“ခုတော့လည်း တစ်ယောက်တည်း“

“ခုတော့လည်း တစ်ယောက်တည်း“

“မင်းက နေနိုင်သားပဲနော်“တဲ့။ ဘယ်နေနိုင်ပါ့မလဲလို့တော့ ပြန်မပြောဖြစ်တော့ပါ။ စိတ်ထဲမှာတော့ တနုံ့နုံ့နှင့် နေလို့ထိုင်လို့မကောင်းတာ ကိုယ်ကိုယ်တိုင်သာလျှင် အသိဆုံးပါ။ ဖြစ်နိုင်လျှင်ဒီနေ့ညဆိုတာကြီးကိုကြုံလည်းမကြုံချင်သလို ဖြတ်လည်းမဖြတ်ကျော်ချင်ပါ။ ရင်ဘတ်ကြီးတစ်ခုလုံး ဆို့နင့်ကြေကွဲနေသလို ခံစားနေရမှာတော့ ကနေ့ညဆိုတာကြီးကို ကျော်လို့ရလျှင်ကျော်ပြစ်လိုက်ချင်တာပါ။ အားလုံးရဲ့အကြည့်တွေမှာ သူကြေကွဲစွာဖြင့်တစ်ယောက်တည်းကျန်ရစ်ခဲ့ပါလားဆိုတဲ့တွေးတွေပါနေတယ်။ ဟန်ကိုယ်ဖို့ဆိုတာကို သူကောင်းကောင်းနားမလည်ပေမယ့် သူဟန်ဆောင်ကောင်းခဲ့တာ ကြာနေပါပြီ။ တစ်ယောက်တည်းကျန်နေရစ်ခဲ့ရတဲ့အရသာကို သူမကြိုက်ပေမယ့် သူ ဒီအရသာကို မကြိုက်ပါပဲ ခံစားလာရတာ ကြာနေခဲ့ပါပြီ။

သံယောဇဉ်ကိုတာကို မထားသင့်မှန်းသိပေမယ့်လို့ အလက်ကမ်းဆိုးမသိစွာ ၊ အမှတ်သည်းခြေမရှိစွာနှင့် သူ သံယောဇဉ်ဆိုတာကိုထားခဲ့မိပြီ။ မွေးကတည်းက အဖော်မပါခဲ့သော်ငြားလည်း လူမှုပတ်ဝန်းကျင်နယ်ပယ်မှာ အပေါင်းအသင်းကဏ္ဍဆိုတာကို ပစ်ပယ်ထားလို့မရခဲ့လေတော့ အရေးကြီးအခန်းကဏ္ဍကနေ မိတ်ဆွေ သူငယ်ချင်းဆိုတာကို ထိတ်ဆုံးကထားတတ်ကြတာ လူတိုင်းအသိ။ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပေးဆပ်မှုတွေ၊ အနစ်နှာခံမှုတွေ၊ ယုံကြည်မှုတွေ၊ ကိုးစားမှုတွေ၊ အပြန်အလှန် ဖေးမကူညီမှုတွေ ဒုနဲ့ဒေးရှိကြတယ်။ အားလုံးဟာ အဖြူသက်သက်နှင့် သန့်ရှင်းစင်ကြယ်ကြတယ်။ ဘာအရောင်မှမပါကြဘူး။ အဲဒီလို သူငယ်ချင်းတွေနဲ့ ရုတ်တရက် ခွဲခွာလိုက်ရတဲ့အခါ ရင်ခေါင်းတစ်ခုလုံး ပူလောင်စပ်ဖျင်းဖျင်းနှင့် တစ်ဖက်စောင်းနင်းကြီးခံစားလိုက်ရတာ တရားရဲ့လား။

