“မှော် ပန်းပွင့်“အပိုင်း(၁)
“မှော် ပန်းပွင့်“
(၁)
သူ လျှောက်နေသည်မှာ ကြာပြီ။ လမ်းတွေက ဖုန်တစ်ထောင်းထောင်းနှင့် နှာခေါင်းဝမှတဆင့် အလုံးလိုက်အရင်းလိုက် ဝင်လာတော့ သူအသက်ရှုကျပ်နေသည်။ လမ်းဘေးဝဲယာ တစ်ဘက်တစ်ချက်စီမှာလည်း ဆိုင်ကယ်တွေ ကားတွေ ပလူပျံလို့ စည်စည်ကားကား ပွဲတော်အလား ထင်မှတ်ရ၏။ ရှေ့က ရွာဆိုရင်တော ့ သူလိုရာ ခရီးကိုရောက်ပါပြီ။ မလှမ်းမကမ်းမှာတော့ သူမြင်နေရသည့်ရွာသည် သူ့ ခရီးပန်းတိုင်။ သူသည်ရွာကိုလာရခြင်း၏ ရည်ရွယ်ချက်က ဘဝတိုးတက်ရေးလမ်းစဉ်။ သူသည်ကိုမလာခင်ကတော့ သူမြို့ သူရွာမှာတော့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် ဝေလေလေ ဆန်ကုန်မြေလေးဟု အများကခေါ်ကြသည်။ သူသည် လူပျင်းတစ်ယောက်မဟုတ်သော်ညားလည်း ရပ်ထဲ မြို့ထဲမှာတော့ ငပေ ငတေ တစ်ယောက်ဟု အားလုံးက တပြေးညီသတ်မှတ်ကြသည်။
သူ့သည် အရပ်ထဲ၌ လည်လိုက်ပတ်လိုက်နှင့် နေ့ရှိသ၍ အရက်ချည်းသောက်နေတာပင် သူ့အသက် နှစ်ဆယ်ကျော် အစိတ်စွန်းလာပြီ။ ထိုအခါမှ သူ့ကိုယ်သူ့ပြန်မြင်မိလိုက်သည်ကတော့ အိမ်အတွက်ရော ၊ ကမ္ဘာမြေကြီးအတွက်ပါ ကောင်းကျိုးမပြုသောသူဟုပင်။ ဆန်ကုန်မြေလေးက စကားကြီး စကားကျယ်ပြောနေသည်ဟု အားလုံးက ဝိုင်းပြောတော့ သူမခံနိုင်။ သူသည် သူ့မိသားစုနှင့် တကွ သူ့အသိုင်းအဝိုင်း ဆွေမျိုးတွေကို ကျောခိုင်းချင်လာသည်။ ခုတော့ သူတိတ်တိတ်လေးထွက်လာခဲ့ပြီ။ သူသွားမည့်နေရာကို ဘယ်သူမှရှာတွေ့လိမ့်မည်မဟုတ်သလို ဘယ်သူမှလည်း သိလိမ့်မည်မဟုတ်ဟု သူယုံကြည်သည်။ သူနေသည့်မြို့နှင့် လားလားမျှဆန့်ကျင်လျှက် သုံးညအိပ် လေးရက်ခရီး သူခြေဆန့်ခဲ့ပြီ။ သူ့မြို့ကလေး ဘယ်အရပ် ဘယ်ဌာနေမှာဟု သူတောင်မှန်းဆလို့မရတော့။
သူသည် ရွာထဲကိုဝင်လာခဲ့သည်။ သူနှင့် သောက်ဖော်သော်ဖက်သူငယ်ချင်းတစ်ယောက်၏ ဦးလေးအိမ်ကိုရှာရမည်။ တွေ့လျှင် အကျိုးအကြောင်းပြောပြ၍ သူနေမည်။ ပြီးလျှင် သူ့အိပ်မက်တွေကို ကောင်းကောင်း အကောင်အထည်ဖော်ရမည်။ ရွာထဲ၌ စည်ကားလွန်းလှသည်မှာ သူတို့မြို့၌ နှစ်စဉ်ကျင်းပလျှက်ရှိသည့် ဘုရားပွဲတော်နှင့် တူလှ၏။ အရွယ်စုံ။ ယောကျာ်းမိန်းမ လူကြီး လူငယ် လူလတ် ရှုုပ်ယှက်ခက်နေအောင် ဥဒဟို သွားလာနေကြသည်။ လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်သေးသေးလေးတွေ။ အရက်ဆိုင်ကိုမြင်တော့ သူ့လည်ချောင်းက ရှတတဖြစ်လာသေးသည်။ မဖြစ်သေး။ သူရှာရမည့်အိမ်ကိုမတွေ့သေး။ ဘယ်သူ့ကိုမေး၍ ဘယ်သူ့မြန်းရမှန်းမသိဖြစ်နေသည်။ သူလမ်းတစ်လျှောက်ကြည့်မိတော့ လောင်းကစားဝိုင်းတွေကလည်း တစ်ဆိုင်စ နှစ်ဆိုင်စ တွေ့ရသေးသည်။ သူတို့ မြို့မှာ ဆိုလျှင်တော့ ပွဲတော်ရှိမှသာ သည်လို လောင်းကစားဝိုင်းတွေကိုတွေ့ရ ကစားရသည်။ သည်မှာတော့ ကစားနေကြသည်မှာ ငွေကို တွင်းထဲကနှိုက်ယူနေသလားကို ထင်ရ၏။ သူလည်း။
သူလည်း ငွေကို ရေတွင်းထဲက ခပ်ယူသလိုမျိုး ဘဝကိုပိုင်ဆိုင်ရမှ လက်မထောင်အိမ်ပြန်မည်ဟု သူ့စိတ်ကို သူ ပြန်အားပေးလိုက်သည်။ ရှေ့တွင်တော့ သူမေးရန်အတွက် ကွမ်းယာဆိုင်ကလေးကို ရွေးချယ်လိုက်သည်။ ပါးစပ်ကလည်း သောက်စရာမရှိတော့ စားစရာကို တမ်းတနေပြီ မဟုတ်လော။
“ ကွမ်း နှစ်ရာဖိုးလောက်“
“ ဘာဆေးနဲ့စားလဲ အစ်ကို“
“ ဗမာဆေး ဆေးသေး ထုံးများများ“
“…………….“
“ ဖာလာရှိလား“
“ရှိတယ် အစ်ကို “
“ ဖာလာပါထည့်ပေး“
“ ……………“
“ ညီမကို မေးချင်လို့“
“ မေးလေ အစ်ကို အစ်ကို့ကြည့်ရတာ ခုမှ မှော်ထဲတတ်လာတဲ့သူထင်တယ်“
“ ဟုတ်တယ် ညီမရဲ့ အစ်ကို့အသိတစ်ယောက်အိမ် ဒီရွာမှာရှိတယ်လို့ပြောတယ် ညီမများသိနိုင်မလားလို့“
“ ဟုတ်ပြောလေ သိရင်ပြောရုံတင်မဟုတ်ဘူး လိုက်ပို့ပေးဦးမှာ“
“ နာမည်က ဦးဝင်းနိုင်တဲ့ သိလား“
“ ဘယ်ဦးဝင်းနိုင်လဲ ရေထမ်းရောင်းတဲံ့ဦးဝင်းနိုင်လား ကောက်ရိုးလောပန် ဦးဝင်းနိုင်လား“
“ အဲ အဲဒါတော့မသိဘူး ညီမ“
သူ ဇဝေဇဝါဖြစ်သွားရသည်။ သူရှာသည့်လူက နာမည်တူတစ်ယောက်ရှိနေသေးသည်။
“ဪ အစ်ကိုရှာတဲ့ ဦးဝင်းနိုင်က ဘယ်နယ်ကလည်း ရေထမ်းရောင်းတဲ့ ဦးဝင်းနိုင်က မုံရွာက ကောက်ရိုးလောပန်လုပ်တဲ့ ဦးဝင်းနိုင်က လွိုင်ကော်က“
“ အေး လွိုင်ကော်က ဦးဝင်းနိုင် ဟုတ်တယ် “
“ ဪ သိတယ.် အစ်ကို ခဏနေတောင် သူလာချင်လာဦးမယ် ညီမဆိုင်မှာ သူက ကွမ်းစားတာလေ အစ်ကို ခဏစောင့်ပါလား ဒီမှာ ထိုင်ခုံမှာ ထိုင်စောင့်နေလေ“
သူဝမ်းသာသွားသည်။ သူအပင်ပန်းခံပြီးရှာနေစရာမလိုတော့။ သူ့ဗိုက်က တဂွီဂွီအော်လာသည်။ သူ ထမင်းမစားရသေးပါလား။ သူ့လက်ထဲ၌ ငွေများများစားစားမကျန်တော့။ ဒါကြောင့်လဲ သူ သည်ရွာကို လမ်းလျှောက်လာခဲ့ရသည်။ ဆိုင်ကယ်ကယ်ရီတွေကိုမေးကြည့်တော့ “ မမုံလား မမုံဆိုရင်တော့ 4000 “ ဆိုလို့ သူအနားသို့ မသီရဲတော့။ ခု အရက်သောက်ချင်တာတောင် သူမသောက်ရဲ။ သူ့ တစ်သက်နှင့်တစ်ကိုယ် သည်လောက်ဝေးလှသည့်ခရီးကို လမ်းမလျှောက်ဖူးပေ။ ခြေသလုံးကြွက်သားတွေကတော့ ထိုင်နေမှပင် နာစပြုနေပြီ။
