ဗုဒ္ဓဘာသာနှင့် ကလေးဘဝ Childhood
ကျွန်မနဲ့ ဗုဒ္ဓဘာသာ …..
အမှန်တကယ်တော့ ကျွန်မအနေနဲ့ ဘာသာရေးအကြောင်းကို စေ့စေ့ပေါက်ပေါက် နားမလည်ဘူးလို့ပဲ ရိုးသားစွာဝန်ခံပါရစေ။ ကျွန်မရေးချင်တဲ့အကြောင်းအရာက ကျွန်မရဲ့ ကလေးဘဝအတွေ့အကြုံနဲ့ အတွေးအခေါ်တစ်ချို့ပဲဖြစ်ပါတယ်။
ကျွန်မမွေးကထဲက အဖေနဲ့အမေက စီးပွားရေးအတွက် အလုပ်အမြဲရှုပ်နေပေမယ့် ကြီးဒေါ် အပျိုကြီး ၂ ယောက်ရဲ့ ထိန်းကြောင်းမှုနဲ့ ကြီးပြင်းခဲ့ပါတယ်။ အပျိုကြီးတွေ အလုပ်လဲသိပ်များများမရှိတာကြောင့် ဘာသာရေးကို အလေးပေးကြပါတယ်။ ဥပုသ်နေ့တိုင်း ရိပ်သာတစ်ခုကိုသွားပြီး သီလယူ ဥပုသ်စောင့်လုပ်ကြပါတယ်။ ကျွန်မကိုလဲ အမြဲတမ်းခေါ်သွားပါတယ်။ ကလေးဆိုတော့ သီလယူ တရားနာ တရားထိုင် လူကြီးတွေလို လိုက်လုပ်ပေမယ့် ညနေအိမ်ပြန်ရင်တော့ ထမင်းစားပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းကို မြင်းလှည်းစီးသွားရလို့ ပျော်ပါတယ်။ သင်္ကြန်ရက်တွေဆိုရင်တော့ တစ်ပတ်ခန့် ရိပ်သာမှာပဲနေပြီး ဥပုသ်စောင့် တရားထိုင်လုပ်ပါတယ်။ ကျွန်မကလဲ တစ်ပတ်လုံး လိုက်နေပြီး အဲဒီအလုပ်တွေကို နိုင်သလောက် လိုက်လုပ်လေ့ရှိပါတယ်။ ဆရာတော်တွေကတော့ ကလေးဖြစ်ပြီး ရိပ်သာမှာလိုက်နေတာနဲ့တင်ပဲ ချီးကျူးလို့ မဆုံးကြပါဘူး။
ဥပုသ်စောင့်တာကို တိတိကျကျ ပထမဆုံးလုပ်ဖူးတာကတော့ လေးတန်းစားမေးပွဲဖြေအပြီး ကျောင်းပိတ်ရက်မှာပါ။ အဲဒီရိပ်သာကိုထုံးစံအတိုင်းသွားရင်းနဲ့ ကျွန်မထက်ငယ်တဲ့ ကလေးတစ်ယောက် မယ်သီလရှင်ဝတ်ဖို့ ပြင်ဆင်နေတာကို မြင်မိပါတယ်။ စိတ်ထဲကချက်ခြင်း မယ်သီလရှင်ဝတ်ချင်စိတ်ပေါက်လာတယ်။ သီလရှင်ဆရာလေးကို မယ်သီလရှင်ဝတ်ချင်လိုက်တာလို့ပြောတော့ ဆရာလေးက သူ့အဝတ်အစားတွေပေးပြီး ချက်ခြင်းကတုံးတုံးပြီး မယ်သီလရှင်ဝတ်ပေးပါတယ်။ အသက် ၁ဝ နှစ်ပေမယ့် ကျွန်မက လူကောင်ထွားလို့ ဆရာလေးအကျီထမီတွေကို ဝတ်လို့တော်ပါတယ်။ တိတိကျကျ ဥပုသ်စောင့်ပြီး တရားအားထုတ်ဖြစ်တဲ့ ပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်။ ကျွန်မရဲ့ကြီးဒေါ်တစ်ယောက်က ထမင်းလိုက်ချက်ကျွေးပါတယ်။ တရားထိုင်ချိန်မှာ ယပ်တောင်တစ်ချောင်းနဲ့ ခြင်မကိုက်အောင်ယပ်ခတ်ပေးပါတယ်။ ၁၅ မိနစ် တရားထိုင် ၁၅ မိနစ်နားနဲ့ တစ်နေကုန် တရားထိုင်ရပါတယ်။ နောက်မှ နားလည်တာက အဲဒီတုန်းက တရားထိုင်တာက သမထ ထိုင်ခြင်းဖြစ်ပါတယ်။ နေ့ခင်းတစ်ချိန်နဲ့ ညနေတစ်ချိန် ဆရာတော်တရားဟောတာကို သွားနာရပါတယ်။ စုစုပေါင်း ၁၂ ရက် တရားအားထုတ်ခဲ့ပါတယ်။
၅ တန်းအောင်ပြီး ကျောင်းပိတ်ချိန်မှာတော့ အဖေက အဲဒီရိပ်သာမှာ ဒုလ္လဘရဟန်း ၉ ရက်ဝတ်ပါတယ်။ ကျွန်မနဲ့ ကြီးဒေါ် ၂ ယောက်က ရိပ်သာကိုလိုက်သွားပြီး အဖေ့အတွက် ဆွမ်းဟင်းကို သွားစီစဉ်ပေးရင်း ဥပုသ်စောင့် တရားထိုင် ၉ ရက် လုပ်ဖြစ်ပါသေးတယ်။ အဖေက ရာသက်ပန် သတ်သတ်လွတ်စားလို့ ဆွမ်းခံလာတဲ့သပိတ်ကိုယူပြီး သတ်သတ်လွတ် ဟင်းနဲ့ဆွမ်းကို ကျွန်မက ဆွမ်းစားကျောင်းအပေါက်ကနေစောင့်ပြီး လောင်းလှူတဲ့အလုပ်လုပ်ပေးရပါတယ်။
နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက် သင်္ကြန်တွင်းရောက်တိုင်း အဲဒီရိပ်သာကို ကြီးဒေါ် ၂ ယောက်နဲ့ ကျွန်မက အမြဲသွားပြီး တစ်ပတ်ခန့် ဥပုသ်စောင့် တရားထိုင်လုပ်ကြပါတယ်။ ကျွန်မကငယ်တော့ ဥပုသ်စောင့်တာကို ကောင်းကောင်းလုပ်ပေမယ့် တရားထိုင်တာကိုတော့ ကောင်းကောင်းမထိုင်နိုင်ပါဘူး။ ငြိမ်ငြိမ်မထိုင်နိုင်တဲ့သဘောပေါ့။ တရားနာတာကိုတော့ အလွန်သဘောကျပါတယ်။ ခန္ဓာနဲ့တွဲပြီး နားမလည်ခဲ့ပေမယ့် အလယ်တန်းအရွယ်ကထဲက တရားစကားတွေကို အလွတ်ရနေပါတယ်။ ဉာဏ်စဉ် ၁၆ ပါးကို ၆ တန်းအရွယ်ကထဲက အလွတ်ရပြီး အလွတ်ရေးနိုင်ခဲ့ပါတယ်။ တရားအားထုတ်ခြင်းရဲ့ ကောင်းကျိုးတစ်ခုကတော့ ဆရာစာသင်တာကို အာရုံစိုက်လိုက်တာနဲ့ အဲဒီစာကို ချက်ခြင်း အလွတ်ရပါတယ်။ အားလုံးရှင်းလင်းနေအောင်လဲ နားလည်ပါတယ်။
နေ့စဉ် အိမ်မှာ ကြီးကြီးတွေက ဘုရားကို အကျယ်ကြီးရှိခိုးလေ့ရှိပါတယ်။ ဓမ္မစကြာနဲ့ ပဌာန်းကို အမြဲရွတ်ကြတယ်။ ကလေးဘဝတုန်းကတော့ သူတို့စောစောထရွတ်တိုင်း အိပ်ယာကနိုးရလို့ စိတ်ထဲမှာ မကြည်မလင်ဖြစ်ခဲ့ရဖူးပါတယ်။ နောက်တစ်ခု ကလေးဆန်ဆန်တွေးမိတာက ဓမ္မစကြာကို အသံသာယာအောင် သီချင်းဆိုသလိုလို ကဗျာရွတ်သလိုလိုရွတ်တာကို မကြိုက်တဲ့စိတ်ဖြစ်ခဲ့ဖူးပါသေးတယ်။ မြတ်စွာဘုရားက သာယာနာပျော်တဲ့အသံကို မနားထောင်သင့်လို့ ဥပုသ်သီလထဲမှာတောင်ထည့်သွင်းပညတ်ခဲ့တာ ဘာလို့ ဘုရားရှိခိုးတာကို အသံသာအောင်တမင်များလုပ်နေတာလဲမသိဘူးဆိုပြီး ကလေးဆန်ဆန်လဲ တွေးမိခဲ့ဖူးပါတယ်။ ကျွန်မကတော့ ညတိုင်း အနန္တော အနန္တ ငါးပါးတို့ ရှိခိုးဦးချပြီး အိပ်စက်ရင် လုံလောက်ပြီလို့ ကိုယ့်အသိဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ပြီး အဲဒီလောက်ပဲ လုပ်ပါတယ်။
အဲဒီလိုနဲ့ပဲ ၁ဝ တန်း ဖြေပြီးတဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ မိတ်ဆွေတစ်ယောက်က ကျွန်မကို တရားစခန်းတစ်ခုကို ဝင်ကြည့်ဖို့အကြံပေးပါတယ်။ အဲဒီစခန်းက ပဲခူးက အောင်သုခဓမ္မရိပ်သာဖြစ်ပါတယ်။ 1990 ပတ်ဝန်းကျင်တုန်းကပါ။ ကျွန်မတို့မြို့နဲ့ တော်တော်ဝေးတဲ့အတွက် အိမ်က လူကြီးများက ခွင့်မပြုပါဘူး။ တရားထိုင်တာ ဘယ်မှာထိုင်ထိုင်ရတယ်။ တခြားကြိုက်တဲ့ရိပ်သာထိုင်လို့လဲ ပြောကြပါတယ်။ ကျွန်မက တစ်ခုခုကို ဆန္ဒပြင်းပြလာရင် စိတ်လျော့လို့မရဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်မှန်းမသိပဲ အဲဒီရိပ်သာမှ မသွားရရင်သေမလိုဖြစ်ပြီး ထမင်းမစားပဲ ၂ ရက်နဲ့ ၂ ည ငိုပြီး တောင်းဆိုခဲ့ပါတယ်။ သားသမီးမျက်ရည်မကြည့်ရက်တဲ့ မိဘတွေကပဲ လက်လျော့သွားပြီး သူတို့ကိုယ်တိုင် လိုက်ပို့ပါတယ်။ ရိပ်သာက ၁၅ ရက်စခန်းဖြစ်ပြီး ကြားထဲမှာ ပြန်ထွက်ခွင့်မရှိပါဘူး။ အမေတို့ကလဲ ကျွန်မကို နောက်တစ်ခါ တစ်ဇွတ်ထိုးမလုပ်ရဲအောင် မှတ်လောက်သားလောက်အောင်လို့ သဘောထားပြီး လိုက်ပို့လိုက်ခြင်းဖြစ်ပါတယ်။
တကယ်ဖြစ်သွားခဲ့တာကတော့ သူတို့ထင်တာနဲ့ပြောင်းပြန်ဖြစ်ပါတယ်။ သူ့အချိန်အခါနဲ့ သူ့ဆရာနဲ့တွေ့မိတဲ့အခါမှာတော့ ကျွန်မက တရားကို ခန္ဓာနဲ့ အသိဉာဏ်နဲ့တွဲပြီး နားလည်တဲ့ ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ ကျွန်မနှစ်ပေါင်းများစွာ ယောင်တောင်ပေါင်တောင်နဲ့ နားလည်ခဲ့တာတွေက ဘာမှမဟုတ်ပါလားလို့လဲ သိသွားခဲ့ပါတယ်။
မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို တရားအကြောင်းသေချာရှင်းပြပြီး သူတို့ကိုပါ တရားထိုင်စေခဲ့ခြင်းဖြင့် ကိုယ်နိုင်သလောက် သာသနာပြုနိုင်အောင်ကြိုးစားခဲ့ပါတယ်။ တရားစာတွေကို အခါအားလျော်စွာဖတ်လေ့ရှိပေမယ့် ပါဌိစာလုံးတွေကို မမှတ်မိပါဘူး။ တရားစာအုပ်တွေဖတ်တာထက် ခဏလောက် ငြိမ်ငြိမ်လေးတရားမှတ်ပြီး ကိုယ့်စိတ်ကိုယ်ပြန်မှတ်တာကို ပိုပြီးနှစ်သက်ပါတယ်။
နိဂုံးချုပ်ပြောချင်တာကတော့ … ပတ်ဝန်းကျင်က ကလေးတစ်ယောက်ကို အများကြီး ပြောင်းလဲစေပါတယ်။ ဥပုသ်စောင့်တဲ့ မိသားစုမှာကြီးတဲ့ကလေးက အလိုအလျောက် ဥပုသ်စောင့်တတ်လာပါတယ်။ ဘုရားအကျယ်ကြီးရှိခိုးတတ်တဲ့ လူကြီးတွေကြောင့် ဘုရားစာတွေကို အလိုအလျောက် အလွတ်ရနိုင်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ အတိတ်ကံကြောင့် ပစ္စပ္ပန်မှာ တရားအားထုတ်ဖို့ စေ့ဆော်မှုဖြစ်လာရင် အဲဒီအခွင့်အရေးကို အမိအရဆုတ်ကိုင်သင့်ပါတယ်။ နေ့ရွေ့ ညရွေ့နဲ့ ရှောင်လွဲလိုက်မယ်ဆိုရင်တော့ လူဖြစ်ရကျိုး မနပ်ဖြစ်ကြရမှာဖြစ်ပါတယ်။
ဒီပို့စ်ရေးရတဲ့ ရည်ရွယ်ချက်ကတော့ မိဘတွေက ရှေ့ဆောင်လမ်းပြလုပ်ပြီး ဘုရား တရား သံဃာနဲ့ နီးစပ်အောင်နေကြခြင်းဖြင့် သားသမီးများကို ယဉ်ကျေးလိမ်မာအောင် သွန်သင်ကြပါစို့ ….
10 comments
ဆူး
December 12, 2010 at 5:21 pm
ကလေးဘဝ ဆိုမှ.. သတိရတယ်. ငယ်ငယ်က ဆူး အသက် ၂နှစ် ၃နှစ် ဝန်းကျင်လောက်တုန်းက အဖေက နေ့တိုင်း ဘုရားစင်ရှေ့မှာ ချီပြီး သမီး ဒါ ဘုရား ဦးတော်နော် မှတ်ထား.. ဆိုပြီး လက်အုပ်ချီခိုင်းပြီး.. သရဏဂုံ ဆိုတတ်အောင် နေ့တိုင်း နုတ်တိုက် ရွတ်ခိုင်းတယ်။ အိမ်ရှေ့မှာ ညတိုင်း ပွင့်တဲ့ စပါယ်ပန်းကလေးတွေ ခူးပြီး ဘုရားကပ်တဲ့ အလေ့ အကျင့် ရအောင် လုပ်ပေးတယ်။ အဲဒီ တုန်းကတော့ ပန်းဆိုတာ ဘုရားကပ်တာလို့ဘဲ သိထားခဲ့တယ်။
weiwei
December 12, 2010 at 5:43 pm
အိမ်ရှေ့မှာ ညနေတိုင်းပွင့်တဲ့ ၄ နာရီပန်းရောင်စုံရှိတယ် … ပန်းကန်ပြားထဲမှာ စေတီပုံလေးလုပ်ပြီး ညနေတိုင်း ဘုရားကပ်တဲ့အလုပ်လဲ လုပ်ခဲ့ရပါတယ် …
maungmoenyo
December 13, 2010 at 12:46 am
ကြည့်ရသလောက်မဝေဝေနဲ့ဆူးတို့ကဘာသာတရားကိုအလေးထားလေ့လာနေကြတဲ့သာမာန်အထက်မှာရှိတဲ့သူတွေဆိုတာရေးတာတွေကြည့်ပြီးသုံးသပ်မိပါတေယ်။ဘယ်လိုဘဲကိုယ့်ကိုယ်ကိုနှိမ့်ချပေမယ်လို့၊ ခေသူတွေမဟုတ်ဆိုတာရိပ်စားမိပါရဲ့။
