် အကြောင်းလေး လဲရေးပေးပါဦး။ ကျော်ကြားတဲ့ အစားအစာ။ နောက်ပြီး ကြေးအိုးတို့ ဆီချက်တို့ ရှိမရှိ။တူမတူ။ စိန့်တိုင်းမှ နှမတယောက် ချမ်းသာပကတိ ကျန်းမာစွာရှိပါစေ။