သူ့ သူငယ်ချင်းတွေဟာ သုံးလသာ သူနဲ့ပေါင်းရမယ့်လို့ဆိုတာ မသိမဟုတ် သူသိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဧည့်သည်တစ်ဖွဲ့ကိုယ့် အိမ်ကို လာလည်ကြတယ်လို့ သဘောထားတယ်။ လာပြီးရင် ပြန်ကြရမယ့် ဧည့်သည်တွေပေါ့။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ရှေ့ဆက်ရမယ့်ခရီးမှာ အဖော်ဆိုတာ ပါကောင်းပါနိုင်ပါလိမ့်မယ်။ တစ်ယောက်တည်း သွားရမယ့်ခရီးမှာ လမ်းတစ်လျှောက် ကူဖော်လောင်ဖက်ဆိုတဲ့ သူငယ်ချင်းတွေဟာ သူ့အတွက်တော့ အရေးပါအရာရောက်ခဲ့တာ မှန်ပါတယ်။

ခုညတော့ ခြောက်သယောင်းနေတဲ့ ကန္တရတစ်ခုလို့ သူ့အခန်းက ခြောက်ကပ်ကပ်နိုင်လှနေပြီ။ ကုန်လွန်ခဲ့တဲ့ရက်ပိုင်းကလေးတုန်းကတော့ ပျော်ရွှင်ကြည်နူးမှုတွေအပြည့်နှင့် သူ့အခန်းလေး။ ရယ်လိုက်ကြ။ ပျော်လိုက်ကြနှင့် စကားတွေဖောင်ဖွဲ့ မီးခိုးငွေ့တွေဝေဝေ၊ ယစ်ရွှေရည်တွေ ချွေချွေရယ်ပေါ့။ စကားနောက်က ဘဝရဲ့အမောတွေ၊ တွေ့ကြုံခဲ့ရတဲ့ Experienceတွေ၊ရသ၊သုတ၊ကဗျာတွေ တိမ်တွေလို စီးမျောလို့ ညတွေကို ကုန်ဆုံးစေခဲ့ကြတယ်။ Internetအကြောင်းတွေပါမယ်၊ အားကစားအကြောင်းတွေပါမယ်။ ချစ်တဲ့သူနဲ့ခွဲခဲ့ရလို့ မည်၍မည်မျှ လွမ်းဆွတ်သတိရကြောင်းတွေပါမယ်။ စကားသံတွေ စီစီညံညံနှင့် သူ့အခန်းလေးဟာ ခုညတော့ ဆိတ်သုန်းငြိမ်သက်လို့ စစ်ပြီးစ သလင်းပြင်ကြီးလို့ တိတ်ဆိတ်လို့နေတယ်လေ။ သူ ဘယ်လို ခံစားမှုမျိုးနှင့် ဒီည ကို အိပ်လို့ပျော်စေရမှာလဲ။

