Invictus နဲ့ အိုုးဝေဦးညိုမြ

၂၀၁ဝခု၊ ဖီဖာ ကမာ္ဘ့ဖလားဘောလုံးပြိုင်ပွဲကို တောင်အာဖရိကမှာ ကျင်းပနိုင်ခဲ့ခြင်းအတွက် သမ္မတ မင်ဒဲလားကို ဂုဏ်ပြုတဲ့ရုပ်ရှင် Invictus ကို ကြည့်ခဲ့ရတာ တော်တော်ကြာပါပြီ။ အဲဒီကတည်းက ဒီစကားလုံး Invictus ကို တအုံနွေးနွေးဖြစ်ခဲ့ရတာပါ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တော့ မတွေ့ပါဘူး။ အခု စာအုပ်တွေလှန်ရင်းကနေ ဒီကဗျာကို မထင်မှတ်ဘဲ တွေ့လိုက်တဲ့အခါ ဝမ်းသာသွားတယ်။ ရုပ်ရှင်ကို ပြန်ဖွင့်ကြည့်ပြီး သေချာပိုက်စိပ်တိုက်လေ့လာချင်ပေ မယ့် အခွေကိုရှာမတွေ့တော့ဘူး။ ဆိုင်ကိုသွားတော့လည်း မရှိဘူး။ ရန်ကုန်ကိုလည်း တော်တော်နဲ့ရောက်ဦးမှာမဟုတ်ဘူး။ ဒါကြောင့် အကြမ်းဖျဉ်းပဲ ပြောရပါတော့မယ်။ သမ္မတမင်ဒဲလားဟာ သူစိတ်ဓာတ်ကျတိုင်း ဒီကဗျာလေးနဲ့ အားမွေးရတဲ့အကြောင်းပါ။

ိုအိုးဝေဦးညိုမြ မြန်မာပြန် ထားတဲ့ Invictus ဆိုတဲ့ကဗျာကိုဖတ်လိုက်ရတဲ့အခါ ရင်ထဲမှာ ခံစားချက်တွေ သံစုံမြည်သွားတယ်။ ဒီကဗျာကို သိတဲ့လူတွေသိကြပေမယ့် ကျွန်တော့်လို မသိသေးတဲ့လူတွေအတွက် ဝေမျှခံစားဖို့ ပြန်ကူးရေးပေးလိုက်ပါတယ်။ ဘာသာပြန်စာပေ (ရသနဲ့ ကဗျာ) ရှားပါးနေတဲ့ကာလမှာ ဒီကဗျာကို တွေ့လိုက်ရတော့ မြန်မာပြည်မှာ ဒီကဗျာကိုစောစောစီးစီး ပြန်ဆိုထားတာရယ်၊ ဘာသာပြန်ဆရာကြီးရဲ့ လက်ရာကောင်းလွန်းတာရယ်ကို မအံ့ဩဘဲမနေနိုင်ပါဘူး။ ဘာသာပြန်ဆရာကို ကျေးဇူးတွေတထွေးကြီးတင်ပြီး စာလုံးတွေကို တစိမ့်စိမ့်ဖြစ်နေရပါတယ်။

Invictus
Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fel(စာလုံးမထင်ရှား) clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody but unbowed

Beyond this place of wrath and tears
Looms but the horror of the years
Finds, and shall find, me unafraid.

It matters not how strait the gate,
How charged with punishment the scroll,
I am the master of my fate;
I am the captain of my soul.
by William Ernest Henley (1849-1903)

အနိုင်မခံ

ငါ့အားဖုံးလွှမ်းအပ်သည့်
ညဉ့်နက်သန်းခေါင် အမှောင်တွင်းမှ
အသူရာတမျှ နက်လှသော
ချောက်ကမ်းပါးအတွင်းမှ
ငါ၏မကြောက်တရားကို ဖန်တီးထားသည့်
နတ်သိကြားများကို ငါကျေးဇူးဆိုပါ၏။

လောကဓံတရား၏ ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ငါသက်ဆင်းကျရောက်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ဦးခေါင်းတို့သည် သွေးဖြင့် ချင်းချင်းနီ၏။
သို့သော် ညွတ်ကားမညွတ်။

လောဘ ဒေါသတို့ကြီးစိုးရာ
ဤကမာ္ဘ၏ အခြားမဲ့၌
သေခြင်းတရားသည် ကြောက်ဖွယ်ငံ့လင့်၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ့။

သုဂတိတို့ သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏အပြစ်များ မည်မျှပင်ရေးခြစ်ထားစေ
ငါသာငါလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာငါလျှင် ငါ့ဘဝ၏ သခင်ဖြစ်တော့သည်။
(အိုးဝေဦးညိုမြ ပြန်ဆိုသည်။)

One comment

  • naywoonni

    January 8, 2011 at 10:56 am

    ဒီကဗျာ ကိုတွေ့ခဲ့ဖူးတာ ကြာပြီပဲ ဒီလိုအစအဆုံးတော့မဟုတ်
    ဒါကြောင့် ခုမှအစအဆုံး သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်

Leave a Reply