ဗုဒ္ဒဘာသာရဲ့အစ”ဇိနတ္ထပကာသနီ”ကတဲ့…
ညီမဝေဝေ နဲ့ ဆူး တို့အဲ့ဒါကိုလေ့လာဖတ်ရှုကြည့်ကြပါလား။ (ဖတ်ဖူးရင်လဲထပ်ဖတ်ကြည့်ပါလို့အကြံပြုပါရစေ) နောက်တဆင့်ကတော့”ရင့်မာတစ်ကျိပ်”လို့ခေါ်တဲ့ဂေါတမမဖြစ်မှီဘဝ(၁၀)ခုဖြစ်တဲ့ “တေ ၊ဇ ၊သု ၊နေ ၊မ ၊ဘူ ၊စန် ၊နာ ၊ဝိ ၊ဝေ” ကိုလေ့လာကြည့်ကြပါ။
နောက်တဆင့်အနေနဲ့ကတော့ တရားအပေါင်းရဲ့အချုပ်ဖြစ်တဲ့ “ဓမ္မစက္ကပဝတ္တန”သုတ်ကစပြီး၊ ပရိတ်ကြီး(၁၁)သုတ်ရဲ့နောက်ကြောင်းတွေလေ့လာကြည့်ကြပါ….။
နောက်တဆင့်ကတော့ မိလိန္ဒမင်းကြီးနဲ့အရှင်နာဂသိန်တို့ရဲ့အမေးဖြေခန်းတွေကိုထပ်ဖန်တလဲလဲဖတ်ကြည့်ကြပါ။
ဘာသာနဲ့အယူဝါဒတွေကိုအတော်လေ့လာပြီးပေမဲ့လဲအသက်အရွယ်ပေါ်မှာလိုက်ပြီးနားလည်ယူဆပုံခြင်းမတူတာမို့ထပ်ကာတလဲလဲဖတ်သင့်လေ့လာသင့်တွေးခေါ်သင်တဲ့နည်းနာတွေလိုဆိုပါရစေ။
weiwei
December 13, 2010 at 5:01 am
ကိုမိုးညိုရဲ့ ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ် … အသက်အရွယ်နဲ့အမျှ အတွေးအခေါ်ပြောင်းလဲလာတာ အမှန်ပါပဲ … ကျွန်မအခုရေးထားတက အသက် ၁၈ နှစ်အထိ ကလေးဘဝတစ်စိတ်တစ်ပိုင်းပဲ …
ဆရာတော် အရှင်ဇနကာဘိဝံသရေးတဲ့ စာအုပ်တွေကို အဖတ်များပါတယ် … လောကီစာတွေဖတ်ရတာများလွန်းလို့ ဘာသာရေးစာအုပ်တွေကတော့ အိပ်ယာဝင်ခါနီးခဏလောက်ပဲ ဖတ်နိုင်ပါသေးတယ် … ကိုမိုးညိုအကြံပေးတဲ့ စာအုပ်တွေကို ဖတ်ဖူးပေမယ့် အကုန်မေ့ကုန်ပါပြီ … အချိန်ရရင် ပြန်ဖတ်ကြည့်ပါအုန်းမယ် …
မိုက်ကယ်ဂျော်နီအောင်ပု
December 13, 2010 at 5:03 am
အောင်ပုလည်း လူပျိုကြီး (လူလွတ်ကြီး/အိမ်ထောင်မရှိ) 🙂
(ပတ်ဝန်းကျင်က ကလေးတစ်ယောက်ကို အများကြီး ပြောင်းလဲစေပါတယ်။ )
အားလုံးကိုတော့ ရာနှုန်းပြည့်မဆိုလိုပါ ရံခါ ဘာသာရေး၏ အယူအစ ယုံကြည်မှုတို ့မည်သည် ပတ်ဝန်းကျင်၏ အခြေနေပေါ်မူတည်၍
အရိုးစွဲဝါဒ ဟူမူ၍ အကြင်သူ၏ စိတ်၌ ကိန်းအောင်းတတ်ပါသည်(မိဖတို ့နှင့် ငယ်စဉ်မှ ဘုရားကျောင်းကန်သွားခြင်းကို အကြောင်းပြု၍ ဘာသာဝင်ဟုခံယူခြင်း)