ဟားဟားဟား လို့ရယ်တဲ့အသံတွေ၊ တစ်ယောက်နှင့်တစ်ယောက်ရိုက်ပုတ်ဆော့ကစားတဲ့ အသံတွေ၊ သီးချင်းညည်းသံတွေ၊ ရန်ဖြစ်သံတွေ သူ့နားထဲမှာ ကြားယောင်နေလိုက်တာ နံရံလေးဘက်လေးတန်ကပါ။ မနေ့ညကဆိုတဲ့အတွေးက သူ့ကို နှိပ်စက်ကလူပြုနေပြန်ပါရော။ တစ်ခါတစ်ခါတော့ သူစဉ်းစားမိပြန်တယ်။ သူကသာ ဒီနေရာ၌ လွမ်းဆွတ်နေရတယ်။ ပြန်သွားတဲ့ သူ့သူငယ်ချင်းတွေကရော သူ့ကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင်မှ အောင့်မေ့ကြရဲ့လားလို့ပေါ့။ ကိုယ့်အကြောင်းနှင့်ကိုယ်ဖြစ်နေကြတဲ့ သူ့သူငယ်ချင်းတွေမှာ ကားပေါ်ကိုရောက်ကတည်းက ရှေ့ဆက်ရမယ့် အိမ်ပြန်ခရီးမှာ အိမ်အတွက်ဆိုတဲ့အတွေးအပြင် ကျန်ရစ်သူ သူ့အတွက် ဒီကောင်တော့ နေမှနေတတ်ပါ့မလားလို့ တွေးမိကြပါ့မလားလို့ပေါ့။ တစ်ဘက်သတ်ဖြစ်နေမယ့်အတွေးတွေနှင့် သူခံစားရတာ မမျှဘူးလို့ သူထင်မိပြန်တယ်။ ကြာရင် မေ့သွားတတ်တယ်ဆိုပေမယ့် အမှတ်သည်းခြေမရှိတဲ့သူက ရင်ဘတ်ထဲမှာ အစိုင်အခဲကြီးတစ်ခုလို့ ထုနှင့်ထည်နှင့် သံယောဇဉ်ထုံးကို ထုံးခဲ့မိပြီ။ ဘဝမှာ အပေါင်းအသင်းဆိုတာကို လိုလိုလားလား ခင်မင်မိတဲ့ သူဟာ အမြဲတမ်း နေရစ်ခဲ့ရသူ ကျန်ရစ်ခဲ့ရသူတစ်ယောက်လား။ လာလိုက်ကြ။ ပြန်လိုက်ကြနှင့် သူဟာ ဒီနေရာ ဒီအလုပ်မှာတော့ အိမ်ရှင်တစ်ယောက်အလား နေရာမရွေးတမ်း ရပ်နေရသူတစ်ယောက်ပေါ့။ မှင်သေသေနှင့် သူဟာ ဘယ်လောက်ပဲ ဟန်ဆောင်လိမ်ညာ ဖုံးကွယ်နေပေမယ့် သူ့မျက်ဝန်းအောက်က ဖြစ်တည်မှု ဝေဒနာတွေကို သူ့အနားမှာ ရှိတဲ့ သူငယ်ချင်းတွေက မျက်ဝါးထင်ထင်တွေ့တတ်ကြတယ်။

“ မင်းကွာ ခဏခဏလည်း ကြုံရဖူးပြီ မင်းကိုက ခင်တတ် မင်တတ်လွန်းတာကို ငါတို့ကိုကြည့် မခင်တတ်ဘူး မမင်တတ်ဘူး မဟုတ်ဘူး စိတ်ကို ဖော့ထားတာ ခု မင်းရင်ထဲက ဘာဖြစ်နေတယ်ဆိုတာကို ငါတို့သိတယ် အချိန်တန်ရင်တော့ ခွဲရမှာ လူတိုင်းလေ“

ဒီအပြောတွေကို သူပဲ သူငယ်ချင်းတွေကို ပေါက်ပေါက်ဖောက်ပြောခဲ့ဆိုခဲ့တာပါ။ သူဟာ ပေါင်းသင်းဆက်ဆံမှုနေရာမှာ အတွေ့အကြုံရှိသော်ငြားလည်း သံယောဇဉ်ဖြစ်တည်မှု အလိုလိုဖြစ်လာတာကိုတော့ အတွေ့အကြုံကလည်းမတတ်နိုင်ပါဘူး။ တွေ့ကြုံ ဆုံကွဲ ဖြစ်မြဲ ဓမ္မတာဆိုတာ သူမှမဟုတ်ဘူး လူတိုင်းကြားဖူးနေတာပါ။ သူနှင့် သူ့သူငယ်ချင်းတွေဟာ ရေစက်ရှိလို့ ဒီလို အဝေးတစ်နေရာမှ ကြုံဆုံခင်မင်ပတ်သက်မှုတွေရှိလာရတယ်။ သံသရာတစ်ကွေ့မှာ တွေ့ကို တွေ့ရမယ်လို့ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ အဲဒီလို ဆုံတွေ့မှုကို ကန့်သတ်လိုက်တဲ့ လောကကြီးကိုတော့ သူ တော်တော် ဒေါသထွက်မိပါတယ်။

ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို  ကိုယ်တိုင်မချတတ်ကြတဲ့ သူငယ်ချင်းတွေက ရေများရေနိုင် မီးများမီးနိုင်ဆိုသလို ဝှန်းဝှန်းနှင့်နောက်အလုပ်တစ်ခုကိုအသစ်ကပြန်စကြမတဲ့။ သူကတော့ ကိုယ့်ရည်မှန်းချက်အတွက် သူငယ်ချင်းတွေရဲ့ စိတ်အလိုလိုက်မှုကို လိုက်လျှောမှုမလုပ်နိုင်။ ကိုယ်လျှောက်မယ့်ခရီးကို သူငယ်ချင်းတွေက ကူလျှောက်လို့မရပါဘူး။ နည်းပေးလမ်းပြအနေနှင့် ဘယ်လို့လျှောက်၊ ဘယ်လိုကျော်ဆိုတာလောက်ကိုတာ ကူညီဖေးမနိုင်ကြမှာပါ။ သူဟာ ရှေ့ဆက်ပြီး သူ့အတွက်၊ သူ့မိသားစုအတွက် ရုန်းရကန်ရဦးမှာလေ။ အဖော်ဆိုတာလိုအပ်တယ်ဆိုတာ သိပေမယ့် ဝန်ထုပ် ဝန်ပိုးတစ်ခုလိုတော့ ဘယ်သူမှ ကြာရှည်ပိုးမထားပါဘူး။ ဒါတွေကို သိသိရက်နှင့် သူဘာကြောင့်များ ဝေဒနာတွေကို ရင်ဘတ်ထဲ အပြည့်အသိပ်ထည့်နေရပါလိမ့်။

သူက သူ့သူငယ်ချင်းတွေကို လမ်းပြတစ်ယောက်လိုရှေ့ကဦးဆောင်ခဲ့သူတစ်ယေ.ာက်မဟုတ်ပါဘူး။ ဒီသူငယ်ချင်းအုပ်စုကို ဘေးကနေ ပွဲကြည့်ပရိတ်သတ်တစ်ယောက်လို သူထိုင်ကြည့်ပြီး ပြဇာတ်ကနေတဲ့ သူတွေလို သူမြင်မိခဲ့တာပါ။ ဘယ်နေရာမှာ ဘယ်သူကဖြင့် ဘယ်သူ့ကို လှည့်ကွက်ကလေးနှင့် လှည့်လိုက်တယ်။ စကားကို ဘယ်လို့လှည့်ပတ်လိမ်ညာဖြီးဖျန်းသွားတယ်၊ ဘယ်လိုစိတ်ထားတွေရှိတယ်ဆိုတာကို တစ်ယောက်ချင်းစီကနေ သူ အစဆွဲဆွဲထုတ်နေတတ်ခဲ့တယ်။ မတူကွဲပြားတဲ့ သူ့သူငယ.်ချင်းတွေဟာ ပျော်ရွှင်စွာလက်တွဲရမယ့်အရာတွေမှာ စည်းလုံးညီညာတတ်ကြပေမယ့် ကျန်တဲ့နေရာတွေမှာတော့ တစ်ယောက်တစ်ပေါက်နှင့် စည်းလုံးမှုပျက်ပြားနေတတ်ကြတယ်။ တစ်ယောက်နှင့်တစ်ယောက် ဖေးမတတ်ကြတဲ့အချိန်ဟာ မူးရူးနေတတ်တဲ့အချိန်မှာသာ ဒီသူငယ်ချင်းတွေမှ အကျုးံဝင်နေတတ်တယ်။ တစ်ယောက်စိတ်တစ်ယောက် သိသလိုလိုနှင့် ဘယ်သူမှ မသိတတ်ပြန်ဘူး။ တူညီတာတစ်ခုကတော့ ကို်ယ့်စိတ်ထဲက အတွင်းသဏ္ဍာန်အချင်းအရာကို ထုတ်ဖော်မပြတတ်ကြတာပါ။ အလုပ်လုပ်တဲ့နေရာမှာ နိုးကြားတတ်ကြွတတ်တာကိုတော့ သူ အံ့ဩစွာဖြင့်တွေလိုက်ရပြန်ပါရော။ အားလုံးရဲ့ တူညီသော နောက်တစ်ချက်က သူ့ကိုတော့ လေးစားချစ်ခင်နေတာကတော့ ထူးထူးကဲကဲပါ။ သူဟာ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ကျင့်ဝတ်တွေကို လက်လှမ်းမှီသလောက် ပြုကျင့်ခဲ့တယ်။ သူ့သူငယ်ချင်းတွေကလည်း တူညီသော တုန့်ပြန်မှုပေးတယ်။ ဘယ်လောက် ဘက်မျှလိုက်သလဲဆိုတာ သူတွေးမိတဲ့အချိန်ဟာ နုတ်ဆက်ထွက်ခွာခြင်းဆိုတဲ့ အချိန်ကိုတောင်ရောက်နေပါပြီ။

