“အမေက ငယ်သေးတယ်တဲ့ ရှင်……”(အပိုင်းတစ်)
မနက်ကျနော်လမ်းလျှောက်ပြန်လာတဲ့အချိန်ဆိုရင်မနက် 7နာရီပါတ်ဝန်းကျင်ပေါ့။
ကျနော်ပြန်ရောက်တတ်တဲ့အချိန်လောက်မှာ အပေါ်ထပ်က “ကလေးလင်မယား”ကလည်း ပြိုင်တူလိုရောက်လာတတ်ကြပါတယ်။
တိုက်ခန်းရှေ့ရောက်ပြီဆိုတာနဲ့ သူတို့ စီးလာတဲ့ဆိုင်ကယ်ကစက်တောင်မသတ်သေးဘူး ကောင်မလေး က သူ့အမေကိုအော်ခေါ်တဲ့ “ မားမားရေ “ဆိုတဲ့ အသံကထွက်လာပါတယ်။
ဒီကလေးလင်မယားနှစ်ယောက်ဆိုတာ တက္ကသိုလ်အဝေးသင်တက်နေရင်းတန်းလန်း ကျောင်းမပြီးသေးဘဲအိမ်ထောင်ကျသွားတာပါ။
အလွန်ဆုံးရှိလှမှ 18နှစ်ပါတ်ဝန်းကျင်လောက်ဘဲ ရှိပေမယ့် အ်ိမ်ဆွဲလဲလေးတစ်ယောက်က တွဲလဲလေးဖြစ်နေပါပြီ။
ဒီတိုက်ခန်းက ကောင်မလေးရဲ့ မိဘအိမ်ပါ။
ကောင်မလေးအိမ်ထောင်ကျတော့ ယောက္ခမအိမ်မှာလိုက်နေပါတယ်။
ဒါပေမယ့်လဲ သူတို့လင်မယားနှစ်ယောက်အလုပ်သွားတဲ့အခါ သူတို့သမီးလေးကို အမေ့အိမ်မှာ ကလေးထိန်းပေးဘို့ လာထားကြတာပါ။
မနက်ဆို သူ့အမေဆီမှာလာထား ညနေဆိုပြန်လာခေါ် သူတို့ ဟာနဲ့ သူတို့တော့ ဟုတ်နေတာပါဘဲ။
ဒီ “ကလေးလင်မယား “ကိုယ်တိုင်က နို့နံ့မစင်သေးတဲ့အရွယ် ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ခေါ်ကြရင်
“ အဖေကြီးရေ “ “အမေကြီးရေ “နဲ့ အင်မတန်မှကို အကြားရဆိုးပါတယ်။
မှတ်မှတ်ရရ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် နေ့က စားသောက်ဆိုင်မှာ ထိုင်နေတုန်း ဒီတီဆိုင်ကယ်လေးတစ်စီး ကျနော်ထို်င်တဲ့ စားပွဲဘေးကို ဖျတ်ကနဲလာရပ်ပါတယ်။
ဆိုင်ကယ်ပေါ်ကနေ အလန်းဇယားလေးတွေနဲ့ လင်မယားစုံတွဲ ကလေးတစ်ယောက်စီကို ချီပြီးဆင်းလာကြပါတယ်။
နှစ်ယောက်စလုံးက လှတပတ အဆင့်မြင့်မြင့် သုံးနိုင်စွဲနိုင်တဲ့အဆင့်အတန်းထဲက ပုံစံမျုးိ။
ဝတ်စားထားတာကလဲ တန်ဖိုးကြီးပြီး နာမယ်ရှိတဲ့ တံဆိပ်တွေ။
ဒါပေမယ့်နှစ်ယောက်လုံးမျက်နှာက မသာမယာ စကားများထားတဲ့ပုံစံမျုးိပေါက်နေပါတယ်။
အရွယ်လေးကြည့်ပြန်တော့ ခပ်ငယ်ငယ် အသက်20ထက်မကျော်သေးတဲ့ ပုံစံလေးတွေ။
လွတ်လွတ်လပ်လပ် နေရမယ့် ဒီအရွယ်လေးမှာတောင် ကလေးနှစ်ကောင်က တိုးလို့တွဲလောင်းဆိုတော့ သူတို့ကို ကြည့် ရတာအပျော်တွေပျောက်နေသလိုပါဘဲ။
သူတို့ စုံတွဲက ကျနော်နဲ့မလှမ်းမကမ်းမှာထိုင်နေရင်း ကောင်မလေးက
“ နင်က တစ်ရက်တစ်လေ လေး ကိုယ့်မိသားစုနဲ့ကိုယ် သွားရတာကို အလကားနေရင်းလောနေတယ် တခြားကောင်မတွေနဲ့ဘဲ လွင့်နေချင်တာ “
ဆိုပြီး ကောင်လေးကို ကွိုင်တွေပူနေပါတယ်။
လူကြားထဲမို့ထင်ပါတယ် ကောင်လေးက ဘာမှ ပြန်မပြောပေမယ့် အိမ်ရောက်မှသိမယ်ဆိုတဲ့ မျက်နှာပေးလေးကတော့
