Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“အဆိုကျော်မာမာအေးကပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်”

doekalayDecember 14, 20101min2290

“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်”

ကေသီပန်အဖွဲ့ ရပ်တည်ချက်
မာမာအေး
ဒီဇင်ဘာ ၁၂၊ ၂၀၁၀(photo – Khin Maung Lay)

(အသံဖိုင် လင့် http://www.bbc.co.uk/burmese/programmes/2010/12/101209_mmaye_358.shtml )

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ဒီဇင်ဘာလတောင် ရောက်လာပြီနော်။ ဘာလိုလိုနဲ့ ‘သက္ကရာဇ် ၂၀၁၀’ နေရစ်တော့မှာပါလား။ ဒီဇင်ဘာအလွမ်းနာကျတတ်တဲ့ မာအေး အလွမ်းမကျတကျ ဂီတလေးတွေ နားထောင်ရင်းနဲ့ နှင်းဖွေးဖွေးကို ငေးမယ်၊ တွေးမယ်လို့ ကြံပြီး ကိုယ့်ရှေ့တွင် တင်ထားတဲ့ ကွန်ပြူတာလေး ပိတ်မယ်လို့ မျက်နှာချင်းဆိုင်လိုက်တဲ့အခါမှာ မောင်ကလေး အောင်ဝေးရဲ့ “မစ်ရှီဂန်မှ ပေးသောစာ အမှတ်(၃၇)ဆောင်းပါး” နဲ့ တည့်တည့်တိုးခဲ့ပါတယ်ရှင်။

အောင်ဝေးရဲ့ ကောက်ကြောင်းပန်းချီပုံအောက်မှာ “နဝတ ကြိုးဆွဲရာ ကလွန်းလို့ နဝတ အလိုကျ လှေသဘင်ပွဲ၊ မြင်းခင်းသဘင်ပွဲ ဘာပွဲညာပွဲ သီချင်းတွေ ရေးကြ ဆိုကြလွန်းလို့၊ အဲဒီတုန်းက ဂီတအစည်းအရုံးကို ပြည်သူတွေက ‘ဂဝတ’ ဆိုပြီး နာမည်ပေးခဲ့ဖူးကြတယ်” ဆိုတဲ့ စာသားတစု ကောက်နှုတ်ချက် ပြုထားတာကိုး၊ ဂီတကိစ္စ ဆိုတော့လည်း စပ်စုစိန် လုပ်ရဦးမှာပေါ့။ တွေးမယ့် ငေးမယ့် ဆွေးမယ့်ဟာတွေ အလိုမရှိ၊ ဖတ်ကြည့်ဦးမှ၊ ဖတ်မှပါဘဲလေ …

အော် . . မာအေးတို့တိုင်းပြည်မှာ ‘အလုပ်သမားသမဂ္ဂ’ ဖွဲ့စည်းဖို့ ရှေ့နေ ကိုဖိုးဖြူနဲ့ သူ့ရဲဘော်တွေက သက်ဆိုင်ရာကို တရားဝင် ဥပဒေဘောင်ထဲကနေ မှတ်ပုံတင်ထားတဲ့အကြောင်း သတင်းပါ။ သူရေးနေကျ မိတ်ဆွေကြီး ကိုဒေါင်းဆီ စာရေးအသိပေးတဲ့ စာပေါ့။ နဝတဟာ အသင်းအဖွဲ့တွေ ဖြစ်လာတိုင်း သူတို့အလိုကျ သမပစ်တာမျိုးတွေ ဖတ်ရပါတယ်။

ဂီတနဲ့ဆိုင်တဲ့စာပုဒ်ကလဲ ဒီတပုဒ်ပဲ ပါတာပါ။ “ရယ်စရာတခု ပြောရဦးမယ်။ နဝတ ခေတ်ဦးတုန်းက နဝတကြိုးဆွဲရာ ကလွန်းလို့ နဝတ အလိုကျ လှေသဘင်ပွဲ၊ မြင်းခင်းသဘင်ပွဲ ဘာပွဲညာပွဲ သီချင်းတွေ ရေးကြ ဆိုကြလွန်းလို့၊ အဲဒီတုန်းက ဂီတအစည်းအရုံးကို ပြည်သူတွေက ‘ဂဝတ’ဆိုပြီး နာမည်ပေးခဲ့ကြဖူးတယ်ဗျာ” တဲ့။ အဲဒီလောက်ပဲ အောင်ဝေးက ရေးပါတယ်။

မာအေးမောင် အောင်ဝေးက ရယ်စရာတခုလို့ ပြောလိုက်တဲ့ကိစ္စမှာ ဂီတအစည်းအရုံး ပေါ်မလာခင်က မာအေးတို့ လောက မပါ ပါဘူးနော်။ ဂီတအဖွဲ့အစည်းတွေ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြတာ မာအေးတို့ မီတာတွေရော၊ မမီတာတွေရော အများကြီး ရှိတာပေါ့ရှင့်။