သူ့ သူငယ်ချင်းတွေဟာ ပြန်ဆုံချိန်ဆိုတာကို ပုံသေသတ်မှတ်လို့ရတာမဟုတ်မှန်းသိကြတယ်ထင်ရဲ့ သူ့ကို ပြုံးပြုံးလေပြောကြတယ်။

“ ကျနော်တို့ ပြန်တော့မယ် အားလုံးပေါ့“တဲ့။ ရင်ဘက်ထဲမှာ ရထားတစ်စင်း အမြန်နှုံန်းနှင့်မောင်းပြေးသွားတယ်။ ဗြောသီးလိုက်သလို ဟီးဟီးမြည်သွားတယ်။ ဘယ်သူ့ကိုမှ သူ့ဘက်က တားပိုင်ခွင့်မရှိသလို ဘယ်သူမှလည်း သူ့ရင်ဘတ်ကိုမမြင်နိုင်ကြတော့ဘူး။ စကားတစ်လုံးတစ်လေတောင်မှ သူမပြောချင်တော့ပါဘူး။ အားလုံးရဲ့မျက်နှာပေါ်မှာ ဘယ်လောက်ပင် ဟန်ဆောင်ထားထား ပြိုတော့မယ့်မိုးလိုဖြစ်နေတာတော့ မိုးထစ်ချုန်းတော့မယ်အတိုင်း။ ဘာကြောင့်လဲလို့ သူမမေးတော့ပါ။ မေးစရာလည်းမလိုတော့ဘူးလို့ သူထင်တယ်။

တစ်ခဏအတွင်း တိတ်ဆိတ်ငြိမ်သက်ခြင်းက သူနှင့် သူ့သူငယ်ချင်းတွေအကြားဖြတ်ပြေးသွားတယ်။ ဘာလဲကွာ။ ရင်ချင်းဟပ်ထိုးလဲတော့မလို့ ဝုန်းဝုန်းအုံးအုံးနှင့်ပေါက်ကွဲလိုက်ချင်တာ။ အများအမြင်မှာ ပြုံးနေရတာ ဘယ်လောက်ခက်လိုက်သလဲ။ အောင့်သက်တဲ့ဝေဒနာဆိုတာ လည်ချောင်းကိုပါနှိပ်စက်လာလို့ ချောင်းဆိုးချင်ယောင်ဆောင်နေခဲ့ရတာ သူငယ်ချင်းတွေမသိ။ ထိတွေ့နှစ်သိမ့်မှုတွေမပေးတော့ပါနဲ့။