“ အစ်ကို“
“ ……“
“ ရော့ အစ်ကို ထမင်းမစားရသေးဘူးမလား ဆန်ခေါက်ဆွဲတစ်ပွဲစားလိုက် ထမင်းတော့မရှိဘူး အိမ်က ချိုင့်မလာသေးလို့“
“ ဟင် ညီမက အစ်ကို ထမင်းဆာနေမှန်း ဘယ်လိုကြည့် သိလဲ“
“ သိတာပေါ့ အစ်ကို့ပုံစံက “
“ ပြောလေ ဘာဖြစ်လို့လဲ“
“ပွင့်ပွင့် လင်းလင်းပြောရရင် ဒုက္ခရောက်နေတဲ့ပုံနဲ့တူနေလို့“
` သူရှက်သွားသည်။ ကောင်မလေးက အကဲခတ်တော့ကောင်းသားပင်။
“ ရော့ ယူလေ စားလိုက် ပန်းပွင့် က ကူညီတတ်ပါတယ် အစ်ကိုရဲ့“
“ ဪ ပန်းပွင့်တဲ့လား“
“ အပြည့်အစုံက ပန်းပွင့်နွယ်ပါ မမုံတစ်ရွာလုံးကတော့ ပန်းပွင့်လို့ပဲခေါ်တယ်“
“ အစ်ကိုနာမည်က မင်းသစ်စိုးပါ ညီမ“
“ ဟုတ်ကဲ့“
သူ သည်ကောင်မလေးကို မြင်မြင်ချင်းခင်သွားမိသည်။ ပွင်းလင်းတတ်သည်ကတော့ ပင်ကိုစရိုက်ဖြစ်လိမ့်မည်။ အသားအရည်က အဖြူဘက် နည်းနည်းလု၍ သနပ်ခါးလေး ကွက်လိမ်းထားသည်က တစ်မျိုးလေးလှနေသည်။ သူ ကောင်မလေး၏ အလှတွေကို မခံစားအားသေး။ သူ့ဗိုက်က နှိပ်စက်ကလူပြုနေသည်။ ဆန်ခေါက်ဆွဲတစ်ပွဲကို သူဘယ်လို စားလိုက်မိမှန်းမသိ ဗျိုက်ခနဲကုန်သွား၏။ ကောင်မလေးက အလိုက်သိစွာပင် ရေတစ်ခွက်ယူလာပေးသည်။ သူဟန်ပင်မဆောင်နိုင်တော့ပါပဲ ဆွဲယူသောက်လိုက်သည်။ ပြီးနောက် ကွမ်းတစ်ရာကို ပါးစောင်သို့ပစ်သွင်းလိုက်သည်။
“ ကျေးဇူးအရမ်းတင်ပါတယ် ညီမရယ်“
“ ရပါတယ် အစ်ကိုကလဲ ခစ်ခစ်ခစ် သူစိမ်းဆန်လိုက်တာ ကူညီရတာကိုပဲ ညီမက ဝမ်းသာနေတာ အစ်ကိုရဲ့“
ဒါကြောင့်လည်း သူမကို လူတိုင်းသိတာနေမှာပါ ဟုတွေးမြင်မိသည်။
“ဟော အစ်ကို အစ်ကိုပြောတဲ့ ဦးဝင်းနိုင်တော့လာနေပါပြီ“
“ ဘယ်မှာလဲ ညီမ “
“ ဟိုမှာလေ DTဆိုက်ကယ်ကြီးနဲ့“
သူကြည့်လိုက်တော့ ..။
“ ဟာ…..“
သော်ဇင်(လွိုင်ကော်)
(ရှေ့အပတ် ဆက်ရန်)
2 comments
nyimalay
December 23, 2010 at 9:29 am
I’m Waiting Part II. Good post . I like. 🙂
နီလေး
December 24, 2010 at 9:43 am
အင်း စိတ်ဝင်စားဖို့ကောင်းပါတယ်အရေးအသားလဲ ဂွတ်တယ် Part II ကိုအားပေးဖို့စောင့်နေတယ်နော်