မာအေးတို့ ဘိုးဘေးတွေရဲ့ သူ့ကျွန်မခံ နယ်ချဲ့ကို တော်လှန်၊ ဖက်ဆစ်ရန် တိုက်ဖျက်ရတဲ့ကာလ ကျရောက်နေချိန်မှာ ကိုယ့်ရာဇာ ကိုယ်သနား ဇာတိမာန်ပွားဖို့ရာ ပြည်သူ့နားဖေါက် စင်ပေါ်က မြှောက်ခွင့်သာခဲ့တာကိုး။

ကဗျာလင်္ကာသံချို လက်တန်းစာဆိုတို့ခေတ်က မောင်းထောင်ဦးကျော်လှတို့ ရုပ်သေးစင်ပေါ်က မဒီကိုင်ဦးဖူးညို၊ စင်တော်မင်းသမီးကြီး အမေပုလို့ ခေါ်ရတဲ့ ဆရာပုတို့က စေတနာ ဝေဒနာတွေနဲ့ တော်လှန်ရေး သတိ၊ နိုင်ငံရေးအသိ တွေးစေတဲ့ ဂီတသဘင် စာတွေယဉ်ခဲ့တာက ပမာယူပြီး၊ နိုင်ငံရေးအခြေခံတဲ့ တေးသံ ရေးဟန်တွေ ဖြစ်လာရတာလို့ ပြောချင်ပါတယ်။ ဘယ်သူ့ဩဇာမှ မပါခဲ့ကြောင်းပါရှင်။

ဒီလိုသီချင်းမျိုးကို အခုခေတ်မှာ ပေါ်လစီသီချင်းလို့ အလွယ်ခေါ်ရင် သိပါတယ်။ သက်ဆိုင်ရာက နိုင်ငံအကျိုးပြု သီချင်းမျိုး ရေးသားဖို့ရာ ဂီတစာဆိုရွှေတိုင်ညွှန့်ကို ခန့်ထားခဲ့တာဟာ အဓိပတိဒေါက်တာဘမော် လက်ထက်မှာ ရှိဖူးခဲ့ပါသတဲ့ရှင်။ တော်လှန်ရေးကာလတခုရဲ့ အစလို့ ပြောရမယ့် တက္ကသိုလ်ကျောင်းသားများရဲ့ သပိတ်၊ ဗိုလ်အောင်ကျော်ကိစ္စလေးတွေမှာလဲ လူသိပြီးသီချင်းဟောင်းအသံတွေပေါ်မှာ စာမြှောင်ကပ် စပ်ဆိုရတဲ့ သီချင်းတွေရော၊ တဖက်လှည့်နဲ့ ရည်ညွှန်းရေးသားတဲ့ သီချင်းတွေရော မနည်းမနောပါပဲ။ မေမြို့မိုးကြည် စုစည်း ထုတ်ဝေပြီးတဲ့ “နယ်ချဲ့ဖက်ဆစ် ဆန့်ကျင်တဲ့သွေး – ဇာတိမာန်တေးသီချင်းများ” စာအုပ်မှာ ရှာကြည့်နိုင်ပါတယ်။

မာအေးတို့ရှေ့က ဂီတသမားကျော်များဟာ ကိုယ့်ရိုးရာဂီတ မပျောက်ပျက်အောင် မူမှန်တွေ ထိန်းသိမ်း မှတ်တမ်းပြုခဲ့ဖို့အပေါ်မှာ ရပ်တည်ခဲ့ကြတာ များပါတယ်။ မာအေး ငယ်က ‘ဝါဂီနစ်’ညီလာခံကို ဖေဖေနဲ့အတူ လိုက်သွားခဲ့ဖူးပါတယ်။ မြေနီကုန်း စမ်းချောင်းရပ်က ပဒုမ္မာကွင်းဆိုတာမှာ ဆောက်ထားတဲ့ ဇာတ်ရုံကြီးထဲမှာ ကျင်းပတာပါ။ ဖေဖေက ‘ကုဋ္ဌာရုံ’ အငြိမ့်က နှဲဆရာမို့ အဒေါ်ကုဋ္ဌာရုံ သီဆိုကပြဖျော်ဖြေဖို့ ရှိတာနဲ့ သွားကြတာပါ။ “အရိုးကို အရွက်မဖုံး၊ အထက်ဆုံး သဘင်မဟာ၊ သည်ပညာ ရွာစားမြို့စား ချီးမြှင့်သေးတာ” အဲဒါလေး တကြောင်းလောက်ပဲ ခေါင်းထဲမှာ မှတ်မိပါတော့တယ်ရှင်။ အငြိမ့်ဝိုင်းခေါင်းဆောင် ရွှေခြံထွန်း ရေးပေးတဲ့ ဂုဏ်ပြု သီချင်းထဲက စာကလေးပါပဲ။