နုတ်ဆက်တဲ့အနေနှင့် သူနှင့်သူ့သူငယ်ချင်းတွေ ထိုင်စကားပြောကြတယ်။ လိပ်စာတွေအပြန်ပြန်  အလှန်လှန်ပေးကြတယ်။ ရေးကြတယ်။ စာရွက်ပေါ်က လိပ်စာတွေဟာ တကယ့်လက်တွေ့ဘဝမှာ အမှတ်ရစရာဖြစ်လာပါ့မလား။တနယ်နှင့်တနယ်ဆိုတာ လာချင်လျှင်အနီးလေးဆိုပေမယ့် ကြုံကြိုက်ရင်ဆိုရင်တော့ ဝေးလံလွန်းလှတာ သူငယ်ချင်းတွေ သိပါ့မလား။ စာရွက်ပေါ်က လက်ရေးလိပ်စာတွေထက် ရင်ထဲက ဖြူစင်တဲ့ သံယောဇဉ်ကြိုးကသာ နောင်တစ်ချိန်မှာ သူနှင့် သူ့သူငယ်ချင်းတွေကို ဆုံတွေ့ခွင့်ပေးနိုင်မှာပါ။ ကံကြုံရင်တစ်နေ့ဆိုပေမယ့် ဘယ်တော့မှ ကြုံမယ်မှန်းမသိတဲ့ ကံကြမ္မာကို သူ လက်ချိုးရေတွက်စောင့်နေမလား။ သူကပဲ ကံကြမ္မာကြီးကိုပြေးတွေ့ရမလား စတာတွေရောပေါ့။

ခုချိန်မှာတော့ အခန်းထဲ၌ တိတ်ဆိတ်ခြင်းများစွာဖြင့် သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေကို ကွန်ပျူတာထဲကနေ တစ်ပုံချင်းစီဖွင့်ကြည့်နေမိတယ်။ ရယ်ပြုံးနေသောပုံတွေရဲ့နောက်ကွယ်က သောကအမောတွေကြောင့် သူနှင့် သူ့သူငယ်ချင်းတွေ ဝေးခဲ့ရတယ်။ သူငယ်ချင်းတွေရဲ့ ထိုင်ခဲ့ဖူးသော၊ ထိတွေ့ခဲ့ဖူးသော လက်ရာအလျှိုလျှိုတွေကို တမ်းတစိတ်ဖြင့် သူ ကြည့်နေမိတယ်။

ဒီလိုပါပဲလေ မွေးလာတော့လည်း တစ်ယောက်တည်း။ သေသွားတော့လည်းတစ်ယောက်တည်း။ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားက ဘဝတစ်ခုကို ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကနေ ဖယ်ခွာပြီး သူ ရှောင်ထွက်သွားနိုင်မလားဆိုတာကိုတော့ သူ့ကိုယ်သူ မဆုံးဖြတ်ရသေး။

ခုတော့လည်းတစ်ယောက်တည်းပါပဲ သူငယ်ချင်းတို့ရယ်။

မှတ်ချက်။          (၂၁–၂-၂၀၁၁)နေ့မှ (၂၀-၂-၂၀၁၁)နေ့ထိခင်ခဲ့ရသည့် သူငယ်ချင်းများဖြစ်သော “ (၁)ဝမ်းကို၊ (၂)သန်းထွန်းလှိုင်၊(၃)ထက်ကျော်၊ (၄)သော်ဇင်၊(၅) ကျော်ကျော်စိုး၊(၆)ဝေဖြိုးအောင်၊ (၇)ဇင်ဖြိုးအောင်၊(၈)ချစ်ကိုကို၊ (၉)စိုးကိုကို၊ (၁၀)တင်ဇော်သန့်၊ (၁၁)သန်းထွဋ်ဇော်၊ (၁၂) မင်းသက်ဇော်မွန်၊(၁၃)ဟိန်းမင်းလတ်(ဘူမိဗေဒ)“အဖွဲ့အားလုံးသို့တမ်းတ၍ခံစားရေးဖွဲ့ပေးပါသည်။

သော်ဇင်(လွိုင်ကော်)