ပေါ်လွင်လို့ နေပါတယ်။
သူတို့တွေကို မြင်ရတော့ မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရားတန်ဆောင်းမှာ ချိတ်ထားတဲ့
ကောသလမင်းအိပ်မက် (16)ချက်ပန်းချီကား ထဲက သစ်ပင်သေးသေးလေးတွေက အသီးတွေသီးနေတဲ့
ပုံကို ပြန်မြင်မိပြီး “သူ့အိပ်မက်ကလဲ မှန်လိုက်တာ နော်”လို့ တွေးမိပါတယ်။
အခုခေတ်မှာ အရင်ထက်စာရင် ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ ကြတာပိုများတယ်လို့လဲထင်မိပါတယ်။
ကျနော်တို့ငယ်ငယ်က အထက်တန်းကျောင်းသားဘဝမှာ အိမ်ထောင်ကျကြတယ်ဆိုတာမရှိသလောက်ပါ။
အတော်များများကတော့ ဆယ်တန်း အောင်ရင် ဘွဲ့ရအောင်ကျောင်းတက်အလုပ်အကိုင်တွေရှိမှ
ပညာစုံမှ ကြင်ယာကို ပုံကြတာများပါတယ်။
အားလုံးဒီလိုဘဲလားလို့ဆိုတော့ လဲ မဟုတ်ပြန်ပါဘူး။
ကျနော်တို့ခေတ်မှာလဲငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ တဲ့သူတွေရှိတော့လဲ ရှိပါတယ်ပါတယ်။
ရှိတော့ ရှိတယ် ရှားတယ်လို့လဲပြောနိုင်တာပေါ့လေ။
”အခုခေတ်မှာ အိမ်ထောင်စောစောကျကြတာ ဘာကြောင့်လဲ”ဆိုတာကို
မိတ်ဆွေသူငယ်ချင်းတွေဆုံမိကြတဲ့အခါဝိုင်းပြီးပြောကြ ထင်မြင်ချက်တွေပေးကြ
ထောက်ခံကြ ငြင်းခုန်ကြတာတွေကို အလုပ်မရှိအလုပ်ရှာပြီးလုပ်ခဲ့ကြဘူးပါတယ်။
လူအမျိုးမျိုးဆိုတော့လဲ ထင်မြင်ချက်တွေအမျိုးမျုးိပေါ့။
ကျနော်တို့ငယ်သူငယ်ချင်းတွေထဲမှာ 19နှစ်ကျော်ကျော်နဲ့ အိမ်ထောင်ကျသွားတာကတော့
“ဖိုးလှကြီး”ပါ။
သူက ဆယ်တန်းမှာ နှစ်ခါကျတော့ ကျောင်းဆက်မတက်ဘဲ သူ့အဖေထောင်ထားတဲ့ ဖိနပ်လုပ်ငန်း
ထဲမှာဘဲဝင်လုပ်ပါတယ်။
အလုပ်ထဲရောက်လို့ တစ်နှစ်လောက်နေတော့ သူ့အဖေက လုပ်ငန်းကို ဦးစီးခိုင်းရုံတင်မက ဘဲ မိန်းမပါ
တစ်ခါတည်းပေးစားလိုက်ပါတယ်။ သူတို့်လုပ်ငန်းမှာသုံးတဲ့ ဖိနပ်အောက်ခံ ရာဘာဆိုးလ်တွေရောင်းတဲ့
ကုန်သည်ရဲ့သမီးနဲ့ပါ။
“ဖိုးလှကြီး “ကိုဗျူးကြည့်တော့ သူပြန်ဖြေတာ ရှင်းရှင်းလေးပါ။
“ မယ်တော်ကြီး က မိ်န်းမ မယူမချင်း နားပူနေမှာ၊မယူချင်လဲယူရမှာ ယူချင်တယ်ဆို်လဲယူရမှာ၊
အဲတော့ သူတို့ပေးစားတာကို မြန်မြန်ယူလိုက်တော့ မြန်မြန်နားအေးတာပေ့ါ။
ငါလဲည ကျတော့ တစ်ယောက်ထဲ မအိပ်ရတော့ ဘူးပေါ့”
အားရင်စာတွေဖတ် ဘာမဆို အကြီးကြီး စဉ်းစားပြီး အကြီးကြီး ပြောတတ်တဲ့ “ကိုဆွေ” ကတော့
“အဲဒါခေတ်စနစ်နဲ့ဆိုုင်တယ်။
လူတန်းစားအားလုံးသာ စီးပွားရေးပြေလည်မယ် ဆိုရင် ဒီအိမ်ထောင်သားမွေးကိစ္စတွေက မိုင်နာတွေဘဲ။
ကလေးလို့ဆော့ တဲ့ အချိန်မှာ ကလေးလိုဆော့ ၊ကျောင်းနေချိန်မှာ ကျောင်း ၊နေ အလုပ် လုပ်လုပ်တဲ့