(ဗုဒ္ဓရှင်တော်၏ အဘိဓမ္မာ အယူအဆတို ့မှ ကြည့်သော် ကံ အကြောင်းသည် ပါခဲ့ပြီး(လွန်စွာသိမ်မွေ ့ခက်ခဲအနက်နဲပါသည်)
ထိုအချိန်၌ အကြင်သူ၏စိတ်၌ အထူးတည်သည်မှာ ယုံကြည်မှုနှင့် ဒွန်တွဲပါသော သဒ္ဓါတရားအားကြီးခြင်းပင် ဖြစ်ပြီး ထိုသဒ္ဓါတရား၌ လောကုတ္တနယ်မှ ပညာ
အသိသည် အားနည်းတတ်ပြီး(ပုဂ္ဂိုလ်တိုင်းမဟုတ်) သဒ္ဓါတရား၌ (အလှူ၌ မျှော်ကိုးခြင်း) လိုခြင်တက်မက်မှု လောဘသည် ဒွန်တွဲဖြစ်တည်တတ်ပါပြီး
ဗုဒ္ဓ ရှင်တော်၏ အဘိဓမ္မာ အယူအစတရားတို ့ကို ( စာဖတ်ခြင်း/တရားနာခြင်း)ဖြင့် နားလည်လာသောအခါ
(ဉဏ် ) ပညာ သည် ရရှိလာတတ်၏ သို ့သော် ပညာလွန်ကဲသဒ္ဒါနည်း ဖြစ်တတ်ပြီး ပညာလွန်သော် ကောက်ကျစ်တတ်ပါ၏ ။
မည်သို ့ဆိုစေကာမူ ဥပုသ်သီလ စောင့်တည်ခြင်း(ကံငါးပါး) ကို တတ်အားသ၍ ပြုကျင့်သင့်ပါကြောင်း။
bigcat
December 13, 2010 at 6:02 am
ကျီးသဲလေးထပ် ဆရာတော်ပြုစုတဲ့ ဇိနတ္ထပကာသနီကျမ်းကို ဖတ်ဖူးပါတယ်။ ရေးထားတာ တော်တော် ကြီးကျယ်ခမ်းနားတာပဲ။ မဟာယာနဖက်က မှတ်တမ်းတွေပါ ထည့်သွင်းဖော်ပြ ထားသလားလို့။ အဲဒီလိုမျိုး ဝန်ခံချက်ကိုလည်း အမှာစာမှာ ဖော်ပြထားတယ်လို့ မှတ်မိသလိုပဲ။ မသိခဲ့တဲ့ သာကီဝင်မျိုး ဘယ်ကစ၊ ဘုရားအလောင်းတော်ဘဝ အတော်များများ အစုံပါတယ်။ ပိဋကတ်သုတ္တန်လာ မှတ်တမ်းတွေနဲ့ကော တထပ်တည်း ကျလားလည်း မသိဘူး။ သိရင်ပြောပြပါအုံး။
weiwei
December 13, 2010 at 6:07 am
ကျီးသဲလေးထပ် ဆရာတော်ပြုစုတဲ့ ဇိနတ္ထပကာသနီကျမ်းစာအုပ် ebook download link သိရင် ပေးပါအုန်း … ဖတ်ကြည့်ချင်လို့ပါ …
bigcat
December 13, 2010 at 7:39 am
အင်တာနက်မှာ ရှာကြည်တာ ဆရာတော်ရဲ့ စွယ်စုံကျော်ထင်ကျမ်းပဲတွေ့တယ်။ http://www.sagarwarmyae.org/?p=2753
ashinindaka
December 13, 2010 at 6:35 am
Keep on writing and Nice what you have expressed here even though you mentioned in yr intro-passage that you do not understand Buddhism in detail.
Thanks
unclegyi1974
December 13, 2010 at 2:22 pm
ဟုတ်ပါတယ်ငယ်စဉ်မှာပတ်ဝန်းကျင်ကအလွန်
အရေးပါ ပါတယ်
ဒါကြောင့်ကလေးတွေကိုလူကြီးတွေကမျက်ချေမ
ပြတ်သင့်ပါဘူး