မာအေးတို့ ကိုယ်တိုင် အဲဒီလိုဂီတအဖွဲ့အစည်းကြီးထဲမှာ ပါဝင်လာခဲ့တာကတော့ (၁၉၆၃) ခုနှစ် ကျမှပါ။ ‘ကေသီပန်တူရိယာအဖွဲ့’ နာမည်နဲ့ အကိုမြကြီးရဲ့ “ဂီတဗိမ္မာန်” အဖွဲ့ နေရာကို မာအေးတို့တတွေ ပြောင်းယူကြတာ (၁၉၆၀)ခုနှစ်က ဖြစ်ပါတယ်။

(၁၉၆၃)ခုနှစ်မှာ တော်လှန်ရေးကောင်စီလက်ထက် ရောက်လာတော့ ရှိပြီးခဲ့တဲ့ သဘင်ဖက်က ‘ဝါဂီနစ်’အဖွဲ့ရယ်၊ ဂီတအုပ်စုတွေရယ်ကို ညီလာခံတွေ ခေါ်ပေး စုဝေးစေတဲ့အတွက်၊ မာအေးတို့ ကေသီပန်အဖွဲ့လည်း တက်ရောက် ပူးပေါင်းခဲ့ကြရပါတယ်။ ဒီညီလာခံကြီးမှာ ကေသီပန်ရဲ့ ကိုယ်တိုင်ရပ်တည်ချက် ရည်ရွယ်ချက်တွေကို သိနိုင်အောင်၊ ကေသီပန်အဖွဲ့ရဲ့ ပင်တိုင်ဂီတစာဆိုဖြစ်တဲ့ ‘ကိုလေးညွှန့်’က ‘ဂီတနယ်မြေ ဒို့နယ်မြေ’ သီချင်းကို ရေးစပ်ပြီး ဆိုခဲ့ကြတဲ့ သီချင်းလေး အမှတ်တရ နားဆင်ကြည့်နိုင်ပါတယ်ရှင်။

(ဂီတနယ်မြေ ဒို့နယ်မြေ – မာမာအေးနှင့် ကေသီပန်အဖွဲ့သားများ ဆိုသည်။)

အဖွဲ့။ ။ ဂီတနယ်မြေ ဒို့နယ်မြေ .. ဂီတနယ်မြေ ဒို့နယ်မြေ ××
အေး။ ။ မိုးဒဏ်လေဒဏ် ကြံ့ကြံ့ခံ ငါတို့တတွေ၊ အစဉ်တစိုက် ရှာဖွေ
သစ်လွင်ဖွဖွ လှလှလေးနဲ့ ဘဝ စခန်းသာ ကျွန်းဆီသို့လေ၊
တယောက်တကွဲ၊ ကျဲလှတဲ့ ခြေလှမ်းအစုံနဲ့ပေ မြေစမ်းခရမ်းပျိုးနေ ××
အဖွဲ့။ ။ ဂီတနယ်မြေ ဒို့နယ်မြေ .. ဂီတနယ်မြေ ဒို့နယ်မြေ ××
အေး။ ။ ရာဇဝင် အခန်းဆက်ရှည်၊ ဖြတ်သန်းလာရင်းနဲ့ စုဆောင်းရရှိခဲ့သမျှ ဂီတဩဇာမြေ၊ တို့တတွေ တပင်တပမ်း စိတ်လက်ကိုယ်နွမ်း ကြိုးပမ်းဆောင်ရွက် လာခဲ့ပေ၊ ပိုးမှက်ခြင်များ အသန်းမခံဘူးလေ၊ ပန်းမျိုးတစ်ရာ လွတ်လပ်စွာ ပွင့်ကြစေ ××
အဖွဲ့။ ။ ဂီတနယ်မြေ ဒို့နယ်မြေ .. ဂီတနယ်မြေ ဒို့နယ်မြေ ××
အေး။ ။ တို့များစိုက်တဲ့ပန်း ပွင့်လန်းလာသော်၊ ပြည်သူ့ဦးခေါင်းထက်ဗွေ ထိုးစိုက်ပေးကြရမယ့် တာဝန် ကိုယ်စီကိုယ်ငှပေ၊ အလုပ်သမား လယ်သမားဖက်မှ တို့များ ထာဝရ ရပ်တည်နေ၊ သစ္စာရှိရှိနဲ့လေ၊ တယောက်လက် တယောက် တွဲခေါ် အမြဲ ဖေါ်ဖေါ်ရွေရွေ၊ မေတ္တာထားရှိကြဟေ့၊ ပေါင်းစည်းညီရေးနော် . . ကြွေးကြော်သံ ဝေဝေ၊ ရင်ကြားစေ့ရေး စကားဆွယ်နေ၊ အင်အား ဖြည့်တင်းသွားမယ်လေ၊
အဖွဲ့။ ။ ဟေ့ . . . ဂီတနယ်မြေ ဒို့နယ်မြေ .. ဂီတနယ်မြေ ဒို့နယ်မြေ ××

ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြပါသည်။