အရွယ်ရောက်ရင် အလုပ်လုပ် ၊အိမ်ထောင်ပြုချိန်မှာ အိမ်ထောင်ပြု ၊
သူ့အချိန်နဲ့သူအစီအစဉ်တကျဖြစ်သွားရမှာ။
အခုတော့ စားဝတ်နေရေး အဆင်မပြေတာများတော့ အိမ်ရှိသမျှ လူကုန် အလုပ်လုပ် ။
ကလေးကလဲ ကလေးလိုလဲမဆော့နိုင်။
ကျောင်းသားကလဲ ကျောင်းသားလို စာအေးအေးမသင်နိုင်နဲ့
အချိန်မတန်ဘဲ အရွယ်တွေရောက။်
ဒီတော့ လဲ အိမ်ထောင်ရေးဆိုတဲ့ နွံထဲကို စောစောရောက်တော့ တာပေါ့”
(ဆက်လက်ဖော်ပြပါမည်)
6 comments
ဆူး
January 9, 2011 at 4:19 pm
နွံမနစ်အောင် လူကြီး အပျိုကြီး များ လုပ်ကြစို့
naywoonni
January 9, 2011 at 4:47 pm
အင်းပေါ့ ကောင်းပါတယ်
bigcat
January 10, 2011 at 6:02 am
အိမ်ထောင်ပြုမပြုထက် ဘာပြုလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ခလေးယူကြသလဲ။ ယူလည်း တယောက်လောက်ဆိုတော်ပေါ့။ နောက်ထပ်ယူဖို့အချိန်တွေ အများကြီးရှိသားပဲ။ သားဆက်ခြားရေး၊ ပဋိသန္ဓေတာဆီးရေး ပညာပေးလုပ်ငန်းတွေကို ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်ထင်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့စုံတွဲတွေနဲ့ အခြေခံလူတန်းစားတွေ၊ ပဋိပက္ခဖြစ်နေတဲ့ နယ်စပ်ဒေသတွေမှာပေါ့။
char too lan
January 10, 2011 at 10:12 am
ကျနော်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ယူကြရင် သဘောကိုမကျဘူး
အလကားနေရင်း တောက်ညင်တွေကပ်နေတာ အမေတောင်ပြောတယ် ဆိုက်ကိုဖြစ်နေတာတဲ့ 😀
kopauk mandalay
January 10, 2011 at 11:49 am
ညီလေးကြောင်ရေ
ကလေးများတဲ့ကိစ္စကျနော်မေးကြည့်သေးတယ်။
အငယ်ကောင် ဆိုးလို့တဲ့ဗျာ။
unclegyi1974
January 10, 2011 at 3:31 pm
ငယ်ငယ်နဲ့ယူကုန်ကြတာခေတ်စံနစ်ကအဓိကပါ
ဘယ်လိုလဲဆိုတော့..
ဟိုးတုန်းကအိမ်ထောင်ဦးစီးတယောက်လုပ်စာ
ကိုမိန်းမရယ်ကလေး၃ယောက်လောက်ရယ်
မိဘ၂ပါးလောက်ရယ်ထိုင်စားလို့ရတယ်
အဲဒီတော့မိခင်ကကိုယ့်ကလေးကိုယ်နိုင်နိုင်နင်းနင်း
ထိမ်းသိမ်းနိုင်တယ် အဘိုးအဖွားကလည်းဝိုင်းပြီး
ဆုံးမသွန်သင်နိုင်တယ်
အခုခေတ်ကအိမ်ရှိလူကုန်အလုပ်ထဲမှာ
မိန်းမလဲအလုပ်ထဲမှာ အဖိုးအဖွားလည်းအလုပ်
ထဲမှာ ကလေးကဟိုတုန်းကလိုဆုံးမပဲ့ပြင်ပေးမဲ့
သူမရှိတော့ဘူး
နောက်တခုကဆက်သွယ်ရေးတွေတိုးတက်လာတာ
ဟိုးတုန်းက ကလေးတွေမမြင်ဘူး မကြည့်ဖူး
တာတွေအခုခေတ်ကလေးတွေအကုန်မြင်ဖူး
ကြည့်ဖူးတယ်
လူငယ်ကသွေးသားဆူဖြိုးတဲ့အရွယ်ဆိုတော့
လက်တဲ့စမ်းချင်တယ်
အဲဒီမှာမဖြစ်သင့်တာတွေဖြစ်လာတယ်လို့မြင်တာ
ပါဘဲ ကိုပေါက်ရေ